ဒီမီးခိုးရောင်ချီက ဘယ်အချိန်ကတည်းက ငါ့ခန္ဓာကိုယ်ထဲ ရောက်နေတာလဲ။ ငါ လုံးဝ သတိမထားမိခဲ့ပါလား…
ရုတ်တရက် ချင်စန်း ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွား၏။
ငါ ဒီနေရာကို ရောက်လာလာချင်း သတိမေ့နေတုန်း ဝင်ရောက်နေခဲ့တာလား…
သူ ဘယ်လောက်ကြာကြာ သတိမေ့မျောနေခဲ့မှန်း မမှတ်မိတော့ပေ။
ထိုအချိန်အတွင်း သူ မသိလိုက်ဘဲ ထူးဆန်းသော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ခြင်းများ ဖြစ်နေမလော။ သူက တည်နေရာ ကူးပြောင်းခြင်း အစီအရင်၏ အခြားတစ်ဖက်၌ ပေါ်မလာဘဲ မြစ်ရေပြင်ထက်၌ မျောပါနေခဲ့ရသည်။ ဤသည်မှာ မီးခိုးရောင်ချီ၏ လက်ချက်များ ဖြစ်နေမည်လော။
ထို့အပြင် သူ သတိရှိနေစဉ်အတွင်း မီးခိုးရောင်ချီ ဝင်ရောက်လာပြီး သူ သတိမထားမိလိုက်ခြင်းလည်း ဖြစ်နိုင်ချေ ရှိပေသည်။ သံသယအဖြစ်ရဆုံး နေရာနှစ်ခုမှာ ကျီဝေနန်းတော်ရှိ ကြေးနီခန်းမဆောင်နှင့် ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်တို့ပင်။
ထိုနေရာ နှစ်ခုလုံးမှာ ရှေးဟောင်း ကျင့်ကြံသူများ တည်ဆောက်ခဲ့ပြီး ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြသည်။
ကြေးနီခန်းမဆောင် အတွင်း၌ ရှိစဉ်က သူ့အသက်မှာ သူတစ်ပါးလက်ထဲ ရောက်နေခဲ့ရ၏။ ထွက်ပြေး လွတ်မြောက်ဖို့သာ ခေါင်းထဲရှိနေခဲ့ပြီး ခန်းမဆောင်အတွင်းရှိ အပြင်အဆင်များကို သေချာ စစ်ဆေးရန် အချိန်မရှိခဲ့ပေ။
သို့တိုင် ချင်စန်းက ပူဇော်ပွဲ ယဇ်ပလ္လင်၊ မိစ္ဆာတွင်းနက်နှင့် ချန်ယန်လက်ထဲရှိ သွေးပုလဲတို့ကို မှတ်မိနေသေးသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာများမှာ ကောင်းမွန်သော အရာများ မဟုတ်ကြောင်း သိသာထင်ရှား၏။
ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်နှင့် ပတ်သက်၍မူ ယနေ့ခေတ် ကျင့်ကြံသူများပင် ယင်း၏ လျှို့ဝှက်ချက်များကို အပြည့်အဝ နားမလည်နိုင်ချေ။ အထူးသဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး လိုအပ်ပြီး အကွာအဝေးများစွာကို ဖြတ်ကျော် ပို့ဆောင်ပေးနိုင်သော ဤအစီအရင်မျိုးကို ဆိုဖွယ်ရာ မရှိတော့။
ကူးပြောင်းပို့ဆောင်နေစဉ် အတွင်း၌ ချင်စန်းမှာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု လွှမ်းခြုံလာသည်ကို ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်ပင် စုတ်ပြတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုနေရာ နှစ်ခုထဲမှ တစ်ခုခုက မီးခိုးရောင်ချီ၏ အရင်းအမြစ် ဖြစ်နိုင်သည်။
