တစ်လကြာပြီးနောက်…။
ချန်လန်ပင်လယ်ပြင်ရှိ ရှေးဟောင်းနတ်ဆိုးတံခါးကို ကျိုးစွေ့က ကိုယ်တိုင်ဆင်းကာ ပဉ္စမအဆင့် အလယ်အလတ်အစီအရင်ဖြစ်သော 'ဓာတ်ငါးပါးမိုးကြိုးဖျက်ဆီးခြင်းအစီအရင်' ဖြင့် မိုင်တစ်သောင်းပတ်လည်ကို ဖုံးလွှမ်းကာ ရှေးဟောင်းနတ်ဆိုးတံခါးကို အပြည့်အဝ် ရစ်ပတ်ဖုံးအုပ်ထားလိုက်သည်။
ကျင့်ကြံသူအများအပြားသည် ဤနေရာတွင် တပ်စွဲထားကြပြီး အထဲမှကျူးကျော်လာမည့် နတ်ဆိုးများကို ကာကွယ်ရန် ပြင်ဆင်ထားကြ၏။
ရွှမ်ဟွမ်ဂိုဏ်း၏ အတင်းအကျပ်တောင်းဆိုမှုအောက်တွင် အင်အားစုကြီးအသီးသီးမှ ကျင့်ကြံသူများအားလုံး ငွေအားလူအား ထည့်ဝင်ခဲ့ရပေသည်။
ထို့ကြောင့် အချိန်တိုအတွင်းမှာပင် ဤနေရာ၌ တားမြစ်အစီအရင်များစွာကို ချထားနိုင်ခဲ့ပြီး လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားလေသည်။
အကာအကွယ်အစီအရင် သုံးထပ်ဖြင့် ဖုံးလွှမ်းထား၏။
ရှေးဟောင်းနတ်ဆိုးတံခါးထဲမှ နတ်ဆိုးအချို့ ကျူးကျော်ခဲ့လျှင်တောင်မှ ပထမဆုံးအချိန်အတွင်းမှာပင် ချက်ချင်း အသတ်ခံရမည် ဖြစ်သည်။
မှန်ပေသည်၊ ကျိုးစွေ့သည်လည်း သူ၏ကိုယ်ပွားအချို့ကို ဤနေရာတွင် သတိထားကာ စောင့်ကြပ်စေခဲ့သည်။
မမျှော်လင့်ထားသည့် အခြေအနေတစ်ခုခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းလှုပ်ရှားကာ နတ်ဆိုးများကို သတ်ဖြတ်မည် ဖြစ်၏။
ရှေးဟောင်းနတ်ဆိုးတံခါး၏ ပေါ်ပေါက်လာမှုက အလွန်တုန်လှုပ်ဖွယ်ကောင်းသော်လည်း၊ အချိန်မီ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် ချန်လန်ပင်လယ်ပြင်တွင် ကြီးမားသောပျက်စီးမှုများ မဖြစ်ပေါ်ခဲ့ပေ။
ရှေးဟောင်းနတ်ဆိုးတံခါးမှ မည်သည့်နတ်ဆိုးမျှလည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။
ဤသည်မှာလည်း ကံဆိုးမှုများထဲမှ ကံကောင်းမှုတစ်ခုဟု ဆိုနိုင်ပေသည်။
သို့သော် ရှေးဟောင်းနတ်ဆိုးကမ္ဘာ ပေါ်ပေါက်လာမှုက ချန်လန်ပင်လယ်ပြင်ရှိ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့သည်။
သတိအနည်းငယ်လွတ်သွားသည်နှင့် ရှေးခေတ်ကာလကဲ့သို့ ကပ်ဘေးကြီးမျိုးကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပါလော။
မည်မျှလောက်သော ကျင့်ကြံသူများသာ အသက်ရှင်ကျန်ရစ်နိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။
…………
ရွှစ်…။
ထိုအချိန်တွင် ကျိုးစွေ့သည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို စီးနင်းကာ 'ကောင်းကင်မိစ္ဆာဂိုဏ်း'၏ ကောင်းကင်မိစ္ဆာတောင်ထွတ်သို့ ရောက်ရှိလာပြီး ချန်ဇီယွင်ရှိရာနေရာသို့ သွားလေသည်။
