“ဒါက...”
ဤစကားကို ကြားသောအခါ ယန်ချန်ယွမ်မှာ လူသေမျက်နှာကဲ့သို့ ဖြူလျော်သွားပြီး လက်များ တုန်ယင်နေရှာသည်။ သူ အလွန် နောင်တရနေမိသည်။ အကယ်၍ သူသာ အရင်က ကျင့်ကြံမှုကို ကြိုးစားအားထုတ်ခဲ့ပါက ယခုကဲ့သို့ အကူအညီမဲ့နေမည် မဟုတ်ပေ။
မိမိ၏ မိသားစုတစ်ခုလုံးအား မိစ္ဆာသားရဲများ သတ်ဖြတ်နေသည်ကို ဒီအတိုင်း ကြည့်နေရမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်မူ ဘာပြောပြော နောက်ကျသွားခဲ့လေပြီ။
ဝုန်း... ဝုန်း... ဝုန်း...။
ထိုအချိန်မှာပင် ကျွန်း၏အပြင်ဘက်မှ ကြီးမားသော မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ပင်လယ်ထဲမှ မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် ယန်မိသားစုကျွန်း၏ ဒုတိယအဆင့် အစီအရင်ကို အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ဘုန်း…။
နောက်တစ်စက္ကန့်တွင် တတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်က လှုပ်ရှားလိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခု ကျဆင်းလာချေသည်။ ဒုတိယအဆင့် အစီအရင်တစ်ခုလုံးမှာ ချက်ချင်းပင် ပြိုကွဲသွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ၎င်းတို့၏ရှေ့ဆက်တိုးလာမှုကို လုံးဝ မတားဆီးနိုင်တော့ပေ။
“ငတုံးလူသားတွေ...”
“သာမန် ဒုတိယအဆင့် အစီအရင်လေးလောက်နဲ့ ငါတို့ကို တားဆီးချင်နေတာ တကယ်ကို ရယ်စရာကောင်းတာပဲ...”
“ဒီနေ့ ကျွန်းပေါ်က လူသားတွေအားလုံး သေရမယ်...”
ထိုတတိယအဆင့် မိစ္ဆာသားရဲက အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်သည်။ ၎င်းသည် ကောင်းကင်ယံတွင် ပျံသန်းရင်း အောက်ရှိ ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသည့် သာမန်လူများကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်နေ၏။
၎င်းအတွက်မူ ဤအားနည်းသော သာမန်လူများသည် မိစ္ဆာသားရဲများ၏ အစာသာဖြစ်ပြီး အရေးစိုက်စရာပင် မလိုပေ။
“အားလုံးပြီးသွားပြီ...”
ယန်မိသားစုကျွန်းမှ ကျင့်ကြံသူများစွာ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ ပေါ်လာတော့သည်။ ကောင်းကင်ယံရှိ ထိုတတိယအဆင့် မိစ္ဆာသားရဲ၏ ထိတ်လန့်ဖွယ်ရာ မိစ္ဆာချီများ ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရချိန်တွင် သူတို့၏သတ္တိများအားလုံး ပျောက်ဆုံးသွားခဲ့လေပြီ။
မိစ္ဆာသားရဲများက ကျွန်းများကို သတ်ဖြတ်ဖျက်ဆီးသည့် ကိစ္စများကို သူတို့ ကြားဖူးခဲ့သော်လည်း မိမိတို့ကိုယ်တိုင် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ ဤနေရာသည် အလွန်ခေါင်ပြီး မိစ္ဆာသားရဲများ များများစားစား မရှိသင့်ချေ။ အဘယ်ကြောင့် ဤမိစ္ဆာသားရဲအုပ်ကြီးက ရုတ်တရက် ရောက်လာရပါသနည်း။
“သွားကြစို့... အခုမသွားရင် မင်းလည်း လွတ်မှာ မဟုတ်တော့ဘူး...”
သားရဲတစ်သောင်းတာအိုအရှင်က သက်ပြင်းချလိုက်၏။
“ကောင်းပါပြီ စီနီယာ...”
