သူသည် အသံကို တိုးနိုင်သမျှ တိုးကာ အမိန့်ပေးလိုက်ရတော့သည်။
"လျိုဟွမ်ရုံ... ဒီနေ့ သန်းခေါင်ယံမှာ ငါတို့ မြို့ပြင်ကို ထွက်ပြီး ပြန်လည် တိုက်စစ်ဆင်မယ်လို့ အားလုံးကို အကြောင်းကြားလိုက်။ ပြီးတော့... ဒု-ဗိုလ်ချုပ်အထက် အဆင့်ရှိတဲ့ ဗိုလ်ချုပ်အားလုံးကို စုစည်းထားပါ။ ငါနဲ့အတူမြင်းစစ်သည် ငါးရာကို ဦးဆောင်ပြီး အခွင့်အရေးရတာနဲ့ မြို့ကိုစွန့်ခွာပြီး... ဖောက်ထွက်ကြမယ်"
"အမိန့်အတိုင်းပါ အရှင်"
...
"ဝုန်း.."
သန်းခေါင်ယံအချိန်။
ယုံလဲ့ခရိုင်မြို့ထဲရှိ ခုခံနေသော ချင်နိုင်ငံ တပ်သားများသည် ရုတ်တရက် အင်အားအပြည့်ဖြင့် ပြန်လည် တိုက်စစ်ဆင်လာကြသည်။
မြို့ကို ဆက်လက် ထိန်းထားဖို့ မဖြစ်နိုင်တော့မှန်း သိလိုက်ရသည့်အတွက် မြို့ထဲမှနေ၍ ပြန်လည် တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ မုန်ချူကျိီသည်လည်း ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားသဖြင့် ချန်ဆန်းရှီ အနေဖြင့် ဝင်ရောက် စွက်ဖက်နေရန် မလိုတော့ပေ။
စစ်နတ်ဘုရားအဆင့် တိုက်ခိုက်ရာတွင် သူသည် ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။
အနက်ရောင်သံချပ်ကာစစ်သည်များမှာလည်း အောင်ပွဲကြီး ရရှိထားပြီးနောက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ရာ ရှေ့တန်း၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် ရိက္ခာလမ်းကြောင်းများကို စောင့်ကြပ်သည့် တာဝန်ကိုသာ အဓိက ယူထားကြသည်။
သတ်ဖြတ်သံများသည် တစ်ညလုံး ကြားနေရသည်။
အရုဏ်တက်ချိန် ရောက်သည်အထိပင်။
ယုံလဲ့ခရိုင်မြို့ကြီး ကျဆုံးသွားပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့ပြီး မြို့ထဲရှိ နောက်ဆုံး ကျန်ရှိနေသော လူနှစ်သောင်းမှာလည်း လက်နက်ချလိုက်ကြတော့သည်။
သို့သော်လည်း ထန်မင်းသားလီဂုန်းနှင့် တခြားသူများ၏ သတင်းမှာမူ အစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။
တောင်တန်းများကြားတွင်။
ဖောက်ထွက်လာခဲ့သော မြင်းစစ်သည် ငါးရာမှာ မရှိတော့ပေ။
နောက်ဆုံး လက်ကျန် လူသုံးဆယ့်ငါးယောက်သာ ကျန်ရှိတော့ပြီး မြင်းပေါ်မှဆင်းကာ တောအုပ်ထဲသို့ အလုအယက် ပြေးဝင်နေကြသည်။ အခြေအနေ တည်ငြိမ်သွားပါက ချင်နိုင်ငံသို့ ပြန်ရန် နည်းလမ်းရှာရန် ခြေကျင် ထွက်ပြေးနေကြခြင်း ဖြစ်သည်။
ထိုသူများထဲတွင်။
စစ်နတ်ဘုရားလီဂုန်းသည် မုန်ချူကျိီ၏ အလစ်အငိုက် တိုက်ခိုက်မှုကို ခံခဲ့ရပြီး တပ်မတော်ကြီး၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။
ဒါပေမဲ့ ကံကောင်းတာက စစ်နတ်ဘုရား တစ်ယောက်အတွက် အသက်ရှူရုံလေး ကျန်နေဦးမည်ဆိုလျှင် ခွန်အားကို ပြန်လည် ဖြည့်တင်းပြီး ချင်နိုင်ငံသို့ အလွယ်တကူ ပြန်နိုင်စွမ်း ရှိခြင်းပင်။