ရောက်ရောက်ချင်းမှာပင် သူသည် ကိုယ်ကျပ်အနီရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည် အလှပဂေးတစ်ဦး သူ၏ရှေ့တွင် ကျက်သရေရှိစွာ ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုအလှပဂေးမှာ အခြားသူမဟုတ်ဘဲ ချန်ဇီယွင်ပင် ဖြစ်ချေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူမ၏ သက်တမ်းမှာ နှစ်သုံးထောင်အထိ ရောက်ရှိသွားခဲ့၏။
မူလက သူမ၏အသက်မှာ ကိုးရာကျော်ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်ပင် အိုမင်းရင့်ရော်နေသည့် အရွယ်ဟု ဆိုနိုင်ပေသည်။
သို့သော် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်လာပြီးနောက်တွင်မူ လုံးဝကွာခြားသွားခဲ့လေပြီ။
ယခု သူမသည် သက်တမ်း၏ သုံးပုံတစ်ပုံခန့်ကိုသာ ကုန်ဆုံးရသေးခြင်း ဖြစ်၏။
အကယ်၍ သာမန်လောကမှ အမျိုးသမီးတစ်ဦးနှင့် နှိုင်းယှဉ်ရလျှင် အသက်နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်နှစ်အရွယ်ခန့်သာ ရှိသေးပေမည်။
အလှပဆုံးနှင့် အတောက်ပဆုံး အချိန်အခါတွင် ရှိနေခြင်းပင်။
ထို့ကြောင့် ချန်ဇီယွင်မှာ မျက်နှာအသွင်အပြင် လန်းဆန်းတောက်ပနေပြီး အသားအရေမှာလည်း ကလေးငယ်တစ်ဦးကဲ့သို့ ဖြူဖွေးနုနယ်နေလေသည်။
ယခင်နှင့်ယှဉ်လျှင် ယခုအခါတွင် ပို၍ဆွဲဆောင်မှုရှိလာကာ အလွန်လှပသော မိန်းမချောလေးတစ်ဦးပင် ဖြစ်နေချေပြီ။
"ဟိဟိ... ရှင် အိမ်ပြန်ရောက်တော့ တာအိုလက်တွဲဖော်တွေဆီကနေ အပြင်းအထန် ဆုံးမတာ ခံရတယ်ဆို...”
ချန်ဇီယွင်က တခစ်ခစ် ရယ်မောလိုက်သည်။
ထင်ရှားသည်မှာ သူမသည် ချူတျဲယီထံမှ ကောလာဟလသတင်းများစွာ ကြားခဲ့ရသဖြင့် ချက်ချင်းပင် အလွန်ကျေနပ်ဝမ်းမြောက်နေခြင်း ဖြစ်၏။
အထူးသဖြင့် ယဲ့ဖေးရိုတစ်ယောက် အလွန်ဒေါသထွက်နေသည်ကို သိရသောအခါ သူမ ပို၍ပင် ကျေနပ်သွားလေသည်။
"မင်း ဒီသတင်းကို ဘယ်ကနေ ကြားလာတာလဲ...”
"မကြာသေးခင်က ပေါ်လာတဲ့ ရှေးဟောင်းနတ်ဆိုးတံခါးအကြောင်းကို မင်း ဂရုမစိုက်ဘူးလား...”
ကျိုးစွေ့က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"သေချာပေါက် ဂရုစိုက်တာပေါ့...”
"ဒါပေမဲ့ ကျွန်မက မောင်လေးကိစ္စကို ပိုပြီးဂရုစိုက်မိနေတာပါ...”
"ရှင်လည်း အစ်မတို့ကို အပြစ်မတင်ပါနဲ့… အကုန်လုံးက ကျွန်မအမှားတွေပါ...”
"ကျွန်မကြောင့်သာ မဟုတ်ရင် ရှင့်မိသားစုရဲ့ စည်းလုံးမှုကို ထိခိုက်စေမှာ မဟုတ်ဘူး...”
