နိုင်းယွမ် မူလက ထိုကိစ္စများကို စိတ်မဝင်စားလိုချေ။ သူက ဖြတ်သန်းသွားလာသူ တစ်ယောက်မျှသာ ဖြစ်၏။ သို့သော် ထိုသူများ အားလုံး မိစ္ဆာများ ဖြစ်ပြီး ခေါင်းဆောင်မှာ ယွမ်ရှန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို သူ မြင်သောအခါ သူ ချက်ချင်း စိတ်ပြောင်းသွားသည်။
မိစ္ဆာများအပေါ်တွင် သူ့ ယခင်ဘဝ ဖြစ်စေ၊ ထိုဘဝ ဖြစ်စေ နိုင်းယွမ် သဘာဝအလျောက် မူန်းတီးမှု ရှိပြီး သူတို့ကို အားလုံး သတ်ပစ်ချင်နေ၏။
တဲမှ မတ်တတ်ရပ်လိုက်ပြီး နိုင်းယွမ် ညကင်းစောင့်နေသော ရီချန်ထံသို့ သွားလိုက်သည်။
"ညီအစ်ကို နိုင်းယွမ်... ဘာလို့ ထလာတာလဲ..." လူငယ်လေးကို မြင်သောအခါ ရီချန် အနည်းငယ် အံ့သြသွား၏။
"ဟဲဟဲ... လူတိုင်းကို နှိုးလိုက်... အဲဒီ ဆူဂို လာနေလောက်ပြီ..." နိုင်းယွမ် စကား မဖြုန်းဘဲ တိုက်ရိုက် ပြောလိုက်၏။
"ဘာ... ဆူဂို လာနေတယ် ဟုတ်လား... ငါတို့ ရီမိသားစုက သူ့ကို နှစ်တိုင်း ပိုက်ဆံ ပေးတယ်... သူ အခု လာပြီး ဘာလုပ်နေတာလဲ... မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်..." ရီချန် လန့်သွား၏။
"ခင်ဗျား ကျုပ်ကို မယုံရင် စောင့်နေလိုက်လေ... ခင်ဗျားတို့ အားလုံး သေသွားရင် ကျုပ်ကို အပြစ်မတင်နဲ့..." နိုင်းယွမ် နှာခေါင်းရှုံ့လိုက်၏။
"အေး... ကောင်းပြီ... ငါ အခုပဲ အော်လိုက်မယ်..."
လူငယ်လေး လေးနက်စွာ ပြောဆိုပြီး လိမ်ညာနေပုံ မရသည်ကို မြင်သောအခါ ရီချန် စကားပို မဖြုန်းရဲတော့ဘဲ သတိပေး ခေါင်းလောင်းကို အလျင်အမြန် ထိုးလိုက်၏။
ဂျလန်း... ဂျလန်း... ဂျလန်း... ဂျလန်း...
အလျင်စလို အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အိပ်ပျော်နေသော လူအုပ်လည်း ချက်ချင်း နိုးသွားကြသည်။
"ဘာဖြစ်တာလဲ..." ထိုကုလားအုတ်မောင်းသူများက အဝတ်အစားများ ဝတ်လျက်ဖြင့် အိပ်ပျော်နေကြခြင်းပင်။ အသံကို ကြားသောအခါ သူတို့ အားလုံး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ တဲများမှ ပြေးထွက်လာကြ၏။
"အဲဒီ လူဆိုး ဆူဂိုနဲ့ သူ့အဖွဲ့ ရောက်လာပြီ..." မေးခွန်းကို ကြားသောအခါ ရီချန် အလျင်အမြန် ပြောလိုက်၏။
"ဓားပြတွေ ရောက်လာပြီ ဟုတ်လား..." ဆူဂို၏ နာမည်ကို ကြားသောအခါ လူတိုင်း တုန်လှုပ်သွားပြီး လုံးဝ နိုးထသွားကြ၏။ သူတို့ အားလုံး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အကွာအဝေးမှာ အမှောင်ကျနေပြီး လေ၏ တိတ်ဆိတ်သော အသံကိုသာ ကြားနိုင်၏။ အခြား လှုပ်ရှားမှု မရှိချေ။
"ဆူဂို ဘယ်မှာလဲ... မင်း အိပ်ပျော်နေရင်း အိပ်မက်မက်နေတာ ဖြစ်ရမယ်..." ကုလားအုတ်မောင်းသူ တစ်ယောက် ရီချန်ကို မကျေမနပ် ကြည့်လိုက်၏။
"အဲဒါ ငါ ပြောတာ မဟုတ်ဘူး... ညီအစ်ကို နိုင်းယွမ် ပြောတာ..."