"ဒီတောင်တွေထဲမှာ တောရိုင်းတိရစ္ဆာန်တွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ငါတို့ကို လပေါင်းများစွာ ပုန်းအောင်းနေဖို့ လုံလောက်တယ်"
"လအနည်းငယ် ကြာပြီးရင်တော့ ငါတို့ လွတ်မြောက်ဖို့ အချိန်ရောက်လာမှာပဲ"
"နှမြောစရာကောင်းတာက ပြည်နယ် သုံးခုကိုတော့ လက်လွှတ်လိုက်ရပြီ"
"ပြန်ရောက်တာနဲ့ ရှေးဟောင်းမျိုးနွယ်စု နဲ့ ပူးပေါင်းပြီး ကလဲ့စားချေဖို့ စဉ်းစားရမယ်"
အင်ပါယာတိုင်းတွင် အိမ်နီးချင်း ရန်သူနိုင်ငံများ ရှိကြသည်သာ ဖြစ်သည်။
ကွာခြားချက်မှာ ဒါရှန် သည် အရပ်မျက်နှာ အနှံ့တွင် ရန်သူများ ဝိုင်းရံနေခြင်းဖြစ်ပြီး တခြားနိုင်ငံများတွင်မူ ၎င်းတို့၏ ကိုယ်ပိုင် ရန်သူများ ရှိကြခြင်းပင်။
ဤတိုက်ကြီးသည် ကျယ်ပြောလှပြီး အဆုံးအစ မရှိပေ။ သမုဒ္ဒရာကိုပါ ထည့်တွက်မည်ဆိုလျှင် အဆုံးသတ်ကို ပို၍ပင် မှန်းဆ၍ မရနိုင်တော့ပေ။
"အရှင် ပြောတာ မှန်ပါတယ်။ စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိနေသရွေ့ ထင်းအတွက် ပူစရာ မလိုပါဘူး"
လီဂူန်းတို့အဖွဲ့ စိတ်အေးလက်အေး စတင် သက်ပြင်းချနိုင်ရုံရှိသေး၊ တောအုပ် ပတ်ပတ်လည်မှ ရုတ်တရက် "ရှပ်ရှပ်" မြည်သံများ ကြားလိုက်ရပြီးနောက် လျင်မြန်သော အရိပ်များ ပေါ်ထွက်လာကာ သူတို့၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ ဝိုင်းရံလိုက်ကြတော့သည်။
"အရှင်မင်းသား လီ"
"ကျွန်တော့်မှာ အရှင် အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခု ပေးစရာ ရှိတယ်။ အရှင် အလိုရှိသလား မရှိဘူးလား"
ယုံလဲ့ခရိုင်မြို့ ကျဆုံးပြီးနောက်။
အရှေ့ဘက်နယ်မြေ စစ်ပွဲသည် အဆုံးသတ်သို့ စတင် ရောက်ရှိလာခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် အရှေ့ဘက်နယ်မြေရှိ ချင်နိုင်ငံ တပ်မတော်သည် ဆုတ်ခွာကြောင်း ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးစာချွန်လွှာ ပေးပို့လာခဲ့သည်။ ပြည်နယ် သုံးခုကို ဒါရှန် ထံ ပြန်လည် ပေးအပ်ရန် သဘောတူညီခဲ့ပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရေးကို ပြန်လည် တည်ဆောက်ကာ တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့ကြသည်။
အမှန်စင်စစ်။
လိုင်ပြည်နယ်ကို အပြည့်အဝ ဆုံးရှုံးလိုက်ရပြီးနောက် ချင်နိုင်ငံသည် ဆက်လက် တိုက်ခိုက်လိုလျှင်ပင် ခွန်အား မရှိတော့ပေ။ တကယ်လို့ ထပ်မံ ရှုံးနိမ့်ဦးမည်ဆိုပါက ၎င်းသည် နိုင်ငံ၏ အခြေခံအုတ်မြစ်ကိုပင် လှုပ်ခတ်သွားစေနိုင်ပေသည်။ ပြည်နယ် သုံးခုကို စွန့်လွှတ်လိုက်ရခြင်းမှာ ရှောင်လွှဲ၍မရသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
