ကျောက်စိမ်းပြား သုံးခုကို သိမ်းဆည်းပြီးနောက် ချင်စန်းက သူ့အာရုံကို အတွင်းဘက်ဆီ လှည့်လိုက်၏။
သူ့ဒန်တျန် အတွင်း၌ အရောင်ငါးမျိုး လွှမ်းခြုံနေသော ရွှေအမြူတေ တစ်ခုက အလယ်ဗဟိုတွင် ဝဲပျံကာ ဖြည်းညှင်းစွာ လည်ပတ်နေ၏။
ထို ရွှေအမြူတေက မဟာတာအို၏ အလှတရားကို ဖြာထွက်နေပြီး စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလောက်အောင် ဆွဲဆောင်မှု ရှိလှပေသည်။
၎င်း၏ဘေးတွင် ချိတ်ပိတ်ခံထားရသော အပြာရင့်ရောင် အလောင်းကောင် အမြူတေမှာမူ ယှဉ်ကြည့်လိုက်လျှင် များစွာ အရောင်အဝါ ကင်းမဲ့နေလေပြီ။
သို့သော် လတ်တလောတွင် ရွှေအမြူတေနှင့် အလောင်းကောင် အမြူတေ ကြားရှိ စွမ်းအား ကွာဟချက်မှာ အလွန် နည်းပါး၏။ အမှန်တကယ် ဆိုရလျှင် အလောင်းကောင် အမြူတေကပင် အနည်းငယ် ပို၍ သာလွန်နေနိုင်ပေသေးသည်။ တစ်ခုက ချင်စန်း၏ အနှစ်သာရနှင့် ဝိညာဉ်အလင်းတန်း အားလုံးကို စုစည်း၍ ဖွဲ့တည်ထားခြင်း ဖြစ်ပြီး ကျန်တစ်ခုမှာ အခြားသူ တစ်ယောက်၏ ရွှေအမြူတေမှ သန့်စင်ထားကာ မြေကမ္ဘာ နတ်ဆိုးချီနှင့် ကောင်းကင်လေပြင်းချီတို့ ပေါင်းစပ် ပါဝင်နေခြင်းပင်။
ချင်စန်း တစ်ယောက် ရွှေအမြူတေ အဆင့်၏ အလယ်အလတ်သို့ ရောက်သွားမှသာ ၎င်းတို့နှစ်ခု ကြားက ကွာခြားချက်မှာ အမှန်တကယ် ထင်ရှားလာပေမည်။
မထင်မှတ်ထားဘဲ သူ့ရွှေအမြူတေတွင် စိမ်းလန်းသော သစ်သားသဘာဝက လွှမ်းမိုးနေပြီး သူ့အစစ်အမှန်ချီကလည်း ၎င်းနှင့်အညီ ပြောင်းလဲသွားခဲ့လေပြီ။ အမြူတေ ဖွဲ့တည်သည့် အခိုက်အတန့်တွင် သူ့ထံသို့ အလုံးအရင်း တိုးဝင်လာသော ဝိညာဉ်စွမ်းအင်များက သူ့မူလ စွမ်းအားများကို သစ်သားသဘာဝ ဝိညာဉ်စွမ်းအားများ အဖြစ် အစားထိုးသွားခဲ့ခြင်း ဖြစ်၏။
မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်မှာ သဘာဝအရ မည်သည့် သီးခြား ဓာတ်သဘာဝနှင့်မျှ တိုက်ရိုက် ဆက်စပ်နေခြင်း မရှိပေ။
ချင်စန်းက ရေဓာတ်သဘာဝ အခြေခံရှိသော မရဏကျမ်းဖြင့် အုပ်မြစ်ချခဲ့ပြီး နောက်ပိုင်းတွင် နက်နဲသော ကျောက်စိမ်းမီးဖို ကျမ်းစာနှင့် မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်တို့ကို လေ့ကျင့်ကာ ရေဓာတ်သဘာဝ ကျင့်ကြံခြင်းကိုသာ တောက်လျှောက် ထိန်းသိမ်းထားခဲ့၏။ ဤသည်က သူ့တိုးတက်မှုအပေါ် တစ်ခါမှ ထိခိုက်မှု မရှိခဲ့ချေ။
