ကျောင်းတံခါးဝတွင် ဇိမ်ခံ အမည်းရောင်ပြိုင်ကားတစ်စီး ထိုးရပ်သွားသည်။ ကျောင်းသားများက ပန်းပွင့်ကို ဝိုင်းအုံလာသော ပျားအုပ်ကြီးပမာ ထိုကားနားသို့ ချက်ချင်းပင် အုံအုံကြွကြွ ရောက်ရှိလာကြသည်။
"ဝိုး... ဒါက Black Charm V12မဟုတ်ဘူးလား"
"ဒီနေ့ ငါတို့ကျောင်းကို ဘယ်အရေးကြီးပုဂ္ဂိုလ် လာတာပါလိမ့်"
ကားတံခါးက ပွင့်လာသည်။ အတွင်းမှနေ၍ လုချန်က အထက်တန်းဆန်လှသော အသွင်အပြင်ဖြင့် ထွက်လာသည်။
"အာ... လုချန်ပဲ"
မိန်းကလေးများက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ မိန်းကလေးတစ်ယောက်ဆိုလျှင် ကြမ်းပြင်ပေါ်သို့ပင် တည့်တည့် လဲကျသွားသေးသည်။ ယောကျာ်းလေးများကလည်း အံ့ဩမှင်သက်စွာဖြင့် စိုက်ကြည့်နေကြသည်။ ဂြိုဟ်သားများကို မြင်လိုက်ရသည့်အလားပင်။ ယခုအခါ လုချန်က ကျောင်း၏ ဂန္ထဝင်တစ်ယောက် ဖြစ်နေခဲ့သည်။ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အားလုံးက တီဗွီနှင့် အွန်လိုင်းတွင် မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။
လုချန်က ကောဂျီကို ဖုန်းဆက်ခေါ်လိုက်သည်။ ကောဂျီက ကျောင်းထဲမှနေ၍ အပြေးအလွှား ထွက်လာသည်။ သူ၏ လက်သီးကို ကောင်းကင်သို့ ထိုးတင်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်ကြေညာလိုက်လေသည်။
"ဥက္ကဋ္ဌကြီးကို အစီရင်ခံပါတယ်... ဥက္ကဋ္ဌကြီးရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သား ရောက်ရှိလာပါပြီ"
ဤတစ်ကြိမ်တွင်တော့ လုချန်က အသက်ရှူကျပ်သွားရမည့် အလှည့်ပင်။ သူက အမြန် မျက်နှာလွှဲလိုက်သည်။ ဤအရူးကောင်ကို မသိချင်ယောင် ဆောင်ထားလိုက်သည်။ သူက မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားသည်။ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ဝင်သွားလိုက်ရမလား။ ထိုနေ့က ဤသို့လုပ်ခဲ့ခြင်းမှာ ကောဂျီ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။ ရူးကြောင်ကြောင်နိုင်လွန်းသော စိတ်ကူးယဉ် အမူအရာတစ်ခုသာ ဖြစ်သည်။
သို့သော် ဒီနေ့ကတော့ မတူတော့ဘူးလေ။ တစ်ကျောင်းလုံးရှေ့မှာ ပြီးတော့ နျန်ဝေရဲ့ရှေ့မှာ လုချန်၏ အရှက်မရှိသော မျက်နှာထူထူကြီးပင် ဤအခြေအနေကို ကောင်းကောင်း မခံနိုင်တော့ပေ။ သူက အမြန်လှည့်လိုက်သည်။ အခြားတစ်ဖက်မှ ကားတံခါးကို ဖွင့်ပေးလိုက်သည်။ လော့နျန်ဝေက ကျက်သရေရှိစွာဖြင့် ထွက်လာခဲ့သည်။
ကျောင်းသားများကြားမှ နောက်ထပ် အံ့ဩသံများ ထွက်ပေါ်လာပြန်သည်။ “ဒါဆိုရင်... ကောလာဟလတွေက အမှန်တွေပေါ့... လုချန်နဲ့ လော့နျန်ဝေတို့က တကယ်ပဲ တွဲနေကြတာ ပြီးတော့ ကြည့်ရတာ... သူတို့က တကယ်ကို နတ်ဖက်တဲ့ စုံတွဲလေးလိုပဲ...”