သို့သော် မည်မျှ စဉ်းစားစေကာမူ ချင်စန်းက ဤမီးခိုးရောင်ချီ၏ နောက်ခံနှင့် အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့သလဲ ဆိုသည်အား အဖြေရှာမရနိုင်ခဲ့ပေ။ သူက အစစ်အမှန်ချီ အနည်းငယ်ကို မီးခိုးရောင်ချီဆီ စေလွှတ်၍ စမ်းသပ်ကြည့်လိုက်သည်။ သို့သော် အလောင်းကောင် အမြူတေမှ လာသည်ဖြစ်စေ၊ ရွှေအမြူတေမှ လာသည်ဖြစ်စေ မီးခိုးရောင်ချီနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ချက်ချင်း ဝါးမြိုခံလိုက်ရ၏။ ပင်လယ်ထဲ ကျသွားသော ကျောက်တုံးတစ်တုံးပမာ တုံ့ပြန်မှု အရိပ်အယောင်ပင် မပြချေ။
သူ့ စိတ်စွမ်းအင်နှင့် စမ်းသပ်ရာတွင်လည်း ထိုနည်းလည်းကောင်းပင်။ ဝင်ရောက်သွားသည်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ချင်စန်းမှာ မီးခိုးရောင်ချီ အတွင်း၌ ဘာရှိသည်ကို အာရုံမခံနိုင်တော့ပေ။
ထို့နောက် သူက ပိုမိုများပြားသော အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်များကို ဆင့်ခေါ်၍ တိုက်ခိုက်ကြည့်သော်လည်း ရလဒ်မှာ ပြောင်းလဲခြင်း မရှိချေ။
မီးခိုးရောင်ချီက သူ့ချီပင်လယ်ကို အိမ်အဖြစ် သတ်မှတ်လိုက်သကဲ့သို့ပင်။ စည်းတံဆိပ် အပိုင်းအစများထက်ပင် ပို၍ ခေါင်းမာနေသေးတော့သည်။
တစ်ခုတည်းသော သတင်းကောင်းမှာ မီးခိုးရောင်ချီက သူ့ဒန်တျန် အတွင်းရှိ ရွှေအမြူတေ ဘေးတွင် ငြိမ်သက်စွာ ရှိနေပြီး အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပေ။ သူ့ကျင့်ကြံခြင်း သို့မဟုတ် တိုက်ခိုက်နိုင်စွမ်းကိုလည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိ။
စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း သူ ဘာမှ လုပ်၍မရချေ။
ရွေးချယ်စရာ မရှိတော့သဖြင့် ချင်စန်းမှာ မီးခိုးရောင်ချီကို လောလောဆယ် ဒန်တျန်ထဲတွင်သာ ဆက်နေခွင့် ပြုလိုက်ရတော့သည်။ ကံကောင်းစွာဖြင့် လောလောဆယ်တွင် သူ့ကို အန္တရာယ်ပြုမည့်ပုံ မပေါ်ပေ။ သူ့ကျင့်ကြံခြင်း အဆင့် မြင့်မားလာချိန်တွင် ယင်းကို ဖြေရှင်းရန် နည်းလမ်း ရှာတွေ့ပေလိမ့်မည်။
မမြင်ရလျှင် စိတ်မပူရ ဆိုသကဲ့သို့။ ချင်စန်းက သူ့အာရုံကို ဒန်တျန်မှ ဖယ်ခွာ၍ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ဆီ ပြောင်းလဲလိုက်သည်။
ရွှေအမြူတေ ဖွဲ့စည်းခြင်းက ဘက်စုံ ပြောင်းလဲမှုကို ယူဆောင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် အချိန်ကြာမြင့်စွာ ခေါင်းမာစွာ ကပ်တွယ်နေခဲ့သော အလောင်းကောင်ချီများမှာ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် တပြိုင်နက် လုံးဝ သန့်စင်သွားခဲ့လေပြီ။
သူက အလောင်းကောင်အသွင် ပြောင်းလဲသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ချင်းယီမြစ်တွင် အအမလေး ကယ်တင်ခဲ့သည့် အချိန်ကို ပြန်တွေးမိရင်း ချင်စန်း ခါးသီးစွာ ပြုံးလိုက်မိသည်။
