အလိုအလျောက် သဘာဝလွန် စွမ်းရည်ကို သူ သဘောပေါက် နားလည်ထားသော်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချရန်မှာ လွယ်ကူခြင်း မရှိလှပေ။
ချင်စန်း ခွဲထုတ်လိုက်သော ဓားအလင်းတွင် အားနည်းချက်များ ပြည့်နှက်နေပြီး မျက်တောင်တစ်ခတ်စာမျှသာ ထိန်းသိမ်းထားနိုင်သဖြင့် တကယ့်တိုက်ပွဲတွင် လုံးဝ အသုံးမဝင်ချေ။ သူ ခရီးဆက်နေရင်း ဆက်လက် လေ့လာ ဆင်ခြင်ကြည့်ရာ ဓားတာအိုမှာ သူ ထင်ထားသည်ထက် ပိုနက်ရှိုင်း ခက်ခဲကြောင်း တွေ့လာရသည်။
အင်မော်တယ် လမ်းစဉ်မှာ ရှည်လျားပြီး ကြမ်းတမ်းလှသည်။ မဟာတာအိုတိုင်းတွင် ခန့်မှန်း၍ မရနိုင်သော နက်ရှိုင်းမှုများ ရှိနေသည် မဟုတ်ပါလား။
မကြာမီ သူ တစ်ချိန်က မျောပါခဲ့ဖူးသော မြစ်ညာအရပ်သို့ ရောက်ရှိလာသည်။ ချင်စန်းက နိမ့်ပါးစွာ ပျံသန်းရင်း သူ့စိတ်စွမ်းအင်ကို အရပ်မျက်နှာ အနှံ့ ဖြန့်ကျက်ထားပြီး မြေကြီးထဲ နက်ရှိုင်းစွာ ထိုးဖောက်ကာ ရေအောက်ရှိ ဖုံးကွယ်နေသော သက်ရှိများအား ရှာဖွေ စစ်ဆေးကြည့်သည်။
သို့သော် ဘာမှ မတွေ့ရပေ။
ချင်းယီမြစ်ထဲ ဝင်ရောက်ပြီးနောက် ချင်စန်းက သူ့အရှိန်အဝါကို ဖုံးကွယ်ထားပြီး မြစ်အောက်ပိုင်းသို့ ဆက်လက် လိုက်ပါလာသည်။ အိမ်ခြေတစ်ထောင်ရွာ၏ အနောက်ဘက်တွင် ဆင်းသက်လိုက်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီ မဟုတ်ပါလား။
ရွာမှ ထွက်ခွာပြီး ဒဏ်ရာကုသကာ အဆင့်တက်လှမ်းခဲ့သည့် အချိန်မှစ၍ ရက်ပေါင်းနှစ်ဆယ်ပင် မပြည့်သေးပေ။ သို့သော် အအမလေး၏ အခန်းထဲရှိ စားပွဲခုံပေါ်တွင် ဖုန်မှုန့်ပါးပါးလေး တစ်လွှာ ဖုံးလွှမ်းနေပြီး သူမ အရိပ်အယောင်ကို မတွေ့ရတော့။
အအမလေးမှာ အမြဲတမ်း ဝီရိယ ရှိသူ ဖြစ်သည်။ အကယ်၍ သူမ ဒီမှာ နေထိုင်နေဆဲ ဆိုလျှင် သေချာပေါက် နေ့စဉ် မပျက်မကွက် သန့်ရှင်းရေး လုပ်ပေလိမ့်မည်။
"သူမရဲ့ မွေးရာပါ အမှတ်အသားနဲ့ အသံတိတ်နေတာတွေ ပျောက်ကင်းသွားပြီ ဆိုတော့... ရွာသားတွေရဲ့ လက်ခံမှုကို နောက်ဆုံးတော့ ရသွားပြီလား..."
