ထိုစကားကို ကြားလိုက်ရသည့်အခါ ဆုန့်ယွဲမှာ ဝမ်းသာအားရ လက်ခုပ်တီးလိုက်မိသည်။
“အလိုလေး... သားရယ် တကယ်လား.... ငါတို့ ဘယ်အချိန်သွားကြမလဲ... လက်ဆောင်တွေရော ဘာပြင်ရမလဲ...”
လုချန်က သူမထံသို့ ဖုန်းနံပါတ်တစ်ခု ပေးလိုက်သည်။
“ဒါက နျန်ဝေအမေရဲ့ ဖုန်းနံပါတ်ပါ... အမေပဲ သူမနဲ့ အရင်စကားပြောကြည့်လိုက်ပါဦး... ကျွန်တော် ထင်တာတော့ ဒီညသွားတာ အကောင်းဆုံးပဲ...”
“စိတ်ချထားလိုက်စမ်းပါ သားရဲ့...”
ဆုန့်ယွဲ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်သား ပေါ်လွင်နေသည်။
“အမေတို့ အကုန်စီစဉ်ပေးမယ်... သား သွားနားတော့...”
သူမက ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်သည်။ ဖုန်းခေါ်သံ အနည်းငယ် မြည်သွားပြီးနောက် တစ်ဖက်မှ အချက်ပြမှုကို လက်ခံလိုက်သည်။
“ဟယ်လို... ဘယ်သူပါလဲရှင်...” ရှန်စီ၏ ညင်သာသော အသံလေး ထွက်ပေါ်လာသည်။
“မင်္ဂလာပါရှင် ကျွန်မက လုချန်ရဲ့အမေ ဆုန့်ယွဲပါရှင်...” သူမက ယဉ်ကျေးပျူငှာသော လေသံဖြင့် မိတ်ဆက်လိုက်သည်။ “ဒါ လော့နျန်ဝေရဲ့ မိခင် ရှန်စီရဲ့ ဖုန်းပဲ မဟုတ်လားဟင်...”
“ဟုတ်ကဲ့... ကျွန်မ ရှန်စီပါရှင်။” တစ်ဖက်မှ ရှန်စီ၏ အသံမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ “တွေ့ရတာ ဝမ်းသာပါတယ် အစ်မဆုန့်။ ဘာကိစ္စများ ရှိလို့ပါလဲရှင်။”
ရှန်စီက အနည်းငယ်တော့ ရိပ်မိနေပါသည်။ လော့နျန်ဝေက လုချန် ကားပေါ်တွင် ပြောခဲ့သည်များကို သူမအား အသိပေးထားပြီးသား ဖြစ်သည်။ ဆုန့်ယွဲက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မသား လုချန်က အစ်မရဲ့ သမီးလေး နျန်ဝေကို သဘောကျနေတယ်လို့ ပြောလာလို့ပါ... အစ်မတို့ဘက်ကလည်း သဘောတူမယ်ဆိုရင် ကျွန်မတို့ ဒီညမှာပဲ လူကြီးချင်း တွေ့ဆုံပြီး မင်္ဂလာရက်သတ်မှတ်ဖို့ လာခဲ့ချင်လို့ပါ...”
ရှန်စီက သဘောကျစွာ ရယ်မောလိုက်သည်။
“ဟုတ်ကဲ့... အချိန်မရွေး လာခဲ့ပါရှင်... ဒီမင်္ဂလာရေးကို ကျွန်မကတော့ အပြည့်အဝ သဘောတူပါတယ်... မြန်လေ ကောင်းလေပါပဲ...”
“ဒါဆိုရင် ကျွန်မတို့ ဒီညပဲ လာခဲ့ပါ့မယ်...”
“ကောင်းပါပြီရှင်...”
ဖုန်းချသွားသည့်အခါ လုယွမ်က မျှော်လင့်တကြီး ကြည့်လာသည်။ “ဘယ်လိုလဲ... သူမက ဘာပြောလဲ...”
“သူမကို ကျွန်မ တကယ် သဘောကျသွားပြီ...” ဆုန့်ယွဲက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ “လေသံက သဘောကောင်းပြီး ယဉ်ကျေးတယ်... ကျွန်မတို့တွေ ကောင်းမွန်တဲ့ ခမည်းခမက်တွေ ဖြစ်လာကြမှာပါ...”
လုယွမ်က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါဆို လက်ဆောင်ပစ္စည်းတွေ သွားဝယ်ကြရအောင်...”