ရီချန် နိုင်းယွမ်ကို ညှာတာမှု ကင်းမဲ့စွာ ရောင်းစားလိုက်၏။
"သူ... သူက ဒဏ်ရာရနေတဲ့ လူတစ်ယောက်လေကွာ... ငါတို့လို လူတွေအနေနဲ့ ဓားပြတွေ လာမလာ ငါတို့ကပဲ အရင်ဆုံး သိရမှာ မဟုတ်ဘူးလား... မင်း သူ့စကားကို ဘယ်လိုလုပ် နားထောင်လို့ ရမှာလဲ..." ယခင်က နိုင်းယွမ်ကို သတ်ချင်ခဲ့သော ပိန်လှီသော လူငယ်လေး မထီမဲ့မြင်ဖြင့် လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
"ဟုတ်တယ်... သူက ပါရဂွန်အဆင့် လူငယ်လေး တစ်ယောက်ပဲ... ပြီးတော့ ကမ္ဘာလောကကို ဘာမှ မမြင်ဖူးတဲ့ တောင်တန်းတွေက တောသား တစ်ယောက်... မင်း သူ့စကား နားထောင်တယ် ဟုတ်လား... မင်းလည်း စိတ်မမှန်တော့ဘူးလား..."
အခြား လူတစ်ယောက် ရယ်မောလိုက်၏။
"ကုလားအုတ်မောင်းသူတွေ အနေနဲ့ ငါတို့က အန္တရာယ်ကို အထိခိုက်မခံနိုင်ဆုံးပဲ... ပြီးတော့ ငါတို့ ဘာမှ မခံစားမိဘူး... မင်းက ဒဏ်ရာရနေတဲ့ ပါရဂွန်အဆင့် လူငယ်လေး တစ်ယောက် စကားကို နားထောင်ချင်တယ်လား... ရီချန်... မင်း အိပ်မက် ယောင်နေတာလား...”
စကားပြောနေသော လူများ အားလုံး ရီချန်နှင့် အသက်အရွယ်နှင့် အဆင့်အတန်း တူညီကြသဖြင့် သူတို့၏ စကားများမှာ စူးရှပြီး ညှာတာမှု ကင်းမဲ့နေ၏။
"ကောင်လေး... အဓိပ္ပာယ်မရှိတာ ပြောရင် အပြစ်ပေးခံရလိမ့်မယ်နော်..." ယခင်က ပိန်လှီသော လူငယ်လေး နိုင်းယွမ်ကို အေးစက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
"ကောင်းပြီ..." လူတိုင်း ဆွေးနွေးနေပြီး နိုင်းယွမ်ကို မထီမဲ့မြင် ကြည့်နေစဉ်မှာပင် သူတို့ အေးစက်သော အော်ဟစ်သံ တစ်သံကို ကြားလိုက်ရ၏။ သခင်မလေး ရီချင်းက တဲထဲမှ ထွက်လာသည်။
"သခင်မလေး... ဒီကောင်လေး..." ပိန်လှီသော လူငယ်လေး သခင်မလေး ထွက်လာသည်ကို မြင်သောအခါ အလျင်အမြန် ခြေလှမ်း နှစ်လှမ်း ရှေ့သို့ တိုးလာပြီး လေးစားစွာ ပြောလိုက်သော်လည်း သူ မဆုံးမီမှာပင် ရီချင်း သူ့ကို ဖြတ်ပြောလိုက်သည်။ "ထပ်ပြောစရာ မလိုတော့ဘူး... ငါ အကုန် သိတယ်... နိုင်းယွမ်... ရှင့်ရဲ့ နောက်ခံက ဘာလဲ ကျွန်မ ဂရုမစိုက်ဘူး... ကျွန်မတို့နဲ့ လိုက်ချင်ရင်... စည်းကမ်းတွေကို လိုက်နာ... ဓားပြတွေ ရှိတယ်လို့ ထပ်ပြီး လိမ်ညာရင်... သတိထား... ကျွန်မ ယဉ်ကျေးမှာ မဟုတ်ဘူး..."
