ရှီကျန်းက အမှန်တကယ်ပင် မြုံလွန်းသည်။ ဝိညာဉ်ချီမှာ ပါးလွှာပြီး မလုံလောက်သဖြင့် ရေရှည် ကျင့်ကြံရန် မသင့်တော်ပေ။ ဒေသခံ ရွှေအမြူတေ အဆင့် ကျင့်ကြံသူများပင် အိမ်မှ ခွာ၍ ဝေးလံသော နေရာများသို့ စွန့်စားသွားရောက်ရ၏။
ချင်စန်းက ဤကဲ့သို့ နေရာမျိုးတွင် ပိတ်မိမနေလိုချေ။ ရေရှည်အတွက် သူ့ကျင့်ကြံမှုကို အဟန့်အတား ဖြစ်စေလိမ့်မည်။
ရှီကျန်း၏ အလွန်တွင် ကျယ်ပြန့်ပြီး ဖွင့်လှစ်ထားသော ကမ္ဘာကြီး ရှိနေသည်။
တကယ်လို့ ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ရှာမတွေ့ရင် ဒီကိစ္စကို ခဏတာ ဘေးဖယ်ထားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး... အရင်ဆုံး ရှီကျန်းကနေ ထွက်ခွာပြီး ကျင့်ကြံဖို့ ပိုသင့်တော်တဲ့ နေရာတစ်ခု ရှာမယ်... အင်အားကို မြှင့်တင်မယ်... ပြီးမှ ပြန်လာပြီး အဖြေရှာမယ်...
မကြာသေးမီက စီနီယာ ချင်းကျူလည်း အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ခဲ့ရလေမလားဟု ချင်စန်း တွေးတောနေမိသည်။
တည်နေရာ ကူးပြောင်းစဉ်အတွင်း ချင်စန်းမှာ ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကြောင့် စုတ်ပြတ်သတ်လုနီးပါး ဖြစ်ခဲ့ရသည်။ လက်တစ်ဖက် စွန့်လွှတ်လိုက်ရပြီး သူ့စိတ်စွမ်းအင်များ ကုန်ခမ်းသွားမှသာ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သူ့ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ထားသော စည်းတံဆိပ်ခတ်နှိပ်မှုသာ မရှိပါက ရလဒ်က ပိုကောင်းမွန်ခဲ့ပေလိမ့်မည်။
ထိုစဉ်က ချင်းကျူမှာ အနည်းဆုံး ရွှေအမြူတေ နှောင်းပိုင်းအဆင့် ပညာရှင် ဖြစ်နေလေပြီ။ တည်နေရာ ကူးပြောင်းနေစဉ်အတွင်း မသေဆုံးလောက်အောင် သေချာပေါက် စွမ်းအားကြီးမားပေလိမ့်မည်။ သို့တိုင် သူ့ကလဲ့စား မချေရသေးဘဲ ရေခဲလွင်ပြင်သို့ ပြန်မရောက်လာခဲ့ပေ။
မမျှော်လင့်ထားတဲ့ တစ်ခုခုများ ဖြစ်ခဲ့တာလား... ဒါမှမဟုတ် ချင်းကျူလည်း ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ရှာမတွေ့ခဲ့တာများလား...
ရုတ်တရက် မသေချာမရေရာမှု တစ်ခုက ချင်စန်းစိတ်ထဲ လှုပ်ရှားသွားစေသည်။
“ရှီကျန်းမှာ ချင်းကျူလို့ နာမည်ရတဲ့ စွမ်းအားကြီး ကျင့်ကြံသူ တစ်ယောက် ပေါ်ဖူးလား...” ချင်စန်းက ရုတ်တရက် မေးလိုက်သည်။
ချွေ့ရွှမ်ဇီက ခေါင်းငုံ့ပြီး ခဏတာ စဉ်းစားပြီးနောက် ခေါင်းခါ၍…
“ရှီကျန်းက ဆင်းရဲပြီး အများစုက အရိုင်းနယ်မြေတွေ ဖြစ်ပေမယ့် နှစ်တွေတစ်လျှောက် ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့တော့ ပေါ်ထွက်ခဲ့ဖူးပါတယ်... ဒါပေမယ့် ချင်းကျူဆိုတဲ့ နာမည်ကိုတော့ တစ်ခါမှ မကြားဖူးပါဘူး...”
