နန်ရွှီ စစ်သည်တွေ နောက်ဆုံးမှာတော့ မြင်လိုက်ရပြီ ဖြစ်သည်။
ကောင်းကင်တပ်မတော်ကြီး။
ကောင်းကင်စစ်သည်တွေနဲ့ နတ်ဗိုလ်ချုပ်တွေ။
နက်မှောင်တဲ့ သံချပ်ကာတွေဟာ ရွှေရောင်လှံတွေ၊ သံမဏိစစ်မြင်းတွေနဲ့ တစ်သားတည်း ဖြစ်နေကြသည်။
တိမ်တိုက်တွေနဲ့ မြူနှင်းတွေကြားမှာ နတ်ဘုရားလက်နက်တွေက စူးရှစွာ တောက်ပနေတော့သည်။
ဒါဟာ နေထွက်ချိန်မှာတင် ကွက်တိ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်နေခြည်တန်းတွေဟာ ထူထပ်တဲ့ မြူထုကို ဖောက်ထွက်လာပြီး
အနက်ရောင် သံချပ်ကာတွေပေါ်မှာ ကျရောက်ကာ သန့်စင်မွန်မြတ်ပြီး တည်ကြည်လှတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေသည်။
ဒါဟာ သာမန်လူသား တပ်မတော်တစ်ခုက မသေမျိုး အဆင့်ကို တက်လှမ်းသွားပြီး ကောင်းကင်နတ်ဘုရားတွေ လောကကို ဆင်းသက်လာသလိုမျိုး အမှန်တကယ်ပင် ဖြစ်နေတော့သည်။
ခေတ္တခဏအတွင်းမှာတော့။
နန်ရွှီ စစ်သည်တွေဟာ အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ခုခံဖို့နေနေသာသာ ထွက်ပြေးဖို့တောင် မေ့လျော့နေကြတော့သည်။
"ချလွမ်.."
သံမဏိဒီရေလှိုင်းကြီး ဖြတ်ကျော်သွားပြီး မြူဖြူတွေကြားမှာ သွေးစက်တွေ ပန်းထွက်လာတော့မှသာ နန်ရွှီ စစ်သည်တွေ သတိပြန်ဝင်လာပြီး အဆုံးစွန်သော ထိတ်လန့်မှုထဲကို ကျရောက်သွားကြတော့သည်။
"မသေမျိုးတွေ"
"မသေမျိုးတွေ ရှိနေတယ်"
"ကောင်းကင်စစ်သည်တွေနဲ့ နတ်ဗိုလ်ချုပ်တွေ လာပြီ"
...
"ဗုန်း.."
"ကြောက်ရွံ့ခြင်း" လို့ အမည်ရတဲ့ ကပ်ရောဂါဟာ လူတစ်သိန်းရှိတဲ့ တပ်မတော်ကြီးထဲမှာ စတင်ပျံ့နှံ့သွားတော့သည်။
"သူတို့က ကောင်းကင်စစ်သည်တွေ မဟုတ်ဘူး..."
ဒု-ဗိုလ်ချုပ် ဆင်ချီဖန် ကတော့ မြူတွေထဲမှာ ဝှေ့ယမ်းနေတဲ့ အနီရောင်အနားသတ်ပါတဲ့ အနက်ရောင် ဗိုလ်ချုပ်အလံကြီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။ အဲ့ဒီအလံပေါ်မှာတော့ ရွှေရောင်နဲ့ အားကောင်းလှတဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတဲ့ စာလုံးတစ်လုံး ပါရှိနေသည်။
"ချန်" ဆိုတဲ့ အလံ။
ဒါဟာ ဒါရှန် နိုင်ငံပဲ။
ဒါဟာ ဝတ်စုံဖြူနဲ့လူပဲ။
"ဒါ ဟူလောင်တောင်ကြားကနေ ဖောက်ထွက်လာတဲ့လူတွေပဲ"
ဆင်ချီဖန် က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တောင့်ခံထားကြ။ စစ်ကြောင်း ပြန်ပြင်ကြစမ်း..."
