“ဒီလိုဆိုရင်လည်း ဘာမှမဟုတ်ပါဘူး… အန္တရာယ်ကို ပြောကြေးဆိုရင် ကျင့်ကြံခြင်းလောကကလည်း လျော့မနေပါဘူး...”
“ကျင့်ကြံမှုအားနည်းတဲ့သူတွေက လွယ်လွယ်ကူကူ သေဆုံးနိုင်တာပါပဲ...”
ချန်ဇီယွင်က လေးနက်သောလေသံဖြင့် ပြောလိုက်၏။
သူမသည် ‘ကောင်းကင်မိစ္ဆာဂိုဏ်း'မှ ဆင်းသက်လာသော ကျင့်ကြံသူတစ်ဦးဖြစ်ရာ ဤအကြောင်းကို အရှင်းလင်းဆုံး သိရှိထားပေသည်။
သူမက ယခင်ဂိုဏ်းချုပ်၏ တပည့်ဖြစ်နေသည့်တိုင် မိစ္ဆာလမ်းစဉ်ဂိုဏ်းတွင် မွေးဖွားလာခဲ့သဖြင့် နေရာတိုင်း၌ သွေးခင်းသောလမ်းများဖြင့်သာ ပြည့်နှက်နေဆဲ ဖြစ်၏။
ယနေ့အချိန်အခါကဲ့သို့ အောင်မြင်မှုနှင့် ကျင့်ကြံမှုမျိုး ရရှိလာစေရန် မည်မျှပင် များပြားသော လုပ်ကြံမှုများကို ကာကွယ်ခဲ့ရသည်ကိုပင် မသိနိုင်တော့ချေ။
အကယ်၍ ဝိညာဉ်လောကသို့ အမှန်တကယ် တက်လှမ်းသွားရပြီး အမျိုးမျိုးသော အန္တရာယ်များနှင့် ရင်ဆိုင်ရလျှင်ပင် သူမအတွက် ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ဟု ခံစားမိသည်။
သေချာပေါက် အလျင်အမြန် အသားကျသွားနိုင်ပေလိမ့်မည်။
“ဒီလိုဆိုတော့လည်း ဟုတ်ပါတယ်...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။
နောင်တစ်ချိန်တွင် အကယ်၍ ဟင်းလင်းပြင်ဆုံမှတ်ကို ရှာတွေ့ပြီး ဝိညာဉ်လောကသို့ ခိုးဝင်မည်ဆိုလျှင်ပင် သူ၏ အစစ်အမှန်ခန္ဓာကိုယ်က ပထမဦးဆုံး တက်သွားမည်မဟုတ်ဘဲ ကိုယ်ပွားကိုသာ စေလွှတ်သွားမည်ဟု သူ တွေးလိုက်မိသည်။
ကိုယ်ပွားဖြစ်သူက လုံးဝလုံခြုံသောနေရာကို ရှာတွေ့ပြီးမှသာ သူ၏ အစစ်အမှန်ခန္ဓာကိုယ်က ဝိညာဉ်လောကသို့ အမှန်တကယ် တက်လှမ်းသွားမည် ဖြစ်၏။
ဤသည်ကသာ အမှန်တကယ် သတိထားတတ်သောလမ်းစဉ် ဖြစ်ပေသည်။
သေချာသည်မှာ ယခုအချိန်၌ ဤအကြောင်းများကို ပြောရန်မှာ စောလွန်းနေသေးပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ဦးစွာပထမ တက်လှမ်းနိုင်ရန်သာ လိုအပ်ပေသည်။
ဝိညာဉ်လောကသို့ တက်လှမ်းမည့်ကိစ္စနှင့် ပတ်သက်၍ နောက်မှ ဆွေးနွေးလျှင်လည်း အမှန်တကယ် နောက်ကျမည် မဟုတ်ချေ။
“ယောက်ျား.. ရှင် ပြန်တော့မလို့လား...”
ချန်ဇီယွင်က ငြူစူချင်နေသော မျက်နှာအမူအရာဖြင့် ကျိုးစွေ့ကို ကြည့်လိုက်၏။
သူမ၏ မျက်လုံးများသည်ကား လင်ယောက်ျားဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော အိမ်တွင်းပုန်း အမျိုးသမီးတစ်ဦးနှင့် တူနေချေသည်။
တစ်ဖက်လူမှာ သူမအား စားပြီးနားမလည် လုပ်သွားသကဲ့သို့ ဖြစ်နေတော့သည်။
“ဟုတ်တယ်… ကိုယ် ရွှမ်ဟွမ်ကျွန်းကို ပြန်ဖို့ စီစဉ်ထားတယ်...”