“သေချာ စဉ်းစားကြည့်ပါ... သူက အဲ့ဒီနာမည် မသုံးတာလည်း ဖြစ်နိုင်တယ်... သူက ဓားတာအိုကို မြှုပ်နှံထားပြီး ဓားထိန်းချုပ်တဲ့ နည်းစနစ်တွေမှာ ကျွမ်းကျင်တယ်... အနည်းဆုံး ရွှေအမြူတေ နှောင်းပိုင်းအဆင့် ပညာရှင် ဖြစ်ပြီး ဝိညာဉ်သန္ဓေသား အဆင့်တောင် ရောက်နေနိုင်တယ်... မကြာသေးမီ ဆယ်စုနှစ်တွေတင် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအတွင်း ပြန်ကြည့်ပါ... အဲ့ဒီဖော်ပြချက်နဲ့ ကိုက်ညီတဲ့လူ တစ်ယောက်ယောက်များ ရှိလား...” ချင်စန်းက ပြောလိုက်သည်။
ချွေ့ရွှမ်ဇီက ရယ်မောပြီး…
“စီနီယာ... တကယ်လို့ အဲ့လိုလူမျိုးသာ ရှီကျန်းမှာ ပေါ်လာခဲ့ရင် ဒေသတစ်ခုလုံး လှုပ်ခတ်သွားမှာပေါ့... ဒီက ဒေသခံ ကျင့်ကြံသူတွေက ရွှေအမြူတေ အဆင့် ရောက်တာနဲ့ ထွက်ခွာသွားကြတာ များတယ်... ဘာလို့ အဲ့လောက် စွမ်းအားကြီးတဲ့လူက ဒီမှာနေဖို့ ရွေးချယ်မှာလဲ... ပိုးကောင် လာဖမ်းတဲ့လူတွေတောင် ကြာကြာမနေကြပါဘူး... တကယ်လို့ ခင်ဗျားက ဒီလူကို ရှာချင်နေတာ ဆိုရင်တော့ သတင်းအချက်အလက် စုဆောင်းရင်း မေးမြန်းပေးပါ့မယ်... တစ်ခုခုတော့ ပေါ်လာနိုင်ပါတယ်...”
ချွေ့ရွှမ်ဇီက ချင်စန်း၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားနေသည်။
သူရှာနေတဲ့လူက... ငါ့ဆရာဦးလေးလိုမျိုးပဲ... ဂိုဏ်းကနေ ထွက်ခွာပြီး ပျောက်သွားတဲ့ စီနီယာ တစ်ယောက် ဖြစ်နေမလား... ဒါဆို ငါ့ခန့်မှန်းချက် မှန်တာပေါ့... ဒီလူရဲ့ဂိုဏ်းမှာ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေး တစ်ယောက်တောင် ရှိတာပဲ... သူ့ရဲ့ ဇာစ်မြစ်က သာမန်နဲ့ အဝေးကြီးပဲ...
“ကောင်းပြီလေ... ရှီကျန်းမှာ ဝိညာဉ်သန္ဓေသား အဆင့် ဓားကျင့်ကြံသူ တစ်ယောက် ရှိခဲ့ဖူးလား ဆိုတာလောက်ပဲ စုံစမ်းကြည့်လိုက်...” ချင်စန်းက ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။ “ဒါ့အပြင်... ကျုပ်က ဝိညာဉ်ခေါ်မြက်နဲ့ ထာဝရသစ်သားကို ဈေးကောင်းပေးပြီး ဝယ်နေတယ်လို့ သတင်းဖြန့်လိုက်... ပြီးတော့ မီးကွင်းစာဗျိုင်း ငှက်ကို တွေ့ရှိမှု ရှိ၊ မရှိ စောင့်ကြည့်ပေးပါ...”