မိမိသဘောဖြင့် ပြန်လည် ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုခြင်းမှာ နောက်ဆုံးကျန်ရှိသော သိက္ခာကို ထိန်းသိမ်းရုံသာ ဖြစ်သည်။
ထို့နောက် နောက်ထပ် နှစ်လခွဲအတွင်းမှာပင်။
လင်ကျိုးရှိ ဇီဝေတောင် အပါအဝင် ပြည်နယ် သုံးခုလုံးရှိ နယ်မြေအားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက်တွင်တော့။
နန်းတွင်းမှ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်သည်။
စစ်ပွဲတွင် ပါဝင်ခဲ့သည့် သူရဲကောင်းအားလုံး ထိုက်ဟူ ခရိုင်သို့ သွားရောက် အနားယူကြရန်ပင်။
တပ်မတော်၏ အင်အားအများစုကိုမူ ယွီရှန်း ခရိုင်၊ ကျင့်ယန် ခရိုင်နှင့် လိုင်ရှီး ခရိုင်များသို့ စေလွှတ်လိုက်သည်။ ဤခရိုင် သုံးခုသည် နယ်စပ်သစ်များ ဖြစ်လာခဲ့ပြီး ဤနေရာများကို တည်ငြိမ်အောင် ထိန်းထားနိုင်မှသာ ချင်နိုင်ငံက ယောင်ပြည်နယ်မှနေ၍ ရုတ်တရက် တိုက်ခိုက်လာခြင်းကို တားဆီးနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကြီးကြပ်ရန် စစ်နတ်ဘုရား တစ်ယောက်မှ မရှိဘဲ ဒု-ဗိုလ်ချုပ် ကျန်းထောင်မင် သာ ရှိနေတော့သည်။
မုန်ချူကျိီ၊ ဖန်ထျန်ဖား၊ ချွေချုံယီ နှင့် တခြားသူများမှာမူ ခရိုင်မြို့ထဲတွင် အနားယူရန် ကျန်ရစ်ခဲ့ကြသည်။
ချန်ဆန်းရှီကမူ အားမနေပေ။
သူသည် လေ့ကျင့်နေခြင်း သို့မဟုတ် လေ့ကျင့်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေသည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (မဟာသွေးကြောအဆင့်-သေးငယ်သောအောင်မြင်မှု့)]
[တိုးတက်မှု့ - ၇၈၈/၂၀၀၀]
ကိုယ်တွင်းရှိ အဓိက သွေးကြောကြီး ရှစ်သွယ် ကို ဖွင့်ပြီးရင် သူသည် နက်နဲပုံရိပ်အဆင့် သို့ တက်လှမ်းရန် စတင် ပြင်ဆင်နိုင်သည်။
[စွမ်းရည် - လေးပညာ (ပြည့်စုံခြင်း (ပထမအဆင့် ကန့်သတ်ချက် ကျော်
လွန်မှု့)]
[တိုးတက်မှု့ - ၁၅၁၈/၂၀၀၀]
ဒါ့အပြင်။
လင်ကျိုးကဲ့သို့သော နေရာများမှ ဆေးဖက်ဝင်အပင် အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
သူသည် အားလပ်ချိန်များတွင် သူ၏ လက်အောက်ငယ်သားများအတွက် ဆေးရည်များ ဖော်စပ်ပေးကာ သူတို့၏ အဆင့်များ တိုးတက်စေရန် ကူညီပေးနေသည်။
[စွမ်းရည် - ဆေးပညာ( လူသား-သေးငယ်သောအောင်မြင်မှု့)]
[တိုးတက်မှု့ - ၁၂၅၂/၂၀၀၀]
"အမွှေးတိုင်နတ်ဘုရားဂိုဏ်းကို ပေးထားတဲ့ ကတိက အချိန်နီးကပ်လာပြီ"
ချန်ဆန်းရှီသည် ရုပ်ဖျက်အတတ်ကို ပိုမို ပြင်းထန်စွာ လေ့ကျင့်လာခဲ့သည်။
[စွမ်းရည် - ရုပ်ဖျက်ပညာ (အခြေခံအဆင့်)]
[တိုးတက်မှု့ - ၃၅၅/၅၀၀]
