"အအမလေး... မင်း ဒုက္ခတွေ အများကြီး ခံစားခဲ့ရပြီ... နောက်ဆုံးတော့ အခါးတွေ ကုန်ဆုံးသွားခဲ့ပြီပေါ့ကွယ်... မင်းက စုန်းနတ်ဘုရားရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး သူ့တမန်တော် တစ်ပါးနဲ့ ဆုံတွေ့ခဲ့တယ်... ဒါ မင်းရဲ့ ကံကြမ္မာပဲ... သူ့နောက်ကို လိုက်သွားပါတော့... ဘယ်တော့မှ ပြန်မလာနဲ့တော့နော်..."
အဘိုးအိုက ဗလာကျင်းနေသော ပြတင်းပေါက်ကို ငေးကြည့်ရင်း မျက်လုံးများ ဟာလာဟင်းလင်း ဖြစ်နေသည်။ နေဝင်ချိန်၏ ဆွေးမြေ့ဖွယ် အလင်းရောင်အောက်တွင် ကိုယ့်ဘာသာကိုယ် တီးတိုး ရေရွတ်လိုက်တော့သည်။
တောင်ပံပါ မြွေရွာ။
ဤဒေသတွင် အကြီးဆုံးနှင့် အင်အားအကြီးဆုံး ရွာဖြစ်ပြီး အင်မော်တယ် ကျင့်ကြံသူများ နေထိုင်သည့် တစ်ခုတည်းသော ရွာလည်း ဖြစ်သည်။ ပတ်ဝန်းကျင် နယ်မြေများ၏ အရှင်သခင် ဖြစ်ပြီး သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်စွမ်း ရှိသူများဆိုလည်း မမှားပေ။
ရွာတွင် ဝက်ဝံတောင် ဒေသတစ်ခုလုံး အလေးထားရသော အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ယဇ်ပုရောဟိတ်အို တစ်ပါးပင် ရှိနေသည် မဟုတ်ပါလား။
တောင်ပံပါ မြွေရွာမှာ ခမ်းနားထည်ဝါသော တောင်ကြီး တစ်ခု၏ ခြေရင်းတွင် တည်ရှိသည်။ စိမ်းလန်းစိုပြေသော သစ်တောများက တောင်စောင်းများကို လွှမ်းခြုံထားပြီး တောင်ခြေတွင် ချင်းယီမြစ်၏ အကြီးဆုံး လက်တက်နှင့် ဆက်သွယ်ထားသော ကျယ်ပြောသည့် ရေကန်ကြီး တစ်ခု ရှိသည်။
ရေကန်မှာ ကြေးမုံပြင် ကဲ့သို့ ငြိမ်သက်နေပြီး ကမ္ဘာမြေ၏ မျက်လုံး တစ်လုံးအလား ကြည်လင်နေသည်။
ရွာကို ရေကန်တောင်ဘက် ကမ်းပါးတစ်လျှောက် တည်ဆောက်ထား၏။ လက်ရာမြောက်သော သစ်သားနှင့် ဝါးအိမ်များက စီတန်းနေပြီး အိမ်ခြေတစ်ထောင်ရွာရှိ ခြေတံရှည် အိမ်များထက် များစွာ ပိုဇိမ်ကျသည်။ ဤနေရာရှိ လူများမှာ အင်မော်တယ် ကျင့်ကြံသူများ၏ ကာကွယ်မှုအောက်တွင် သက်တောင့်သက်သာနှင့် ကြွယ်ဝချမ်းသာစွာ နေထိုင်ကြသည်။ သာမန် လူသားများကြားတွင် သူတို့က မှူးမတ်များကဲ့သို့ နေထိုင်ကြခြင်းပင်။
ညရောက်လာသည်။
ရွာမီးများကား တောက်ပစွာ လင်းလက်လျက်။ ရွာသား အများအပြားမှာ လူကြီးရော ကလေးပါ ရေကန် ကမ်းနားတွင် ကစားနေကြသည်။
ရေကန် အလယ်ဗဟိုတွင် တိတ်တဆိတ် ပေါ်လာသော ပုံရိပ်တစ်ခုကို မည်သူမှ သတိမထားမိပေ။
