လင်ရှီး ကောင်းကင်နန်းတော်သည် ဧရာမ တောင်ထွတ် တစ်ခုအတွင်းတွင် ထည့်သွင်းထားပြီး အတွင်းတွင် ဘိုးဘေး လုယွဲ့တာအိုသခင်မှ ထိုအချိန်က ခင်းကျင်းထားသော ဝင်္ကပါ အလွှာလိုက် ရှိနေပေသည်။ ယုတ္တိတန်စွာ ပြောရလျှင် ငလျင်လှုပ်လျှင်ပင် သို့မဟုတ် ကောင်းကင် ပြိုကျပြီး မြေကြီး နစ်မြုပ်သွားလျှင်ပင် ကောင်းကင်နန်းတော်သည် ပြိုကျမည် မဟုတ်ချေ။ ထိုကဲ့သို့သော အခြေအနေမျိုး မည်သို့ကြောင့် ဖြစ်ပွားနိုင်မည်နည်း။
ရှေးဟောင်းမြို့တော်၏ မြို့သခင် သာမက ကျန်ရှိနေသော စံအိမ်သခင် လေးယောက်နှင့် ရင်ပြင်ပေါ်ရှိ လူတိုင်း ကြောင်အသွားကြ၏။
ထိုလူများ၏ ရင်ထဲတွင် ကောင်းကင်နန်းတော်က သူတို့၏ ဝိညာဉ်ဆိုင်ရာ ယုံကြည်မှု၊ သူတို့ တစ်သက်တာလုံး လိုက်နာခဲ့သော ရည်မှန်းချက်နှင့် ကြိုးပမ်းမှု တစ်ခု ဖြစ်၏။ ယခု သူတို့၏ ယုံကြည်မှု ပြိုကျသွားသောအခါ ယင်းမှာ သူတို့၏ ကမ္ဘာကြီး ပြိုကျသွားသကဲ့သို့ မလွဲမသွေ ဖြစ်နေပြီး သူတို့ တစ်ယောက်ချင်းစီတိုင်း ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားကြ၏။
"မဖြစ်နိုင်ဘူး... လင်ရှီး ကောင်းကင်နန်းတော်က ပြိုကျမှာ မဟုတ်ဘူး... ငါ မျက်စိမှားတာ ဖြစ်ရမယ်..."
"ဘာတွေ ဖြစ်နေတာလဲ... ကယ်ကြပါဦး..."
"ငါ မယုံဘူး... လင်ရှီး ကောင်းကင်နန်းတော်ကို ငါတို့ရဲ့ ရှေးဘိုးဘေးတွေက တည်ဆောက်ခဲ့တာ... ဘယ်လိုလုပ် ပြိုကျနိုင်မှာလဲ..."
ရင်ပြင် တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နာကျင်စွာ အော်ဟစ်သံများနှင့် စိတ်ပျက်အားငယ်သံများ ထွက်ပေါ်လာသည်။
မည်သူမျှ သူတို့ မြင်တွေ့နေရသည်များကို မယုံကြည်ရဲကြချေ။
"ဘာတွေ ဖြစ်နေလဲဆိုတာ ဘယ်သူ ငါ့ကို ပြောပြနိုင်မလဲ..."
မြို့သခင်ပင်လျှင် သူ့ ရှေ့ရှိ မြင်ကွင်းကို ကြောင်ငေးကာ အဓိပ္ပာယ်မဲ့စွာ ရေရွတ်လိုက်မိသည်။
"မူကျယ်... မူကျယ် အခုလေးတင် ထွက်လာပြီးတော့ လင်ရှီး ကောင်းကင်နန်းတော် ပြိုကျသွားတာပဲ... သူ ဘာဖြစ်ခဲ့လဲဆိုတာ သေချာပေါက် သိရမယ်... မြန်မြန်... သူ့ကို မေး..."
