သူ၏ မွေးရာပါ ဝိညာဉ်အာရုံက ရန်အဖိုးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်ပြေးသွားသော ခဏလေးအတွင်းမှာပင် ရုတ်တရက် စူးရှတောက်ပသော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ မျက်စိရှေ့တွင် ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
“ကျစ်...”
“အရမ်းလင်းလွန်းတယ်...”
သူ၏ ဝိညာဉ်သွေးကြော အချင်းက အနည်းဆုံး မီလီမီတာ ၂၄ လောက် ရှိသည်။
“ရန်အဖိုးကြီးက သေချာပေါက် အဆင့်C ပညာရှင်တစ်ယောက်ပဲ...”
သူ၏ ဝိညာဉ်သွေးကြောများကို ကြည့်ရုံဖြင့်ပင် သူက လုံးဝ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ ပုံမှန် အဆင့်-C စစ်သည်တော်တစ်ယောက်၏ သွေးကြောအချင်းက ခန့်မှန်းခြေအားဖြင့် ၁၆ မီလီမီတာခန့်သာ ရှိသည်မဟုတ်ပါလား။ သို့သော် တစ်ခုခုတော့ မှားယွင်းနေပုံရသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင် လမ်းကြောင်းများက ပြင်းထန်စွာ ပျက်စီးနေပုံရသည်။ ရန်အဖိုးကြီး၏ အစစ်အမှန် စွမ်းအားက အဆင့်C ထက် အများကြီး နိမ့်ကျနေလောက်သည်။ လုချန်က စိတ်ထဲမှ တွေးလိုက်မိသည်။
“အဲ့နေ့က ကောင်းချန်းဖုန်းက သူ့ကို ဒီလောက်တောင် ရိုရိုသေသေ ဆက်ဆံခဲ့တာ မဆန်းတော့ပါဘူးလေ... သူက ဒီကိစ္စကို ကြိုသိနေခဲ့တာ ဖြစ်ရမယ်...”
စင်မြင့်ပေါ်တွင် ရန်အဖိုးကြီးက စတင် စကားပြောလေသည်။
"ကျောင်းသားတို့... မင်းတို့ထဲက အများစုက စစ်သည်တော်အကြိုတွေ ဖြစ်နေကြပြီ... ဆက်ပြီး ကြိုးစားကြပါ... လက်မလျှော့သရွေ့တော့ စစ်ပညာအကယ်ဒမီကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိနေမှာပါ"
"ဒါပေမဲ့ ပေါ့ပေါ့ဆဆတော့ မနေကြနဲ့... မင်းတို့က အဆင့်C၊ အဆင့်B နဲ့ အဆင့်A က စူပါပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရမှာ"
"ဒီ့အပြင် အခြား အဆင့်D မြို့တွေမှာလည်း မျိုးစုံသော ပါရမီရှင်တွေ ရှိသေးတယ်... ငါတို့မြို့က တခြားကျောင်းတွေမှာတောင် ထူးချွန်တဲ့ ကျောင်းသားများစွာကို ပြုစုပျိုးထောင်ထားကြတယ်"
"မင်းတို့ရဲ့ ယှဉ်ပြိုင်မှုက လွယ်ကူမှာ မဟုတ်ဘူး... ဒါကြောင့် ဆက်ပြီး ကြိုးစားအားထုတ်ကြ... အပတ်တကုတ် ကျင့်ကြံကြ"
"ပြီးတော့ စစ်သည်တော်အကြို မဖြစ်လာခဲ့တဲ့ ကျောင်းသားတွေလည်း စိတ်ဓာတ်မကျကြနဲ့"
"မင်းတို့ရဲ့ ခွန်အားက ကီလို ၃၀၀ ပြည့်ပြီး အမြန်နှုန်းက တစ်စက္ကန့်ကို မီတာ ၂၀ ရောက်တယ်ဆိုရင်တောင် စစ်ပညာအကယ်ဒမီကို လျှောက်ထားလို့ ရသေးတယ်"
"ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်ဆိုရင်... တစ်နေ့ကျရင် ဒီစံနှုန်းကို ရောက်လာမှာပါ"
"ပါရမီနိုးထခြင်း စမ်းသပ်မှု ပြီးဆုံးသွားလို့ စစ်သည်တော်အကြို မဖြစ်နိုင်တော့ဘူး ဆိုပေမဲ့... အကယ်ဒမီကို ရောက်သွားရင်လည်း ပါရမီနိုးထခြင်း စမ်းသပ်မှုကို ထပ်ဖြေလို့ ရသေးတယ်"
"တစ်ကြိမ် စစ်သည်တော်အကြို ဖြစ်သွားတာနဲ့ မင်းတို့လည်း တခြား အတန်းဖော်တွေနဲ့ တန်းတူ အခွင့်အရေး ရရှိမှာပဲ.... ဒါကြောင့် လက်မလျှော့ကြနဲ့"
အားပေးစကား အချို့ပြောပြီးနောက် ရန်အဖိုးကြီးက စာမေးပွဲ စည်းမျဉ်းများနှင့် အခြား ကြိုတင်ပြင်ဆင်ရမည့် အသေးစိတ် အချက်အလက်များကို ဆက်လက် ရှင်းပြလေသည်။
“အတန်းပြီးသွားပြီ...”