ထိုအချိန်တွင် ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ဘုရင်နှင့် မိဖုရားက သူတို့၏ ပိုင်နက်ကို လှည့်လည်စစ်ဆေးနေသည့်အလားပင်။ မည်သူကမှ စကားမဟရဲကြပေ။ မနာလိုဖြစ်နေသော မိန်းကလေး အနည်းငယ်သာ သူတို့၏ လက်သီးများကို တိတ်တဆိတ် အံတင်းတင်းကြိတ်ကာ ဆုပ်ကိုင်ထားကြသည်။
လော့နျန်ဝေက အတန်းဖော်များ၏ မျက်လုံးများထဲမှ အမျိုးမျိုးသော ထူးဆန်းသည့် အကြည့်များကို သတိထားမိလိုက်သည်။ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သို့သော် သူမက ဂရုမစိုက်ပေ။ လုချန်က သူမကို ကြည့်လိုက်ကာ ပြုံးပြလိုက်သည်။
"သွားကြရအောင်... သခင်မလေး"
လော့နျန်ဝေ၏ ပါးပြင်များက နီရဲသွားသည်။ သူမက ရှက်သွေးဖြာသွားသလို ဒေါသလည်း ထွက်သွား၏။ သို့သော်လည်း သူမ ခေါင်းညိတ်ပြလိုက်သည်။ လုချန်က လော့နျန်ဝေ၏ လက်ကို ဆွဲလိုက်သည်။ ရှေ့သို့ လျှောက်သွားသည်။ သူတို့က ကောဂျီကို လုံးဝ မမြင်လိုက်သည့်အလားပင်။ ကောဂျီက ချက်ချင်းပင် အနောက်မှ ပြေးလိုက်လာပြီး အော်ပြောလိုက်သည်။
"ဥက္ကဋ္ဌကြီး... ခဏလောက် စောင့်ပါဦး ခင်ဗျားရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားက ဘာများ အမှားလုပ်မိလို့လဲ"
လုချန်၏ မျက်နှာက လုံးဝ မည်းမှောင်သွားသည်။ သူက လှည့်လိုက်သည်။ သူက ပေါ့ပါးသော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။ ကောဂျီက ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ လုချန်က သူ၏ ခွန်အားကို ထိန်းချုပ်ထားသည်။ ကောဂျီ၏ ခွန်အားနှင့် ဆင်တူသော အခြေအနေတွင် ထိန်းထားသည်။ ထို့ကြောင့် သူက ဒဏ်ရာမရခဲ့ပေ။ သို့သော် အနည်းဆုံးတော့ ထိုအကောင် ပါးစပ်ပိတ်သွားသည်။
လော့နျန်ဝေက လုချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူတို့သုံးယောက် အတူတူ အတန်းထဲသို့ သွားကြလေသည်။ လုချန်က အကယ်ဒမီသို့ ဝင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူ ကျောင်းသို့ လာခြင်းမှာ အားလုံးကို လာတွေ့ချင်ရုံသက်သက်သာ ဖြစ်သည်။ နောက်နေ့လုပ်မည့် သူ၏ နှုတ်ဆက်ပွဲသို့ သူတို့ကို ဖိတ်ကြားချင်၍လည်း ဖြစ်သည်။
ထို့အပြင် သူနှင့်အတူ အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည်များကိုပါ ယူဆောင်လာခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က အချို့သူများက ခွန်အားမပြည့်မီသဖြင့် ပါရမီနိုးထခြင်း စမ်းသပ်မှုတွင် ကျရှုံးခဲ့ကြသည်။ သူက ယခင်က သူ့ကို ကူညီခဲ့ဖူးသော အတန်းဖော်များကို ကျေးဇူးဆပ်ချင်၍ ဖြစ်သည်။
ကျောင်းတက်ခေါင်းလောင်း မြည်လာသည်။ ကျောင်းသားအားလုံး အတန်းထဲသို့ စုပြုံဝင်ရောက်လာကြသည်။ လုချန်၏ အနားမှ ဖြတ်သွားတိုင်း သူတို့အားလုံးက သူ့ကို နှုတ်ဆက်သွားကြသည်။
လုချန်က သူ၏ စားပွဲဟောင်းဆီသို့ လျှောက်သွားသောအခါ ထိုနေရာတွင် တားမြစ်ထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။ သူက နားမလည်နိုင်အောင် ဖြစ်သွားသည်။ “ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ဒီခုံကို တားမြစ်ထားရတာလဲ...” ဘာပဲဖြစ်ဖြစ်လေ သူက ဒီမှာ ကျောင်းသားမှ မဟုတ်တော့ပေ။
သို့သော် လုချန် မသိခဲ့သည့် အရာကတော့ သူ ကျောင်းထွက်သွားကတည်းက သူ၏ ခုံနေရာက လွတ်နေခဲ့သည်။ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက သူ၏ အောင်မြင်မှုများအကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် သူ၏ နေရာကို အထူး ဖယ်ထားပေးခဲ့ခြင်း ဖြစ်သည်။ အခြားလူတွေကိုလည်း မထိုင်ဖို့ တားမြစ်ထားသည်။ တစ်နေ့ကျရင် ဒီနေရာလေးက သူတို့ကျောင်းရဲ့ အထင်ကရ အမှတ်အသားတစ်ခု ဖြစ်လာမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သူက ကောဂျီကို မေးလိုက်သည်။ ကောဂျီက ပခုံးတွန့်လိုက်သည်။
"ဒါမှမဟုတ် တခြားအကြောင်းပြချက်တစ်ခုခုကြောင့် နေမှာပေါ့... မင်းက နာမည်ကြီးနေပြီလေ... သေချာတာပေါ့... ကျောင်းက တစ်နေ့ကျရင် မင်းရဲ့ နာမည်ကျော်ကြားမှုကို အသုံးချချင်နေတာပေါ့"
လုချန်မှာ ဆွံ့အသွားရသည်။ “ဒါဆို... ငါ ဒီမှာ ထိုင်လို့ရမလား...”