ဆုန့်ယွဲ၏ မျက်လုံးများက တောက်ပသွားသည်။ တခြားအရာတွေထက် သူမ အကြိုက်ဆုံးက ဈေးဝယ်ထွက်ခြင်း ဖြစ်သည်။ ထို့နောက် လုယွမ်ကလည်း သူ၏ ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။
“အဖေ... လုချန် ဒီည စေ့စပ်တော့မယ်... မနက်ဖြန်ကျရင်တော့ လူသိရှင်ကြား ကြေညာမှာ...”
“ဒီကောင်စုတ်လေး” တစ်ဖက်မှ လုကျန့်လျန်က အော်ဟစ်လိုက်သည်။ “နင့်မိသားစုကို အသိမပေးဘဲ စေ့စပ်ပွဲလုပ်ဖို့ ကြံနေပြန်ပြီလား...”
လုယွမ်က ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ “အခုပဲ အဖေ့ကို ပြောပြနေတာ မဟုတ်လား...”
လုကျန့်လျန်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ကောင်းပြီလေ... ငါ မင်းရဲ့ အဘိုးကို အကြောင်းကြားလိုက်မယ်...”
လုဟုန်တောက်က ထိုသတင်းကို ကြားလိုက်ရသည့်အခါ လက်ထဲရှိ စာရွက်စာတမ်းများမှ မျက်လုံးလွှဲကာ မော့ကြည့်လာသည်။
“မင်းနဲ့ ကျန့်မုန်းတို့... လုမိသားစုနဲ့ ထိုက်တန်တဲ့ လက်ဆောင်တွေ ယူသွားကြ...” သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟိုတုန်းက လုယွမ်ရဲ့ မင်္ဂလာရေးကို ငါတို့ ကောင်းကောင်း လက်မခံပေးခဲ့မိဘူး... အခု လုချန်ကျမှ အဲဒီအမှားမျိုး ထပ်မလုပ်စေနဲ့...”
လုကျန့်လျန်နှင့် လုကျန့်မုန်းတို့မှာ အချင်းချင်း ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။
“နားလည်ပါပြီ။”
မိနစ်အနည်းငယ်အကြာတွင် လုမိသားစု ဗီလာနယ်မြေမှ ခေတ်မီ တိုက်လေယာဉ်တစ်စင်း ပျံတက်သွားခဲ့သည်။ ၎င်းက ကောင်းကင်ယံကို ဖြတ်သန်းကာ D-6 အခြေစိုက်မြို့တော်ဆီသို့ ဦးတည်သွားလေတော့သည်။ လုချန်က မိမိအခန်းထဲသို့ ပြန်ဝင်ကာ တံခါးပိတ်လိုက်သည်။ သူ ဧည့်ခန်းထဲမှ ထွက်လာခဲ့သော်လည်း မိဘများ၏ စိတ်လှုပ်ရှားစွာ ပြောဆိုနေသံများကို ကြားနေရဆဲပင်။ မိခင်ဖြစ်သူက အဘိုးဖြစ်သူပါ လာမည့်အကြောင်းကို ပြောရင်း ပျော်ရွှင်နေသည်။
လုချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဒီညက အရေးကြီးသည်။ သူက ဖုန်းကို ယူကာ မက်ဆေ့ခ်ျတစ်ခု ရိုက်လိုက်သည်။
“ငါ့ရဲ့ မင်းသမီးလေး... အဆင်သင့်ဖြစ်ပြီလား... ဒီညမှာ မင်းကို ငါ့ရဲ့ပိုင်ဆိုင်မှုအဖြစ် တရားဝင် သတ်မှတ်တော့မယ်...”
ထို့နောက် ဖုန်းကို ချလိုက်ပြီး ကုတင်ပေါ်တွင် ပက်လက်လှန်ကာ မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် မြို့၏ အခြားတစ်ဖက်တွင်မူ လော့နျန်ဝေက ကုတင်ဘေးတွင် တောင့်တောင့်ကြီး ထိုင်နေခဲ့သည်။ သူမက စခရင်ပေါ်မှ စာတိုကို စိုက်ကြည့်ရင်း ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။
“ဒီညမှာ မင်းကို ငါ့ရဲ့ပိုင်ဆိုင်မှုအဖြစ် တရားဝင် သတ်မှတ်တော့မယ်...”
