ဝုန်း…။
ဆက်တိုက်ဆိုသလိုပင် ကပ်ဘေးငွေ့အသက်များဆီမှ အသိတစ်ခုမှာ ကျိုးစွေ့၏ အသိစိတ်ပင်လယ်ထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာ၏။ ဤသည်မှာ 'ကံကြမ္မာကူ'ထံမှ ကြိုတင်သတိပေးချက်ပင် ဖြစ်လေသည်။
“မဖြစ်နိုင်တာ... ရှေးဟောင်းနတ်ဆိုးလောကနဲ့ ကျင့်ကြံခြင်းလောကတို့ ပေါင်းစည်းပြီး ကမ္ဘာ့တံခါးပေါက်တွေ ပေါ်လာတာပဲ… လောကချင်းပေါင်းစည်းတဲ့ဖြစ်စဉ် ဖြစ်ပွားနေတာလား…”
“အဲဒါက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဖြစ်လာရတာလဲ…”
ကျိုးစွေ့မှာ ချက်ချင်းပင် အံ့အားသင့်သွားရ၏။ ယခင်က သူသည် ဟယ်ဟွမ်းဂိုဏ်းချုပ် ချိုးရူယွီနှင့် ဤအကြောင်းကို ဆွေးနွေးခဲ့ဖူးပြီး၊ ရှေးဟောင်းနတ်ဆိုးလောကနှင့် ကျင့်ကြံခြင်းလောကတို့ ဆုံတွေ့ခဲ့လျှင်ပင် ဤမျှမြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။ အနည်းဆုံး အချိန်အတိုင်းအတာ တစ်ခုတော့ ရဦးမည်ဟု ယူဆခဲ့ကြသည်။ သို့သော် ယခုကြည့်ရသည်မှာ ကျိုးစွေ့၏ ခန့်မှန်းချက်များထက် လုံးဝ ကျော်လွန်သွားခဲ့ချေပြီ။
“ကျင့်ကြံခြင်းလောကကတော့ တကယ်ကို ကပ်ဘေးတွေနဲ့ မပြတ်ပါလား…”
“အရင်က မိစ္ဆာသားရဲမျိုးနွယ်တွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရပြီး… အခုတော့ ရှေးဟောင်းနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို ထပ်ခံရပြန်ပြီ…”
“ကျင့်ကြံခြင်းလောကကို အသက်ရှူချိန်တောင် မပေးတော့ဘူးပဲ…”
“အမိုးပေါက်တဲ့အိမ်ကိုမှ မိုးကရွာချလိုက်သလိုပါပဲလား... ကံဆိုးတာကလည်း ကံမကောင်းတဲ့သူဆီပဲ ရွေးပြီးရောက်လာတော့တာပဲ…”
ကျိုးစွေ့၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ပေါ်ထွက်လာသည်။
ထင်ရှားသည်မှာ ရှေးဟောင်းနတ်ဆိုးလောက၏ ကျူးကျော်မှုမှာ ရှေးဟောင်းမိစ္ဆာသားရဲလောက၏ ကျူးကျော်မှုထက် ပိုမိုပြင်းထန်လှပေသည်။
ရှေးဟောင်းခေတ်ကာလတွင် ကျင့်ကြံခြင်းလောကမှာ ဤမျှသနားစဖွယ် အခြေအနေသို့ ရောက်ရှိခဲ့ရခြင်းမှာ ရှေးဟောင်းနတ်ဆိုးများ၏ ကျူးကျော်မှုကြောင့်ပင် ဖြစ်၏။
ထိုသို့ဖြစ်ခြင်းကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းအမြောက်အမြား ပျောက်ကွယ်သွားခဲ့ရသည်။ ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ကြောများမှာလည်း ဆုတ်ယုတ်သွားခဲ့ရပြီး လူသားမျိုးနွယ်၏ခွန်အားကို အကြီးအကျယ် ထိခိုက်စေခဲ့ပေသည်။
နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သည့်တိုင်အောင် လူသားမျိုးနွယ်မှာ ယခင်ကကဲ့သို့ ဘုန်းကျက်သရေနှင့် ခွန်အားမျိုး ပြန်လည်ရရှိရန် မဖြစ်နိုင်သေးပေ။
သို့သော် ယခုအခါတွင်မူ ရှေးဟောင်းနတ်ဆိုးလောကမှာ ထပ်မံ၍ ကျူးကျော်လာပြန်ချေပြီ။
ထို့ကြောင့် ဤဖြစ်ရပ်မှာ ကျင့်ကြံခြင်းလောကအတွက် မည်မျှဆိုးရွားသော နောက်ဆက်တွဲရလဒ်များကို ဆောင်ကြဉ်းလာမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
သေချာပေါက် သေကြေပျက်စီးမှုများစွာနှင့် သွေးချောင်းစီးသည့် မြင်ကွင်းများကို မြင်တွေ့ရပေတော့မည်။
ထိုအချိန်တွင် 'ကံကြမ္မာကူ'ထံမှ ကြီးမားသော သတင်းအချက်အလက်များက ထပ်မံဝင်ရောက်လာပြန်သည်။ ကျိုးစွေ့၏ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားလေသည်။
သူသည် အနန္တဟင်းလင်းပြင်ကြီးထဲတွင် ကြီးမားသော အလင်းလုံးကြီး သုံးလုံးကို မြင်လိုက်ရသကဲ့သို့ ရှိပေသည်။
ထိုအလင်းလုံးကြီး သုံးလုံးမှာ ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းနတ်ဆိုးလောကနှင့် ရှေးဟောင်းမိစ္ဆာသားရဲလောကတို့ပင် ဖြစ်ကြ၏။ ၎င်းတို့မှာ ယခုအခါ တစ်ခုနှင့်တစ်ခု ရောယှက်ကာ ပေါင်းစည်းနေကြပြီ ဖြစ်သည်။
စက်ဝိုင်းကွင်း သုံးခုသဖွယ် ဖြစ်နေလေ၏။ ဤသို့ဆုံတွေ့ခဲ့ခြင်းကြောင့်ပင် လောကချင်းပေါင်းစည်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာပြီး နယ်ခြားတံခါးများ ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
“ဒါပေမဲ့ ဒီတစ်ခါ ကျင့်ကြံခြင်းလောကနဲ့ ရှေးဟောင်းနတ်ဆိုးလောကတို့ ဆုံတွေ့တဲ့အခါမှာ နယ်ခြားတံခါးတွေ အများကြီး ပေါ်လာမှာမဟုတ်ဘူး…”
“ရှေးဟောင်းနတ်ဆိုးတံခါး ကိုးခုပဲ ပေါ်လာလိမ့်မယ်…”
“နေဦး... အဲဒီထဲက တံခါးသုံးခုက ကျင့်ကြံခြင်းလောကမှာ ပေါ်လာပြီး တံခါးခြောက်ခုက ရှေးဟောင်းမိစ္ဆာသားရဲလောကမှာ ပေါ်လာတာပဲ…”
“မဖြစ်နိုင်တာ... အဲဒီလိုဆိုရင် ရှေးဟောင်းမိစ္ဆာသားရဲလောကကတော့ ကံဆိုးတော့မှာပဲ…”
ကျိုးစွေ့၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။ အထက်ပါ သတင်းအချက်အလက်များသည် ကံကြမ္မာ၏ သတိပေးချက်များဖြစ်သလို ကောင်းကင်နှင့်မြေကြီး၏ သတိပေးချက်များလည်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ 'ကံကြမ္မာကူ'၏ ထူးခြားသော စွမ်းအားလည်းဖြစ်၏။ ၎င်းသည် အနန္တကပ်ဘေးငွေ့အသက်များထဲမှနေ၍ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဘေးဒုက္ခများကို ကြိုတင်သိရှိနိုင်စွမ်းရှိပေသည်။
