“အစီအစဉ်တွေ အားလုံး ပြီးသွားပြီ။”
လုချန်က ပြောလိုက်သည်။
“မနက်ဖြန် မနက် ၁၀ နာရီကျရင် မဟာမိတ်ခန်းမကို လာခဲ့ကြ... ကောဂျီ... မင်း ဝမ်ဝမ်ကိုပါ တစ်ခါတည်း ခေါ်ခဲ့ဦး...”
ထိုစကားကို ကြားလိုက်ရသည့် ကျောင်းသားသုံးဦးမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲလာကြသည်။ ထိုနေ့က သူတို့ ကူညီပေးခဲ့မိသည့် အတန်းဖော်တစ်ယောက်က ယခုကဲ့သို့ သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ဒုတိယအကြိမ်မြောက် အခွင့်အရေးကို ပေးလာလိမ့်မည်ဟု သူတို့ အိမ်မက်ပင် မမက်ခဲ့ဖူးပေ။ ထို့နောက်တွင်တော့ လုချန်က လော့နျန်ဝေနှင့်အတူ ထွက်ခွာသွားခဲ့သည်။ လုချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကောဂျီက လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
“လုချန်... ငါ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး... ငါ အဆင့်C ကို ရောက်အောင် အမြန်ဆုံး ဖောက်ထွက်ရမယ်... ပြီးရင် မင်းရဲ့ အသစ္စာရှိဆုံး လက်ရုံး ဖြစ်လာစေရမယ်....”
လမ်းတစ်လျှောက်တွင် လော့နျန်ဝေက စကားသိပ်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာမှ သူမက လေသံတိုးတိုးလေးဖြင့် မေးလာသည်။
“ကျွန်မ အခု အိမ်ပြန်ရတော့မှာလား...”
“ခဏစောင့်ဦး ငါ ရန်အဖိုးကြီးနဲ့ စကားပြောဖို့ ရှိသေးတယ်... မင်း လိုက်ချင်ရင် လိုက်ခဲ့လို့ ရတယ်လေ...”
လော့နျန်ဝေက ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက် ရန်အဖိုးကြီး၏ ရုံးခန်းဆီသို့ အတူတူ လျှောက်လာခဲ့ကြသည်။
“ဒေါက် ဒေါက်...”
“ဝင်ခဲ့ပါ...”
ရန်အဖိုးကြီးက ရုံးခန်းထဲသို့ ဝင်လာသူကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ပြုံးရွှင်သွားသည်။
“လာ... ထိုင်ကြဦး... လုချန် ငါ့ဆီ ဘာကိစ္စများ ရှိလို့လဲ....”
လုချန်က စကားကို လှည့်ပတ်မနေတော့ဘဲ သူ၏ အိတ်ထဲမှ ကျန်ရှိနေသော အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ၂၁ ပုလင်းကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
“ဆရာ... ဒါက ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တွေအတွက် ပေးတဲ့ လက်ဆောင်ပါ... ဘယ်သူ့ကို ပေးမလဲဆိုတာ ဆရာပဲ ဆုံးဖြတ်လိုက်ပါ....”
ရန်အဖိုးကြီးမှာ ဆွံ့အသွားရသည်။ အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ၂၁ ပုလင်းဆိုသည်မှာ အနည်းဆုံး တန်ဖိုး ယွမ် သုံးဘီလီယံကျော် ရှိပေသည်။ လုချန်က ဘယ်အချိန်ကစပြီး ဒီလောက်တောင် ချမ်းသာသွားရတာနည်း။ လုချန်က အဆင့်E သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်အဖိုးကြီး မသိသေးပေ။ အကြောင်းမှာ ယင်းက မဟာမိတ်အဖွဲ့၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နေသောကြောင့်ပင်။ရန်အဖိုးကြီးက ကြင်နာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် လုချန်ရာ။ ဒီဆေးရည်တွေကို ရတဲ့ ကျောင်းသားတွေကို မင်းလို စီနီယာမျိုးရှိတာ ဘယ်လောက် ကံကောင်းသလဲဆိုတာ ငါ သေချာ ပြောပြပေးပါ့မယ်...”
လုချန်က ပြုံးလျက် ပြောလိုက်သည်။
“ဆရာ... အခွင့်အရေးရရင် မနက်ဖြန် ကျွန်တော့်ရဲ့ ဂုဏ်ပြုပွဲကိုလည်း ကြွခဲ့ပါဦး...”
