ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။
ရှေးဟောင်းနတ်ဆိုးတံခါးပေါက် တစ်ခုလုံးသည်လည်း ငြိမ်သက်သွားခဲ့ချေပြီ။
ဤတိုက်ခိုက်မှုမှာ ရှေးဟောင်းနတ်ဆိုးတံခါးပေါက်၏ အခြားတစ်ဖက်ရှိ နတ်ဆိုးများကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
၎င်းတို့သည်လည်း လူမိုက်များ မဟုတ်ကြပေ။
ဤဘက်တွင် အစွမ်းထက်သောရန်သူ ရှိနေသည်ကို သိသိကြီးနှင့် မည်သို့လျှင် အသေခံရန် လာရောက်ဝံ့မည်နည်း။
ထို့ကြောင့် ခဏတာမျှ မည်သည့်နတ်ဆိုးမှ ရှေးဟောင်းနတ်ဆိုးတံခါးပေါက်ကို ဖြတ်ကျော်လာရန် မဝံ့မရဲ ဖြစ်သွားကြလေသည်။
"လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူ မင်းသိပ်ပြီး မမောက်မာတာ ကောင်းမယ်...”
"အခုက အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲရမယ့် အချိန်မဟုတ်သေးဘူး...”
"ရှေးဟောင်းနတ်ဆိုးတံခါးပေါက် နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ ကြီးထွားလာမယ့်အချိန်သာ ရောက်လာကြည့်... ဟမ့်…”
“အဲဒီနေ့က မင်းတို့လူသားမျိုးနွယ် အကုန် မျိုးပြုတ်တဲ့နေ့ပဲ…”
ထိုအချိန်တွင် ရှေးဟောင်းနတ်ဆိုးတံခါးပေါက်၏ အနက်ရှိုင်းဆုံးနေရာမှ ရှေးကျပြီး ဩဇာပါသောအသံတစ်ခု ထွက်ပေါ်လာကာ စကားပြောနေသူမှာ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်းနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ပင် ဖြစ်လေသည်။
ကမ္ဘာတစ်ခုစာ ကွာဝေးနေသော်လည်း ဤနတ်ဆိုးအသံသည် လူတို့၏စိတ်နှလုံးကို ညို့ငင်နိုင်ပြီး ဝိညာဉ်များကို ဖျက်ဆီးနိုင်စွမ်းရှိပုံရ၏။
ကံမကောင်းစွာဖြင့် ဤသည်မှာ ကျိုးစွေ့၏ 'အိပ်မက်ဝိညာဉ်ကူ' အတွက်မူ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။
၎င်း၏ အိပ်မက်ကမ္ဘာစွမ်းအားသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားပြီးဖြစ်ရာ တစ်ဖက်လူ၏ နတ်ဆိုးအသံကို ကာကွယ်ပေးထားလေသည်။
"ဒါဆိုရင်လည်း မင်းတို့လာမယ့်အချိန်ကို ကျုပ်စောင့်နေမယ်...”
ကျိုးစွေ့က ခံစားချက်ကင်းမဲ့စွာဖြင့် ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
ဘာ…။
ဤစကားကို ကြားလိုက်ရသောအခါ ရှေးဟောင်းနတ်ဆိုးတံခါးပေါက်၏ အခြားတစ်ဖက်ရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအုပ်စုမှာ အလွန်အမင်း အံ့အားသင့်သွားကြရသည်။ ဤလူသားကျင့်ကြံသူထံမှ ထိုကဲ့သို့သော တုံ့ပြန်မှုကို ရရှိလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်မထားခဲ့ကြပေ။
မည်သည့်ဒေါသတရားမှ မပါဝင်ဘဲ လွန်စွာ တည်ငြိမ်နေလေသည်။
သို့သော် ထိုသို့သော တည်ငြိမ်မှုသည် သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့်အလား ဖြစ်နေ၏။
မလှုပ်ရှားလျှင် အေးဆေးတည်ငြိမ်နေမည်ဖြစ်သော်လည်း လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးကာ အရာအားလုံးကို ချေမှုန်းပစ်မည် ဖြစ်ပေသည်။
ဤမျှ တည်ငြိမ်သောစကားများက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်ဟု ဆိုရပေမည်။
၎င်းတို့၏စိတ်ထဲတွင် ကြောက်ရွံ့စိုးရိမ်စိတ်များကို ဖြစ်ပေါ်လာစေ၏။
"ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် လူသားက သာမန်မဟုတ်ဘူးပဲ… သူက ဟန်ရေးပြနေတာများလား...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က လေးနက်သောမျက်နှာအမူအရာဖြင့် ပြောလိုက်၏။
"ဟန်ရေးပြနေတာနဲ့ မတူဘူး… ခုနက ပြသသွားတဲ့ စွမ်းအားတွေက အတုမှမဟုတ်တာ… ဒါက သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး...”
"လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက လူသားမျိုးနွယ်တွေ ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာခဲ့ရတယ်ဆို… ဘာဖြစ်လို့ သူတို့ရဲ့စွမ်းအားတွေက ထိခိုက်သွားတဲ့ပုံ မပေါ်ရတာလဲ...”
"ဒါကိုတော့ သေချာမသိဘူး… ဘာပဲဖြစ်ဖြစ် အချိန်တွေ အရမ်းကြာသွားခဲ့ပြီဆိုတော့ လူသားမျိုးနွယ်တွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ...”
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခု ရှေးဟောင်းနတ်ဆိုးတံခါးပေါက်က ငါတို့ကို လက်ခံနိုင်လောက်တဲ့အထိ မကြီးထွားသေးဘူး… လောလောဆယ်တော့ ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်ဘူး… မဟုတ်ရင် လူသားတွေရဲ့ သတ်ဖြတ်တာကို ခံရုံပဲရှိမယ်… အကျိုးမရှိဘူး...”
"မှန်တယ်… ဒီလောက်အချိန်အကြာကြီး စောင့်ခဲ့ပြီးမှ ဒီခဏလေးကိုတော့ အလောတကြီး လုပ်စရာမလိုပါဘူး...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာက ပြောဆိုလိုက်ကြ၏။
ကျိုးစွေ့ ပြသခဲ့သောစွမ်းအားက ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်စုကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်ဟု ဆိုရပေမည်။
ထို့ကြောင့် ၎င်းတို့သည် လူသားမျိုးနွယ်၏စွမ်းအားအပေါ် အကဲဖြတ်မှုကို အကန့်အသတ်မရှိ မြှင့်တင်လိုက်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ရှေးခေတ်ကာလက တိုက်ပွဲတွင် ၎င်းတို့သည် လူသားမျိုးနွယ်ရှေ့၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးသဖြင့် ၎င်းတို့၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။
"ငါတို့ အရင်ဆုံး ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကို ကျူးကျော်ဝင်ရောက်ရင်ကော ဘယ်လိုလဲ...”
(စကားချပ် - နည်းနည်းရောနေတယ်ဆိုလို့ မိစ္ဆာသားရဲတွေရဲ့ လောကကို “ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ” လို့ ပြောင်းလဲသုံးစွဲပါမယ်။ လက်ရှိမှာ လောကသုံးခု တိုက်မိနေတာပါ။ လူသားတွေရဲ့ “ကျင့်ကြံခြင်းလောက”၊ မိစ္ဆာသားရဲတွေရဲ့ “ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ” နဲ့ နတ်ဆိုးတွေရဲ့ “ရှေးဟောင်းနတ်ဆိုးကမ္ဘာ” ပါ။)
"ငါတို့ရဲ့ ရှေးဟောင်းနတ်ဆိုးတံခါးပေါက်က ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာမှာ ပေါ်လာတာဆိုတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေ အဝင်အထွက်လုပ်ဖို့ အဆင်ပြေပုံရတယ်...”
"တကယ်တော့ ဒါက ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပဲ… ငါတို့က ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကို အရင်သိမ်းပိုက်ပြီး ဒီမိစ္ဆာသားရဲတွေကို နတ်ဆိုးအဖြစ် ပြောင်းလဲလိုက်မယ်… ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားကို မြှင့်တင်ပြီးရင် နတ်ဆိုးပြောင်းလဲထားတဲ့ သားရဲအများကြီးကို ခေါ်ဆောင်ပြီး ကျင့်ကြံခြင်းကမ္ဘာထဲကို ထပ်မံ ဝင်ရောက်တိုက်ခိုက်မယ်...”