သို့သော် ယခု ရွှေအမြူတေ ဖွဲ့တည်ပြီး နောက်တွင်မူ ဤအသွင်ပြောင်းလဲမှုက အလိုအလျောက် ဖြစ်ပေါ်လာခဲ့တော့သည်။
ဤသည်မှာ သေချာပေါက် သစ်နက်ဓားကြောင့် ဖြစ်ပေလိမ့်မည်။
သူ မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်ကို စတင်လေ့ကျင့်စဉ်က ဝိညာဉ်ဓား တစ်လက် ရွေးချယ်ရာတွင် ရွှေ၊ သစ်သား၊ ရေ၊ မီး သို့မဟုတ် မြေကြီး ဟူသော ဓာတ်ကြီးငါးပါးထဲမှ တစ်ခုကိုသာ ရွေးချယ်ခွင့် ရှိခဲ့သည်။ ထိုအချိန်က သူ့တွင် သစ်နက်ဓား၏ ဓားသန္ဓေသားသာ ရှိနေသောကြောင့် သစ်သားဓာတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ရွှေအမြူတေ အဆင့်သို့ ရောက်ရှိပြီးနောက် သူ့ကျင့်စဉ်မှာ သစ်နက်ဓားကြောင့် သူ့အလိုလို ပြောင်းလဲ ချိန်ညှိသွားခဲ့လေပြီ။
ဤအချက်ကို သဘောပေါက်လိုက်ချိန်တွင် သက်စောင့် ဝိညာဉ်ဓားမှာ မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်နှင့် ကျင့်ကြံသူ့ အနာဂတ်အပေါ် ချင်စန်း အစပိုင်းက ထင်မှတ်ထားခဲ့သည်ထက် ပို၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ထင်ရှားသွားတော့၏။
မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်၏ အပြည့်အစုံသာ ဆိုလျှင် ပိုမြင့်မားသော အဆင့်များတွင် မည်သို့ ပုံစံမျိုး ရှိနေမည်နည်းဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။
ထိုအတွေးက သူ့စိတ်ထဲ တောင့်တမှု တစ်ခုကို ဖြစ်ပေါ်စေသည်။ သို့သော် ထိုကျင့်စဉ် အပြည့်အစုံကို မည်သည့်နေရာတွင် ရှာရမည်မှန်း အရိပ်အယောင်မျှ မသိရသဖြင့် စီနီယာ ချင်းကျူ ဖောက်လုပ်ပေးခဲ့သော လမ်းကြောင်းအတိုင်း တစ်လှမ်းချင်း လျှောက်လှမ်းရန်သာ တတ်နိုင်တော့၏။
အကယ်၍ သူသာ ဝိညာဉ်သန္ဓေသား အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ဤကိစ္စကို ပြန်လည် စဉ်းစားနိုင်ကောင်း စဉ်းစားနိုင်ပေမည်။
စီနီယာ ချင်းကျူးသာ သက်ရှိထင်ရှား ရှိနေသေးလျှင် ဝိညာဉ်သန္ဓေသား အဆင့်အလွန် အသုံးပြုရန် သူ့ ကိုယ်ပိုင် ကျင့်စဉ်တစ်ခုကို ဖန်တီးပြီးလောက်ပြီ မဟုတ်ပါလား။