“ဘာပဲဖြစ်ဖြစ် ကိုယ်က နောက်ထပ် တံခါးပိတ်ကျင့်ကြံပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရဦးမယ်လေ...”
“ဒါကြောင့် မင်း ကိုယ်နဲ့အတူ လိုက်ပြန်မလား...”
ကျိုးစွေ့က ချန်ဇီယွင်ကို ကြည့်လိုက်သည်။
သူ၏ လက်ရှိကျင့်ကြံမှုက ဝိညာဉ်သန္ဓေသားအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး ကျင့်ကြံမှုများစွာ တိုးတက်လာသောကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ဖို့အတွက် ပြန်လည်၍ တံခါးပိတ်ကျင့်ကြံလိုသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် သူနှင့် ချန်ဇီယွင်တို့သည် လွန်လွန်ကျူးကျူးဖြစ်သွားခဲ့ပြီဖြစ်ရာ အမှန်တကယ် တာအိုလက်တွဲဖော် ဆက်ဆံရေးမျိုး ဖြစ်လာခဲ့ပေပြီ။
ထို့ကြောင့် မိမိ၏ တာအိုလက်တွဲဖော်ကို ကောင်းကင်မိစ္ဆာဂိုဏ်းတွင် ချန်ထားရစ်ခဲ့ရန်မှာ သဘာဝကျကျ မဖြစ်နိုင်တော့ချေ။
“သေချာတာပေါ့… ဟွန့်… ခုမှတော့ သျှောင်နောက် ဆံထုံးပါရတော့မှာပေါ့...”
“ယောက်ျား ဘယ်နေရာကိုသွားသွား ကျွန်မလည်း လိုက်မယ်...”
ဤစကားကို ကြားသောအခါ ချန်ဇီယွင်၏ ရင်ထဲတွင် ရုတ်တရက် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး၊ ကျိုးစွေ့ကို ဆွဲဆောင်မှုအပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ အနည်းငယ် မြူးတူးသွားပုံရသည်။
သို့သော် သူမ ပို၍ လုပ်ချင်သောအရာမှာ ယဲ့ဖေးရို၏ ရှေ့တွင် သွားရောက်ကာ ကြွားလုံးထုတ်ရန်ပင် ဖြစ်၏။
ဤအခွင့်အရေးကို အသုံးချ၍ ထိုမိန်းမအား သူမ၏ စွမ်းဆောင်ရည်ကို သိစေချင်သည်။
ယဲ့ဖေးရိုတစ်ယောက် ရူးသွပ်သွားမည့်ပုံစံကို တွေးမိသည်နှင့် သူမ၏ ရင်ထဲတွင် ပို၍ပင် ပျော်ရွှင်လာခဲ့သည်။
“မင်းက ကောင်းကင်မိစ္ဆာဂိုဏ်းကို မပြန်တော့ဘူးလား...” ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
မည်သို့ပင်ဖြစ်စေကာမူ ချန်ဇီယွင်သည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ကြီးမားသော မိစ္ဆာလမ်းစဉ်ဂိုဏ်းတစ်ခုကို ချုပ်ကိုင်ထားသော ရာထူးအာဏာကြီးမားသူဖြစ်ရာ၊ ဤမျှကြီးမားသော အခြေခံအုတ်မြစ်ကို မည်ကဲ့သို့ စွန့်လွှတ်နိုင်ပါမည်နည်း။
ဤသည်က အနည်းငယ် လက်တွေ့မကျလှချေ။
“သေချာပေါက် ပြန်မှာပေါ့...”
“ကျွန်မက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲလေ… သဘာဝကျကျ ကောင်းကင်မိစ္ဆာဂိုဏ်းကို စွန့်ပစ်မှာ မဟုတ်ဘူး...”
“ဘာပဲဖြစ်ဖြစ် ရွှမ်ဟွမ်ကျွန်းနဲ့ ကောင်းကင်မိစ္ဆာတောင်ထွတ်ကြားမှာ တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေတာပဲလေ...”
“ပြန်ချင်တယ်ဆိုရင် အချိန်မရွေး ပြန်လို့ရတာပဲလေ… အချိန်လည်း သိပ်မကုန်ပါဘူး...”