တောင်ပံပါ မြွေရွာရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူမှာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့်သာ ရှိသည်။ ချင်စန်း အနေဖြင့် ဗြောင်ကျကျ လမ်းလျှောက်ဝင်သွားပြီး ကျင့်ကြံသူ အားလုံးကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သည် မဟုတ်ပါလား။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ပေ။
ဆိုရိုးစကား ရှိသည် မဟုတ်လော... လူတစ်ယောက်ကို ငါးပေးခြင်းထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်း၏
တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ ဆိုလျှင် သူတို့၏ စိတ်ဆန္ဒအား အရင် ရှာဖွေပေးရမည်။
ရေကန် အလယ်ဗဟိုတွင် ပျံဝဲရင်း ချင်စန်းက သူ့စိတ်စွမ်းအင်ကို အတားအဆီးမရှိ ဖြန့်ကျက်လိုက်သည်။
နောက်တစ်ခဏတွင် သူ့မျက်လုံးများ တောက်ပလာသည်။ နောက်ဆုံးတွင် အအမလေးကို ရှာတွေ့ခဲ့လေပြီ။
သူမနှင့် အခြား သူတော်စင် မိန်းမပျိုများကို တောင်ဘက် ကမ်းပါးရှိ သစ်သား အဆောက်အအုံ တစ်ခုထဲတွင် ချုပ်နှောင်ထားသည်။ အပေါ်ယံ ကြည့်ရသလောက် ညှဉ်းပန်းနှိပ်စက် ခံထားရပုံ မရပေ။ အဆောက်အအုံကို အခန်းများစွာ ခွဲခြားထားပြီး သူတော်စင် မိန်းမပျို တစ်ဦးစီအား သီးသန့် အခန်းတစ်ခန်းစီ ပေးထားသည်။
အခန်းတိုင်းတွင် သန်မာသော အမျိုးသမီး နှစ်ဦးက စောင့်ကြည့်နေသည်။ တကယ်တမ်း ထိုသူများမှာ အစောင့်များပင်။
သစ်သား အဆောက်အအုံ၏ ဝင်ပေါက်တွင် ထိပ်တန်း အစောင့်တစ်စု ရပ်နေသဖြင့် ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။
အခန်းတိုင်းကို ဇိမ်ကျကျ ပြင်ဆင်ထားပြီး ထူးခြားသော ရနံ့ရှိသည့် ရှားပါး အမွှေးတိုင်များ ထွန်းညှိထားသည်။
အအမလေးမှာ ကုတင်အစွန်းတွင် ထိုင်နေပြီး လက်ထဲရှိ ချင်းဖူကြေးပြားကို ငေးငိုင်စွာ ကြည့်နေ၏။ အစောင့် အမျိုးသမီး နှစ်ဦးက သူမ ထွက်ပြေးမည်ကို စိုးရိမ်သကဲ့သို့ သိမ်းငှက် မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။
ဤအချက်က ချင်စန်းကို အံ့အားသင့်စေသည်။ ကြေးပြား ပျောက်ဆုံးသွားပြီ သို့မဟုတ် တောင်ပံပါ မြွေရွာ၏ ယဇ်ပုရောဟိတ်များက သိမ်းဆည်းသွားပြီဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမဆီတွင် ရှိနေသေးသည် မဟုတ်ပါလား။ အဘယ်ကြောင့် သူမ အကူအညီ တောင်းရန် ကြေးပြားကို မချိုးဖျက်ခဲ့သနည်း။
အအမလေး ထိခိုက်မှု မရှိသည်ကို မြင်လိုက်ရသဖြင့် ချင်စန်း အလျင်လိုမနေတော့။ ရွာထဲတွင် အခြား အင်မော်တယ် ကျင့်ကြံသူများ မရှိသလို ရေကန် နက်ရှိုင်းသော နေရာတွင်လည်း ပုံမှန်မဟုတ်သော အခြေအနေ မရှိကြောင်း သူ အာရုံခံမိသည်။