ချင်စန်းက စီနီယာ ချင်းကျူး အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်ပြီးနောက် ရွှေအမြူတေထံမှ အကြည့်လွှဲကာ တခြားနေရာများသို့ ဆက်လက် စူးစမ်းလိုက်သည်။
လတ်တလောတွင် သူ့ချီပင်လယ်၏ အခြေအနေကို ပရမ်းပတာ ဖြစ်နေသည်ဟုသာ ဖော်ပြနိုင်ပေလိမ့်မည်။
ရွှေအမြူတေနှင့် အလောင်းကောင် အမြူတေတို့ အပြင် ထိုနေရာတွင် မီးခိုးရောင် ချီစွမ်းအင် အစုအဝေး တစ်ခုနှင့် အက်ကွဲနေသော ရွှေရောင် အဆောင်စာလုံး အပိုင်းအစ အချို့လည်း ရှိနေသေး၏။
သူ အမြူတေ ဖွဲ့တည်နေစဉ် ကတည်းက ချွေ့ရွှမ်ဇီ ချဉ်းကပ်လာသည်ကို ချင်စန်း အာရုံခံမိပြီး ဖြစ်သည်။ သူ ချက်ချင်း ထွက်မသွားဘဲ အချိန်ဆွဲနေခဲ့ခြင်းမှာ ဤထူးဆန်းသော အရာနှစ်ခုကို စစ်ဆေးနေသောကြောင့်ပင်။
ထို အဆောင်စာလုံး အပိုင်းအစများမှာ တုန်းယန်ဘိုက သူ့အပေါ် ချထားခဲ့သော ချိတ်ပိတ် အစီအရင်၏ အကြွင်းအကျန်များ ဖြစ်ချေသည်။
ချင်စန်း မျှော်လင့်ထားသည့် အတိုင်းပင် ဝိညာဉ်စွမ်းအင်များ အလုံးအရင်း ဝင်ရောက်လာချိန်တွင် ချိတ်ပိတ် အစီအရင်မှာ ပျက်စီးသွားခဲ့သည်။ သို့တိုင် လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်။ အပိုင်းအစ အချို့က သူ့ဒန်ထျန်း အတွင်း၌ ကပ်ငြိ နေဆဲပင်။
ရွှေအမြူတေ အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့သည့် သူ့စိတ်လှုပ်ရှားမှုမှာ ခေါင်းမာစွာ ကျန်ရစ်နေသော ဤအစီအရင်ကြောင့် အနည်းငယ် မှေးမှိန်သွားခဲ့ရလေပြီ။
ဒါက ဝိညာဉ်သန္ဓေသား အဆင့် ဆရာသခင် တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပဲလား... ပေါ့ပေါ့ပါးပါး ချထားခဲ့တဲ့ ချိတ်ပိတ် အစီအရင်လေး တစ်ခုက ဒီလောက်ထိတောင် ဒုက္ခပေးနိုင်သေးတာလား…
ချင်စန်းက ရွှေအမြူတေမှ တဆင့် အစစ်အမှန်ချီများကို လှည့်ပတ်ကြည့်သောအခါ ကျန်ရစ်နေသော အစီအရင် အပိုင်းအစများကြောင့် သတိမထားမိနိုင်လောက်သည့် နှောင့်နှေးမှု အနည်းငယ် ရှိနေကြောင်း သတိပြုမိလိုက်၏။ ပုံမှန် အခြေအနေမျိုး တွင်တော့ ဤသည်က သူ့ကို သိပ်ပြီး ထိခိုက်စေမည် မဟုတ်ပေ။
သို့သော် အစွမ်းထက်သော ရန်သူနှင့် အသေအလဲ တိုက်ခိုက်ရချိန်မျိုးတွင် မှော်ပညာများ ထုတ်ဖော်ရာ၌ ဖြစ်စေ၊ ဝိညာဉ်လက်နက်များ အသက်သွင်းရာ၌ ဖြစ်စေ အနည်းငယ်မျှသော နှောင့်နှေးမှုလေးကပင် ရန်သူကို အသာစီး ရသွားစေနိုင်သည် မဟုတ်ပါလား။