ထာဝရသစ်သားမှာ မြေအောက်နက်နက်တွင် မြှုပ်နှံနေလေ့ရှိပြီး ရှာဖွေရ ခက်ခဲသည်။
သို့သော် ယင်းနှင့် တွဲဖက်နေထိုင်လေ့ရှိသော နတ်ဆိုးသားရဲ မီးကွင်းစာဗျိုင်း ငှက်ကို တွေ့ရှိပါက ထာဝရ သစ်သားကို ရှာဖွေရာတွင် အသုံးပြုနိုင်သည်။
မူလမျှခြေ လက်စွပ် ပြည့်စုံရန်အတွက် ထာဝရသစ်သားသာ လိုအပ်တော့သည်။ အကယ်၍ တွေ့ရှိခဲ့ပါက နောက်ထပ် ဝိညာဉ်လက်နက် တစ်ခု ရရှိပေလိမ့်မည်။ ဤသည်မှာ လက်ရှိတွင် သူ့အင်အားကို မြှင့်တင်ရန် အမြန်ဆုံး နည်းလမ်းပင်။
ထို့အပြင် လက်စွပ်တွင် ထူးခြားသော ဂုဏ်သတ္တိများ ရှိပြီး ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် ရှာဖွေရန် တောနက်ထဲ ဝင်ရောက်သည့်အခါ အသုံးဝင်ပေလိမ့်မည်။
ဝိညာဉ်ခေါ်မြက် အတွက်မူ များလေ ပိုကောင်းလေပင်။ ယင်းကို အသုံးပြု၍ အသူရာ အလောင်းကောင်များကို ပိုသန့်စင်နိုင်ပြီး ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူများကို လွယ်ကူစွာ လွှမ်းမိုးထားနိုင်လိမ့်မည်။
“မီးကွင်းစာဗျိုင်း ငှက်၊ ထာဝရသစ်သား၊ ဝိညာဉ်ခေါ်မြက်...”
ချွေ့ရွှမ်ဇီ၏ မျက်နှာ မည်းမှောင်သွားသည်။ ချင်စန်း၏ တောင်းဆိုမှုများ အဆုံးမရှိဟု စိတ်ထဲတွင် ညည်းညူမိလိုက်သည်။ ပိုးမွှားငါးကောင်ဂိုဏ်းကို ကျွန်တစ်ယောက်လို ဆက်ဆံနေသကဲ့သို့ ခံစားရသည်။ သို့တိုင် တာဝန်များအားလုံးမှာ သတင်းအချက်အလက် စုဆောင်းခြင်းသာ ဖြစ်ပြီး အသက်အန္တရာယ် စွန့်စားရမည့် ကိစ္စများ မဟုတ်ပေ။
“ဒါတွေကို တစ်ခါမှတောင် မကြားဖူးပါဘူး... ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပါဦး စီနီယာ...”
ဤသုံးမျိုးမှာ ရှားပါး ပစ္စည်းများ ဖြစ်သဖြင့် ချွေ့ရွှမ်ဇီ မကြုံဖူးသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ချင်စန်းက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး အတွင်း၌ အသေးစိတ် ပုံဖော်ထားသော ပုံများကို မှတ်တမ်းတင်ပေးလိုက်သည်။
“အလုပ်ကို ကောင်းကောင်း လုပ်ပေးပါ... ခင်ဗျားတို့ဂိုဏ်းကို မတရား မလုပ်ပါဘူး...”