ထိုအတွေး ချင်စန်း ခေါင်းထဲ ဝင်ရောက်လာပြီး ရွာအရှေ့ဘက်သို့ ခုန်ပျံသွားသော်လည်း အအမလေး၏ ခြေရာလက်ရာ တစ်ခုမျှ မတွေ့ရသေးပေ။
အဘွားဆုံးပါးသွားပြီးနောက် အအမလေးမှာ တစ်ယောက်တည်း နေထိုင်ခဲ့ရပြီး ဆွေမျိုးများ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။ သူမသည် ရွာနှင့် ဝေးရာသို့ ဘယ်တုန်းကမှ မသွားရဲခဲ့သလို တောင်ပေါ်မှလည်း တစ်ခါမှ မဆင်းဖူးခဲ့ပေ။
စုန်းနတ်ဘုရား ပွဲတော် ကျင်းပသည့် အချိန်၊ ပတ်ဝန်းကျင် ရွာများမှ လူများ စုဝေးပြီး ပျော်ရွှင်စွာ ကခုန် သီဆိုကြသည့် အခါမျိုးတွင်ပင် အအမလေးမှာ တောင်ထိပ်ပေါ်တွင် တစ်ယောက်တည်း ရပ်ကာ အဝေးကို မျှော်ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
"စုန်းနတ်ဘုရား ပွဲတော်က မကြာခင် ရောက်တော့မှာပဲ... သူမ သူငယ်ချင်းတချို့ ရပြီး ပွဲတော်မှာ ဝင်နွှဲနေတာများလား..."
ချင်စန်း ကောင်းသော ဘက်မှ တွေးကြည့်လိုက်သည်။ အအမလေး အနေဖြင့် စုန်းနတ်ဘုရား ပွဲတော်ကို အမြဲတမ်း မျှော်လင့်နေတတ်ကြောင်း သူ သိထားသော်လည်း တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားနေရသည်။
သူက စိတ်စွမ်းအင်ကို ရွာတစ်ရွာလုံး ဖြန့်ကျက်ကြည့်ရာ နောက်ဆုံးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။ စုန်းသမားတော်ပင်။
ထိုအဘိုးအိုမှာ အိမ်ခြေတစ်ထောင်ရွာတစ်ခုလုံးတွင် တစ်ဦးတည်းသော စုန်းသမားတော် ဖြစ်ပြီး ကြီးမားသော လေးစားမှုကို ရထားသူ ဖြစ်သည်။ ချင်းယီမြစ်ကို မျက်နှာမူထားသော သူ့ခြေတံရှည်အိမ်မှာ ရွာတွင် အကောင်းဆုံး အိမ်များထဲမှ တစ်လုံး ဖြစ်ပြီး ကျယ်ပြန့်သော မြင်ကွင်းကို ပိုင်ဆိုင်ထားသည်။
အဘိုးအိုမှာ သူ့အခန်းထဲတွင် ဆေးဖက်ဝင် အပင်များကို ထောင်းနေ၏။ သူ့မျက်နှာထားမှာ တည်မာပြီး မိုးခြိမ်းသံကဲ့သို့ ဖြစ်နေကာ ပုံမှန် ရှိနေတတ်သော နွေးထွေးမှုမျိုး မရှိတော့။ ဆေးဖက်ဝင် အပင်များမှာ သူ့ရန်သူများ ဖြစ်နေသကဲ့သို့ မုန်းတီးမှု အပြည့်ဖြင့် မောင်းဆုံကို ထောင်းနေခြင်း ဖြစ်သည်။
"ဘယ်သူလဲ..."
မျက်လုံးထောင့်စွန်းမှ တဆင့် လိုက်ကာ နောက်ကွယ်မှ အရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရပြီး ချက်ချင်း သတိဝင်သွားသည်။
အခန်းထဲရှိ အလင်းရောင် မှိန်ဖျော့သွားသည်။ သူ သတိမထားမိခင်မှာပင် လူငယ်တစ်ယောက် ပြတင်းပေါက် နားတွင် သရဲတစ္ဆေ တစ်ကောင်လို ရပ်နေပြီး ဖြစ်သည်။ ရွာသား မဟုတ်ကြောင်း ထင်ရှားသော်လည်း သူ့မျက်နှာမှာ ရင်းနှီးနေသလို တစ်စုံတစ်ရာ ရှိနေ၏။
အဘိုးအို၏ အကြည့်က လူငယ်၏ ဘယ်ဘက် ပခုံးဆီ ရောက်သွားသည်။ သူ့လက်မောင်းမှာ အကောင်းပကတိ ရှိနေသည် မဟုတ်ပါလား။
"မင်း ဘယ်သူလဲ..."