ချင်စန်းက ထိုအပိုင်းအစများကို သူ့ဘာသာ ချိုးဖျက်ရန် ကြိုးစားကြည့်သော်လည်း ကျိုးပဲ့နေသည့်တိုင် မယုံနိုင်လောက်အောင် ခိုင်မာနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ့လက်ရှိ စွမ်းအားဖြင့် အကြမ်းဖက် ဖျက်ဆီးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ၎င်းတို့ကို ဖယ်ရှားနိုင်ရန် သူ ရွှေအမြူတေ အဆင့်၏ နှောင်းပိုင်းကာလ အထိ ရောက်ရှိဖို့ လိုအပ်လိမ့်မည်ဟု ခန့်မှန်းရ၏။
အကယ်၍ ချိတ်ပိတ် အစီအရင်သာ အပြည့်အစုံ ကျန်ရှိနေသေးပါက ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ဖြေရှင်းရန် ရုန်းကန်ရလောက်ပေမည်။
ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်က သူ့မူလဝိညာဉ်ကို ကာကွယ်ပေးထားပြီး တိုက်ခိုက်နိုင်စွမ်း အချို့ကို ထိန်းသိမ်းထားခွင့် မပေးခဲ့လျှင် ချန်ယန်က သူ့အား တုန်ယန်းပို လက်ထဲမှ ကယ်တင်ခဲ့သည့်တိုင် ဤချိတ်ပိတ် အစီအရင်ကို အချိန်မီ ဖယ်ရှားပေးနိုင်မည် မဟုတ်သလို သူ့ဘာသာလည်း ထွက်ပြေး လွတ်မြောက်နိုင်စရာ အကြောင်းလည်း မရှိချေ။
တုန်ယန်းပို၏ လုပ်ရပ်များမှာ အလွန် စေ့စပ်သေချာပြီး ဟာကွက် မရှိကြောင်း ချင်စန်း ဝန်ခံရပေမည်။ ထိုလူကြီးက ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်ကလွဲ၍ ကျန်သည့်အရာ အားလုံးကို တွက်ချက်ထားခဲ့ခြင်းပင်။
ရေတွက်မရနိုင်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်သော်လည်း အချည်းနှီး ဖြစ်နေသောကြောင့် ချင်စန်းလည်း ဤကိစ္စကို ခေတ္တ ဘေးဖယ်ထားရန်သာ တတ်နိုင်တော့သည်။
အစီအရင် အပိုင်းအစများ၏ လွှမ်းမိုးမှုမှာ လျစ်လျူရှုထား၍ ရလောက်အောင် မသေးငယ်သော်လည်း အလွန်အမင်း ဆိုးရွားနေခြင်းမျိုးလည်း မဟုတ်ပေ။ အနည်းဆုံးတော့ သူ ရွှေအမြူတေ အဆင့်၏ အစောပိုင်းကာလတွင် ရှိနေသရွေ့။
ကျင့်ကြံခြင်း ဆိုသည်မှာ ပတ်လမ်း တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် အချိန်ယူ လုပ်ဆောင်ရခြင်း ဖြစ်ပြီး အလောတကြီး လုပ်ဆောင်ပါက တိုးတက်မှုကို နှောင့်နှေးစေရုံသာ ရှိမည်။ အစီအရင် အပိုင်းအစများကြောင့် သူ့အစစ်အမှန်ချီ အနည်းငယ် တန့်သွားခြင်းက ကြီးမားသော အတားအဆီး တစ်ခုတော့ ဖြစ်လာမည် မဟုတ်ချေ။