ထိုစဉ်က သူ့အခြေအနေမှာ လက်တစ်ဖက် ပြတ်လျက် ကျိုးပဲ့နေသော သစ်တုံးများ၊ သစ်ကိုင်းခြောက်များကြား မျောပါနေခဲ့ရသည်။ သူ့ခန္ဓာကိုယ်မှာ အလောင်းကောင်ချီများ လွှမ်းမိုးခြင်း ခံထားရသဖြင့် သွေးမရှိရုံသာမက ကြောက်မက်ဖွယ် ကောင်းသော အပြာရောင် သန်းနေသည့် အနက်ရောင်သို့ ပြောင်းလဲနေပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာစိမ်း နတ်ဆိုးတစ်ကောင်နှင့် ခွဲခြားမရနိုင်လောက်အောင်ပင်။
အအမလေးမှာ မြစ်ကမ်းနားတွင် အဝတ်လျှော်နေစဉ် လက်တစ်ဖက်ပြတ် အလောင်းကောင်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး မြစ်ထဲသို့ ပြန်ကန်ချလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူ အချိန်မီ သတိပြန်ရလာပြီး အကူအညီ တောင်းခံနိုင်ခဲ့သဖြင့် သူမက အိမ်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူ မည်မျှကြာကြာ ဆက်လက် မျောပါနေဦးမည်ကို မည်သူ သိနိုင်မည်နည်း။ အကယ်၍ လူသူကင်းမဲ့သော တောရိုင်းထဲသို့ ရောက်ရှိသွားပါက အန္တရာယ်မှာ ပိုကြီးထွားလာပေလိမ့်မည်။
"အိမ်ခြေတစ်ထောင်ရွာကို အရင်ပြန်ပြီး အအမလေးနဲ့ ပတ်သက်တဲ့ ကံကြွေးကို ဖြေရှင်းမယ်... ပြီးမှ ဝိညာဉ်ပိုးမွှားတွေနဲ့ တားမြစ်နယ်မြေတွေကို သွားရှာတော့မယ်" ချင်စန်း စိတ်ထဲ တီးတိုး ရေရွတ်လိုက်သည်။
ပိုးမွှားငါးကောင်ဂိုဏ်း၏ မြေပုံတွင် ပြင်ပလောကနှင့် ပတ်သက်သည့် အချက်အလက်များ အထူးသဖြင့် တောရိုင်းနယ်မြေများ အကြောင်း အသေးစိတ် မပါရှိပေ။ ဝိညာဉ်ပိုးမွှား အမျိုးအစား နှစ်ဆယ်အောက်သာ နေထိုင်ရာ နေရာများကို မှတ်သားထားပြီး တစ်ခုမှ ချင်စန်း ရှာဖွေနေသည့်အရာ မဟုတ်ချေ။
ဂိုဏ်းက သတင်းအချက်အလက် ပိုစုဆောင်းမိသည်အထိ စောင့်ဆိုင်းပြီးမှ သူ့ သက်စောင့် ဂူပိုးကောင်ကို ရှာဖွေနိုင်၏။ အလျင်လိုစရာ မရှိပေ။
ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်နှင့် ပတ်သက်၍မူ ဖြည်းဖြည်းချင်း ရှာဖွေရုံသာ ရှိတော့သည်။ ချင်စန်းက သူ မျောပါလာခဲ့သော မြစ်ကြောင်းအတိုင်း ပြန်လည် ဆန်တက်ပြီး သဲလွန်စ တစ်ခုခု ရှာတွေ့နိုင်မလား ကြည့်ရှုရန် စီစဉ်ထားသည်။
ထိုအကြံဖြင့် သိုလှောင်လက်စွပ်ကို ဖွင့်၍ ဆယ်မျက်နှာ ယမမင်းတံခွန် သုံးခု ထုတ်ယူလိုက်သည်။
တစ်ခုမှာ အကောင်းအတိုင်း ရှိနေသေးပြီး ကျန်နှစ်ခုမှာ ပျက်စီးနေသော်လည်း တံခွန်မျက်နှာပြင်များ စုတ်ပြတ်နေခြင်းသာ။