ပြောပြီးသည်နှင့် ချင်စန်းက ထိပ်တန်းအဆင့် မှော်ရတနာ နှစ်ခုနှင့် ဝိညာဉ်ဆေးလုံး ပုလင်း အနည်းငယ်ကို ချွေ့ရွှမ်ဇီ မြင်သာအောင် ပြသပြီးနောက် ပြန်သိမ်းကာ ကျောက်စိမ်းပြားကို ပစ်ပေး၏။
တောင်ပံနက် လင်းယုန်၏ လိုဏ်ဂူကို ယခုအခါ ချင်စန်းက ဝိညာဉ်အစီအရင် တစ်ခုဖြင့် ပိတ်ဆို့ထားပြီး ယာယီ နေထိုင်ရာ နေရာအဖြစ် အသုံးပြုနေသည်။ လောလောဆယ်တွင် သည်းခံနေနိုင်သော်လည်း နောက်ပိုင်းတွင် နေရာရွှေ့ပြောင်းရမည်မှာ သေချာသည်။ သို့သော် ရှီကျန်းရှိ ဝိညာဉ်ချီမှာ ပါးလွှာလွန်းသဖြင့် အမှန်တကယ် ကျေနပ်လောက်သော နေရာတစ်ခု ရှာတွေ့ရန် မလွယ်ကူပေ။
ချင်စန်းက တရားထိုင်ဖျာပေါ်တွင် ခြေချိတ်ထိုင်ပြီး လက်ထဲ၌ ကျောက်စိမ်းပြား သုံးခုကို ကိုင်ကာ တစ်ခုချင်းစီကို သေချာ စစ်ဆေးနေသည်။
ဤကျောက်စိမ်းပြားများထဲတွင် ပိုးမွှားငါးကောင်ဂိုဏ်း၏ အစစ်အမှန် လက်ဆင့်ကမ်း ပိုးကောင်ထိန်းချုပ် နည်းစနစ်များ၊ မြေပုံတစ်ခုနှင့် ဝိညာဉ်ပိုးကောင် အချို့၏ နေထိုင်ရာများကို မှတ်တမ်းတင်ထားသော စုန်းပိုးကောင် မှတ်တမ်းတို့ ပါဝင်သည်။
ဤအချက်အလက် အားလုံးမှာ ပိုးမွှားငါးကောင်ဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
ချွေ့ရွှမ်ဇီမှာမူ သတင်းအချက်အလက် ထပ်မံ စုဆောင်းရန် ပြန်လွှတ်လိုက်ပြီးလေပြီ။
ချင်စန်းက သူ ဘယ်နေရာ ရောက်နေမှန်း အတိအကျ သိချင်နေသဖြင့် မြေပုံကို အရင်ဆုံး စစ်ဆေးလိုက်သည်။
ပိုးမွှားငါးကောင်ဂိုဏ်း ဖန်တီးထားသော မြေပုံမှာ ဝက်ဝံတောင် ဒေသနှင့် အနီးဝန်းကျင် နေရာများတွင် အသေးစိတ် အကျဆုံးပင်။ ရှီကျန်း အတွင်းရှိ အဓိက အင်အားစုများအကြောင်း အကျဉ်းချုံး ဖော်ပြချက်များ ပါဝင်သည်။ သို့သော် ရှီကျန်း အလွန်တွင်မူ သတင်းအချက်အလက်များမှာ အလွန် ဝေဝါးနေသည်။
အထူးသဖြင့် စုန်းနတ်ဘုရား တိုက်ကြီး ပြင်ပတွင် လုံးဝ ဗလာဖြစ်နေသည်။
မှတ်ချက်များအရ စုန်းနတ်ဘုရား တိုက်ကြီးကို ရှီကျန်း၊ နန်ကျန်းနှင့် စုန်းနတ်ဘုရားတောင်ဟူ၍ ဒေသကြီး သုံးခု ခွဲခြားနိုင်သည်။
ရှီကျန်းနှင့် နန်ကျန်း နှစ်ခုလုံးကို အရိုင်းနယ်မြေများဟု သတ်မှတ်ထားသည်။ ရှီကျန်းမှာ အမြုံဆုံး ဖြစ်ပြီး လူသူကင်းမဲ့လွန်းသဖြင့် စွမ်းအားကြီး ကျင့်ကြံသူများပင် ရှောင်ရှားကြသည်။ နန်ကျန်းမှာ အနည်းငယ် ပိုကောင်းပြီး ဂိုဏ်းများ ပိုများကာ ပိုအင်အားကြီးကြသော်လည်း အဆုံးမဲ့ စစ်ပွဲများဖြင့် အရှုပ်ထွေးဆုံး ဒေသလည်း ဖြစ်သည်။