ကျောင်းသားများက ဆုံးရှုံးသွားသလို ခံစားချက်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ယနေ့သည် အမှန်တကယ်တော့ သူတို့၏ ကျောင်းဆင်းပွဲဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။ ယနေ့ကစပြီး သူတို့ ကျောင်းလာဖို့ မလိုတော့ပေ။ လုချန်က ကောဂျီကို လှမ်းခေါ်လိုက်သည်။ ထိုနေ့က သူ သတိလစ်သွားစဉ် ကူညီပေးခဲ့သော အတန်းဖော်များကို သွားခေါ်ခိုင်းလိုက်သည်။
ကောဂျီက ခေါင်းညိတ်ပြပြီး ထွက်သွားသည်။ လုချန်က လော့နျန်ဝေကို ခဏစောင့်နေရန် ပြောလိုက်၏။ ထို့နောက် လုချန် အတန်းထဲမှ ထွက်လာခဲ့သည်။
အခြားအတန်းများမှ ကျောင်းသားများက သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ သူက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။ လော့နျန်ဝေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ကြည့်ရတာ ဤသို့ပြောနေသည့်အလားပင်။
“တွေ့လား... ရှင်က မိန်းကလေးတွေကြားမှာ ပိုပြီး နာမည်ကြီးနေတာပဲ... မိန်းမရှုပ်တဲ့ကောင်”
သူမ၏ အမူအရာကြောင့် လုချန်မှာ ပြောစရာစကားပင် ဆွံ့အသွားရသည်။ ကောဂျီက ကျောင်းသားအချို့နှင့်အတူ ကန်တင်းတွင် စောင့်နေနှင့်ပြီ ဖြစ်သည်။ လုချန်နှင့် လော့နျန်ဝေတို့ ထိုနေရာသို့ လျှောက်သွားလိုက်ကြသည်။ ကျောင်းသားအချို့က သူ့ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
“ဘာလို့ လုချန်က သူတို့ကို ခေါ်ခိုင်းလိုက်တာလဲ... သူတို့များ သူ့ကို တစ်ခုခု စော်ကားမိသွားလို့လား....”
"အားလုံးပဲ ထိုင်ကြပါ" လုချန်က ပြောလိုက်သည်။
"ငါတို့က အတန်းဖော်တွေပဲလေ... ဒီလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး"
ထို့နောက် သူက သူတို့၏ မိသားစု အခြေအနေများကို မေးမြန်းလိုက်သည်။ ပထမဆုံး စကားပြောသူမှာ တွန့်ရှန်အမည်ရှိ ကျောင်းသားဖြစ်သည်။
"မိဘနှစ်ပါးနဲ့ ကျွန်တော် အပြင်... အိမ်မှာ ညီလေးတစ်ယောက် ရှိသေးတယ်... ကျွန်တော့်အဖေက ပစ္စည်းပို့တဲ့ အလုပ်လုပ်ပါတယ်"
ဒုတိယတစ်ယောက်ကတော့ လျိုထောင်းဖြစ်သည်။
"ကျွန်တော့်မှာလည်း ညီလေးတစ်ယောက်နဲ့ အစ်မတစ်ယောက် ရှိတယ်... အဖေက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ပါတယ်"
နောက်ဆုံးတစ်ယောက်က ဆုတလုံပင် ဖြစ်သည်။
"ကျွန်တော့်အိမ်မှာက မိဘနှစ်ပါးနဲ့ ကျွန်တော်ပဲ ရှိတာပါ"
လုချန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကောဂျီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဝမ်ဝမ်ရဲ့ အိမ်မှာရော ဘယ်သူတွေ ရှိလဲ"
လုချန်က သူ၏ ချစ်သူကောင်မလေး၏ မိသားစု အခြေအနေကို ဘာကြောင့် သိချင်နေရသလဲဆိုသည်ကို ကောဂျီ နားမလည်နိုင်ပေ။ သို့သော် သူက ဆက်ဖြေလိုက်သည်။
"ဝမ်ဝမ်မှာ ညီမလေးတစ်ယောက် ရှိတယ်။ ပြီးတော့ မိသားစုနဲ့ ခွဲနေတဲ့ အစ်ကိုတစ်ယောက်ရယ် မိဘနှစ်ပါးရယ် ရှိတယ်"
"ကောင်းပြီ"
လုချန်က အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ပုလင်း ၂၄ ပုလင်းကို ထုတ်ယူလိုက်သည်။ ထိုပုလင်းလေးများကို မြင်လိုက်ရသော ခဏလေးအတွင်းမှာပင် ကျောင်းသားသုံးယောက်၏ မျက်လုံးများက အရောင်လက်သွားကြသည်။ သူတို့အားလုံး ၎င်းက ဘာလဲဆိုတာကို သိကြသည်။ ပြီးတော့ ၎င်းက မည်မျှ တန်ဖိုးကြီးမားကြောင်းကိုလည်း အတိအကျ သိထားကြသည်။
လုချန်က ပြုံးလိုက်ပြီး တွန့်ရှန်ကို ပုလင်း ၄ ပုလင်း ကမ်းပေးလိုက်သည်။ လျိုထောင်းကို ၅ ပုလင်း ပေးလိုက်သည်။ ဆုတလုံကို ၃ ပုလင်း ပေးလိုက်သည်။
ထို့နောက် ကောဂျီကို ၉ ပုလင်း ပေးလိုက်သည်။ သူ့အတွက် ၄ ပုလင်းနှင့် ဝမ်ဝမ်အတွက် ၅ ပုလင်း ဖြစ်သည်။ ထို့နောက် လော့နျန်ဝေကိုလည်း ၃ ပုလင်း ကမ်းပေးလိုက်သေးသည်။ ကျောင်းသားများက ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။ သူတို့မှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ ကောဂျီပင်လျှင် ခဏမျှ မှင်သက်သွားရသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လျိုထောင်းက စကားထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။
"ငါ... ငါ ဒီလောက် စျေးကြီးတဲ့ လက်ဆောင်ကြီးကို လက်မခံနိုင်ပါဘူး လုချန်ရာ... ဒါက ယွမ် သန်း ၈၀၀ လောက်တောင် ရှိတာ..."