သူက တောင်ဝှေးကို လှမ်းယူပြီး အပြည့်အဝ သတိထားလိုက်သည်။
"အဘိုး... ကျွန်တော့်ကို မေ့သွားပြီလား..."
ချင်စန်းက အတိတ်ကာလတွင် အဘိုးအို၏ ဆေးများကို အကြိမ်ကြိမ် သောက်ခဲ့ဖူးသည်။ သိပ်အထောက်အကူ မဖြစ်ခဲ့သော်လည်း သူက အဘိုးအိုကို အမြဲတမ်း ယဉ်ကျေးစွာ ဆက်ဆံခဲ့၏။ ယခု သူက တည်ငြိမ်ပြီး လေးစားသမှု ရှိသော လေသံဖြင့် ပြောလိုက်သည်။
"မကြာသေးခင်က ကျွန်တော် ဒဏ်ရာအပြင်းအထန် ရပြီး လက်တစ်ဖက်ပြတ်နေတဲ့ အခြေအနေနဲ့ မြစ်ထဲ မျောပါလာခဲ့ဖူးတယ်လေ... ကံကောင်းလို့ အဘိုးနဲ့ အအမလေး ကယ်တင်ပေးခဲ့တာ... ကျွန်တော့် ဒဏ်ရာတွေ နောက်ဆုံးတော့ ပျောက်ကင်းသွားပြီမို့ ကျေးဇူးဆပ်ဖို့ လာခဲ့တာပါ... ဒါပေမယ့် သူ့ကို ရှာမတွေ့တော့ဘူး... သူ ဘယ်ရောက်သွားလဲ အဘိုး သိလား..."
"မင်းကိုး..."
နောက်ဆုံးတွင် ချင်စန်း မည်သူဖြစ်ကြောင်း အဘိုးအို ပြန်လည် မှတ်မိသွားသည်။ သူ့မျက်လုံးများ ချက်ချင်း နီရဲလာ၏။ သူ့မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး အံကြိတ်ကာ အော်ဟစ်တော့သည်။
"အအမလေးက မင်းအသက်ကို ကယ်ခဲ့တာ... ဒါပေမယ့် မင်းက သူမအပေါ် ကျေးဇူးကန်းပြီး ဒုက္ခရောက်အောင် လုပ်ခဲ့တယ်... မင်း ဘယ်လိုများ သူမ နာမည်ကို ထုတ်ပြောရဲတာလဲ..."
"ဘာ..."
ချင်စန်း မျက်မှောင်ကြုတ်သွားပြီး သူ့အသံမှာ လေးနက်သွား၏။
"အအမလေးက ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ... ကျွန်တော်က သူမကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ... ကျွန်တော် မထွက်သွားခင် ကျေးဇူးဆပ်တဲ့ အနေနဲ့ သူမ ပုံမှန်ဘဝနဲ့ နေနိုင်အောင် အသံပြန်ထွက်ပြီး မွေးရာပါ အမှတ်အသား ပျောက်ကင်းမယ့် ဆေး ပေးခဲ့တာလေ... ဘာတွေ ဖြစ်ကုန်တာလဲ..."