မိစ္ဆာကြီး ကွေ့ယင်၏ သန့်စင်နည်းလမ်းအရ ဝိညာဉ်၏ အသန့်စင်ဆုံး အနှစ်သာရကို ကြိုးမျှင်များအဖြစ် ဖွဲ့စည်းနိုင်သရွေ့ ထိုဝိညာဉ်လက်နက် နှစ်ခုအား ပြန်လည် ပြုပြင်ရန် လုံလောက်ပေသည်။
ဆယ်မျက်နှာ ယမမင်းတံခွန် သုံးခုကို ရိုးရှင်းသော အစီအရင်တစ်ခု အဖြစ် စီစဉ်နိုင်ပြီး ယင်းတို့၏ စွမ်းအားမှာ အဆင့်လတ် ဝိညာဉ်လက်နက် တစ်ခုနှင့် ယှဉ်ပြိုင်နိုင်သည်။ လောလောဆယ်တွင် ထိုအရာများက ချင်စန်း၏ အစွမ်းအထက်ဆုံး ရတနာများ ဖြစ်လာပေလိမ့်မည်။
သူ့သစ်နက်ဓားနှင့် မူလမျှခြေ လက်စွပ် နှစ်ခုလုံးမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်များသာ ဖြစ်ကြသည်။
ယခုအခါ ချင်စန်းက ရွှေအမြူတေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်ပြီ ဖြစ်သည်။
သူက ပျက်စီးနေသော ဝိညာဉ်လက်နက် နှစ်ခုကို ပေါင်ပေါ်တင်ပြီး သူပိုင်ဆိုင်ထားသည့် ဆယ်မျက်နှာ ယမမင်းတံခွန် အားလုံး ထုတ်ယူလိုက်သည်။ သူကိုယ်တိုင် အသုံးပြုသော ဆယ်ခုအပြင် ကွေ့ယင်ဂိုဏ်းသားများထံမှ သိမ်းဆည်းရမိသော တံခွန် တစ်ဆယ့်လေးခု ရှိသေးသည်။ စုစုပေါင်းလိုက်လျှင် သူ့တွင် အစုံလိုက် နှစ်စုံကျော် ရှိနေခြင်း ဖြစ်သည်။
ဤတံခွန် နှစ်စုံမှာ အဆောင် ဝိညာဉ်လက်နက်များထက် စွမ်းအား ပိုကြီးမားပြီး ဝိညာဉ်လက်နက် အဆင့် မဟုတ်သော ပစ္စည်းများထဲတွင် အစွမ်းအထက်ဆုံးဟု သတ်မှတ်နိုင်သည်။
ယခု ချင်စန်းက ရွှေအမြူတေ ဖွဲ့စည်းပြီးပြီ ဖြစ်သဖြင့် ထိုအရာများကို မလိုအပ်တော့ပေ။ သို့သော် လေလံတင်လိုက်ပါက မုန်တိုင်းတစ်ခု ဖြစ်လာစေမှာ သေချာသည်။
မရေမတွက်နိုင်သော အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများက လုယက်ကြပေလိမ့်မည်။ ဈေးကောင်းလည်း ရနိုင်၏။
သို့သော် ဝိညာဉ်လက်နက် တစ်ခုကို ပြန်လည်ပြုပြင်ရန် များပြားသော သန့်စင်သည့် ဝိညာဉ်များ လိုအပ်ပြီး ဤတံခွန် နှစ်ဆယ့်လေးခုပင် လုံလောက်ချင်မှ လုံလောက်ပေမည်။
ချင်စန်းက လောလောဆယ် ရှီကျန်းမှ မထွက်ခွာနိုင်သေးပေ။ ဤဒေသမှာ ခြောက်သွေ့ခေါင်းပါးပြီး ဝိညာဉ်သန့်စင်သည့် ကိရိယာများ ရှားပါးလှသည်။ လုံလောက်သော ဝိညာဉ်များ စုဆောင်းရန် နည်းလမ်းမရှိချေ။ ထို့ကြောင့် သူ့ဝိညာဉ်လက်နက်များကို ပြန်လည်ပြုပြင်ရန် တံခွန်များထဲမှ ဝိညာဉ်အနှစ်သာရ တိုက်ရိုက် ထုတ်ယူရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့။
ဝိညာဉ်ပိုးမွှားများ ရှာဖွေခြင်း ဖြစ်စေ၊ လျှို့ဝှက်နယ်မြေများနှင့် တားမြစ်နယ်မြေများ ရှာဖွေခြင်း ဖြစ်စေ၊ သူက တောရိုင်းနယ်မြေ အတွင်းပိုင်းသို့ ဝင်ရောက်ရပေမည်။ ချင်စန်းက သူ့ကိုယ်သူ တတ်နိုင်သမျှ အမြန်ဆုံး သန်မာလာအောင် လုပ်ဆောင်ရမည်။ အချိန်ဆွဲနေရန် မရှိတော့ပေ။
ဝူး... ဝူး... ဝူး...