ဤနည်းဖြင့် ကျင့်ကြံသူသည် ကပ်ဘေးများကို ရှောင်ရှားနိုင်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် ဖြစ်၏။ အကယ်၍ 'ကံကြမ္မာကူ'၏ အကူအညီသာ မပါဝင်ပါက သူသည် ယခုအချိန်ထိ ဘေးဒုက္ခ၏ အရင်းအမြစ်ကို သိရှိနိုင်မည်မဟုတ်ပေ။
အမှန်အတိုင်းဆိုရလျှင် ရှေးဟောင်းခေတ်ကာလက ရှေးဟောင်းမိစ္ဆာသားရဲလောကသည် မိမိတို့၏ခွန်အားကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ နတ်ဆိုးများ၏ ကျူးကျော်မှုကို များစွာမခံခဲ့ရသောကြောင့် ဖြစ်၏။
သို့သော် ယခုအခါတွင်မူ မတူတော့ပေ။ ရှေးဟောင်းနတ်ဆိုးလောကနှင့် ပေါင်းစည်းသွားမှုကြောင့် ရှေးဟောင်းမိစ္ဆာသားရဲလောကတွင် နယ်ခြားတံခါးခြောက်ခု ပေါ်လာမည် ဖြစ်လေသည်။
ထို့ကြောင့် သေချာပေါက် နတ်ဆိုးအမြောက်အမြားမှာ ထိုနယ်ခြားတံခါးများမှ ထွက်ပေါ်လာကြပေလိမ့်မည်။ ဤသည်မှာ ရှေးဟောင်းမိစ္ဆာသားရဲလောကအတွက် ကြီးမားသောဘေးဒုက္ခကို ဆောင်ကြဉ်းပေးမည်ဖြစ်ကာ သေကြေပျက်စီးမှုများစွာလည်း ရှိပေလိမ့်မည်။
“ဒါပေမဲ့ ဒါဟာ ကောင်းတဲ့အချက်လည်း ဖြစ်နိုင်တယ်…”
“အရင်တစ်ခါက မိစ္ဆာသားရဲမျိုးနွယ်တွေက ဘေးကနေ ကြည့်နေရုံနဲ့တင် အကျိုးအမြတ်တွေ ရခဲ့ကြတာ…”
“အခုတော့ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်တော့ဘူး…”
“မိစ္ဆာသားရဲမျိုးနွယ်တွေက ရှေးဟောင်းနတ်ဆိုးတွေရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်းကို ခုခံပေးနေမယ်ဆိုရင် လူသားမျိုးနွယ်အတွက် ဖိအားတွေ လျော့နည်းသွားနိုင်တာပဲ…”
“ပြီးတော့ ရှေးဟောင်းနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကြောင့် မိစ္ဆာသားရဲမျိုးနွယ်တွေအနေနဲ့ လူသားမျိုးနွယ်ကို ဂရုစိုက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး…”
ကျိုးစွေ့က ခပ်ဖွဖွပြုံးလိုက်ရင်း ဝမ်းမြောက်နေလေသည်။
ဤသို့ဆိုလျှင် ရှေးဟောင်းနတ်ဆိုးလောက၏ ကျူးကျော်မှုမှာ ကောင်းသော အချက်တစ်ခုပင် ဖြစ်နိုင်ပေသည်။
မိစ္ဆာသားရဲမျိုးနွယ်များ၏ ကျူးကျော်မှုကို နှောင့်နှေးသွားစေနိုင်ပေသည်။ သို့မဟုတ်ပါက မိစ္ဆာသားရဲမျိုးနွယ်များမှာ အမှန်တကယ်ပင် ထင်တိုင်းကြဲနေကြပေလိမ့်မည်။ ယခုအခါ သူတို့ကိုလည်း နတ်ဆိုးမျိုးနွယ်များ၏အစွမ်းကို မြည်းစမ်းခွင့် ပေးလိုက်ရမည် ဖြစ်၏။
“စုစုပေါင်း ရှေးဟောင်းနတ်ဆိုးတံခါး သုံးခုပေါ့…”
“အဲဒီအထဲက တစ်ခုက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမှာ၊ နောက်တစ်ခုက ချန်လန်ပင်လယ်ဒေသမှာ… ကျန်တဲ့တစ်ခုက အနောက်ပိုင်းကုန်းမြေတိုက်ကြီးမှာပဲ…”