ရီချင်း နိုင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါက... ဓားပြတွေ တကယ် လာနေလို့လေ..." နိုင်းယွမ် စေတနာကောင်းကို အထင်လွဲခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် စကားမဲ့သွား၏။
"ကျွန်မတို့ အားလုံးက ကုလားအုတ်မောင်းသူတွေ... အသက်နဲ့ သေခြင်းကို ကြုံတွေ့ခဲ့ဖူးတဲ့ လူတွေ... သတ်ဖြတ်လိုစိတ် နည်းနည်းလေးဆိုရင်တောင် ရှာတွေ့နိုင်တယ်... ရှင်က ဓားပြတွေ ရှိမရှိဆိုတာ ကျွန်မတို့ထက် ပိုပြီး အာရုံခံနိုင်တယ်လို့ ထင်နေတာလား... ပြောပြလိုက်မယ်... ရှင် မှားနေပြီ... ဓားပြတွေ လုံးဝ မရှိဘူး... အဲဒါ သက်သက် လျောက်ပြောနေတာပဲ..." ရီချင်း လက်ကို ဝှေ့ယမ်းလိုက်၏။
သူမ နိုင်းယွမ်၏ စကားများကိုလည်း မယုံကြည်မှန်း သိသာလှပေသည်။
"သခင်မလေးက ဖန်ဆင်းခြင်းအဆင့် ပညာရှင် တစ်ယောက်... ထူးခြားတဲ့ ပါရမီ ရှိတယ်... သူက ဓားပြတွေ မရှိဘူးလို့ ပြောရင်... သေချာပေါက် မရှိလို့ပဲ..."
"လူတိုင်း ပြန်ပြီး နားကြ... ငါတို့ မနက်ဖြန် ခရီးဆက်ရဦးမယ်... ရီချန်... မင်းသာ လူငယ်လေး တစ်ယောက် အဓိပ္ပာယ်မရှိတာ ပြောတာကို ထပ်ပြီး နားထောင်ရင်... ငါ မင်းကို ရိုက်ပစ်မယ်..."
“ငါတို့က ကြင်ကြင်နာနာနဲ့ သူ့အသက်ကို ကယ်တင်ခဲ့တာကို... သူက ငါတို့ကို အိပ်မရအောင် နှောင့်ယှက်သေးတယ်... ငါထင်တာတော့ ဒီလို လူမျိုးက ကုလားအုတ်အဖွဲ့နဲ့အတူ မနေသင့်ဘူး... သူ့ကို နှင်ထုတ်လိုက်..."
သခင်မလေး ဓားပြများ မရှိကြောင်း အတည်ပြုသည်ကို ကြားသောအခါ လူတိုင်း ဆွေးနွေးလာကြပြီး သူတို့ နိုင်းယွမ်ကို သူစိမ်းဆန်သော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
ညသန်းခေါင်ယံ အိပ်ယာမှ ဆွဲထုတ်ခံရပါက မည်သူမှ ပျော်ရွှင်မည် မဟုတ်ချေ။
"ကောင်းပြီ... ဒါကို ကျုပ် သက်သက် လျှောက်ပြောတယ်ပဲ သဘောထားလိုက်... ခင်ဗျားတို့ သေသွားရင် ကျုပ်ကို အပြစ်မတင်နဲ့..."
လူတိုင်း၏ မျက်နှာအမူအရာများကို မြင်သောအခါ နိုင်းယွမ် ထပ်မံ ရှင်းပြရန် ပျင်းရိသွားပြီး သူ့ကိုယ်ပိုင် တဲဘက်သို့ လှည့်၍ လျှောက်သွား၏။
"မင်း အဓိပ္ပာယ်မရှိတာ ပြောပြီး အိပ်ယာပြန်ဝင်လိုက်ရုံနဲ့ အရာအားလုံးကို ဖြေရှင်းပေးမယ်လို့ ထင်နေလား... စစ်တပ်မှာ... စစ်ရေးသတင်းကို လိမ်ညာ သတင်းပို့ရင် အနည်းဆုံး ခေါင်းဖြတ်ခံရလိမ့်မယ်..." ပိန်လှီသော လူငယ်လေး နိုင်းယွမ်၏ လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ ချက်ချင်း ဒေါသထွက်လာပြီး လျှောက်သွား၏။
"ကောင်းပြီ... လူတိုင်း ပြန်ပြီး နားကြ..." သူမ မထိန်းချုပ်ပါက ရန်ပွဲ တစ်ခု ဖြစ်ပွားတော့မည်ကို မြင်သောအခါ သခင်မလေး ရီချင်း၏ မျက်နှာ မည်းမှောင်သွား၏။
မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ အေးစက်သော အော်ဟစ်သံနှင့်အတူ လူတိုင်း လန့်သွားကြသည်။ အထူးသဖြင့် ပိန်လှီသော လူငယ်လေးပင်။ သူ ယခင်က မောက်မာမှု မရှိတော့ဘဲ အနေရခက်စွာ ခေါင်းကုတ်ကာ ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွား၏။
"ကောင်းကောင်း နားကြ... ငါတို့ မနက်ဖြန် ခရီးဆက်ရဦးမယ်..." ရီချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...