သူ မရှိသည့် အချိန်အတွင်း တစ်စုံတစ်ရာ မှားယွင်းသွားပြီ ဖြစ်ကြောင်း ယခုမှ သဘောပေါက်လိုက်သည်။
အအမလေး ရောဂါပျောက်ကင်းသွားသည်နှင့် သူမဘဝ အကြီးအကျယ် ပြောင်းလဲသွားမည်ကို သူ ကြိုတင် မျှော်လင့်ထားခဲ့သည်။ ရွာသားများက သူမ မည်သို့ ပျောက်ကင်းသွားသည်ကို သေချာပေါက် စုံစမ်းကြမည် မဟုတ်ပါလား။
ရောဂါတစ်ခုတည်း ပျောက်ကင်းသွားခြင်း ဆိုလျှင် ဖြေရှင်းရ လွယ်ကူနိုင်သည်။ သို့သော် သူမ၏ အသံရော မွေးရာပါ အမှတ်အသားပါ အံ့ဖွယ်နည်းဖြင့် ပျောက်ကင်းသွားခြင်းက သေချာပေါက် ဂယက်ရိုက်ခတ်မှု ဖြစ်စေပေလိမ့်မည်။
အအမလေးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသဖြင့် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပေသည်။
မထွက်ခွာမီ ချင်စန်းက သူမအား အသံမထွက်သေးသယောင် ဟန်ဆောင်နေရန်နှင့် မွေးရာပါ အမှတ်အသား ပျောက်ကင်းသွားခြင်းမှာ သူမ အဘိုး အသုံးပြုခဲ့သော ရှားပါး ဆေးဖက်ဝင် အပင်ကြောင့် ဖြစ်ကြောင်း ရွာသားများကို ပြောပြရန် သတိပေးခဲ့၏။
အိမ်ခြေတစ်ထောင်ရွာသားများ၏ မျက်လုံးထဲတွင် အအမလေးကို ကံဆိုးမိုးမှောင်ကျစေသူ အဖြစ် အမြဲတမ်း ရှုမြင်ခဲ့ကြသည်။ တိုက်ဆိုင်မှုဟု ဆိုရမည့် အရာများအပြင် ဤအမြင်မှာ အပေါ်ယံ ဆုံးဖြတ်ချက်များမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ သူမ မျက်နှာပေါ်ရှိ မွေးရာပါ အမှတ်အသားမှာ စုန်းနတ်ဘုရား၏ ကျိန်စာ ဖြစ်သည်ဟု သူတို့ ယုံကြည်ထားကြသည် မဟုတ်ပါလား။
အမှတ်အသားကို ဖျက်လိုက်ခြင်းဖြင့် သူမအနေဖြင့် လူ့အသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ရောက်ပြီး ငြိမ်းချမ်းသော သာမန်ဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ချင်စန်းက ပြန်လာပြီး သူမအား ကျင့်ကြံခြင်း သို့မဟုတ် သိုင်းပညာ သင်ပေးရန် စီစဉ်ထားခဲ့ခြင်းပင်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာမှသာ ကြောက်ရွံ့ခြင်း မရှိဘဲ သူမ အသံကို ထုတ်ဖော်နိုင်မည် မဟုတ်လော။
ဤမျှ တိုတောင်းသော အချိန်အတွင်း တစ်စုံတစ်ရာ မှားယွင်းသွားမည်ဟု သူ လုံးဝ ထင်မထားခဲ့မိ။
ကြိုတင်ကာကွယ်မှု အနေဖြင့် သူ ချန်ထားခဲ့သော ချင်းဖူကြေးပြားပင်လျှင် ကပ်ဘေးကို မတားဆီးနိုင်ခဲ့ပေ။
"ဘယ်သူက သူမကို ဒုက္ခပေးတာလဲ..."
ချင်စန်း မျက်နှာထား အေးစက်သွားသည်။ နက်ရှိုင်းပြီး ကျောချမ်းဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များ သူ့မျက်လုံးထဲတွင် လက်ခနဲ ဖြစ်ပေါ်လာ၏။
အဘိုးအိုက ချင်စန်း၏ အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သေမင်းတမန် တစ်ယောက် ကမ္ဘာလောကသို့ ဆင်းသက်လာသကဲ့သို့ပင်။
သို့သော် အအမလေး အတွက် ဝမ်းနည်းပူဆွေးမှုက သူ့ကို ကြောက်ရွံ့ခြင်း မရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ချင်စန်းကို လက်ညှိုးထိုးပြီး အံကြိတ်ကာ ပြောတော့သည်။
"မင်း သူမရဲ့ အမှတ်အသားကို ကုသပေးလိုက်လို့ တောင်ပံပါ မြွေရွာက သူတို့ရဲ့ သူတော်စင် မိန်းမပျို အဖြစ် ရွေးချယ်လိုက်တာပေါ့... တောင်ပံပါ မြွေရွာက လှပတဲ့ မိန်းကလေးတွေကိုပဲ ရွေးချယ်တာ... မင်းသာ မကုပေးခဲ့ရင်... အဲ့ဒီ အမှတ်အသားကြီး သူမ မျက်နှာပေါ်မှာ ရှိနေသေးရင် သူမ ဘယ်လိုလုပ် အရွေးခံရမှာလဲ..."
"သူတော်စင် မိန်းမပျို..."