"ဘာတွေ ဖြစ်ကုန်တာလဲ"
"သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတာ မဟုတ်ဘူးလား"
"ဘာလို့ ပြန်တိုက်နေကြတာလဲ"
"သုံးသောင်း"
"သူတို့မှာ လူသုံးသောင်းကျော် ရှိနေတယ်"
"မဟုတ်ဘူး သုံးသိန်း"
"မင်းတို့ဘာသာ ကြည့်ကြဦး"
"လျှောက်မပြောနဲ့။ အများဆုံးရှိလှ ငါးသောင်းပဲ ရှိမှာပေါ့။ သုံးသိန်းက ဘယ်က ရောက်လာမှာလဲ"
ဆင်ချီဖန် ဟာ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် စကားပြောနေတဲ့ စစ်သည်တစ်ဦးကို ခေါင်းဖြတ်လိုက်သည်။
ဒါပေမဲ့လည်း ရှုပ်ထွေးနေတဲ့ အခြေအနေကိုတော့ ပြန်မထိန်းနိုင်ခဲ့ပေ။
နန်ရွှီ တပ်မတော်။
သူတို့တွေဟာ လုံးဝ ပြင်ဆင်ထားခြင်း မရှိကြပေ။
ပိုပြီး အရေးကြီးတာကတော့...
သူတို့ကို အမိန့်ပေးမယ့်သူ မရှိခြင်းပင်။
အခုလို အခြေအနေမျိုးမှာ အလိုအပ်ဆုံးကတော့ အခြေအနေကို ထိန်းကျောင်းပေးမယ့်သူ တစ်ယောက်ပဲ ဖြစ်သည်။
ဒီဒု-ဗိုလ်ချုပ်တွေကတော့ ဒါကို မလုပ်နိုင်ကြပေ။
အနည်းဆုံး ဗိုလ်ချုပ် အဆင့်ရှိတဲ့သူ လိုအပ်သည်။
ဒါပေမဲ့ ပြဿနာကတော့...
သူတို့အားလုံးဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ဗဟိုစခန်းတဲမှာ ညှိနှိုင်းနေကြခြင်းပင်။
"အား"
နာကျင်စွာ အော်ဟစ်သံတွေက ဆက်တိုက် ထွက်ပေါ်လာသည်။
ရှေ့တန်းတပ်တွေဟာ စတင်ပြီး ထိန်းချုပ်မရတော့ဘဲ ပြိုလဲသွားတော့သည်။
"ပြေးကြတော့"
"ဗိုလ်ချုပ်"
"မင်းသားနဲ့ ဗိုလ်ချုပ်တွေကို မြန်မြန် အကြောင်းကြားကြ"
"ရန်သူ့တိုက်ခိုက်မှု"
"ဒါရှန် လူတွေ ထိုးစစ်ဆင်နေပြီ"
ဗဟိုစခန်းတဲ။
"ဗိုလ်ချုပ်ဖန်"
ဖန်ရှုကျိန်းက သတိပေးလိုက်သည်။
"အချိန်စေ့ပြီ"
"မှန်တယ် ဗိုလ်ချုပ်ဖန်"
ရန်ကျင်ရွမ်က မေးလိုက်သည် "ဘယ်လို စဉ်းစားထားသလဲ"
"ကောင်းပြီ"
ဖန်ချင်းယွမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အားလုံးကို ငါ သဘောတူတယ်"
"အားလုံးကို သဘောတူတယ် ဟုတ်လား"
ဖန်ရှုကျိန်းက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
ဒီစကားကို ဘယ်သူမှ ယုံမှာ မဟုတ်ပေ။
တကယ်လို့သာ အမှန်ဖြစ်ခဲ့ရင် ဒါဟာ မိုးပေါ်ကနေ မုန့်ကျလာသလိုမျိုး ဖြစ်နေလိမ့်မည်။
"အတော်ပဲ"