တံခွန်ငယ် နှစ်ဆယ့်လေးခုက ချင်စန်း လက်ထဲမှ ပျံထွက်သွားပြီး မြေပြင်ပေါ်တွင် သပ်ရပ်သော အတန်းသုံးတန်း အဖြစ် စိုက်ဝင်သွားကြသည်။
ချင်စန်းက သန့်စင်ခြင်း နည်းလမ်းကို စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည် သုံးသပ်ပြီးနောက် ပျက်စီးမှု အနည်းဆုံး ဝိညာဉ်လက်နက်ကို ကောက်ယူလိုက်သည်။ ထို့နောက် မြေပြင်မှ တံခွန်တစ်ခုကို ဆင့်ခေါ်၏။
ဝူး...
ယင်လေပြင်း တစ်ခုက ဂူအောင်းရာနေရာ တစ်ခုလုံး တိုက်ခတ်သွားတော့သည်။ လေထုမှာ အေးစက်ပြီး ခြောက်ခြားဖွယ် ကောင်းလာသည်။ အရိပ်မည်းများ စတင် ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော သရဲတစ္ဆေ ပုံရိပ်များက တဖျပ်ဖျပ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ဖျပ်...
တံခွန်က ရုတ်တရက် ကွဲကြေသွားတော့သည်။
ချင်စန်းက ဂရုမစိုက်ဘဲ ကျိုးပဲ့သွားသော တံခွန်ကို ပစ်ချလိုက်သည်။ လက်ကို ဆတ်ခနဲ ဆုပ်လိုက်သည်နှင့် သူ့အစစ်အမှန်ချီများက ယင်လေပြင်းကို ရစ်ပတ်ကာ အလုံးတစ်လုံးအဖြစ် ဖိသိပ်၍ သူ့ထံသို့ ပျံဝဲလာစေသည်။
စူးရှပြီး ကြက်သီးထဖွယ် ညည်းညူသံများက မရပ်မနား ပဲ့တင်ထပ်လျက်။
ချင်စန်းမှာ တုန်လှုပ်ခြင်း မရှိဘဲ လက်သင်္ကေတများကို လျင်မြန်စွာ ဖော်ထုတ်လိုက်၏။ ရှုပ်ထွေးသော အတားအဆီး အလင်းတန်းများက သူ့လက်ချောင်းထိပ်များမှ ပျံထွက်သွားပြီး ယင်လေပြင်းထဲသို့ ဝင်ရောက်သွားကြသည်။
ခဏအကြာတွင် မီးခိုးရောင်ဖျော့ဖျော့ မီးခိုးငွေ့တစ်မျှင် ယင်လေပြင်းထဲမှ ထွက်ပေါ်လာသည်။ ယင်းမှာ ပိုးချည်မျှင်ကဲ့သို့ မယုံကြည်နိုင်လောက်အောင် သေးငယ်လှ၏။ ဤသည်မှာ ဆယ်မျက်နှာ ယမမင်းတံခွန်၏ မျက်နှာပြင်ကို ရက်လုပ်ရန် သင့်လျော်သော အသုံးချနိုင်သည့် ပုံစံအဖြစ် ဖွဲ့စည်းထားသည့် သန့်စင်သော ဝိညာဉ် သို့မဟုတ် ဝိညာဉ်ကြိုးမျှင်ပင်။
ဝိညာဉ်ကြိုးမျှင် ဆွဲထုတ်ခံလိုက်ရသည်နှင့် ယင်လေပြင်းမှာ ငြိမ်သက်စပြုလာသည်။