"ဒီလိုဆိုရင် ကမ္ဘာနှစ်ခုရဲ့စွမ်းအားတွေကို သယ်ဆောင်လာတာဖြစ်လို့… ဒီတစ်ခါ လူသားမျိုးနွယ်တွေ ဘယ်လိုတားဆီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကြ၏။
၎င်းတို့သည် ကျင့်ကြံခြင်းကမ္ဘာကို တိုက်ခိုက်ရန် ယာယီစွန့်လွှတ်လိုက်ပြီး ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြလေသည်။
ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာကို အရင်သိမ်းပိုက်ပြီးမှ ကျင့်ကြံခြင်းကမ္ဘာကို တိုက်ခိုက်မည်ဖြစ်သည်။
…………
ဝုန်း… ဝုန်း… ဝုန်း…။
ဤအခိုက်အတန့်တွင် ရေတွက်၍မရသော နတ်ဆိုးအငွေ့အသက်များသည် လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ရှေးဟောင်းနတ်ဆိုးတံခါးပေါက်မှာ လွန်စွာ တည်ငြိမ်သွားလေသည်။
ဤတံခါးပေါက်မှနေ၍ နတ်ဆိုးများ ထပ်မံ ထွက်ပေါ်လာတော့မည်ပုံ မပေါ်တော့ချေ။
ယခုလေးတင် ဖြစ်ပွားခဲ့သောတိုက်ပွဲက နတ်ဆိုးများစွာကို လုံးလုံးလျားလျား ခြောက်လှန့်လိုက်ပြီး ကျင့်ကြံခြင်းကမ္ဘာထဲသို့ ထပ်မံခြေမချဝံ့တော့အောင် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်နေချေသည်။
"ယောက်ျား... ဒီနတ်ဆိုးအုပ်စု တကယ်ပဲ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတာလား...”
သခင်မမက်မွန်ပွင့်နှင့် အခြားသူများက ကျိုးစွေ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ကြ၏။
သူတို့သည် မူလက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်ဟု ထင်မှတ်ထားခဲ့သည်။ ယခုကဲ့သို့ ဤအတိုင်းလေး ပြီးဆုံးသွားမည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ထိုနတ်ဆိုးအုပ်စုသည် တဇွတ်ထိုးမလုပ်ဘဲ အမှန်တကယ်ပင် နောက်ဆုတ်သွားခဲ့ကြလေသည်။
"ကြောက်လို့ ထွက်ပြေးသွားတာ မဟုတ်ဘူး… လောလောဆယ် တိုက်ခိုက်မှုကို ယာယီရပ်တန့်လိုက်တာပဲ ဖြစ်မယ်...”
"ဒီနတ်ဆိုးအုပ်စုက ဦးနှောက်မရှိတဲ့ကောင်တွေ မဟုတ်ဘဲ ဗျူဟာအကြောင်း ကောင်းကောင်းသိတဲ့ကောင်တွေဆိုတာ ထင်ရှားတယ်...”
"ဒီတစ်ခါတော့ ဒုက္ခရောက်ပြီ...”
"တကယ်လို့ တိုက်ခိုက်မှု စပြီဆိုတာနဲ့ အင်အားအလုံးအရင်းနဲ့ပဲ ဖြစ်လိမ့်မယ်...”
ကျိုးစွေ့၏ မျက်နှာအမူအရာမှာ လွန်စွာ လေးနက်နေလေသည်။
သူသည် စိတ်သက်သာရာရသွားခြင်း မရှိဘဲ ဤနတ်ဆိုးအုပ်စုမှာ ကိုင်တွယ်ရ ပိုခက်ခဲလာမည်ကို ခံစားမိလိုက်သည်။
ရှေးဟောင်းခေတ်တွင် လူသားမျိုးနွယ်စု အဘယ်ကြောင့် ဤမျှအထိ အထိနာခဲ့ရသနည်းဟူသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤနတ်ဆိုးအုပ်စုမှာ တိုက်ခိုက်ရေးစွမ်းရည် ကြောက်မက်ဖွယ်ကောင်းရုံသာမက အသိဉာဏ်လည်း မြင့်မားကြလေသည်။
ယခု ကျူးကျော်ခြင်း မပြုရခြင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ ဝင်ရောက်နိုင်စွမ်း မရှိသေးသောကြောင့်သာ ဖြစ်ပေ၏။
ရှေးဟောင်းနတ်ဆိုးတံခါးပေါက်က နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို လက်ခံနိုင်လောက်သည်နှင့်တစ်ပြိုင်နက် ပထမဆုံးအကြိမ်အဖြစ် ညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်လာလိမ့်မည် ဖြစ်သည်။
"ယောက်ျား... ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ...”
ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့်နှင့် အခြားသူများ၏ မျက်နှာအမူအရာများလည်း လွန်စွာ လေးနက်သွားကြပြီး၊ ဤကိစ္စ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သဘောပေါက်သွားကြလေသည်။
"ဒီနေရာမှာ ပဉ္စမအဆင့် အစီအရင်တစ်ခုဖြစ်တဲ့ ဓာတ်ငါးပါးမိုးကြိုးဖျက်ဆီးခြင်းအစီအရင်ကို အရင်ဆုံး ချထားရမယ်...”
"နတ်ဆိုးတွေ ရှေးဟောင်းနတ်ဆိုးတံခါးပေါက်ကနေ ထွက်လာတာနဲ့တစ်ပြိုင်နက် ငါတို့အစီအရင်ရဲ့ တိုက်ခိုက်မှုကို ချက်ချင်း ခံရလိမ့်မယ်...”
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ချက်ချင်းပေးလိုက်၏။
အစီအရင်ကြီးက ဤနေရာတွင် စောင့်ကြပ်နေသရွေ့ ဤနေရာမှ နတ်ဆိုးများ လွတ်မြောက်ရန်ကြိုးစားသည်နှင့် ချက်ချင်း ရှင်းလင်းခံရပေမည်။
ထိုသို့ဆိုလျှင် နတ်ဆိုးများက အနယ်နယ်အရပ်ရပ်ကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ချေ။
ဓာတ်ငါးပါးမိုးကြိုးဖျက်ဆီးခြင်းအစီအရင်သည် ဓာတ်ငါးပါးမိုးကြိုးများကို စုစည်းပေးနိုင်သော ကြောက်မက်ဖွယ် အစီအရင်တစ်ခု ဖြစ်ပေသည်။
စီရင်ထားလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိ ဓာတ်ငါးပါးမိုးကြိုးများကို ဆင့်ခေါ်နိုင်ပေသည်။
အစီအရင် အသက်ဝင်လာသည်နှင့် မိုးကြိုးများက နတ်ဆိုးများကို ချေမှုန်းပစ်မည် ဖြစ်၏။
ဤနတ်ဆိုးများသည် မိုးကြိုးစွမ်းအားကို အကြောက်ဆုံးဖြစ်သောကြောင့် သူသည် သဘာဝကျစွာ မိုးကြိုးအစီအရင်ကို ခင်းကျင်းထားရန် လိုအပ်သည်။
"ပဉ္စမအဆင့် အစီအရင်လား...”
"ပြဿနာက ဒီနေရာမှာ ပဉ္စမအဆင့် ဝိညာဉ်သွေးကြော မရှိဘူးလေ… ဘယ်လိုလုပ် တည်ဆောက်လို့ရမှာလဲ...”
ယဲ့ဖေးရိုသည်လည်း သူမ၏ခင်ပွန်းမှာ ပဉ္စမအဆင့် အစီအရင်ပညာရှင်ဖြစ်ကြောင်း သိထားပေသည်။ သို့သော် ဆန်မရှိဘဲ ထမင်းချက်၍ မရကြောင်းကိုလည်း နားလည်ထားသည်။
အကယ်၍ ပဉ္စမအဆင့် ဝိညာဉ်သွေးကြောသာ မရှိပါက ပဉ္စမအဆင့် အစီအရင်ကြီးတစ်ခုကို ခင်းကျင်းထားရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲသောကိစ္စ ဖြစ်သည်။
"ဒါကတော့ စိတ်မပူပါနဲ့...”