ချန်ဇီယွင်သည် အပြစ်ကင်းစင်ဟန်ဆောင်ကာ သနားစရာကောင်းသော မျက်နှာလေးအား ပြသလိုက်ရာ၊ သူမ၏ လှပသော မျက်ဝန်းအစုံမှာ မြင်သူတကာ သနားချစ်ခင်ဖွယ် ကောင်းလှပေသည်။
မည်သည့်ယောကျ်ားမဆို သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများကို မြင်လိုက်ရလျှင် စိတ်ထားပျော့ပြောင်းသွားမည်မှာ အသေအချာပင်။
ဤအမျိုးသမီး မည်သို့သောအမှားမျိုးကို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ အလွယ်တကူ ခွင့်လွှတ်ခံရမည်ဟု ထင်မှတ်ရသည်။
ဤသည်မှာလည်း မတတ်နိုင်သောကိစ္စပင်။ ဤအမျိုးသမီးက အလွန်လှပလွန်းနေသည် မဟုတ်ပါလော။
ဤမျှလှပသော အမျိုးသမီးတစ်ဦးသည် မည်သည့်အမှားမျိုးကိုမျှ ကျူးလွန်နိုင်မည် မဟုတ်ဟု ယုံကြည်မိပေမည်။
"ဘာတွေလာပြီး ကလေးဟန်ဆောင်နေတာလဲ… မင်းအသက်က သူတို့အားလုံးထက် ပိုကြီးနေတာပဲကို...”
ကျိုးစွေ့မှာ ဆွံ့အသွားလေသည်။
"ဖွီး... ခွေးကောင်...”
"ပြောရဆိုရခက်တဲ့ လူယုတ်မာ… ငါ့အသက်က တကယ်ကြီးတာပေါ့… အဲဒါ ဘာဖြစ်လဲ...”
"ငါက အသက်ကြီးရုံတင်မကဘူး… ခန္ဓာကိုယ်ပေါ်က အရာအားလုံးကလည်း ကြီးတယ်လေ… ဘာမကျေနပ်တာ ရှိလို့လဲ...”
ထိုစကားကို ကြားသောအခါ ချန်ဇီယွင်လည်း ဆက်၍ဟန်မဆောင်နိုင်တော့ဘဲ အံကြိတ်ကာ ကျိုးစွေ့ကို မျက်စောင်းထိုးလိုက်လေသည်။
သူမသည် ကျိုးစွေ့အား အပြင်းအထန် ကိုက်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ဤခွေးကောင်သည် မပြောသင့်သည့်စကားကိုမှ အတိအကျ ရွေးပြောနေခြင်း ဖြစ်၏။
အမျိုးသမီးများက မိမိတို့၏အသက်အရွယ်အား အလွန်ဂရုစိုက်သည်ကို သိသိကြီးနှင့် ဖွင့်ဟပြောဆိုရဲခြင်းမှာ အလွန့်အလွန်ရဲတင်းလှခြင်းပင်။
ထို့အပြင် သူမ၏ ညှို့ငင်ဖမ်းစားသည့် နည်းလမ်းများစွာမှာ ဤယောကျ်ားအပေါ် သက်ရောက်မှုမရှိသကဲ့သို့ ဖြစ်နေသဖြင့် သူမကို အလွန်စိတ်ပျက်စေခဲ့၏။
မူလက သူမသည် အသာစီးယူရန် ရည်ရွယ်ထားသော်လည်း ဤယောကျ်ား၏ အပြင်းအထန် အနိုင်ကျင့်ခြင်းကိုသာ ခံရမည်ဟု ထင်မှတ်မထားခဲ့ပေ။
"ဒီကိစ္စကတော့ တကယ်ပဲ လက်မခံလို့ မရဘူး...”
"မင်းက တကယ်ပဲ သဘာဝကပေးတဲ့ ပါရမီထူးချွန်တာကိုတော့ ငြင်းလို့မရဘူးပေါ့...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏ဘေးရှိ တာအိုလက်တွဲဖော်များထဲတွင် ချန်ဇီယွင်သည် ရင်သားအထွားဆုံးနှင့် ကိုယ်လုံးအလှဆုံးဖြစ်ပေသည်။
ဤသည်မှာ ဖန်ဆင်းရှင်၏ အပြည့်စုံဆုံးသော လက်ရာများထဲမှ တစ်ခုဟုပင် ဆိုနိုင်ပေသည်။ မည်သည့်ယောက်ျားကိုမဆို တံတွေးမျိုချစေနိုင်ပြီး သူမ၏ ဂါဝန်စအောက်၌ ဒူးထောက်ခစားသွားစေရန် လုံလောက်လှ၏။
"မဆိုးပါဘူး… မင်းက အကဲခတ်တတ်သားပဲ...” ဟု သူမက ပြောလိုက်၏။
ချန်ဇီယွင်မှာ အလွန်ကျေနပ်သွားပြီး ရင်ထဲ၌ ချက်ချင်းပင် ကြည်နူးသွားလေသည်။
'ငါက တော်တော်လေး ဆွဲဆောင်မှုရှိနေတုန်းပဲ၊ ဒီယောက်ျားက အခုမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင်တော့ ငါ့လက်ထဲမှာ အသေအလဲ ဖမ်းစားခံရမှာ သေချာတယ်…' ဟု သူမက တွေးလိုက်မိ၏။
'ငါသာ နည်းနည်းပါးပါး အကွက်ဆင်လိုက်ရင် ဒီယောက်ျားကို အလွယ်လေး သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးလား...’