တောင်ထိပ်ဆီ ခေါင်းမော့ကြည့်ပြီးနောက် ချင်စန်း၏ ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
တောင်ထိပ် အချို့ကို ကျော်ဖြတ်ပြီးနောက် တောင်တန်းများ နက်ရှိုင်းရာတွင် ဖုံးကွယ်နေသော လုံးဝ ကွဲပြားခြားနားသည့် နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။
စိမ်းလန်းစိုပြေသော တောင်ထိပ်များကြားတွင် ရေတံခွန်တစ်ခုက မြင့်မားသော ချောက်ကမ်းပါးမှ တဆင့် ငြိမ်သက်သော ရေကန်တစ်ခုထဲသို့ စီးဆင်းနေသည်။ ရေကန် ပတ်လည်တွင် လက်ရာမြောက်သော ဝါးအိမ်အချို့ တည်ရှိနေ၏။
ဤနေရာရှိ ဝိညာဉ်ချီမှာ အလွန် ကြွယ်ဝပြီး လေတောင်ပံနက် သိမ်းငှက်၏ လှိုဏ်ဂူထက် မနိမ့်ကျပေ။ အင်မော်တယ် ကျင့်ကြံသူတိုင်း အိပ်မက်မက်မည့် သုခဘုံတစ်ခုပင်။
အောက်ဘက်တွင် ယဇ်ပုရောဟိတ်များ မရှိရခြင်းမှာ အံ့ဩစရာ မဟုတ်တော့။ သူတို့က ဤနေရာတွင် နေထိုင်နေကြခြင်း ဖြစ်သည်။
"သူတို့က ဘဝကို ဘယ်လို ပျော်ပါးရမလဲ ဆိုတာ သိသားပဲ..."
ချင်စန်းက ဝါးအိမ်များကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ အတွင်းရှိ ယဇ်ပုရောဟိတ်များ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ကျင့်ကြံခြင်း အဆင့်များကို အလွယ်တကူ ခွဲခြားသိမြင်လိုက်သော်လည်း သူတို့ကတော့ အပြင်ဘက်တွင် ဘာဖြစ်နေမှန်း လုံးဝ သတိမထားမိကြချေ။
ဝါးအိမ် တစ်လုံးထဲတွင် လူငယ်နှစ်ယောက် ပျင်းရိစွာဖြင့် ဝိုင်သောက်နေကြသည်။ သူတို့ မျက်နှာပေါ်တွင် ယဇ်ပုရောဟိတ် အဆင့်အတန်းကို ဖော်ပြနေသော ထူးဆန်းသည့် ရောင်စုံ အမှတ်အသားများဖြင့်။
ကောက်ကျစ်ပြီး လူမဲပုံစံရှိသော တစ်ယောက်က ဝိုင်ကို မော့သောက်ပြီး ဒရမ်မာဆန်ဆန် သက်ပြင်းချလိုက်သည်။
"စုန်းနတ်ဘုရား ပွဲတော် ရောက်တိုင်း ဘိုးဘေးကြီးက ငါတို့ကို ဒီမှာ ပိတ်လှောင်ထားတာ... သူတော်စင် မိန်းမပျိုတွေကို ငါတို့ ဖျက်ဆီးပစ်မှာ စိုးလို့တဲ့လေ... အားလုံးက ရွာတွေကနေ ရွေးချယ်ထားတဲ့ ဝိညာဉ်ဓာတ် အကြွယ်ဝဆုံး ကောင်မလေးတွေချည်းပဲ... ငယ်ရွယ်တယ်... နုနယ်တယ်... ပြီးတော့ မွှေးကြိုင်တဲ့ အမွှေးတိုင်တွေနဲ့ ရေချိုးပေးထားပြီး ဝိညာဉ်ဆေးဝါးတွေနဲ့ ပြုစုပျိုးထောင်ထားတော့ အသန့်စင်ဆုံး အချိန် ရောက်နေတာ... ဒါကို ငါတို့က တစ်ယောက်မှ မခံစားရဘူး... အဲဒီအစား ဒီမြွေစုတ်တွေကို ကျွေးပစ်လိုက်ရတယ်... နှမြောစရာ ကောင်းလိုက်တာကွာ..."