“ဘာမှ ထူးထူးခြားခြား မရှိရင် ငါ သေချာပေါက် လာခဲ့မှာပါ...” ရန်အဖိုးကြီးက ကတိပေးလိုက်သည်။
ကျောင်းက ထွက်လာပြီးနောက် ဘတ်စ်ကားပေါ်တွင် လုချန်က လော့နျန်ဝေကို ကြည့်လိုက်သည်။
“မနက်ဖြန်ကျရင် ငါ့မိဘတွေကို မင်းတို့အိမ် ခေါ်သွားပြီး ငါတို့ မင်္ဂလာရေးကိစ္စ ဆွေးနွေးမလို့ စဉ်းစားထားတယ်... မင်း ဘယ်လိုထင်လဲ...”
ထိုစကားကြောင့် လော့နျန်ဝေ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားကာ ရင်ခုန်သံများ မြန်လာတော့သည်။ ဒါတွေက မြန်ဆန်လွန်းနေသော်လည်း သူမက သဘောကျမိသည်။
“ကျွန်မ... ကျွန်မ မသိဘူးလေ...” သူမက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။ “အမေ့ကိုပဲ ပြောကြည့်တော့...”
ပြောပြောဆိုဆိုဖြင့်ပင် သူမက နားကြပ်ကို အလျင်အမြန် တပ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ မျက်နှာလွှဲလိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်တော့ဟန် ဆောင်နေတော့သည်။
လုချန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက အဆွဲအရွဲများပြီး နားငြီးစရာကောင်းသည့် အချစ်ဇာတ်လမ်းမျိုးကို မုန်းသည်။ ဇာတ်လိုက်နှင့် ဇာတ်ဆောင်မင်းသမီးတို့က ချစ်သူဖြစ်ဖို့အတွက် မလိုအပ်ဘဲ အခက်အခဲပေါင်းစုံ ကျော်ဖြတ်ရသည်တို့ မင်းသမီးကို လူဆိုးက ဖမ်းသွားမှ မင်းသားက အဆင့်တက်အောင်လုပ်ပြီး သွားကယ်ရသည်တို့ဆိုသည်မှာ သူ့အတွက် အဓိပ္ပာယ်မရှိပေ။
တစ်ခုခုကို သဘောကျလျှင် သဘောကျသည်ပဲ။ သဘောကျနေပြီဆိုလျှင် ဘာကို စောင့်နေဦးမှာလဲ။ ထို့ပြင် ယခုအခါ သူ၌ မိမိကိုယ်မိမိ ကာကွယ်နိုင်သည့် စွမ်းအားနှင့် အရည်အချင်း အပြည့်အဝ ရှိနေပြီဖြစ်သည်။ ထပ်စောင့်နေစရာ အကြောင်းမရှိတော့ပေ။ လုချန်က လော့နျန်ဝေကို အိမ်တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။ သူမက ပြုံးလျက် လက်ပြနှုတ်ဆက်ကာ တိုက်ခန်းထဲ ဝင်သွားသည်ကို ကြည့်ပြီးမှ လုချန်က ကားပေါ်တက်ကာ အိမ်သို့ တန်းပြန်ခဲ့သည်။
အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဧည့်ခန်းထဲတွင် အတူတူ ထိုင်နေကြသော လုယွမ်နှင့် ဆုန့်ယွဲကို တွေ့လိုက်ရသည်။ လုယွမ်က ဟိုလိုဂရပ်ဖစ် စခရင်မှ မျက်လုံးလွှဲကာ သားဖြစ်သူကို ကြည့်လိုက်သည်။
“သား... ပြန်လာပြီလား... အမဲလိုက်တာ ဘယ်လိုလဲ...”
လုချန်က ကျောပိုးအိတ်ကို နံရံတွင် မှီထားလိုက်ပြီး ပြောလေသည်။
“အဆင်ပြေတယ် အဖေ... ပိုက်ဆံတောင် နည်းနည်း ရလာသေးတယ်။”
ထို့နောက် သူက ဆုန့်ယွဲကို ကြည့်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ “အမေ... ကျွန်တော် အမေချက်တာ စားချင်လို့ ဘာများ ချက်ထားလဲ...”
ဆုန့်ယွဲ၏ အပြုံးက တစ်ခန်းလုံးကို လင်းထိန်သွားစေသယောင် ရှိသည်။ သားဖြစ်သူ၏ ချီးကျူးစကားက သူမအတွက်တော့ အရိုးရှင်းဆုံးနှင့် အစစ်မှန်ဆုံး ပျော်ရွှင်မှုပင်။
“ဒါဆို အမြန်သွား လက်ဆေးချေ...” သူမက ပြုံးရွှင်စွာ ပြောသည်။ “သား အကြိုက်ဆုံး ဟင်းတွေ ချက်ထားတယ်...”