သူမ၏ စကား မဆုံးမီမှာပင် ကောင်းကင်မှ မြှားများ မိုးရွာချသကဲ့သို့ ဆက်တိုက် ကြားလိုက်ရ၏။ ထိုမြှားများတွင် အစစ်အမှန်ချီ စွမ်းအား ပါဝင်နေပေသည်။ ရာပေါင်းများစွာ တစ်ပြိုင်နက်တည်း ပြုတ်ကျလာပြီး အပြင်ဘက်တွင် ပိတ်ဆို့ထားသော ဝင်္ကပါ တဂျိမ်းဂျိမ်း မြည်သွားပြီးနောက် "ဝုန်း..." ခနဲ အသံနှင့်အတူ လုံးဝ ကြေမွသွား၏။
"သေပြီ... ဓားပြတွေပဲ... ကာကွယ်... ကာကွယ်..."
ကောင်းကင်အပြည့် မြှားများ မိုးရွာချလာသည်ကို မြင်သောအခါ အမိုက်မဲဆုံး လူတစ်ယောက်ပင် ဓားပြများ တကယ် ရောက်လာပြီ ဖြစ်မှန်း သိလိုက်ကြသည်။ သူတို့ အားလုံး ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး ဓားရှည်များကို မြှောက်ကာ မြှားများကို ပိတ်ဆို့လိုက်ကြ၏။
"ဟဲဟဲဟဲ... သေးငယ်တဲ့ ရီမိသားစု တစ်ခုမှာ ငါအလစ်တိုက်ခိုက်တာကို ရှာဖွေတွေ့ရှိနိုင်တဲ့ ပညာရှင် တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... မဆိုးဘူး... မဆိုးဘူး..."
မြှားမိုးရွာချပြီးနောက် ဆိုးယုတ်သော ရယ်မောသံ တစ်သံ အဝေးမှ ပဲ့တင်ထပ်လာပြီးနောက် မြေကြီး တုန်ခါသွားပြီး ဖုန်များ လိမ့်တက်လာကာ မြင်းစီးနေသော မိစ္ဆာ အုပ်စု တစ်စု ပြေးဝင်လာသည်။
သူတို့ထဲတွင် နှစ်ရာ၊ သုံးရာခန့် ရှိပြီး အရှေ့ဆုံးရှိ တစ်ယောက်တွင် အားကောင်းသော အရှိန်အဝါနှင့် ကြွက်သားများ ရှိ၏။ သူက အမှန်တကယ်ပင် ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။
"ဆူဂို... ငါတို့ ရီမိသားစုက မင်းကို နှစ်တိုင်း လက်ဆောင်တွေ ပေးတယ်... မင်း အခု ငါတို့ကို လာမတိုက်ခိုက်သင့်ဘူးနော်..."
ဓားပြများ အမှန်တကယ် ရောက်ရှိလာသည်ကို မြင်သောအခါ ရီချင်း သူမ လူငယ်လေးကို အထင်လွဲမိကြောင်း သိလိုက်၏။ သူမ၏ လှပသော မျက်လုံးများတွင် တောင်းပန်မှုများ ပေါ်လွင်နေပြီးနောက် ခေါင်းလှည့်ကာ နူးညံ့သော မျက်ခုံးများကို မြှင့်ပြီး ခြေတစ်လှမ်း ရှေ့သို့ တိုးလာကာ ဆူဂိုရှေ့သို့ ရောက်ရှိသွား၏။
“မသင့်တော်ဘူး ဟုတ်လား... ဘာမှ မသင့်တော်တာ မရှိဘူး... ငါတို့ ဓားပြတွေက အလကား ရတဲ့ ပစ္စည်းတွေနဲ့ အသက်ရှင်ကြတာ... ငါတို့ မင်းဆီက မယူရင်... ငါတို့ ဘယ်လို အသက်ရှင်မှာလဲ..." ဆူဂိုဟု အမည်ရသော မိစ္ဆာ ပြုံးလိုက်၏။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်... ငါတို့ မင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးမယ်..." ရီချင်း အံကြိတ်လိုက်၏။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်... မင်းက ငါတို့ ညီအစ်ကိုတွေ ညသန်းခေါင်ယံ ထွက်လာတာက ဆောင်းဦးလေကို ခံစားဖို့ပဲ ထင်နေလား... ငါ မင်းကို ပြောမယ်... ပိုက်ဆံ ဘယ်လောက်မှ အသုံးမဝင်ဘူး... တခြားတစ်ယောက်က မင်းကို ပြန်ခေါ်လာခိုင်းဖို့ စပေါ်ငွေ ပေးထားပြီးပြီ... ဒီနေ့ မင်း ငါနဲ့ အလိုက်တသိ လိုက်ခဲ့ရမယ်... ညီအစ်ကိုတို့... တိုက်ကြ..."
အခန်း ၃၉၉ ပြီး
***