ချန်ဇီယွင်က ယုတ္တိတန်စွာဖြင့် ပြောလိုက်၏။
ရွှမ်ဟွမ်တောင်ထွတ်တွင် နေထိုင်ရုံဖြင့် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကိစ္စရပ်များကို မစီမံနိုင်တော့မည် မဟုတ်ပေ။
အလွန်ဆုံးရှိလှ နေ့လယ်ဘက်တွင် ကောင်းကင်မိစ္ဆာဂိုဏ်းသို့ သွားရောက်အလုပ်လုပ်ပြီး ညဘက်ကျလျှင် ရွှမ်ဟွမ်ကျွန်းသို့ ပြန်လာရုံပင်။
မည်သို့ပင်ဖြစ်စေ တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေသောကြောင့် အချိန်များစွာ ကုန်ဆုံးမည် မဟုတ်ချေ။
တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံးစွမ်းအင်များ လိုအပ်သော်လည်း ထိုအရာများက အကောင်းဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။
စွမ်းအင်များ ကုန်ဆုံးသွားလျှင်ပင် အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်သောကြောင့် ဆုံးရှုံးမှုတစ်ခုဟု မသတ်မှတ်နိုင်ချေ။
အရေးအကြီးဆုံးမှာ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် တကယ်တမ်း လုပ်ဆောင်ရမည့်ကိစ္စများမှာ သိပ်မများလှခြင်းပင် ဖြစ်၏။
ကိစ္စရပ်အများစုကို ခန်းမသခင်များ၊ ဒုတိယဂိုဏ်းချုပ်နှင့် ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများထံ လွှဲပြောင်းပေးထားသည် မဟုတ်ပါလော။
သူမက အဓိကဦးတည်ချက်ကိုသာ ထိန်းကြောင်းပေးရုံဖြင့် လုံလောက်ပြီး လုံးဝကို အေးအေးဆေးဆေး နေနိုင်ပေသည်။
“ဒီလိုဆိုမှတော့ သွားကြတာပေါ့...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
ခဏအကြာတွင် သူတို့နှစ်ဦးသည် တည်နေရာရွှေ့ပြောင်းအစီအရင်ကို စီးနင်းကာ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ရွှမ်ဟွမ်ကျွန်းရှိ ရွှမ်ဟွမ်တောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။
ထိုအခိုက်အတန့်၌ ရွှမ်ဟွမ်တောင်ထွတ်ပေါ်တွင် ရှိနေကြသော ချူတျဲယီ၊ ယဲ့ဖေးရို၊ ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် သခင်မမက်မွန်ပွင့် အစရှိသည့် တာအိုလက်တွဲဖော်များကလည်း တောက်ပရွှန်းလဲ့နေသော ချန်ဇီယွင်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရလေသည်။
တစ်ဖက်လူသည် အနီရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားနှင့်အတူ မျက်နှာမှာလည်း ရဲတွတ်နေကာ မကြာသေးမီကမှ ချစ်ကြည်နူးတစ်တီတူးထားပုံ ပေါက်နေချေသည်။
သူမတို့သည် ဝါရင့်တာအိုလက်တွဲဖော်များဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သူများဖြစ်ရာ၊ ဤမိန်းမ၏ ခန္ဓာကိုယ်ပေါ်မှ အပြောင်းအလဲများက အဘယ်ကြောင့်ဖြစ်သည်ကို မည်သို့လျှင် မသိဘဲနေပါမည်နည်း။
သေချာပေါက် သူတို့နှစ်ဦး နတ်ပြည်တက်သောကိစ္စကို ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်၏။
ထို့ကြောင့်သာ သူမတို့၏ ယောက်ျားဖြစ်သူက ဤမိန်းမကို နေအိမ်သို့ ခေါ်လာခဲ့ခြင်း ဖြစ်ရပေမည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျိပင်းယွီသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ မိမိတို့၏ ယောက်ျားဖြစ်သူမှာလည်း အလွန့်အလွန် စွမ်းလွန်းလှသည်။
အင်မော်တယ်ရှားကျွန်းမှ ထွက်ခွာခဲ့သည်မှာ မည်မျှကြာသေး၍ ယခုကဲ့သို့ နာမည်ကျော်ကြားသော သူတော်စင်မများနှင့် မိစ္ဆာမများကို သိမ်းပိုက်နိုင်ခဲ့ရပါသနည်း။
ချန်လန်ပင်လယ်ပြင်ရှိ အထွတ်အထိပ် ဂိုဏ်းကြီးနှစ်ခု၏ ဂိုဏ်းချုပ်များကိုပင် သိမ်းပိုက်လိုက်နိုင်သေးသည်။
ဤသည်ကား မြူနှင်းနန်းတော်နှင့် ကောင်းကင်မိစ္ဆာဂိုဏ်းကို ဝါးမျိုလိုက်သည်နှင့် အတူတူပင် ဖြစ်ပေသည်။
ထို့အပြင် ဩဇာအာဏာကြီးမားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူ နှစ်ဦးလုံးမှာလည်း ရွှမ်ဟွမ်ဂိုဏ်းထဲတွင် ရှိနေကြသည်။
အကယ်၍ ဤကိစ္စသာ သတင်းပျံ့သွားပါက မည်မျှပင် များပြားသော ကျင့်ကြံသူများကို လန့်သေသွားစေမည်ကိုပင် မသိနိုင်တော့ချေ။
သေချာပေါက် ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။
“ချန်ဇီယွင်… နင့်လို အရှက်မဲ့တဲ့ မိန်းမက ရည်ရွယ်ချက်ကောင်း မရှိဘူးဆိုတာ ငါသိပြီးသားပါ...”
“နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့အတွက် ငါ့ယောက်ျားကိုတောင် မြူဆွယ်ရဲတယ်ပေါ့လေ… နင်က တကယ်ကို အရှက်အကြောက် မရှိတာပဲ...”
ယဲ့ဖေးရိုသည် အံကို တင်းတင်းကြိတ်ထားရပြီး ထိုမိန်းမ၏ ကြီးမားသော ရင်သားများကို ပြင်းပြင်းထန်ထန် ထုရိုက်ပစ်ချင်စိတ် ပေါက်သွားလေသည်။
မိမိ၏ အားသာချက်ကို အားကိုးပြီး မိန်းမတို့၏ကျင့်ဝတ်ကိုပင် မစောင့်ထိန်းသော ဤကဲ့သို့ ကိစ္စမျိုးကို ပြုလုပ်ရဲပေသည်။
မည်သည့် ယဉ်ကျေးမှု၊ တရားမျှတမှုနှင့် အရှက်အကြောက်ကိုမှ လုံးဝ မသိရှိချေ။
“ခစ်ခစ်… ငါ့ကို လာအပြစ်တင်နေတာလား… တင်မယ့်တင် ငါ့ရဲ့ မွေးရာပါ လှပမှုနဲ့ ဆွဲဆောင်မှုတွေကိုပဲ အပြစ်တင်ရမှာပေါ့...”
“ရိုးရိုးသားသားပြောရရင် နင့်မှာသာ တကယ် ဆွဲဆောင်မှု အပြည့်အဝရှိနေရင် သခင်လေးကျိုးက ဘာလို့ အပြင်မှာ မိန်းမရှာနေရဦးမှာလဲ... ဟတ်ဟတ်…”
“ဒီတော့ ဆွဲဆောင်မှုမရှိဘဲ ကိုယ့်ယောက်ျားကို မထိန်းနိုင်တဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်ရမယ်...”
“ပြီးတော့ ယောက်ျားရှာတယ်ဆိုတာက အရင်ရောက်တိုင်း နေရာရတယ်ဆိုတဲ့ ကိစ္စမျိုး မဟုတ်ဘူး… နင် အရင်ရသွားလို့ အမြဲတမ်း နင့်အပိုင် ဖြစ်နေမယ်လို့ မဆိုလိုဘူးလေ...”
“အရေးအကြီးဆုံးက မိန်းမတစ်ယောက်အနေနဲ့ မျှဝေခံစားတတ်ဖို့ သင်ယူထားရမယ်...”
“ကိုယ်တိုင်လည်း ခံစားဖူးပြီးပြီပဲဟာ… ဘာလို့ တခြားမိန်းမတွေကိုလည်း စမ်းကြည့်ဖို့ ဝေမျှမပေးရတာလဲ… နင်က အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်...”
ချန်ဇီယွင်က တခစ်ခစ်ရယ်မောလိုက်ပြီး မိခင်တစ်ဦးကဲ့သို့ လောကကို အုပ်စိုးထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်၏။
“နင့်မေကြီးကို တစ်ကိုယ်ကောင်းဆန်ပါ့လား...”