“ယေဘူယျအားဖြင့် မတူညီတဲ့ အရပ်မျက်နှာသုံးခုမှာ ခွဲထွက်နေတာပဲ…”
“အကယ်၍ ရှေးဟောင်းနတ်ဆိုးတံခါးကို စောင့်ကြပ်နိုင်မယ်ဆိုရင်… နတ်ဆိုးတွေ အပြင်ကို ထွက်မလာအောင် တားဆီးနိုင်မှာပဲ…”
“မဖြစ်နိုင်တာ... ဒီလောက်တောင် ကံဆိုးရသလား”
“ရွှမ်ဟွမ်ကျွန်းအနီးအနားမှာတင် ရှေးဟောင်းနတ်ဆိုးတံခါး တစ်ခု ပေါ်လာတာပဲ”
“မဟုတ်ဘူး... ဒါက ကံဆိုးတာမဟုတ်ဘူး၊ ဖြစ်ကိုဖြစ်ရမယ့်အရာပဲ…”
“နယ်ခြားတံခါးတွေ ပေါ်လာတာက အကြောင်းမဲ့မဟုတ်ဘူး… ဝိညာဉ်ကြောတွေနဲ့ အများကြီး သက်ဆိုင်နေတာပဲ…”
“ရွှမ်ဟွမ်ကျွန်းမှာ ပဥ္စမအဆင့် ဝိညာဉ်ကြောရှိနေတယ်…”
“ဒီဝိညာဉ်ကြောကြောင့်ပဲ နယ်ခြားတံခါး ပေါ်လာအောင် ဆွဲဆောင်လိုက်တာ ဖြစ်နိုင်တယ်…”
ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ထင်ရှားသည်မှာ ဤရှေးဟောင်းနတ်ဆိုးတံခါး ပေါ်လာခြင်းသည် ဆိုးကျိုးရှိသကဲ့သို့ ကောင်းကျိုးလည်း ရှိပေသည်။
ဆိုးကျိုးမှာ ရှေးဟောင်းနတ်ဆိုးတံခါးတစ်ခု ပေါ်ပေါက်လာခြင်းကြောင့် နတ်ဆိုးများ မပြတ်မကွက် ထွက်ပေါ်လာမည် ဖြစ်၏။
သို့သော် တစ်ဖက်တွင်လည်း ကောင်းကျိုးရှိပေသည်။ ဤသို့ဆိုလျှင် ရွှမ်ဟွမ်ဂိုဏ်းအနေဖြင့် ခွန်အားအားလုံးကို စုစည်းကာ ဤနတ်ဆိုးတံခါးကို ချိပ်ပိတ်ထားနိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် အတွင်းရှိ နတ်ဆိုးများ အပြင်သို့ ထွက်မလာနိုင်အောင် တားဆီးထားနိုင်ပေမည်။ ချန်လန်ပင်လယ်ဒေသတစ်ခုလုံးရှိ လူသားများအား နတ်ဆိုးများ၏ ဘေးရန်မှ ကာကွယ်ပေးနိုင်မည် ဖြစ်၏။
ဝှစ်… ဝှစ်… ဝှစ်…။
ထိုအချိန်တွင် သခင်မမက်မွန်ပွင့်၊ ယဲ့ဖေးရို၊ ချူတျဲယီနှင့် ရှရွှေယန် စသည့် တာအိုလက်တွဲဖော်များ အားလုံးမှာ ပျံသန်းရောက်ရှိလာကြပြီး ကျိုးစွေ့၏ဂူဗိမာန်အတွင်းသို့ ရောက်လာကြတော့သည်။
တစ်ဦးချင်းစီ၏ မျက်နှာများမှာလည်း နီမြန်းနေကြပေသည်။ ထင်ရှားသည်မှာ ၎င်းတို့မှာ ယခင်တိုက်ပွဲမှ အရှိန်များ ကျန်ရှိနေသေးပုံရလေ၏။
ယခင်က တိုက်ပွဲမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်စရာ ကောင်းခဲ့သော်လည်း တစ်စုံတစ်ခုမူမမှန်ကြောင်း ပင်ကိုအသိစိတ်ဖြင့် ခံစားမိသဖြင့် ကျိုးစွေ့ရှိရာသို့ အမြန်လာခဲ့ကြခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ထူးခြားသည့် ကောင်းကင်နှင့်မြေကြီး ဖြစ်စဉ်မှာ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခြင်းကြောင့် ဖြစ်ရမည်ကို သူတို့ သိရှိထားသောကြောင့် ဖြစ်လေသည်။