မကြာမီ ကြိုးမျှင် ပြတ်တောက်သွား၏။ သူ ရရှိလိုက်သည်မှာ တောင်ဝက်ခန့်ပင် မရှိပေ။
တံခွန်တစ်ခု ဖျက်ဆီးလိုက်သည့်တိုင် ဝိညာဉ်ကြိုးမျှင် အတိုလေး တစ်စသာ ရရှိခဲ့သည်။ မိစ္ဆာကြီး ကွေ့ယင် အနေဖြင့် ဝိညာဉ်လက်နက် ဆယ်ခု အပြည့်အစုံ ဖန်တီးရန် မည်သို့ စုဆောင်းခဲ့သည်ကို တွေးကြည့်ရန်ပင် ခက်ခဲပေသည်။
ချင်စန်း လက်ချောင်းကို ပုတ်လိုက်ရာ ဝိညာဉ်ကြိုးမျှင်က သူ့လက်ချောင်းထိပ်ဆီ ရောက်ရှိလာသည်။ ယင်းတွင် မှိန်ဖျော့သော အသက်ဓာတ် ပါဝင်နေပုံရပြီး သူ့လက်ချောင်းကို ရစ်ပတ်ကာ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေ၏။
သူက ဝိညာဉ်လက်နက်ကို ပြုပြင်ရန် အလျင်မလိုဘဲ ယင်လေပြင်းဆီ အကြည့်ပြန်လွှဲလိုက်သည်။
သရဲတစ္ဆေ ညည်းညူသံများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း ဝိညာဉ်အချို့မှာ ကွဲပြားခြင်း မရှိသေးပေ။ ယင်လေပြင်းထဲတွင် ပြန့်ကျဲနေသော အစိမ်းရောင် အလင်းစက်များ မျောပါနေသည်။ ထိုအရာများမှာ သရဲတစ္ဆေများ၏ နောက်ဆုံးလက်ကျန် ဝိညာဉ်အနှစ်သာရများ ဖြစ်သည်။
ချင်စန်းက ဝိညာဉ်ကြိုးမျှင် ထုတ်ယူခြင်းကို ကိုယ်တိုင် အဆုံးသတ်ရန် ရွေးချယ်လိုက်သည်။
ကျင့်ကြံခြင်း လောကတွင် ဝိညာဉ် မကွယ်ပျောက်ပါက သံသရာသို့ ပြန်လည်ဝင်ရောက်နိုင်သေးသည်ဟု ဆိုစမှတ် ပြုကြသည်။
ဆယ်မျက်နှာ ယမမင်းတံခွန်များမှာ ဝိညာဉ်လက်နက်များ ဖြစ်ပြီး မျိုးဆက်တစ်ခုတည်း လက်ဆင့်ကမ်းလာသော မှော်ရတနာများလောက် ဆိုးညစ်ခြင်း မရှိပေ။
ဝိညာဉ်လက်နက် တစ်ခုကို ပြန်လည်ပြုပြင်ရန် အသန့်စင်ဆုံး ဝိညာဉ်များသာ လိုအပ်သည်။ ဝိညာဉ်များကို ဆက်လက် ချုပ်နှောင်ထားရန် မလိုအပ်တော့။
"ဒီလောကကြီးမှာ သံသရာဆိုတာ တကယ် ရှိလို့လား"
ချင်စန်း တီးတိုး ရေရွတ်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ယင်လေပြင်းကို လွှတ်ပေးလိုက်တော့သည်။
အစိမ်းရောင် အလင်းစက်များက လွတ်လပ်စွာ ပျံဝဲသွားပြီး သူ့မျက်စိရှေ့တွင်ပင် ကွယ်ပျောက်သွားကြလေပြီ။
End
***