“နင့်လို အရှက်မဲ့တဲ့ မိစ္ဆာမက ဒီမှာလာပြီး အဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ်… အဖြူကို အမည်းလုပ်ပြီး ပေါက်ကရလာပြောနေတာပဲ...”
“နင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားရုံနဲ့ ငါက နင့်ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်မနေနဲ့...”
“ဒီနေ့တော့ ဒီပင်လယ်ပြင်မှာ ဘယ်သူက အသန်မာဆုံး အမျိုးသမီးကျင့်ကြံသူလဲဆိုတာ နင့်ကို သိအောင် ပြရသေးတာပေါ့...”
ယဲ့ဖေးရိုသည် ဒေါသထွက်လွန်း၍ လဲပင်သေမတတ် ဖြစ်သွားလေသည်။
စကားပြောဆိုမှုစွမ်းရည်ကို ယှဉ်ရမည်ဆိုလျှင် သူမသည် ချန်ဇီယွင်ကဲ့သို့သော မိစ္ဆာမကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
ထို့ကြောင့် သူမသည် မည်သည်ကိုမှ ဆက်လက်မငြင်းခုံတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်ရန် ကြံလိုက်တော့သည်။
ဤတစ်ကြိမ်တွင် သူမသည် ဤမိန်းမ၏ ခေါင်းတစ်ခုလုံး ဖူးရောင်သွားသည်အထိ ရိုက်နှက်ပစ်ကာ မိမိ၏ယောက်ျားအား မြူဆွယ်ရဲသေးမည်လား ဆိုသည်ကို ကြည့်ချင်ပေသည်။
“အဟွတ်... ကဲကဲ... တော်ကြတော့...”
“နောင်ဆိုရင် အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီပဲဟာ… မရန်ဖြစ်ကြပါနဲ့တော့...”
ထိုအချိန်မှာပင် ကျိုးစွေ့၏ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ယဲ့ဖေးရိုနှင့် ချန်ဇီယွင်တို့ နှစ်ဦးကို ချက်ချင်း ဖက်လိုက်ကာ သူမတို့၏ တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။
ထိုသို့မဟုတ်ဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် နှစ်ဦးသာ တိုက်ခိုက်ကြပါက ရွှမ်ဟွမ်ကျွန်းတစ်ခုလုံး ပျက်စီးသွားမည်ကို သူ စိုးရိမ်မိပေသည်။
“ဒါက...”
ယဲ့ဖေးရိုနှင့် ချန်ဇီယွင်တို့သည် မူလက တင်းမာမှုများပြည့်နှက်နေပြီး ရန်လိုနေခဲ့သော်လည်း ကျိုးစွေ့၏ ဖက်တွယ်ခြင်းကို ခံလိုက်ရပြီးနောက် မွေးပျံ့သောရနံ့တစ်ခုက သူမတို့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာကာ သူမတို့၏ ခန္ဓာကိုယ်များကို ပျော့ခွေသွားစေခဲ့၏။
ခန္ဓာကိုယ်တစ်ခုလုံး နေရောင်ခြည်၏ လွှမ်းခြုံမှုကို ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး နွေးထွေးသွားပေသည်။
သူမတို့က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ယခုအချိန်၌ မည်သည့်စွမ်းအားကိုမှ ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။
“ကဲပါ… ပြောစရာရှိရင် ဂူဗိမာန်ထဲ ပြန်ရောက်မှ ဆက်ပြောကြတာပေါ့...”
ကျိုးစွေ့၏ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မိန်းမနှစ်ဦးကို ဖက်လျက် ဂူဗိမာန်ထဲသို့ ဝင်ရောက်သွားလေသည်။
သူသည် အမျိုးသမီးနှစ်ဦးနှင့် သေချာစွာ အသေးစိတ် ကိုယ်ဖိရင်ဖိဆွေးနွေးပြီး သူမတို့၏ ရန်ငြိုးများကို ဖြေရှင်းပေးရန် ရည်ရွယ်ထား၏။
ထိုသို့ပြုလုပ်မှသာ သူ၏ မိသားစုအတွင်း စည်းလုံးမှုကို သေချာစေနိုင်မည်ဖြစ်ပြီး၊ အိမ်နောက်ဖေးမှ မီးထလောင်မည်ကို စိုးရိမ်နေရမည် မဟုတ်တော့ပေ။
ကျိပင်းယွီနှင့် အခြားသူများက တခစ်ခစ်ရယ်မောလိုက်ကြပြီး နောက်မှ လိုက်ဝင်သွားကြတော့သည်။
…………
***