“ယောက်ျား... ခုနက ဘာတွေဖြစ်ခဲ့တာလဲ…”
ယဲ့ဖေးရိုနှင့် အခြားသူများမှာ ကျိုးစွေ့ကို ကြည့်လိုက်ကြသည်။
“ရှေးဟောင်းနတ်ဆိုးလောကနဲ့ ကျင့်ကြံခြင်းလောကတို့ ဆုံတွေ့သွားကြပြီ…”
ကျိုးစွေ့သည် မိမိသိထားသည့် အကြောင်းအရာများကို ချက်ချင်းပင် ပြောပြလိုက်လေသည်။
“ဘာ…”
ခဏအကြာတွင် ယဲ့ဖေးရိုနှင့် အခြားသူများမှာ မျက်နှာပျက်သွားကြရသည်။ ကျင့်ကြံခြင်းလောကမှာ မိစ္ဆာသားရဲမျိုးနွယ်များ၏ ကျူးကျော်မှုကို ခံနေရရုံသာမက၊ ယခုအခါ နတ်ဆိုးမျိုးနွယ်များ၏ ကျူးကျော်မှုကိုပါ ထပ်မံရင်ဆိုင်ရတော့မည်ကို သူတို့ လုံးဝမထင်မှတ်ထားခဲ့ကြပေ။
နောက်ပိုင်းတွင် ကျင့်ကြံခြင်းလောကမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားမည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်တော့ချေ။ ရှေးခေတ်ဦးကာလ၏ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများ ပြန်လည်ဖြစ်ပွားလာနိုင်ချေ ရှိပေသည်။
ပြဿနာမှာ ရှေးခေတ်ဦးကာလတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် အမြောက်အမြား ရှိခဲ့သော်လည်း ယခုခေတ်တွင်မူ ထိုမျှလောက် မရှိတော့ခြင်း ဖြစ်၏။
ဤမျှများပြားလှသော နတ်ဆိုးတို့၏ ကျူးကျော်မှုကို သူတို့ မည်သို့ ခုခံနိုင်ပါမည်နည်း။
“စိတ်မပူကြပါနဲ့… အခုက ရှေးဟောင်းနတ်ဆိုးတံခါးက ပေါ်လာခါစပဲ ရှိသေးတာ...”
“လောလောဆယ်တော့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေ ဝင်လာလို့ မရသေးဘူး...”
“ဒါကြောင့် ခဏတဖြုတ်တော့ ငါတို့ရဲ့ ချန်လန်ပင်လယ်ဒေသမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး...”
“ငါတို့ရဲ့ စွမ်းအားနဲ့ပဲ ဒီပင်လယ်ပြင်ကို စောင့်ရှောက်နိုင်ပါတယ်...”
“ငါသာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်သွားရင်တော့ သူတို့ဘက်က ဘယ်လောက်ပဲ အားကောင်းတဲ့ နတ်ဆိုးတွေ ပေါ်လာပါစေ အလွယ်တကူပဲ ရှင်းပစ်နိုင်မှာပါ...”
ကျိုးစွေ့က နှစ်သိမ့်စကား ပြောလိုက်၏။
သူ၏ စိတ်ထဲတွင်မူ အရေးတကြီး အလျင်လိုသည့် တင်းကျပ်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာချေသည်။ မူလက သူသည် အေးအေးဆေးဆေးသာ ကျင့်ကြံပြီး အဆင့်တက်ရန် ကြံရွယ်ထားသော်လည်း ရန်သူများက သူ့အား ထိုကဲ့သို့ အချိန်ပေးမည့်ပုံ မရပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး ဖြစ်လာမှသာ ဤပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ပေလိမ့်မည်။
***