သူမ အသက်အန္တရာယ် ချက်ချင်း စိုးရိမ်စရာ မရှိကြောင်း ကြားလိုက်ရသဖြင့် ချင်စန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ပိုးမွှားငါးကောင်ဂိုဏ်း၏ မြေပုံပေါ်တွင် တောင်ပံပါ မြွေရွာ အကြောင်း မှတ်သားထားသည်ကို သူ မြင်ဖူးသည်။ ၎င်းမှာ အိမ်ခြေတစ်ထောင်ရွာနှင့် ပတ်ဝန်းကျင် ဒေသများကို လွှမ်းမိုးထားသော အင်အားစု ဖြစ်သည်။ ရွာထဲရှိ ယဇ်ပုရောဟိတ်များမှာ အင်မော်တယ် ကျင့်ကြံခြင်းကို လေ့ကျင့်ကြပြီး အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးပင် ရှိနေသည်။ သူတို့ အင်အားမှာ ကောင်းကင်လမင်း ရွာထက်ပင် သာလွန်၏။
ချင်စန်းက ရှီကျန်းဒေသ၏ စုန်းမျိုးနွယ် အကြောင်း သိပ်နားမလည်သလို သူတော်စင် မိန်းမပျို ဖြစ်ခြင်းက ဘာကို ဆိုလိုမှန်းလည်း သေချာ မသိပေ။ အပေါ်ယံ ကြည့်လျှင် တောင်ပံပါ မြွေရွာ၏ ရွေးချယ်ခံရခြင်းမှာ ကောင်းသော ကိစ္စဟု ထင်ရသည်။
သို့သော် သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
စုန်းမျိုးနွယ်မှာ အလောင်းကောင် သန့်စင်ခြင်း၊ ပိုးမွှား မွေးမြူခြင်းနှင့် ဝိညာဉ် ကိုးကွယ်ခြင်းတို့ကို လေ့ကျင့်ကြသည်။ သူတို့၏ ဓလေ့ထုံးစံ အချို့မှာ အလွန် ယုတ်မာ ဆိုးညစ်လှသည် မဟုတ်ပါလား။
"တောင်ပံပါ မြွေရွာက သူတော်စင် မိန်းမပျို အဖြစ် ရွေးချယ်ခံရတဲ့ မိန်းကလေးတွေကို ဘာလုပ်ကြတာလဲ..."
ချင်စန်း မျက်နှာထား တည်ကြည်သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
အဘိုးအိုက ခေါင်းခါရင်း မျက်ရည်များ ဝဲလာသည်။
"ငါ သိသလောက်တော့ တောင်ပံပါ မြွေရွာရဲ့ သူတော်စင် မိန်းမပျို အဖြစ် ရွေးချယ်ခံရတဲ့ မိန်းကလေးတိုင်းကို နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး... အဲ့ဒီကလေး... သူမရဲ့ ဘဝက ရက်စက်လွန်းပါတယ်..."
သူ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ အဘိုးအို ပြောပြသော ဖြစ်စဉ်ကို နားထောင်ပြီးမှသာ ချင်စန်း အခြေအနေကို နားလည်သွားတော့သည်။
တောင်ပံပါ မြွေရွာတွင် ရှေးဟောင်း ဓလေ့ထုံးစံ တစ်ခု ရှိခဲ့သည်။ နှစ်စဉ် စုန်းနတ်ဘုရား ပွဲတော် မတိုင်မီ သူတို့ ထိန်းချုပ်မှုအောက်ရှိ ရွာများမှ အပျိုစင် မိန်းမပျို တစ်ဦးကို သူတော်စင် မိန်းမပျို အဖြစ် ရွေးချယ်လေ့ ရှိသည်။
သူတော်စင် မိန်းမပျို အနေဖြင့် စုန်းနတ်ဘုရား၏ ကောင်းချီးကို ရရှိမည်ဟု ဆိုကြပြီး ကြီးမားသော ဂုဏ်ယူစရာ တစ်ခုဟု သတ်မှတ်ကြသည်။ သို့သော် ထိုရွာများမှ လူတိုင်းက မိုက်မဲသူများ မဟုတ်ကြပေ။ ပွဲတော် ပြီးတိုင်း သူတော်စင် မိန်းမပျိုများမှာ ခြေရာလက်ရာ မကျန် ပျောက်ဆုံးသွားပြီး ဘယ်တော့မှ ပြန်မလာတော့။ ထိုနောက်ကွယ်တွင် သေချာပေါက် ကြောက်မက်ဖွယ် လျှို့ဝှက်ချက် တစ်ခု ရှိနေသည်မှာ ထင်ရှားလှသည်။