"ပဉ္စမအဆင့် ဝိညာဉ်သွေးကြော မရှိရင်တောင်မှ ပဉ္စမအဆင့် အစီအရင်ကြီးကို တည်ဆောက်လို့ရတယ်...”
"ပဉ္စမအဆင့် အစီအရင်ပြားကို တည်ဆောက်လိုက်ရုံနဲ့ ရပြီ...”
"ဒါပေမယ့် ပဉ္စမအဆင့် ဝိညာဉ်သွေးကြောက ထောက်ပံ့ပေးမယ့် စွမ်းအင်တွေ မရှိတဲ့အတွက် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်လိမ့်မယ်...”
"ပြီးတော့ ပဉ္စမအဆင့် အစီအရင်ကြီးကို အသက်သွင်းပြီးတိုင်း အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး အများကြီးကို လဲလှယ်ပေးဖို့ လိုအပ်တယ်… အတော်လေးတော့ ဒုက္ခများတယ်...”
"ဒါပေမယ့် ဘယ်လောက်ပဲ ဒုက္ခများပါစေ… ဒီနတ်ဆိုးတွေကို ဒီပင်လယ်ပြင်မှာ သောင်းကျန်းခွင့်ပြုတာထက်တော့ ပိုကောင်းပါသေးတယ်...”
ကျိုးစွေ့က လက်သီးကို ဆုပ်လိုက်၏။
"ဒါပေမယ့် ကျွန်မတို့ရွှမ်ဟွမ်ဂိုဏ်းမှာ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးတွေ သိပ်မရှိဘူးလေ...”
ယဲ့ဖေးရိုက လွန်စွာ အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။
"ဒါက ချန်လန်ပင်လယ်ပြင်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ… ငါတို့ချည်းပဲ အင်အားစိုက်ထုတ်လို့ ဘယ်ဖြစ်မလဲ...”
"ချန်လန်ပင်လယ်ပြင်တစ်ခုလုံးက အင်အားစုတွေအားလုံးက အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေကို ဝေပုံကျ ခွဲဝေကျခံပေးရမယ်...”
"အင်အားမစိုက်ထုတ်နိုင်ရင် ငွေထုတ်ရမယ်...”
"မဟုတ်ရင် ငါတို့ရွှမ်ဟွမ်ဂိုဏ်းက မညှာမတာ လုပ်တယ်လို့ အပြစ်မတင်နဲ့...”
ကျိုးစွေ့သည် ချန်လန်ပင်လယ်ပြင်တစ်ခုလုံး၏ အင်အားစုများကို ပေါင်းစည်းရန်နှင့် ပင်လယ်ပြင်တစ်ခုလုံး၏ အရင်းအမြစ်များကို ပေါင်းစည်းရန် အချိန်တန်ပြီဟု ခံစားလိုက်ရလေသည်။
ထိုသို့မဟုတ်ပါက အနာဂတ်တွင် နတ်ဆိုးမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်တို့၏အင်အားကို ယှဉ်ပြိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ယခုအချိန်တွင် လူသားမျိုးနွယ်များ ပြန့်ကျဲနေ၍ မဖြစ်နိုင်တော့ပေ။
"ဟုတ်ကဲ့ပါ ယောက်ျား...”
ဤစကားကို ကြားသောအခါ ယဲ့ဖေးရိုသည်လည်း မတတ်သာဘဲ ခေါင်းညိတ်လိုက်လေသည်။
ဤသည်မှာ ချန်လန်ပင်လယ်ပြင်တစ်ခုလုံးနှင့် သက်ဆိုင်သော ကိစ္စကြီးဖြစ်ရာ အခြားဂိုဏ်းများသည် သဘာဝကျကျ လက်ပိုက်ကြည့်နေ၍ မဖြစ်နိုင်ပေ။
အကယ်၍ ၎င်းတို့သည်သာ မျက်နှာသာပေးမှုကို မသိတတ်ပါက သူတို့ကို ဂုဏ်သိက္ခာအား နားလည်အောင် လုပ်ပေးရမည်သာ ဖြစ်သည်။
လောကလူသားများသည်လည်း ရွှမ်ဟွမ်ဂိုဏ်း၏ ဂုဏ်သတင်းကို သိရှိသင့်ပေသည်။
……
***