“ဟုတ်ကဲ့ အမေ...”
လုချန် ပြန်ထွက်လာသည့်အခါ စားပွဲပေါ်တွင် အငွေ့တထောင်းထောင်းထနေသော ဟင်းလျာများက အဆင်သင့် ရှိနေပြီဖြစ်သည်။ သူက ရှစ်ရက်လောက် ထမင်းငတ်နေသည့်လူကဲ့သို့ပင် အားရပါးရ စားသောက်တော့သည်။ ထမင်းစားသောက်ပြီးနောက် ကုလားထိုင်တွင် မှီထိုင်ကာ ဗိုက်ကို ပုတ်ရင်း ကျေနပ်စွာ အသက်ရှူလိုက်သည်။
“အမေချက်တာ အကောင်းဆုံးပဲ...”
ပြောရင်းဆိုရင်းနှင့် သူက လုယွမ်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ လေသံဖြင့် ဆိုလိုက်သည်။
“အဖေ အမေ့နှလုံးသားကို ဘယ်လိုများ ရအောင် ယူခဲ့လဲဆိုတာ ကျွန်တော် တကယ်ကို စဉ်းစားလို့ မရဘူး...”
သူက စိတ်ပျက်သလို ခေါင်းကို ခါယမ်းပြလိုက်သည်။ လုယွမ်၏ မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားတော့သည်။
“ဒီကောင်စုတ်လေး... ငါ ငယ်ငယ်တုန်းက ဘယ်လောက် ချောသလဲဆိုတာ မင်း သိလား... မင်းထက်တောင် ပိုချောသေးတယ်... မင်း ဘာသိလို့လဲ...”
ဆုန့်ယွဲက ရယ်မောကာ မျက်စောင်းထိုးလိုက်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ... ရှင်သာ ကျွန်မသားရဲ့ တစ်ဝက်လောက် ချောရင်ပဲ ဘုရားကို အုန်းသီးခွဲပြီး ကန်တော့လိုက်ဦးမယ်...”
လုချန်က သူ့အဖေကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အဖေ... အဖေက ငယ်ငယ်တုန်းက ကျွန်တော့်ထက် တကယ်ပဲ ပိုချောခဲ့တာလား...”
လုယွမ်က မေးစေ့ကို ပင့်လိုက်သည်။ သေချာတာပေါ့ဟု ပြောနေသည့်အလား။
“ကောင်းပြီလေ...” လုချန်က မျက်ခုံးပင့်လိုက်ရင်း “ဒါဆို ပြိုင်ပွဲလေးတစ်ခု လုပ်ရအောင်...”
လုယွမ်က ချက်ချင်းပင် သတိထားသွားသည်။
“ဓာတ်ပုံဟောင်းတွေနဲ့တော့ မနှိုင်းနဲ့နော်... အဲဒါက မတရားဘူး... ငါက အခု လူအစစ်ရှိနေတာလေ ဓာတ်ပုံတွေက ငါ့ရဲ့ ခန့်ညားမှု ဆယ်ပုံပုံ တစ်ပုံတောင် မဖော်ပြနိုင်ဘူး။”
လုချန်က မျက်လုံးလှန်လိုက်သည်။
“ဘယ်သူက ဓာတ်ပုံတွေ သုံးမှာလဲ... အဖေ့ရဲ့ ငယ်ဘဝနဲ့ အခုကို တိုက်ရိုက် နှိုင်းယှဉ်မှာ။”
လုယွမ်မှာ ကြောင်အသွားရသည်။ “ဘာကို ဆိုလိုတာလဲ...”
“မကြာခင် သိရမှာပါ...”
လုချန်က သူ့အဖေကို ထိုင်ခိုင်းပြီး ပြောလိုက်သည်။
“မလှုပ်နဲ့ဦးနော်... ထူးဆန်းတာတစ်ခုခု ခံစားရလိမ့်မယ် ဒါပေမဲ့ စိတ်မပူနဲ့...”
လုယွမ်နှင့် ဆုန့်ယွဲတို့မှာ နားမလည်နိုင်စွာ အချင်းချင်း ကြည့်လိုက်ကြသော်လည်း လုယွမ်ကတော့ အလိုက်သင့် ထိုင်နေပေးသည်။ လုချန်က သူ၏ လက်ကို ဖခင်ဖြစ်သူ၏ ကျောပေါ်သို့ တင်လိုက်သည်။ သူ၏ လက်ဖဝါးမှ နူးညံ့သော အလင်းတန်းတစ်ခု စတင် ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်းနှင့် စူးရှတောက်ပသော ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေတော့သည်။
***