ဤအချက်ကို သဘောပေါက်လိုက်ခြင်းက သူ့ရင်ထဲ လေးလံနေသော စိုးရိမ်ပူပန်မှု အများစုကို ပြေလျော့သွားစေ၏။
တိုက်ပွဲအတွင်း သက်ရောက်လာမည့် အကျိုးဆက်များ အတွက်မူ ပြင်ပအမြူတေကို အသုံးပြု၍ အစားထိုး ဖြေရှင်းနိုင်ပေသည်။
ရွှေအမြူတေ ဆိုသည်မှာ ရွှေအမြူတေ အဆင့် ကျင့်ကြံသူတိုင်း အတွက် အရေးကြီးဆုံးသော ပိုင်ဆိုင်မှုပင်။ ယေဘုယျ အားဖြင့် မည်သူမျှ ယင်းကို ခန္ဓာကိုယ် အပြင်ဘက်သို့ ထုတ်လွှတ်ရဲမည် မဟုတ်ပေ။ အကယ်၍ ရန်သူ့ တိုက်ခိုက်မှုကိုသာ ခံလိုက်ရပါက အကောင်းဆုံး အခြေအနေတွင် အမြူတေ ထိခိုက်ပျက်စီးသွားနိုင်ပြီး အဆိုးဆုံး ဆိုလျှင်တော့ ကျင့်ကြံခြင်း အဆင့်ပါ ထိုးကျသွားနိုင်လေသည်။
သို့သော် ပြင်ပအမြူတေတွင်မူ ထိုကဲ့သို့ ကန့်သတ်ချက်များ သိပ်မရှိချေ။ တကယ့် အန္တရာယ်နှင့် ရင်ဆိုင်ရပါက ချင်စန်း အနေဖြင့် ပြင်ပအမြူတေကို သူ့ချီပင်လယ်ထဲမှ တိုက်ရိုက် ထုတ်ယူ အသုံးပြုနိုင်ပြီး အစီအရင် အပိုင်းအစများကြောင့် ဖြစ်ပေါ်လာမည့် ကန့်သတ်ချက်များကို အလုံးစုံ ရှောင်လွှဲနိုင်မည် ဖြစ်၏။
တစ်ခုတည်းသော ပြဿနာမှာ ချင်စန်း တစ်ယောက် ပြင်ပအမြူတေကို ထပ်မံ အဆင့်မြှင့်တင်ရန် နည်းလမ်း မသိသေးခြင်းပင်။
သူ့ကျင့်ကြံခြင်း အဆင့်က ရွှေအမြူတေ အလယ်အလတ် အဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားသည်နှင့် ပြင်ပအမြူတေမှာ လုံလောက်မှု မရှိတော့ဘဲ အသုံးဝင်မှု နည်းပါးလာပေလိမ့်မည်။ ၎င်းမှာ အစောပိုင်း အဆင့် အတွက်သာ အသုံးဝင်သည် မဟုတ်ပါလား။
ထို့ကြောင့် အစီအရင် အပိုင်းအစများ၏ လျှို့ဝှက် အန္တရာယ်ကို စောစောဖြစ်စေ၊ နောက်ကျမှဖြစ်စေ ဖြေရှင်းရမည်သာ။
အစီအရင်ကို ဖျက်ဆီးရန် အခြားသူ တစ်ယောက်၏ အကူအညီကို တောင်းခံမည် ဆိုပါက သူ့ ကာကွယ်မှုများကို ရုပ်သိမ်းပြီး ချီပင်လယ်ကို ဖွင့်ဟပေးရမည် ဖြစ်ရာ သူ့အသက်ကို သူများလက်ထဲ ထည့်အပ်လိုက်သကဲ့သို့ ဖြစ်နေပေမည်။ ဤသည်မှာ ချင်စန်း လုံးဝ စဉ်းစားမည် မဟုတ်သော အရာပင်။
သေချာ စဉ်းစားပြီးနောက် ရွှေအမြူတေ အဆင့်၏ နှောင်းပိုင်းကာလသို့ မရောက်မီ ဤပြဿနာကို ဖြေရှင်းနိုင်မည့် ဖြစ်နိုင်ချေရှိသော နည်းလမ်း နှစ်ခုကိုသာ စဉ်းစားမိတော့၏။