ရှီကျန်းမှာ အန္တရာယ်များသော တောင်တန်းများနှင့် သေမင်းတမန် မြစ်များ ရှိသော နယ်မြေဟု ဆိုရမည်။ စုန်းမျိုးနွယ် ရှင်သန်ရန် သင့်တော်သော နေရာ အလွန်နည်းပါးပြီး ဝက်ဝံတောင် ဒေသကဲ့သို့ ပြန့်ကျဲကာ ရှားပါးသည်။ ထိုနေရာများတွင် သာမန်လူများနှင့် ကျင့်ကြံသူများက လျော့ရဲသော ကာကွယ်မှုအောက်ရှိ အခြေချ နေထိုင်ရာများတွင် အတူတကွ နေထိုင်ကြသည်။
ဤနေထိုင်၍ ရသော ဒေသများကို ကျယ်ပြန့်သော တောရိုင်းနယ်မြေများဖြင့် ခြားနားထားပြီး အချို့ဆို အလွန် ဝေးကွာလွန်းသဖြင့် တစ်ခုနှင့်တစ်ခု အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ပင်။
တောရိုင်းနယ်မြေ အတွင်းတွင် မရေမတွက်နိုင်သော အန္တရာယ်များ ရှိနေသည်။ ဝင်ရောက်သွားသော သာမန်လူများမှာ သေလူနှင့် မခြားပေ။ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများပင် အမြဲတမ်း သတိထားနေရသည်။
ဤမြေပုံကို မြင်ပြီးမှသာ ချင်စန်းက စုန်းနတ်ဘုရား တိုက်ကြီး၏ ကြီးမားသော အတိုင်းအတာကို ရှင်းလင်းစွာ နားလည်သွားသည်။ ဤပင်လယ်ပြင် နယ်မြေ၏ ကျယ်ပြောမှုကို အံ့ဩမနေဘဲ မနေနိုင်တော့ပေ။
စုန်းနတ်ဘုရား တိုက်ကြီး တည်ရှိသော ပင်လယ်ကို တစ်ချိန်က စုန်းမျိုးနွယ်က စုန်းနတ်ဘုရား ပင်လယ်ဟု ခေါ်ဆိုခဲ့ကြသည်။
သို့သော် လူသားမျိုးနွယ် အာဏာရလာပြီးနောက် ချန်လန်ပင်လယ်ဟု အမည်ပြောင်းလိုက်ကြသည်။ စုန်းမျိုးနွယ်က ဤအပြောင်းအလဲကို ပြင်းပြင်းထန်ထန် မုန်းတီးသော်လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။
ရှီကျန်း တစ်ခုတည်းကပင် ရေခဲလွင်ပြင် တစ်ခုလုံးထက် ပိုကြီးမားသည်။
ရှေးဟောင်း အင်မော်တယ် စစ်တလင်းကို ဖယ်လိုက်လျှင် ရေခဲလွင်ပြင်မှာ ကျဉ်းမြောင်းသော အရှေ့-အနောက် မြေကွက်လပ် တစ်ခုသာ ဖြစ်ပြီး ရှီကျန်းမှာ စုန်းနတ်ဘုရား တိုက်ကြီး၏ အနောက်ဘက် အစွန်းတွင် တည်ရှိကာ စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်နှင့် ပိုတူသည်။
ရေခဲလွင်ပြင်နှင့် ပုံသဏ္ဌာန် ဆင်တူသော နန်ကျန်းမှာ ရှီကျန်းထက်ပင် ပိုကြီးမားသည်။