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
သူ့ စကားများကြောင့် လူတိုင်း ကြောင်အနေရာမှ သတိဝင်လာကြ၏။ စံအိမ်သခင် ငါးယောက်နှင့် မြို့သခင်တို့၏ အကြည့်များ တစ်ပြိုင်နက်တည်း မူကျယ်အပေါ်သို့ စုစည်းသွား၏။
သို့သော် လူတိုင်း အံ့သြသွားသည်မှာ မူကျယ် မြို့အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ပြေးသွားခြင်းပင်။
သူ့ အရှိန်မှာ အလွန် လျင်မြန်လှ၏။ ချက်ခြင်းပင် တစ်ဖက်လူက အဖြူရောင် အလင်းစီးကြောင်း တစ်ခုအဖြစ်ပင် ပြောင်းလဲသွားပြီး အဝေးသို့ တည့်တည့် ပျံသန်းသွား၏။ သူ့ အရှိန်မှာ ဖန်းလီအစောပိုင်းအဆင့် ပညာရှင် တစ်ယောက် ရရှိနိုင်သော အရာမျိုး မဟုတ်သကဲ့သို့ ဖြစ်နေပေသည်။
"မြန်မြန်... သူ့ကို လိုက်ဖမ်း... သူ ကောင်းကင်နန်းတော် ဘာလို့ ပြိုကျသွားလဲဆိုတာ သေချာပေါက် သိရမယ်..."
မြို့သခင် အော်ဟစ်ကာ ချက်ချင်း လိုက်ဖမ်းလိုက်၏။
သူ လျင်မြန်စွာ လိုက်ဖမ်းသော်လည်း ရှေ့ရှိ မူကျယ်မှာ ပို၍ လျင်မြန်ပြီး သူ့ အမြင်အာရုံမှ လျင်မြန်စွာ မှေးမိန်သွားကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
"ဘာတွေ ဖြစ်နေတာလဲ... မူရူ... ငါ့ကို ရှင်းရှင်းလင်းလင်း ပြော... ဘာတွေ ဖြစ်နေတာလဲ... အရင်က မူယန်... အခု မူကျယ်... မင်းရဲ့ လိပ်ပြာတောင်ပံစံအိမ်မှာ ဘာတွေ ဖြစ်နေတာလဲ... မင်း ဒီနေ့ ငါ့ကို ရှင်းပြချက် တစ်ခု မပေးဘူးဆိုရင်... ငါ မင်းကို သတ်ပစ်မယ်..."
မြို့သခင် သူ့ နောက်မှ လိုက်ပါလာသော မူရူကို ဟိန်းဟောက်လိုက်သည်။
အရင်က မူယန် ရှေးဟောင်းမြို့တော်ကို သစ္စာဖောက်ပြီး လင်ရှီးစမ်းရေနှင့် ရတနာများကို ခိုးယူသွားခြင်းကြောင့် လူတိုင်း ဒေါသထွက်နေခဲ့ပေသည်။ ယခုအခါ နောက်ထပ် မူကျယ် တစ်ယောက် ပေါ်လာ၏။ မြို့သခင်နှင့် ကျန်ရှိနေသော စံအိမ်သခင် လေးယောက်တို့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးများ သွေးရောင် လွှမ်းနေကာ မူရူကို စိုက်ကြည့်နေကြပြီး သူ့ အဖြေသာ မကျေနပ်ဖွယ် ဖြစ်ပါက ရှေ့သို့ ပြေးဝင်သွားပြီး သူ့ကို မျိုချပစ်မည်ကဲ့သို့ ဖြစ်နေပေသည်။
"ကျုပ်..." မူရူ ငိုချင်သော်လည်း မျက်ရည် မရှိချေ။
‘ချီးတဲ့မှာ... မင်းတို့လည်း ဘာတွေ ဖြစ်နေမှန်း မသိသလို ငါလည်း မသိဘူးလေ...’
သို့သော် သူလည်း ယခုအခါ ထိုသို့ ပြောလိုက်ပါက ဒေါသထွက်နေသော လူများ၏ ဆွဲဖြဲခြင်းကို ခံရမည်မှာ သေချာကြောင်း သိထား၏။ သူ ရှင်းပြချင်သော်လည်း ဘယ်လို ရှင်းပြရမှန်း မသိဘဲ သူ့ မျက်နှာ နီရဲလာသည်။
"ဘာဖြစ်လို့လဲ... မင်းရဲ့ အကြံပေါ်သွားလို့ စကားမပြောနိုင်တော့ဘူးလား... လင်ရှီး ကောင်းကင်နန်းတော်က ငါတို့ရဲ့ ဘိုးဘေးပိုင် ပစ္စည်းပဲ... မင်း တကယ်ပဲ အဲဒါကို ပျက်စီးအောင် လုပ်ခဲ့တယ်... ဒီနေ့ သေလိုက်..."