ရန်ကျင်ရွမ်ကတော့ လိမ်ညာနေတာကို ဖွင့်မပြောဘဲ "ဒီလိုဆိုရင်တော့ ဗိုလ်ချုပ်ဖန်... ဒါရှန် နိုင်ငံကိုယ်စား စာချုပ်မှာ လက်မှတ်ထိုးပေးပါ။ ပြီးတာနဲ့ ငါတို့ရဲ့ သဘောတူညီချက်တွေကို ချက်ချင်း အကောင်အထည်ဖော်ရမယ်။ အဲ့ဒီနောက်မှာတော့ ငါတို့အားလုံး နန်ရွှီ ကို ပြန်ကြတာပေါ့" ဟု ဆိုလိုက်သည်။
ဆိုလိုရင်းကတော့ ရှင်းနေသည်။
သူတို့တွေဟာ ဓားစာခံအဖြစ် ခေါ်သွားချင်နေခြင်း ဖြစ်သည်။
"ဗိုလ်ချုပ်ရှာ"
ဖန်ချင်းယွမ်က ခေါ်လိုက်သည်"မင်း ဒီမှာ ကျန်ခဲ့လိုက်၊ ကျန်တဲ့သူတွေကတော့ ငါတို့နဲ့ လိုက်ခဲ့မယ်"
"ဗျာ"
ရှာဝမ်လုံ ကန့်ကွက်ဖို့ မမီလိုက်ခင်မှာပဲ။
ရန်ကျင်ရွမ်က ပယ်ချလိုက်သည်"ဗိုလ်ချုပ်ဖန်... ဒါတော့ မဖြစ်နိုင်ဘူး။ ဒီကိစ္စက အရမ်းအရေးကြီးတာမို့ အားလုံး အခြေမကျမချင်း ဘယ်သူမှ ထွက်သွားလို့ မရဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းတို့သာ စာချုပ်အတိုင်း အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် နန်ရွှီ က မင်းတို့အပေါ် ဂုဏ်သရေရှိ ဧည့်သည်တွေလို ဆက်ဆံပေးမှာပါ"
"အားလုံး ဒီမှာ ကျန်ခဲ့ရမယ် ဟုတ်လား"
ဖန်ချင်းယွမ်က"သတင်းပြန်ပို့ဖို့ လူတစ်ယောက်တော့ လိုတယ် မဟုတ်လား။ ငါတို့ဘက်က စိတ်ရင်းရှိတာကို ပြရမယ်ဆိုရင် နန်ရွှီ ဘက်ကလည်း စိတ်ရင်းရှိတာကို ပြသင့်တာပေါ့"
သူတို့တွေ အခြေအတင် ငြင်းခုံနေကြစဉ်မှာပင်။
ရုတ်တရက် အပြင်ဘက်ကနေ ဆူညံသံတွေ ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
ဖန်ရှုကျိန်းက အော်ဟစ်မေးမြန်းလိုက်သည်။
"မင်းသား"
ဒု-ဗိုလ်ချုပ်တစ်ဦးဟာ ဗဟိုတဲကို လဲကျမတတ် ပြေးဝင်လာပြီး ထစ်ထစ်ငေါ့ငေါ့ ပြောတော့သည်။ "မကောင်းတော့ပါဘူး၊ တကယ် မကောင်းတော့တာ။ ဟူလောင်တောင်ကြားက ဒါရှန်ကလူတွေက ကျွန်တော်တို့ စစ်ကြောင်းကို ရုတ်တရက် တိုက်ခိုက်နေကြပြီ။ သူတို့က အရမ်းများတာပဲ၊ ကျွန်တော်တို့ တောင့်မခံနိုင်တော့ဘူး..."
"ခွေးမသား"
ဖန်ရှုကျိန်းက ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူ၏ လက်နက်ကို ဆွဲယူကာ ဟိန်းဟောက်လိုက်သည်။ "ဖန်ချင်းယွမ်... ဒါက မင်းပြောတဲ့ ညှိနှိုင်းမှုလား"
ရန်ကျင်ရွမ်လည်း အလွန်အမင်း အံ့အားသင့်သွားရသည်။
သူ လုံးဝ မယုံနိုင်ပေ။
ဟူလောင်တောင်ကြားက ဗိုလ်ချုပ်တွေ အကုန်လုံး ဒီမှာ အဖမ်းခံနေရတာ မဟုတ်ပါလား။
ချန်ဆန်းရှီက သူ့ရဲ့ တပ်ဖွဲ့ငယ်လေးနဲ့ ထိုးစစ်ဆင်ရဲတယ် ဟုတ်လား။
ဒါဟာ...
ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူးလား။
"ချန်ဆန်းရှီ က ဖောက်ထွက်လာတယ် ဟုတ်လား"
ရှာဝမ်လုံလည်း မယုံနိုင်သလို ခေါင်းကို ကုတ်နေမိသည်။
"သူ ရူးသွားတာလား"
ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင်။
ဒါဟာ သူတို့ကို သေတွင်းထဲ ပို့လိုက်တာ မဟုတ်ပါလား။
"မင်းသား... မစိုးရိမ်ပါနဲ့"
ရန်ကျင်ရွမ်က စိတ်အေးအောင် လုပ်ပေးလိုက်သည်။ "သူလုပ်တာက အဓိပ္ပာယ် မရှိပါဘူး။ တကယ်လို့ သူက ဒီလူတွေကို သတ်ဖြတ်လိုက်ရင်တောင် ဟူလောင်တောင်ကြားမှာ နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်တွေ မကျန်တော့ဘူး။ အဲ့ဒီ ချန် ဆိုတဲ့လူဟာ သူ့ကိုယ်သူ သေတွင်းတူးနေတာပဲ"
"စစ်ဗျူဟာမှူး ပြောတာ မှန်တယ်"
"ငါ့မှာ စစ်သည် တစ်သိန်းရှိတာ။ မဟာသွေးကြောအဆင့် လောက်ကို ငါ ဘာလို့ ကြောက်နေရမှာလဲ"
"အစောင့်တွေ"
ဖန်ရှုကျိန်းက သူ၏ အသွားမပါတဲ့ ဓားကြီးကို ဖန်ချင်းယွမ်တို့ဆီ ချိန်ရွယ်ရင်း အမိန့်ပေးလိုက်သည်။
ကြိုတင်ပြင်ဆင်ထားတဲ့ ချုံခိုသမားတွေဟာ တစ်ပြိုင်နက်တည်း ပြေးထွက်လာကြတော့သည်။ ရေတွက်လို့ မရနိုင်တဲ့ ဓားတွေ၊ လှံတွေ၊ နတ်ဘုရားလက်နက်တွေနဲ့ ဝိညာဉ်သံမဏိ ဒိုင်းလွှားတွေဟာ ဗဟိုစခန်းတဲကို အထပ်ထပ် ဝိုင်းရံထားလိုက်ကြသည်။
"ဒါက အထင်လွဲတာပါ၊ အထင်လွဲတာ"
ရှာဝမ်လုံက အသည်းအသန် ရှင်းပြနေသည်။
"မင်းသားဖန်... ကျွန်တော်တို့ တကယ် ညှိနှိုင်းဖို့ လာတာပါ။ ချန် က သူ့ဘာသာသူ လုပ်တာပါ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ဟုတ်တယ် မဟုတ်လား ဗိုလ်ချုပ်ဖန်..."
ထိုအခါမှသာ သူ သတိပြုမိလိုက်သည်။
ဖန်ချင်းယွမ် နဲ့ ဝမ်ကျိီတို့ရဲ့ မျက်နှာမှာ အံ့သြတဲ့ အမူအရာ လုံးဝ မရှိဘဲ အခြေအနေတွေ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင် သိထားသလိုမျိုး ဖြစ်နေကြသည်။
"မင်းတို့..."
ရှာဝမ်လုံ မခံမရပ်နိုင် ဖြစ်သွားရသည်။
"မင်းတို့ ကြိုသိနေတာလား၊ ဒါက အစီအစဉ်လား"
သူတစ်ယောက်တည်းသာ ဘာမှ မသိဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တော့ တိန့်ဖုန်းလည်း မသိပေ၊ ဒါပေမဲ့ သူကတော့ ဂရုမစိုက်ဘဲ အမိန့်ပေးသမျှကိုပဲ နာခံပြီး သေဖို့အထိ ပြင်ဆင်ထားသူ ဖြစ်သည်။
"ဖန်ချင်းယွမ်"
ဖန်ရှုကျိန်းက ဒေါသတကြီး လှောင်ပြောင်လိုက်သည်"ငါကတော့ မင်းနဲ့ ကောင်းကောင်းမွန်မွန် ညှိနှိုင်းနေတာကို မင်းလို အောက်တန်းကျပြီး အရှက်မရှိတဲ့လူက ငါ့ကို ကစားရဲတယ်ပေါ့။ တိုက်ကြစမ်း"
"သေဖို့သာ ပြင်ထားလိုက်တော့"
***