ပထမ တစ်ခုက ဝိညာဉ်အဆောင်များ လမ်းစဉ်ကို လေ့လာလိုက်စားပြီး အစီအရင်ကို ဖျက်ဆီးမည့် နည်းလမ်းကို ရှာဖွေရန်။
ဒုတိယ တစ်ခုက နောက်ထပ် ဝိညာဉ်စွမ်းအင် အလုံးအရင်း ဝင်ရောက်မှု တစ်ခုကို ထပ်မံ ဖြတ်သန်းရန်ပင်။
ချင်စန်းက အဆောင်များကို အသုံးပြုရန်သာ သိထား၏။ သူ့တွင် ဝိညာဉ်အဆောင်များ လမ်းစဉ်နှင့် ပတ်သက်ပြီး မည်သည့် အခြေခံမျှ မရှိသလို ထိုပညာရပ်နှင့် ပတ်သက်သည့် စစ်မှန်သော အမွေအနှစ်မျိုးလည်း မပိုင်ဆိုင်ထားပေ။ အကယ်၍ သူသာ ထိုလမ်းစဉ်ကို လိုက်ချင်ပါက ရှေးဦးစွာ စစ်မှန်သော အမွေအနှစ် တစ်ခုကို ရယူပြီး အစကတည်းက အခြေခံ ပြန်တည်ရပေလိမ့်မည်။
အခက်အခဲမှာ ကြီးမားလွန်းလှ၏။
မှော်ရတနာ သန့်စင်ခြင်းရော၊ အဆောင် ဖန်တီးခြင်းပါ နှစ်ခုစလုံးက များပြားလှသော အရင်းအမြစ်များကို လိုအပ်ပေသည်။
သူက မှော်ရတနာ သန့်စင်သည့် လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဝိညာဉ်အဆောင် ပညာရပ်ကိုပါ ထပ်မံ သင်ယူမည် ဆိုပါက သူ့ကို ဝန်ပိသွားစေနိုင်၏။ ချင်စန်း ကိုယ်တိုင်လည်း ထိုနှစ်ခုစလုံး အတွက် သူ့တွင် အချိန်နှင့် စွမ်းအင် လုံလောက်မည်ဟု မယုံကြည်ချေ။
သူ့ကျင့်စဉ်ကြောင့် ကျင့်ကြံခြင်း အရှိန်အဟုန် တိုးတက်လာခဲ့သော်ငြား အလောတကြီး မဆင်မခြင်တော့ မလုပ်ဝံ့ပေ။
သူ့ကျင့်ကြံခြင်းက အရာအားလုံး၏ အခြေခံ အုတ်မြစ် ဖြစ်ခဲ့ပြီး အမြဲတမ်းလည်း ဖြစ်နေမည်သာ။ ချင်စန်းက အဓိကထားရမည့် အရာကို နောက်ပို့ပြီး အသေးအဖွဲကို ရှေ့တန်းတင်သည့် အမှားမျိုး လုံးဝ အဖြစ်ခံမည် မဟုတ်။
သို့သော် ဂူပိုးကောင်များ ယဉ်ပါးစေသည့် နည်းလမ်းကတော့ တခြားစီပင်။ သူ့တွင် ယူလင်းဂိုဏ်း၏ စစ်မှန်သော အမွေအနှစ် ရှိနေပြီး ယခုအခါ ဤပညာရပ်ကို ကျွမ်းကျင်ကြောင်း နာမည်ကျော်ကြားသည့် စုန်းမျိုးနွယ်များ၏ နယ်မြေသို့လည်း ရောက်နေလေပြီ။ သူ့လက်ထဲတွင် နီရဲသော မီးတောက်ရွှေကဲ့သို့ နတ်ဘုရား ဆေးဖက်ဝင် အပင်မျိုးလည်း ရှိနေပြန်ရာ ဤလမ်းစဉ်က အဆောင် ဖန်တီးခြင်းထက် များစွာ ပိုလွယ်ကူပေလိမ့်မည်။
အကယ်၍ သူသာ စုန်းမျိုးနွယ်စုထံမှ သင်ယူပြီး သူ့ ကိုယ်ပိုင် သက်စောင့် ဂူပိုးကောင်ကို သန့်စင်နိုင်ခဲ့ပါက...