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဘေးမှ မူချီ မဲ့ပြုံး ပြုံးကာ ရှေ့သို့ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးလိုက်၏။
"ငါတို့ ဒါကို ဆွေးနွေးကြရအောင်လေ... ငါ့ရှင်းပြတာလေးကို နားထောင်ပါဦး..." မူရူ လန့်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်၏။
"ရှင်းပြမယ်... မင်းဘကြီးကို ရှင်းပြ..." သူ့စကား မဆုံးမီမှာပင် ပုံမှန်အားဖြင့် တည်ငြိမ်သော မြို့သခင် ပြေးဝင်လာပြီး သူ့ ခါးအောက်ပိုင်းကို ကန်ထည့်လိုက်သည်။
ဂျွတ်...
မူရူ ချက်ချင်းပင် မြို့သခင်နှင့် စံအိမ်သခင် လေးယောက်အတွက် လူသား လက်ဝှေ့အိတ် တစ်လုံး ဖြစ်သွားပြီး ကြည့်မကောင်းအောင် ဆိုးရွားနေပေသည်။
"ဟဲဟဲ... မင်းတို့ တိုက်ကြ... ငါ အရင်ဆုံး လင်ရှီးစမ်းရေကို လေ့လာပြီး အဆင့်တက်အောင် ကူညီနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်..."
နိုင်းယွမ် လူအုပ်အောက်ရှိ မည်သူမှ သတိမပြုမိသော အမှုန်လေး တစ်ခုအတွင်းမှနေ၍ အပေါ်ရှိ ငြင်းခုံနေသော လူအုပ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဆက်လက် အာရုံမစိုက်တော့ချေ။
သူ ခဏမျှ ထွက်ပြေးပြီးနောက် အခွင့်အရေးကို ဆုပ်ကိုင်ကာ ကျိဟွာဂူစံအိမ်ထဲသို့ ချော်ဝင်သွားပြီး တောင်ထွတ်ပေါ်ရှိ သေးငယ်သော အမှုန်လေး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြို့သခင် သူ့ကို မတွေ့ရှိနိုင်ရုံသာမက ဖန်ဆင်းခြင်း စတုတ္ထအဆင့် အင်အား ရှိသော ထိပ်သီးပညာရှင် တစ်ယောက်ပင် သူ့ကို ရှာဖွေရန် ခက်ခဲလောက်ပေသည်။
မည်သို့ပင်ဆိုစေ ကျိဟွာဂူစံအိမ်၏ ပိုင်ရှင် ကျိဟွာတာအိုသခင်က ဖန်ဆင်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ အင်မော်တယ်လိုဏ်ဂူ အပြင်ဘက်တွင် ခင်းကျင်းထားသော ချိတ်ပိတ်စွမ်းအင်များနှင့် ဝင်္ကပါများက ဖန်ဆင်းခြင်းအဆင့် တတိယ သို့မဟုတ် စတုတ္ထအဆင့် အင်အားသာ ရှိသော မြို့သခင်ကဲ့သို့သော လူများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
"လင်ရှီးစမ်းရေကို ဖိနိုပ်နိုင်လိုက်တော့ စမ်းရေနဲ့ ငါ့ရဲ့ သဟဇာတဖြစ်မှုက တစ်ရာ ရာခိုင်နှုန်း ရောက်သွားပြီ... လင်ရှီးစမ်းရေ သောက်သုံးတာက ငါ့ကို ကူညီရုံပဲ ရှိပြီး ဘာပြဿနာမှ မဖြစ်တော့ဘူး... ရှေးဟောင်းမြို့တော်မှာ သက်တမ်း လျော့ကျတယ်ဆိုတာတောင် ငါ့ကို မထိခိုက်နိုင်ဘူး..."