သို့တိုင် တောင်ပံပါ မြွေရွာကို မည်သူမှ မဆန့်ကျင်ရဲပေ။ သူတို့၏ ယဇ်ပုရောဟိတ်များကို စုန်းနတ်ဘုရား၏ တမန်တော်များ အဖြစ် ရှုမြင်ကြသည်။ ရွာသားများမှာ သာမန် လူသားများသာ ဖြစ်ပြီး ခုခံရန် ခွန်အားနှင့် သတ္တိ မရှိချေ။
ထို့အပြင် တောင်ပံပါ မြွေရွာက နှစ်တိုင်း ရွာတစ်ရွာတည်းမှ မိန်းကလေးကို တောင်းဆိုခြင်း မဟုတ်ပေ။ ရွာတစ်ရွာ၏ အလှည့်မှာ နှစ်အနည်းငယ်မှ တစ်ကြိမ်သာ ကျရောက်တတ်ပြီး ဝန်ထုပ်ဝန်ပိုးကို ခွဲဝေထားသဖြင့် သည်းခံနိုင်သော အနေအထား ဖြစ်နေခြင်းပင်။ အချိန်ကြာလာသည်နှင့်အမျှ ဤရက်စက်သော ဓလေ့ထုံးစံမှာ တိတ်တဆိတ် လက်ခံထားသော စည်းမျဉ်းတစ်ခု ဖြစ်လာခဲ့သည်။
ယခုနှစ်တွင် သူတော်စင် မိန်းမပျို ပေးအပ်ရန် အိမ်ခြေတစ်ထောင်ရွာ၏ အလှည့် ကျရောက်လာပြီး အအမလေးမှာလည်း အရွယ်ရောက်ခါစ ဖြစ်နေသည်။
တောင်ပံပါ မြွေရွာက သူတော်စင် မိန်းမပျို ရွေးချယ်ရာတွင် ရုပ်ရည် အသွင်အပြင်ကိုလည်း အလေးထားသည်။ အကယ်၍ ချင်စန်းသာ သူမ၏ အမှတ်အသားကို မကုသပေးခဲ့လျှင် အအမလေး အနေဖြင့် ဤကံကြမ္မာဆိုးမှ အမှန်တကယ် လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေမည်။
"အိမ်ခြေတစ်ထောင်ရွာမှာ သူတော်စင် မိန်းမပျိုကို ဘယ်လို ရွေးချယ်ကြတာလဲ..."
ချင်စန်း အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
အဘိုးအိုက ခါးသီးစွာ ရယ်မောရင်း…
"အားလုံးက ကပ်ဘေးလို့ သတ်မှတ်ထားတဲ့ ဒီကလေးကို ရှင်းထုတ်ပစ်ချင်နေကြတာ... တချို့ဆို သူ့ကို သေလမ်းပို့ဖို့ ကြိုးစားနေတာ ကြာပြီ... ရွေးချယ်စရာ လိုသေးလို့လား... အခု သူ ပြန်ကောင်းသွားတော့ လူဘယ်နှယောက်လောက်များ ပျော်ပြီး ကခုန်နေကြမလဲ မသိဘူး..."
"သူတို့အားလုံး သေထိုက်တယ်..."
ချင်စန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြတင်းပေါက်မှ တဆင့် အိမ်ခြေတစ်ထောင်ရွာကို လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးများတွင် နှင်းခဲရောင်များ ဖြတ်ပြေးသွားသော်လည်း လှုပ်ရှားခြင်း မပြုခဲ့ပေ။ ထိုသို့ လုပ်ဆောင်ခြင်းက စည်းကျော်ရာ ရောက်ပေလိမ့်မည်။
အအမလေးမှာ ငယ်ရွယ်စဉ် ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့ပြီး ယခုအချိန်ထိ အသက်ရှင်သန်နိုင်ခဲ့ခြင်းမှာ ရွာထဲမှ လူအနည်းငယ်၏ အကူအညီကြောင့် ဖြစ်သည်။
သူမ ကိုယ်တိုင် ဆုံးဖြတ်ပါစေလေ။
End
***