သူမ၏ လက်ဖဝါးထဲမှ လွတ်မြောက်နိုင်စရာ အကြောင်းလုံးဝမရှိပေ။
"ဒါနဲ့ ဒီတစ်ခေါက် မင်းက တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ငါကြားတယ်...” ချန်ဇီယွင်က စကားစလိုက်၏။
"တစ်ချက်တည်းနဲ့တင် နတ်ဆိုးကောင်ရေ ထောင်သောင်းချီပြီး သုတ်သင်နိုင်ခဲ့တယ်ဆို...”
"အဲဒီအထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးတွေတောင် မနည်းဘူးလို့ ကြားတာပဲ...”
"ငါသဘောကျရတဲ့ ယောက်ျားပီပီ တကယ်ကို အရည်အချင်းရှိတာပဲ...”
ချန်ဇီယွင်က အံ့ဩလေးစားမှုအပြည့်ဖြစ်နေသော သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ကျိုးစွေ့ကို ကြည့်လိုက်လေသည်။
အမှန်တိုင်းဆိုရလျှင် သူမ၏ယောက်ျား စွမ်းပကားပြသနေသည့် မြင်ကွင်းကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ပို၍မြင်ချင်ခဲ့မိ၏။
နှမြောစရာကောင်းသည်မှာ ယခင်က သူမသည် ကျင့်ကြံမှုအဆင့်ကို ခိုင်မာစေရန် တံခါးပိတ်ကျင့်ကြံနေခဲ့ရသဖြင့် အပြင်သို့ မထွက်နိုင်ခဲ့ပေ။
ထို့ကြောင့် ထိုမြင်ကွင်းကို လက်လွတ်ဆုံးရှုံးခဲ့ရချေသည်။
"အများကြီး လိုပါသေးတယ်၊ ဝိညာဉ်သန္ဓေသားအဆင့်မှာပဲ အစွမ်းပြနိုင်တာပါ...” ကျိုးစွေ့က ပြန်ပြောလိုက်၏။
"နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေနဲ့သာ ရင်ဆိုင်ရရင် အများကြီး ကွာဟနေတုန်းပဲ...”
"ဒါကြောင့် မင်းငါ့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ တောင်းဆိုချင်တယ်...”
"ဘာပဲဖြစ်ဖြစ် အခုက အချိန်ဆွဲနေလို့ မရတော့ဘူးလေ...”