နိုင်းယွမ် သူ့ ရှေ့ရှိ ဘူးသီး သုံးလုံးကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
ရှေးဟောင်းမြို့တော်မှ လူများက လင်ရှီးစမ်းရေကို သောက်သုံးသည့်အခါ သူတို့၏ ကြွက်သား လုပ်ဆောင်ချက်များ အရှိန်မြှင့်လာပြီး အိုမင်းရင့်ရော်မှု မြန်ဆန်လာ၏။ သို့သော် နိုင်းယွမ်မှာ ကွဲပြားပေသည်။ သူ လင်ရှီးစမ်းရေနှင့် တစ်ရာ ရာခိုင်နှုန်း သဟဇာတဖြစ်မှု ရှိသဖြင့် ထိုအခြေအနေ လုံးဝ ဖြစ်ပွားမည် မဟုတ်ချေ။
"ငါ အရင်ဆုံး ဒီအစက်ငါးရာ စမ်းရေထဲက မိစ္ဆာငရဲ ခံတွင်းရည်ကို ထုတ်ယူရမယ်..."
ရှေးဟောင်းမြို့တော် ထိုတစ်ကြိမ်တွင် များစွာ ဆုံးရှုံးခဲ့ရ၏။ မရေမတွက်နိုင်သော စမ်းရေ ပမာဏကို ငွေညှစ်ခံရရုံသာမက အဓိက လင်ရှီးစမ်းရေ ပင်လျှင် အခိုးခံလိုက်ရ၏။ သို့သော် နိုင်းယွမ် မည်သည့် အပြစ်ရှိစိတ်မျှ မခံစားရချေ။
သူ စိတ်နှလုံး အေးစက်သောကြောင့် မဟုတ်ဘဲ အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်သော ကိစ္စ ဖြစ်သောကြောင့်ပင်။ အကယ်၍ သူသာ အားမကောင်းခဲ့ပါက ထိုမိစ္ဆာငရဲ ခံတွင်းရည် တစ်ခုတည်းကပင် သူ့ကို အနည်းဆုံး အကြိမ် တစ်ရာ သတ်ပစ်နိုင်ပေသည်။
တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက်များ ရှိ၏။ အကယ်၍ သူသာ ထပ်မံ ကြင်နာနေပါက ယင်းမှာ မိမိကိုယ်ကိုယ် ညှဉ်းပန်းခြင်း ဖြစ်ပေလိမ့်မည်။ အနည်းဆုံးတော့ နိုင်းယွမ်တွင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သော ဝါသနာ မရှိချေ။
ဘူးသီးကို ဖွင့်လိုက်ပြီး သူ့ လက်ဖဝါးဖြင့် လေထဲမှ ဆွဲယူလိုက်ရာ "ဝှစ်..." ခနဲ အသံနှင့်အတူ လင်ရှီးစမ်းရေ ငါးရာစက် ပျံထွက်လာပြီး တောက်ပစွာ လင်းထိန်နေသည်။ သူတို့၏ ပုံပန်းသဏ္ဌာန် တစ်ခုတည်းမှ ကြည့်လျှင် သူတို့တွင် အထူးအဆန်း ဘာမှ မရှိချေ။ သို့သော် နိုင်းယွမ်တွင် တစ်ရာ ရာခိုင်နှုန်း သဟဇာတဖြစ်မှု ရှိနေပြီ ဖြစ်ပြီး အတွေးတစ်ချက်နှင့် ကြည်လင်သော အရည် နှစ်စက် ထွက်ပေါ်လာပြီး သူ ယခင်က ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းထဲသို့ ပြုတ်ကျသွား၏။
"မိစ္ဆာငရဲ ခံတွင်းရည်... ဒါ ပစ္စည်းကောင်းပဲ... ငါ အဲဒီ ဟွားသခင်ကြီးလို့ ခေါ်တဲ့ ကောင်နဲ့ ထပ်တွေ့ရင်... သူ့ဆီကို တစ်စက် ပစ်လိုက်ရင်... သူ့ကို မသတ်နိုင်ရင်တောင်... အနည်းဆုံးတော့ သူ့ကို တစ်အိုးလောက် သောက်ခိုင်းလိုက်မယ်..."
နိုင်းယွမ် ကျောက်စိမ်းပုလင်းထဲရှိ အဆိပ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
အခန်း ၃၉၁ ပြီး
***