သူမက တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ သူမအမေကလည်း ထိုကိစ္စကို ပြောပြထားပြီးသား ဖြစ်သည်။ တစ်ဖက်မိသားစု၏ လိုလိုလားလားရှိသော စကားများက သူမ၏ စိုးရိမ်စိတ်ကို မလျှော့ချနိုင်ခဲ့ပေ။
“လုချန်ရဲ့ မိဘတွေက ငါ့ကို သဘောကျပါ့မလား... ငါ့ကို သဘောမကျရင် ဘယ်လိုလုပ်မလဲ... ငါက သူနဲ့ မတန်ဘူးလို့ ထင်ပြီး သူ့ကို ထွက်သွားခိုင်းရင်ကော...”
သူမက ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားရင်း အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ ထို့နောက် နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြန်သည်။ “ဘာဝတ်ရမလဲ... လုချန် ပေးထားသည့် ဂါဝန်ကို ဝတ်ရမလား သို့မဟုတ် ရိုသေမှုကို ပြသရန်အတွက် ရိုးရာဝတ်စုံကိုပဲ ဝတ်ရမလား” သူမ၏ အတွေးများက ရှုပ်ထွေးနေကာ မျက်နှာအမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲနေတော့သည်။
တံခါးဝတွင်တော့ လော့နျန်ယင်းက သူမ၏ အစ်မကို ခိုးကြည့်နေသည်။ သူမ၏ မျက်နှာလေးမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူမက အစ်မဖြစ်သူ အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း တစ်ယောက်တည်း စကားပြောနေသည်မှာ မိနစ်နှစ်ဆယ်လောက် ရှိနေပြီ ဖြစ်သည်။
“မမ... နေကောင်းရဲ့လားဟင်...”
လော့နျန်ယင်းက နောက်ဆုံးတွင် မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “နေမကောင်းလို့လား... မေမေ့ကို သွားခေါ်ပေးရမလား...”
လော့နျန်ဝေ၏ ပါးပြင်လေးများမှာ ချက်ချင်းပင် သွေးရောင်လွှမ်းသွားတော့သည်။ သူမက ဖုန်းကို ရင်ဘတ်တွင် ဖိကပ်ထားရင်း ပြောလိုက်သည်။
“ဟင့်အင်း... နျန်ယင်း မမ ဘာမှမဖြစ်ဘူး။”
သူမက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“မေမေ့ကို သွားမပြောနဲ့နော်...”
လော့နျန်ယင်းက ခေါင်းစောင်းကာ ခဏကြည့်ပြီးနောက် ပြောလိုက်သည်။ “အော်... ဟုတ်ကဲ့...”
လော့နျန်ယင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမ၏ တက်ဘလက်ကို ယူကာ ဧည့်ခန်းရှိ ကော်ဇောပေါ်တွင် ထိုင်၍ ဂိမ်းပြန်ကစားနေတော့သည်။ တစ်ခါတစ်ရံမှသာ အစ်မဖြစ်သူကို စပ်စုသော မျက်လုံးများဖြင့် ခိုးကြည့်နေသည်။ လော့နျန်ဝေကတော့ အခန်းထဲတွင် ရပ်နေရင်း ဒီည ဖြစ်လာနိုင်သမျှ ကပ်ဘေးပေါင်း တစ်ထောင်လောက်ကို စိတ်ကူးယဉ်နေဆဲပင်။
လုချန်က ညမရောက်ခင် အချိန်အနည်းငယ် ကျန်သေးသည်ကို မြင်သည့်အခါ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ မျက်လုံးများကို မှိတ်ကာ အသက်ကို မှန်မှန်ရှူလိုက်သည်။ သူက တိတ်ဆိတ်သော အခန်းထဲတွင် အရပ်ဆယ်မျက်နှာ သုတ်သင်ရေးဓားသိုင်း ကို စတင် လေ့ကျင့်တော့သည်။ ခြောက်နာရီတိုင်တိုင် သူ၏ ဓားအလင်းတန်းများမှာ မပြတ်တမ်း ထွက်ပေါ်နေခဲ့သည်။ တစ်ချက်ချင်းစီ လှုပ်ရှားလိုက်တိုင်း သူ၏ ပုံစံမှာ ပိုမိုတည်ငြိမ်ကာ ကျွမ်းကျင်လာသည်။ ထိုဓားသိုင်းပညာက သူ၏ ဝိညာဉ်ထဲတွင် ထွင်းထုထားသကဲ့သို့ပင်။
“အရပ်ဆယ်မျက်နှာ သုတ်သင်ရေးဓားသိုင်းသည် အဆင့်-၃ သို့ တိုးတက်သွားပါပြီ။”
***