ကျိုးစွေ့သည် ချန်ဇီယွင်ကို ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
အကယ်၍ သူသာ ပုံမှန်အတိုင်း တဆင့်ချင်းကျင့်ကြံသွားမည်ဆိုလျှင်လည်း ဝိညာဉ်သန္ဓေသားနှောင်းပိုင်း ပြီးပြည့်စုံခြင်းအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် အနည်းဆုံး အချိန်နှစ်တစ်ရာကျော်ခန့် ကြာမြင့်မည် ဖြစ်၏။
ထိုမျှ ရှည်လျားသော အချိန်ကာလအတွင်း မည်သည့်ကိစ္စများ ဖြစ်ပျက်လာမည်ကို မသိနိုင်ချေ။
ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ ကျူးကျော်လာခြင်း မရှိခဲ့လျှင်မူ၊ အမှန်တကယ်တမ်း ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
သို့ရာတွင် ယခုအခါ၌ နတ်ဆိုးအမြောက်အမြား ကျူးကျော်ဝင်ရောက်လာပြီဖြစ်ရာ အချိန်မရွေး တံခါးဝသို့ ရန်သူများ ရောက်လာနိုင်လေသည်။
ထို့ကြောင့် ကျင့်ကြံမှုအဆင့် တိုးတက်လာမှုက ပိုမြန်လေ ပိုကောင်းလေ ဖြစ်ချေသည်။
သို့မှသာ အနာဂတ်တွင် ကြုံတွေ့ရမည့် အကျပ်အတည်းများစွာကို ရင်ဆိုင်နိုင်မည်ဖြစ်ပြီး မဖြစ်မီက ကြိုတင်ကာကွယ်နိုင်မည် ဖြစ်၏။
သို့မဟုတ်ဘဲ ရန်သူ့တပ်ကြီး ချီတက်လာကာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာက ဝင်ရောက်တိုက်ခိုက်လာပါက သူသည်လည်း အသက်လုထွက်ပြေးရုံသာ ရှိတော့မည်ဖြစ်သည်။
မှန်ပေသည်၊ လက်ရှိ သူ၏စွမ်းရည်ဖြင့် အဆင့်ကျော်လွန်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်မှာ သေချာပေ၏။
ပြဿနာမှာ တူညီသောအဆင့်ဖြင့် အပြတ်အသတ် ချေမှုန်းနိုင်ပြီး အဆင့်နိမ့်သူကို အဆင့်မြင့်သူက ဖိနှိပ်တိုက်ခိုက်နိုင်သည်ဖြစ်ရာ၊ မည်သူက အဆင့်ကျော်လွန်၍ စွန့်စားတိုက်ခိုက်နေမည်နည်း။
အဆင့်ကျော်လွန်၍ တိုက်ခိုက်ခြင်းဆိုသည်မှာ မလွှဲမရှောင်သာမှ လုပ်ရသော လုပ်ရပ်သာ ဖြစ်ပေသည်။
အကယ်၍ ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် သူသည် အဆင့်နိမ့်သူကို အဆင့်မြင့်သူက ဖိနှိပ်ခြင်း၊ အရေအတွက်များသူက အရေအတွက်နည်းသူကို အနိုင်ကျင့်ခြင်းနှင့် အဆင့်မြင့်သူက အဆင့်နိမ့်သူကို အနိုင်ကျင့်ခြင်းမျိုးကိုသာ ပို၍ ပြုလုပ်လိုပေသည်။
"ငါ့ကို ဖက်ထားပေး...”
ချန်ဇီယွင်သည် ညို့ငင်ဖမ်းစားနိုင်သော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို ကြည့်ကာ သစ်ခွပန်းကဲ့သို့ မွှေးကြိုင်သော လေငွေ့ကို မှုတ်ထုတ်ရင်း စကားစုအတိုလေးကိုသာ ပြောလိုက်သည်။
စကားစုအတိုလေးသာ ဖြစ်သော်လည်း အရာအားလုံး၏ အဓိပ္ပာယ်များ ပါဝင်နေပေသည်။
ထိုစကားကို ကြားသောအခါ ကျိုးစွေ့သည်လည်း ဘာမှထပ်မပြောတော့ဘဲ ဤဆွဲဆောင်မှုအပြည့်ရှိသော အလှပိုင်ရှင်လေးကို ချက်ချင်း ပွေ့ချီလိုက်လေသည်။
အားလုံးက ကျင့်ကြံသူများသာ ဖြစ်ကြ၏။
နှစ်ရာပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသူများဖြစ်ရာ ဤကဲ့သို့သော ထုံးစံဓလေ့များကို လုပ်ဆောင်ရန် ပျင်းရိနေကြပြီ ဖြစ်သည်။
သဘောတူခြင်း ရှိမရှိဆိုသည်မှာ စကားတစ်ခွန်း၊ အကြည့်တစ်ချက်ဖြင့်ပင် လုံလောက်သည် မဟုတ်ပါလော။
ဤကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ ကျိုးစွေ့အတွက်လည်း အလွန်ကျွမ်းကျင်နေပြီ ဖြစ်၏။
မကြာမီမှာပင် ချန်ဇီယွင်၏ ဂူဗိမာန်အတွင်းမှ နက်နဲဆန်းကြယ်သော တာအိုစွမ်းအင်စည်းချက်သံများ ထွက်ပေါ်လာပြီး အချိန်ကြာမြင့်စွာ ရပ်တန့်နိုင်မည် မထင်ရပေ။
သုံးရက်တိုင်တိုင် ပဲ့တင်ထပ်နေတော့မည့်အလားပင် ဖြစ်ချေတော့သည်။
…
***