သို့သော်လည်း သူက မထိုင်သေးပေ။ တားမြစ်ထားသော ဆိုင်းဘုတ်လေးကြောင့် ဖြစ်သည်။ သူက ခွင့်ပြုချက်မပါဘဲ အဲဒီအရာကို မဖယ်ရှားချင်ပေ။ ထို့ကြောင့် မတ်တပ်ရပ်နေရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် လော့နျန်ဝေက သူမနှင့် ရင်းနှီးသော မိန်းကလေးအချို့နှင့် စကားပြောနေသည်။ တောက်ပသော အပြုံးလေးဖြင့်ပင်။ လုချန်က သူမ မည်မျှ ပေါ့ပါးလွတ်လပ်နေသည်ကို သတိထားမိလိုက်သည်။ သူလည်း စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
ဤအချိန်တွင် ရန်အဖိုးကြီးက အတန်းထဲသို့ ဝင်လာသည်။ သူက မတ်တပ်ရပ်နေသော လုချန်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် အလွန်အမင်း အံ့ဩသွားရသည်။ ကျောင်းသားများက မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။ ရန်အဖိုးကြီးက သူတို့ကို ထိုင်ခိုင်းလိုက်သည်။ သို့သော် လုချန်ကမူ မတ်တပ်ရပ်နေဆဲပင်။ ထို့နောက် ရန်အဖိုးကြီးက တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူက အနေခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။
"လုချန်... မင်း အဲဒီဆိုင်းဘုတ်ကို ဖယ်ပြီးတော့ မင်းခုံမှာ မင်း ထိုင်လို့ရပါတယ်"
လုချန်က ပြုံးလိုက်ပြီး ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ... ဒီရက်ပိုင်း ဆရာ နေကောင်းရဲ့လား"
"ငါ နေကောင်းပါတယ်" ရန်အဖိုးကြီးက ပြောသည်။ "မင်းရော... မင်းက နာမည်တော်တော်ကြီးနေပြီပဲ မင်းအတွက် ငါ ဂုဏ်ယူပါတယ်ကွာ"
လုချန်က ပြုံးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ် ဒါနဲ့ ဆရာ... ဒီနေ့ ကျွန်တော်လာတာ ဆရာ့ကို ကိစ္စလေးတစ်ခု ပြောစရာရှိလို့ပါ"
ရန်အဖိုးကြီးက ပြုံးလိုက်သည်။
"မင်း အဲဒီကနေပဲ ပြောမလား... ဒါမှမဟုတ် စင်မြင့်ပေါ် တက်လာမလား"
"ကျွန်တော် ဒီကနေပဲ ပြောလိုက်ပါ့မယ်"
ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အတန်းထဲရှိ ကျောင်းသားများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် လုချန်ပါ... တချို့က ကျွန်တော့်ကို သိချင်သိမယ် တချို့ကလည်း မသိကြဘူးပေါ့ ဘာပဲဖြစ်ဖြစ်... ကျွန်တော်က ခင်ဗျားတို့ရဲ့ အတန်းဖော်ဟောင်း တစ်ယောက်ပါ... ကျွန်တော် A1 အခြေစိုက်မြို့တော်ကနေ ဖိတ်စာတစ်စောင် လက်ခံရရှိထားတယ်... သန်ဘက်ခါကျရင် ကျွန်တော် ထွက်သွားတော့မယ်... မနက်ဖြန်ည ကျွန်တော့်ရဲ့ နှုတ်ဆက်ဧည့်ခံပွဲ လုပ်ဖို့ရှိပါတယ်... အားလုံးကို ဖိတ်ချင်လို့ပါ ပြီးတော့ ဆရာ... ဆရာလည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်"
ကျောင်းသားများက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ လုချန်သည် ယခုအခါ ဩဇာကြီးမားသူ တစ်ဦးဖြစ်နေပြီမှန်း သူတို့ သိထားကြသည်။ မဝေးတော့သော အနာဂတ်တွင် သူက ပို၍ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာနိုင်ချေ ရှိသည်။ အကယ်၍ သူနှင့်သာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်မည်ဆိုလျှင် သူတို့၏ ဘဝများလည်း ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။ ရန်အဖိုးကြီးက အနည်းငယ် ပြုံးလိုက်သည်။
သိသာထင်ရှားလှသည်။ လုချန် A1 အခြေစိုက်မြို့တော်သို့ သွားမည်ဆိုသည်ကို သူ ကြိုသိနေခဲ့ပြီး ဖြစ်သည်။ လုချန်က သူ၏ ခုံတွင် ပြန်ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ မွေးရာပါ ဝိညာဉ်အာရုံကို အသက်သွင်းလိုက်သည်။ ရန်အဖိုးကြီး၏ အစစ်အမှန် စွမ်းအားနှင့် ပတ်သက်၍ သူ အမြဲတမ်း စူးစမ်းချင်စိတ် ပြင်းပြနေခဲ့သည် မဟုတ်ပါလား။
***