ယန်ချန်ယွမ်သည် အလွန်ပင် မချင့်မရဲဖြစ်နေပြီး အဝေးမှ အမည်းရောင် မိစ္ဆာသားရဲအုပ်ကြီးကို ကြည့်လိုက်ရင်း သူ၏အမုန်းတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ အကယ်၍ နောင်တစ်ချိန်တွင် သူ၏ကျင့်ကြံမှု အောင်မြင်လာပါက ဤမိစ္ဆာသားရဲအုပ်ကြီးကို အကုန်အစင် သတ်ဖြတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
သူ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ကောင်းကင်ယံ၌ ပေတစ်ရာကျော်ခန့် ကြီးမားသော အစိမ်းရောင် ငှက်ကြီးတစ်ကောင် ပျံသန်းလာခဲ့ပြီး ၎င်း၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြမ်းကြုတ်သည့် အရှိန်အဝါများသည် မိုင်တစ်သောင်းကျော်ကျယ်ဝန်းသည့် ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
၎င်း ပေါ်လာသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်ချီများပင် ခဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။ ထို့အပြင် ဤအစိမ်းရောင် ငှက်ကြီး၏အပေါ်တွင် ကျင့်ကြံသူတစ်ဦးက ထိုင်နေပေသည်။
သူသည် အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး လောကီနှင့် မသက်ဆိုင်သော အရှိန်အဝါမျိုးရှိကာ ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှပသည်မှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေချေသည်။
ကျွန်းပေါ်ရှိ လူသားအားလုံး မျက်လုံးပြူးသွားကြရသည်။ ရုတ်တရက် ပေါ်လာသော ဤအဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူကို လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ထင်ရှားလှ၏။
“သေစမ်း... စတုတ္ထအဆင့် မိစ္ဆာသားရဲ ‘အတောင်စိမ်း မီးလင်းယုန်' ပဲ… သာမန်လူသားတစ်ယောက်က ဒီလိုမိစ္ဆာဘုရင်မျိုးကို ဘယ်လိုလုပ်ပြီး အညံ့ခံအောင် လုပ်နိုင်ခဲ့တာလဲ...”
“ခဏလေး... မင်းက 'ရွှမ်ဟွမ်ဘိုးဘေး' လား...”
တတိယအဆင့် မိစ္ဆာသားရဲ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ၎င်းသည် ဤကာလအတွင်း ချန်လန်ပင်လယ်ပြင်တွင် ပျံ့နှံ့နေသော ဒဏ္ဍာရီတစ်ခုကို ချက်ချင်း သတိရသွားသည်။
ထိုအရာမှာ ရွှမ်ဟွမ်ဘိုးဘေးသည် ပင်လယ်ပြင်တစ်ခွင် လှည့်လည်ခရီးသွားကာ မိစ္ဆာသားရဲများကို အမဲလိုက်သတ်ဖြတ်ပြီး လူသားတို့၏ ကျွန်းများကို ကယ်တင်နေသည်ဟူသော သတင်းပင် ဖြစ်သည်။ သူ ရောက်ရှိသွားသော နေရာများတွင် မိစ္ဆာသားရဲမြောက်မြားစွာ သေကြေပျက်စီးခဲ့ရသည်။
အချို့သော စတုတ္ထအဆင့် မိစ္ဆာသားရဲများဆိုလျှင် ရွှမ်ဟွမ်ဘိုးဘေး၏ ကျွန်ပြုခြင်းကို ခံရကာ စီးတော်ယာဉ်အဖြစ်သို့ ရောက်ရှိသွားပြီး တစ်သက်လုံး လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် စတုတ္ထအဆင့် မိစ္ဆာသားရဲများစွာမှာ ကြောက်လန့်သွားကြပြီး သတင်းကြားသည်နှင့် ထွက်ပြေးကြလေသည်။
၎င်းတို့သည် ချန်လန်ပင်လယ်ပြင်၏ နက်ရှိုင်းသောနေရာများသို့ အသီးသီး ပုန်းအောင်းသွားကြကာ လူသားများနေထိုင်ရာ ပင်လယ်ပြင်ဆီသို့ လုံးဝ မကပ်ရဲကြတော့ပေ။ သို့သော် ၎င်း၏ကံကြမ္မာက ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ဘဲ ဒဏ္ဍာရီလာ ရွှမ်ဟွမ်ဘိုးဘေးနှင့် တိုက်ရိုက် ရင်ဆိုင်ကြုံတွေ့လိုက်ရချေပြီ။
ဤသည်မှာ အမှန်တကယ်ပင် ကံဆိုးမိုးမှောင်ကျခြင်းပင်။
ရွှစ်…။
ဤသို့ တွေးမိသည်နှင့် ၎င်းသည် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိသလို ခုခံရန်ပင် စိတ်ကူးမရှိတော့ဘဲ ချက်ချင်း ထွက်ပြေးရန်သာ ကြံရွယ်လိုက်၏။
"သတ်...”