လုချန်က သူတို့ပတ်ဝန်းကျင်တွင် စိတ်စွမ်းအား အကာအကွယ်တစ်ခုကို ကြိုတင် တည်ဆောက်ထားပြီး ဖြစ်သည်။ ထိုသို့ပြုလုပ်ထားသဖြင့် မည်သူကမှ သူတို့၏ အသံများကို ကြားနိုင်မည် မဟုတ်ပေ။ မြင်ရသည်က သူတို့၏ ပါးစပ်များ လှုပ်ရှားနေသည်ကိုသာ ဖြစ်သည်။ တွန့်ရှန်နှင့် ဆုတလုံတို့ကလည်း ငြင်းပယ်ချင်နေကြသည်။
သို့သော် ကောဂျီကတော့ ကွာခြားသည်။ သူက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပုလင်းငယ် ၉ ပုလင်းလုံးကို သူ၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေတော့သည်။ လုချန်က ပြုံးလိုက်သည်။ သူက ဤရိုးသားဖြူစင်ပြီး ကြင်နာတတ်သော အတန်းဖော်များကို သဘောကျမိသည်။ သို့သော် သူ၏ အကြည့်များက ကောဂျီပေါ်သို့ ကျရောက်သွားသောအခါ မျက်နှာက ချက်ချင်း မည်းမှောင်သွားရသည်။
“ဒီမျက်ခွက်ပြောင်တဲ့ ခွေးသူတောင်းစား...”
ကိစ္စတော့ မရှိပေ။ သူက ကောဂျီကို သူ့ရဲ့ ညာလက်ရုံး ဖြစ်လာဖို့ စီစဉ်ထားပြီးသားပင်။ နည်းနည်းလောက် မျက်နှာပြောင်တိုက်တတ်တာက တော်တော်လေး သင့်တော်သည်။
"စိတ်မပူဘဲ လက်ခံလိုက်ကြပါ" လုချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ စကားပြောလို့ မပြီးသေးဘူး... မင်းတို့ကို ပေးပြီးပြီဆိုမှတော့ ဒါက မင်းတို့ဟာပဲ"
"ဒီ ခန္ဓာကိုယ်သန့်စင်ဆေးရည်တွေက တစ်ယောက်ကို တစ်ပုလင်းပဲ သုံးဖို့ လိုတယ်... ကျန်တာတွေကိုတော့ မိသားစုကို ပေးမလား ဒါမှမဟုတ် ပြန်ရောင်းမလား... မင်းတို့ သဘောပဲ ငါ ဂရုမစိုက်ဘူး"
"မနက်ဖြန်ကျရင်... ငါ ကြီးကြပ်ရေးမှူးချိုက်ကို မင်းတို့အားလုံးအတွက် ပါရမီနိုးထခြင်း စမ်းသပ်မှု လုပ်ပေးဖို့ အကူအညီ တောင်းပေးမယ်... မင်းတို့ လိုချင်တယ်ဆိုရင် လာခဲ့လို့ရတယ်"
ဒီတစ်ကြိမ်မှာတော့ ကောဂျီသည်လည်း အလွန်အမင်း ဝမ်းသာကြည်နူးသွားရသည်။ သူ စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို မြှောက်ကာ ကြွေးကြော်သံများ နောက်တစ်ကြိမ် ထပ်အော်မိမတတ် ဖြစ်သွားသည်။ သို့သော် လုချန်က အသင့်ပြင်ထားပြီး ဖြစ်သည်။ ကောဂျီ စကားစပြောရန် ပြင်လိုက်ချိန်မှာပင် လက်သီးတစ်ချက်က သူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့် ကျရောက်သွားလေတော့သည်။
***