ထိုဂူပိုးကောင်က သူ့ တတိယမြောက် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ပြီး ဝိညာဉ်စွမ်းအင်များ ဆင်းသက်လာစေရန် လှုံ့ဆော်ပေးနိုင်ချိန်တွင် ထိုစွမ်းအင်များကို သူ့ချီပင်လယ်ထဲသို့ ဆွဲသွင်းကာ အစီအရင် အပိုင်းအစများကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ပေမည်။
သေချာသည်က ဂူပိုးကောင် အသွင်ပြောင်းစဉ် ဆင့်ခေါ်လာမည့် ဝိညာဉ်စွမ်းအင်များက ချင်စန်းကို အသိအမှတ် ပြုမည် မဟုတ်ပေ။ သူ့ချီပင်လယ် အပေါ် သက်ရောက်လာမည့် ရိုက်ခတ်မှုက သူ့ကို ဒဏ်ရာရစေနိုင်သည်။ သို့သော် ဂရုတစိုက် ထိန်းချုပ်နိုင်မည် ဆိုပါက အန္တရာယ်က သိပ်ကြီးမားမည်တော့ မဟုတ်ချေ။
သက်စောင့် ဂူပိုးကောင် လမ်းစဉ်ကို ရွေးချယ်ခြင်းက သက်စောင့် ဝိညာဉ်လက်နက်ကို စွန့်လွှတ်လိုက်ရခြင်းပင်။ ထိုနှစ်ခုမှာ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထား၍ မရနိုင်သော အရာများ မဟုတ်ပါလား။
သို့သော် ချင်စန်းက အခြားသူများနှင့် မတူပေ။ သူ့အတွက်တော့ ဤဆုံးဖြတ်ချက်မှာ အနည်းငယ်မျှ ခက်ခဲနေမည် မဟုတ်ချေ။
သူ့တွင် သစ်နက်ဓား ရှိနေနှင့်ပြီး ဖြစ်၏။
သူ့အနေဖြင့် သက်စောင့် ဝိညာဉ်လက်နက်ရော၊ သက်စောင့် ဂူပိုးကောင်ကိုပါ နှစ်ခုစလုံး ပိုင်ဆိုင်နိုင်စွမ်း ရှိနေလေပြီ။
အရာအားလုံးကို ချိန်ဆပြီးနောက် ချင်စန်းလည်း ဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။ သူ စွေ့ရွှမ်ဇီနှင့် သွားတွေ့ရန် ဆုံးဖြတ်လိုက်၏။
ယခုအခါ စုန်းမျိုးနွယ်စု၏ သက်စောင့် ဂူပိုးကောင် မွေးမြူသည့် နည်းလမ်းကို ရရှိထားပြီး ဖြစ်ရာ သူကိုယ်တိုင်လည်း ၎င်းကို သင်ယူရန် အပြည့်အဝ စွမ်းဆောင်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ များပြားလှသော အကျိုးကျေးဇူးများကသာ သူ့ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့ခြင်းပင်။
အစီအရင် အပိုင်းအစများ ဆိုသည်မှာ အသေးအဖွဲ အနှောင့်အယှက် တစ်ခုထက် မပိုတော့ပေ။
ချင်စန်းကို အမှန်တကယ် စိုးရိမ်ပူပန်စေခဲ့သည်က ထိုမီးခိုးရောင် ချီစွမ်းအင် အစုအဝေးသာ ဖြစ်ချေ၏။
တုန်ယန်းပိုက သူ့အပေါ် ချိတ်ပိတ် အစီအရင် မချထားခင်က သူ့ချီပင်လယ်မှာ လုံးဝ ပုံမှန်အတိုင်း ရှိနေခဲ့ကြောင်း သူ သေချာပေါက် သိထား၏။
ဤမီးခိုးရောင် ချီစွမ်းအင်မှာ သူ့ချီပင်လယ် ချိတ်ပိတ်ခံရပြီး ထိန်းချုပ်မှု ကင်းမဲ့သွားပြီးနောက်မှသာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူ အဆင့်ချိုးဖောက် ဝင်ရောက်ပြီး အဆောင်ကို ဖယ်ရှားလိုက်နိုင်မှသာ ၎င်းတည်ရှိနေကြောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်တော့သည်။
End
***