သို့သော် ၎င်း ထွက်ပြေးရန် ကြံရွယ်ချိန်တွင် အလွန် နောက်ကျနေခဲ့လေပြီ။ အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက သုံးပေခန့်ရှည်လျားသော ဓားစိမ်းတစ်လက်ကို ထုတ်ယူကာ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံ၌ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ချက်ချင်း ပေါ်ထွက်လာပြီး ထောင်သောင်းမက သိပ်သည်းစွာဖြင့် ထိုမိစ္ဆာသားရဲအုပ်စုကို ပစ်မှတ်ထားလိုက်သည်။
ဘန်း… ဘန်း… ဘန်း…။
တတိယအဆင့် မိစ္ဆာသားရဲဖြစ်စေ၊ ဒုတိယအဆင့် မိစ္ဆာသားရဲဖြစ်စေ သို့မဟုတ် ပထမအဆင့် မိစ္ဆာသားရဲပင်ဖြစ်စေ မျက်စိတစ်မှိတ်အတွင်းမှာပင် မျိုးတုံးသုတ်သင်ခံလိုက်ရ၏။ ၎င်းတို့၏ခန္ဓာကိုယ်များသည် မမြင်ရသော ဓားအလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်း ဖြစ်သွားကြသည်။
ခဏတာအချိန်အတွင်းမှာပင် ကျူးကျော်တိုက်ခိုက်လာသော မိစ္ဆာသားရဲအုပ်စုကြီးသည် တစ်ကောင်မကျန် သုတ်သင်ခံလိုက်ရသည်။ ခေါင်းဆောင်ဖြစ်သော တတိယအဆင့် မိစ္ဆာသားရဲမှာမူ ပျားအုံသဖွယ် အပေါက်ပေါက်ဖြင့် တစ်စစီ ဖြစ်သွားရပြီး လေဟာနယ်ထဲတွင် အစအနများအဖြစ် ဤလောကမှ ပျောက်ကွယ်သွားချေပြီ။
"ဒါ... ဒါက...”
မူလက ထွက်ပြေးရန် ကြံရွယ်ထားသော ယန်ချန်ယွမ်မှာ အံ့သြမှင်သက်သွားပြီး ဤမြင်ကွင်းကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။ ယန်မိသားစုကျွန်းအတွက်မူ ဤသည်မှာ အမှန်တကယ် ကပ်ဘေးကြီးတစ်ခုပင် ဖြစ်ပေသည်။ သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ ရောက်လာချိန်တွင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မိစ္ဆာသားရဲအားလုံးကို သုတ်သင်ပစ်လိုက်သည်။
ဤသို့သော စွမ်းအားမျိုးမှာ အင်မော်တယ်တစ်ပါးနှင့်ပင် တူညီနေပေသည်။
‘ဒီလိုလူမျိုးကမှ အစစ်အမှန် ကျင့်ကြံသူဆိုတာလား’ ဟု သူတွေးလိုက်မိ၏။
ယခုအချိန်တွင် ယန်ချန်ယွမ်၏ မျက်လုံးများ၌ တောက်လောင်နေသော မီးတောက်များနှင့်အတူ မြင့်မားသော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာလေသည်။ အကယ်၍ သူသာ ဤကဲ့သို့သော ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပါက ဤဘဝတွင် လူဖြစ်ရကျိုးနပ်ပြီဟု သူခံစားလိုက်ရ၏။
"ဒီလူက စတုတ္ထအဆင့် ဓားကျင့်ကြံသူပဲ… နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ဝင်ရောက်ဖို့ နီးစပ်နေပြီ ထင်တယ်"
"ဒီခေတ်မှာ ဒီလို ပါရမီရှင်မျိုးကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
သားရဲတစ်သောင်းတာအိုအရှင်မှာ ရုတ်တရက် အံ့အားသင့်သွားသည်။ သူသည် ဤအဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏ အရှိန်အဝါကို အနည်းငယ် အာရုံခံလိုက်ရုံဖြင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရ၏။
သူ၏ဝိညာဉ်သည် အမြင့်ဆုံးသော ဓားဆန္ဒ၏ ခုတ်ထစ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
ဤသည်မှာ သူ့ကို ရည်ရွယ်၍ တိုက်ခိုက်ခြင်း မဟုတ်ပေ။ တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ ဓားဆန္ဒမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး သူ၏စွမ်းအားကို စမ်းသပ်သူတိုင်း ဓားဆန္ဒ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရမည်မှာ သေချာလှသည်။
"ကူညီကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
ထိုအခိုက်အတန့်တွင် ယန်မိသားစု ခေါင်းဆောင်သည် ချက်ချင်း ထွက်လာကာ တုန်ယင်စွာဖြင့် ကောင်းကင်ပေါ်ရှိ အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို အလွန် ကျေးဇူးတင်စွာ မော့ကြည့်လိုက်သည်။
ဤကဲ့သို့သော ကျင့်ကြံသူကြီးသာ မကောင်းသော ရည်ရွယ်ချက်ရှိပါက သူတို့အားလုံး အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သူသိထားပေသည်။ ထို့ကြောင့် တစ်ဖက်လူက ကူညီရန် လှုပ်ရှားခဲ့ပြီးပြီဖြစ်ရာ သူတို့ကို ဒုက္ခပေးရန် အကြောင်းမရှိပေ။
"အားနာစရာ မလိုပါဘူး… မင်းနဲ့ငါ အားလုံးက လူသားမျိုးနွယ်တွေပဲမလို့ တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်သင့်တာပေါ့… ဒါက လမ်းကြုံလို့ ကူညီပေးရုံလေးပါ…"
အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူမှာ သဘာဝကျစွာပင် ကျိုးစွေ့ဖြစ်သည်။ သူက ထိုယန်မိသားစုဝင်များကို ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုက တဖြည်းဖြည်းနဲ့ ပိုပြင်းထန်လာလိမ့်မယ်… ကျုပ်က မင်းတို့ကို ခဏတာပဲ ကူညီပေးနိုင်မယ်… တစ်သက်လုံးတော့ ကူညီမပေးနိုင်ဘူး… ဒါကြောင့် ကျွန်းကြီးတစ်ခုဆီကို မြန်မြန် ပြောင်းရွှေ့ကြတာ ကောင်းမယ်… ဒီမှာ ဆက်နေမယ်ဆိုရင် အနှေးနဲ့အမြန် တစ်ချိန်ချိန်မှာ မိစ္ဆာသားရဲတွေရဲ့ ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်…”
"စီနီယာ... ကျွန်တော်တို့လည်း ဒါကို သိပါတယ်…"
"ဒါပေမဲ့ အဲဒီကျွန်းကြီးတွေမှာ နေထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး… ကျွန်တော်တို့လို မိသားစုငယ်လေးတွေက ဘယ်လိုလုပ် သွားရောက် နေထိုင်နိုင်ပါ့မလဲ…"
ယန်မိသားစု ခေါင်းဆောင်က အလွန်ပင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
"ကိစ္စမရှိဘူး… ဒါက ကျုပ်ရဲ့ အမိန့်တံဆိပ်ပြားပဲ… ဒါကို ယူသွားပြီး အနီးအနားက စတုတ္ထအဆင့်ကျွန်းဆီကို သွားလိုက်… အဲဒီက တာဝန်ရှိသူတွေကို ပြောပြလိုက်ရင် မင်းတို့အတွက် နေစရာနေရာကို စီစဉ်ပေးပါလိမ့်မယ်…"
ကျိုးစွေ့က သူ၏ကိုယ်ပေါ်မှ ရွှမ်ဟွမ်ဂိုဏ်း၏ အမိန့်တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ယန်မိသားစု ခေါင်းဆောင်ထံသို့ ပစ်ပေးလိုက်၏။
‘ရွှမ်ဟွမ်ဂိုဏ်းလား…’
ထိုအမိန့်အမှတ်တံဆိပ်ကို မြင်သောအခါ ယန်မိသားစု ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ မည်မျှပင် ဗဟုသုတ နည်းပါးသည်ဖြစ်စေ ရွှမ်ဟွမ်ဂိုဏ်း၏ နာမည်ကြီးမှုကို သိထားပေသည်။
၎င်းမှာ ချန်လန်ပင်လယ်ပြင်ရှိ အင်အားအကြီးဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ သူသည် ရွှမ်ဟွမ်ဂိုဏ်းမှ စီနီယာပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
"စီနီယာရဲ့ နာမည်ကို သိခွင့်ပြုပါ…"
ယန်မိသားစု ခေါင်းဆောင်က သတိထားကာ မေးမြန်းလိုက်၏။
"တာအိုအမည်က ရွှမ်ဟွမ်…"
ကျိုးစွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
***