စုန်းနတ်ဘုရားတောင်မှာ တောင်ထွတ်တစ်ခုတည်းကို ရည်ညွှန်းပြီး စုန်းမျိုးနွယ်၏ ဘိုးဘွားပိုင်မြေ အဖြစ် ရိုသေလေးစားကြကာ မြင့်မြတ်သော နယ်မြေဟု သတ်မှတ်ကြသည်။ ၎င်းမှာ စုန်းနတ်ဘုရား တိုက်ကြီး၏ အမြေဆီဩဇာ အကောင်းဆုံးနှင့် အစည်ကားဆုံး ဒေသကို ကိုယ်စားပြုသည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် ရှီကျန်းရော နန်ကျန်းပါ ဝေးလံခေါင်သီပြီး မဖွံ့ဖြိုးသေးသော ဒေသများဟု သတ်မှတ်ခံရသည်။
စုန်းမျိုးနွယ်၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများမှာ စုန်းနတ်ဘုရားတောင်တဝိုက်တွင် စုဝေးနေကြသည်။
စုန်းမျိုးနွယ်ကြားတွင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိကြောင်း ကောလာဟလများ ရှိသော်လည်း ပိုးမွှားငါးကောင်ဂိုဏ်းမှာ သတင်းကြီးများကို လက်လှမ်းမမီသဖြင့် ထိုကျင့်ကြံသူ မည်သည့်ဂိုဏ်းမှ ဖြစ်သည်ကို မသိကြပေ။
စုန်းနတ်ဘုရား တိုက်ကြီးမှာ ချန်လန်ပင်လယ် တစ်ခုလုံးရှိ ကျွန်းတစ်ကျွန်းမျှသာ။ အကြီးဆုံး ဖြစ်သော်ငြားပေါ့။ စုန်းမျိုးနွယ်က တိုက်ကြီးနှင့် ပင်လယ်၏ အရှေ့တောင်ထောင့်တွင် တည်ရှိသော အနီးဝန်းကျင် ရေပိုင်နက်များကို ထိန်းချုပ်ထားသည်။
မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှာမူ ချန်လန်ပင်လယ်၏ နယ်နိမိတ် အတွင်း မပါဝင်ပေ။
ချန်လန်ပင်လယ်မှာ အဆုံးအစ မရှိဟု ဆိုကြသည်။ ယင်း၏ အစွန်းဘက်များတွင် ကြောက်မက်ဖွယ် မုန်တိုင်းများ ဝန်းရံထားပြီး ရှေးဟောင်း အတားအဆီး တစ်ခုမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့် အကာအရံ တစ်ခုက ပိတ်ဆို့ထားသည်။ အကြမ်းတမ်းဆုံး နေရာများတွင် ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူများပင် မဝင်ရဲကြချေ။
ယနေ့ထိတိုင် ထိုအတားအဆီး မည်သို့ ဖြစ်ပေါ်လာသည်၊ မည်သူ ဖန်တီးခဲ့သည်ကို ဘယ်သူမှ မသိကြပေ။
မုန်တိုင်းများက အဆက်မပြတ် ရိုက်ခတ်နေသော်လည်း အတားအဆီးမှာ ထူးဆန်းစွာ ခိုင်မာနေဆဲပင်။
ထိုအကြောင်းကို ဖတ်ပြီးနောက် ချင်စန်း၏ အကြည့်များ စူးရှသွားသည်။ ရှေးဟောင်း အင်မော်တယ် စစ်တလင်း အတွင်းရှိ ဝိညာဉ်ဒီရေလှိုင်းများနှင့် စစ်တလင်းနှင့် ရေခဲလွင်ပြင်ကြားရှိ လျှို့ဝှက်ဆန်းကြယ်သော အတားအဆီးကို ရုတ်တရက် ပြန်သတိရသွားသည်။
နားထောင်ရသည်မှာ သိသိသာသာ ဆင်တူနေ၏။ သူတို့ကြားတွင် လျှို့ဝှက် ဆက်နွယ်မှု တစ်ခုခုများ ရှိနေမလော...
End
***