နောက်ထပ် တစ်ဆင့် တက်လှမ်းနိုင်ပါက သူသည် အရိုးကျုံ့ပညာကို လေ့ကျင့်နိုင်မည်ဖြစ်ပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အပြည့်အဝ ဖုံးကွယ်ထားနိုင်တော့မည် ဖြစ်သည်။
အောင်ပွဲသတင်းကောင်းများသည်လည်း အရပ်မျက်နှာ အနှံ့သို့ ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်သည်။
ချင်နိုင်ငံ။
ယာယီ နန်းတော်။
ခန်းမကြီးထဲတွင်။
ရွှေရောင် ကုလားကာများသည် လေညင်းနှင့်အတူ လွင့်ပျံနေပြီး ကျယ်ပြောသော နေရာကြီးတစ်ခုလုံးတွင် အမွှေးတိုင်နံ့များ ပျံ့လွင့်နေသည်။ ထိုရနံ့သည် ပြည့်တန်ဆာရုံများကဲ့သို့ ညှို့ဓာတ်ပါသော အနံ့မျိုး မဟုတ်သလို၊ မိန်းမပျိုလေးများ၏ အနံ့မျိုးလည်း မဟုတ်ပေ။ ဘုန်းတော်ကြီးကျောင်းများမှ အနံ့မျိုးလည်း မဟုတ်ဘဲ စစ်မှန်သော... အရှိန်အဝါ အာဏာစက် ရနံ့ပင် ဖြစ်သည်။
မည်သည့် အထူးပစ္စည်းမှ ထပ်မံ ထည့်သွင်းထားခြင်း မရှိဘဲ သာမန် အမွှေးတိုင်သာ ဖြစ်သော်လည်း တက်ရောက်လာသူများ၏ နှာခေါင်းထဲတွင်မူ အတုမရှိသော အရှိန်အဝါ အာဏာစက်ကို ခံစားနေရသည်။
သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းနေသည့် သံချပ်ကာဝတ် ဗိုလ်ချုပ်ကြီးများသည် ခန်းမကြီး၏ တံခါးခုံကို ကျော်လိုက်သည်နှင့် သူတို့၏ မကောင်းသော အငွေ့အသက်များသည် ချက်ချင်း သန့်စင်သွားကြရသည်။ သူတို့သည် ပေအနည်းငယ် အကွာတွင် ရပ်တန့်လိုက်ကြပြီး အားလုံး ဒူးထောက်လိုက်ကြသည်။ ကုလားကာရှိရာဘက်သို့ ခေါင်းမော့ကြည့်ရန် မဝံ့ရဲကြဘဲ မြေပြင်ကိုသာ စိုက်ကြည့်ရင်း အလွန်အမင်း ရိုသေလေးစားနေကြသည်။
"အရှင်မင်းကြီး..."
"အားလုံး ပြီးဆုံးသွားပါပြီ"
"ပြည်နယ် သုံးခုဟာ ဒါရှန် လူတွေရဲ့ လက်ထဲကို ပြန်ရောက်သွားပါပြီ"
"ထန်မင်းသား လီကုန်း ကတော့..."
"ပျောက်ဆုံးနေဆဲပါ"
"ပြည်နယ် သုံးခုထဲက အင်အား ရှစ်သောင်းရှိတဲ့ တပ်မတော်ကြီးရဲ့ တစ်ဝက်လောက်ကတော့ သေဆုံးတာ ဒါမှမဟုတ် လက်နက်ချခဲ့ကြတဲ့အတွက် တပ်ပျက်သွားပြီလို့ ဆိုနိုင်ပါတယ်"
"ဒီတိုက်ပွဲအပြီးမှာတော့ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အတွင်း ကျွန်တော်တို့ ချင်နိုင်ငံရဲ့ နယ်စပ်ဒေသတွေဟာ အင်အား ပြန်လည် ဖြည့်တင်းဖို့ အနားယူရပါလိမ့်မယ်"
ဘာတုံ့ပြန်မှုမှ မရှိပေ။
တိတ်ဆိတ်နေသည်။
သူတို့ ပြောလိုက်သည့် စကားများသည် အဓိပ္ပာယ် မရှိသည့်အလားပင်။
ဒါပေမဲ့ သူတို့ကို ပြန်ခိုင်းသည့် အရိပ်အယောင်လည်း မပြပေ။
ထို့ကြောင့် အားလုံးသည် မြေပြင်တွင် ဒူးထောက်လျက် နှစ်နာရီနီးပါးကြာအောင် မလှုပ်မယှက် နေခဲ့ကြရသည်။
"ဒါက..."
ဦးဆောင်လာသည့် ဗိုလ်ချုပ်ကြီးသည် သတ္တိမွေးကာ စကားစလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်တို့ ထပ်ပြီး တင်ပြစရာ တစ်ခုခု ရှိပါသေးသလား"
***