အနည်းငယ် ပိုတည်ငြိမ်သော အခြားတစ်ယောက်က သတိပေးလိုက်သည်။
"စကားကို ဆင်ခြင်ပြော... ဘိုးဘေးကြီး ကြားသွားရင် မင်းကို ထပ်ပြီး အပြစ်ပေးလိမ့်မယ်... ငါတို့က စုန်းနတ်ဘုရားရဲ့ တမန်တော်တွေလေ... ဘယ်လို မိန်းမမျိုးကို မရနိုင်ဘဲ ရှိမလဲ... ဂူပိုးကောင်တွေက ငါတို့ရဲ့ အခြေခံ အုတ်မြစ်ပဲ... အဲဒီ ကောင်မလေးတွေဆီက အသန့်စင်ဆုံး ယင်ချီကို ထုတ်ယူပြီးမှ ပန်းနီဆေးလုံး ဖော်စပ်နိုင်မှာ… ဒါတွေကို ငါတို့ရဲ့ တောင်ပံပါ မြွေတွေကို ကျွေးမွေးမှ ငါတို့ ဂူပိုးကောင်တွေ အဆင့်မြင့်လာမှာပေါ့... မင်းရဲ့ အပျော်အပါးက ဂူပိုးကောင်ထက် ပိုအရေးကြီးလို့လား..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ..." ကောက်ကျစ်သော သူက စိတ်မရှည်စွာ လက်ကာပြလိုက်သည်။
"မင်းက ငါ့ကို အရူးမှတ်နေလား... ငါ နားမလည်ဘူး ထင်နေလား... ငါတို့ ဒီလောက် ခါးသီးစွာ လေ့ကျင့်နေရပေမယ့် အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ရောက်ဖို့ အခွင့်အရေးက မရှိသလောက်ပဲ... ဒါပေမယ့် ငါတို့ ဒီမှာ ပိတ်မိနေပြီး ဘာမှ မခံစားနိုင်ဘူး... တွေးမိရင်ကို စိတ်ဆင်းရဲစရာ ကောင်းတယ်ကွာ... ငါ သာမန် ရွာလူကြီး လုပ်ပြီး လွတ်လွတ်လပ်လပ် နေလိုက်ချင်တော့တယ်..."
သူက ဝိုင်တစ်ငုံ ထပ်သောက်ပြီး သက်ပြင်းချ၍…
"ပန်းနီဆေးလုံး အတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်တဲ့ အရွက်နီမြက်ပင်က တစ်နှစ်မှ အပင်နည်းနည်းပဲ ရိတ်သိမ်းလို့ ရတာ ဆိုးတာပဲ... ငါတို့ ဆေးလုံး အများကြီး မဖော်စပ်နိုင်ဘူးလေ... မဟုတ်ရင် ရွာတိုင်းက မိန်းကလေးတွေကို ဖမ်းလာ၊ ဆေးလုံးအဖြစ် ပြောင်းပြီး ငါတို့ရဲ့ အချစ်တော်လေးတွေကို ကျွေးပစ်လိုက်မှာ... အဲဒီလိုဆိုရင် သူတို့ ဒုတိယ အသွင်ပြောင်းလဲခြင်း အဆင့်ကို တိုက်ရိုက် ရောက်သွားနိုင်ပြီ… ငါတို့ ဒီလောက် ပင်ပန်းစရာ မလိုတော့ဘူး မဟုတ်လား..."
ပြောရင်းဆိုရင်း သူက လက်ဖဝါး ဖြန့်လိုက်သည်။ လက်ထဲတွင် ထူးဆန်းသော တောင်ပံပါ မြွေတစ်ကောင် ရှိနေသည်။
သတ္တဝါမှာ ဖြူဖွေးပြီး သွယ်လျကာ လက်ချောင်း တစ်ချောင်းစာလောက်သာ ရှည်သည်။ ၎င်း လျှာနှင့် မျက်လုံးများမှာ နီရဲနေသဖြင့် ကျောချမ်းဖွယ် ပုံစံ ပေါက်နေ၏။
ဤသည်မှာ တောင်ပံပါ မြွေရွာရှိ ယဇ်ပုရောဟိတ်များ၏ သက်စောင့် ဂူပိုးကောင်ဖြစ်သော တောင်ပံပါမြွေ ခေါ် ဝိညာဉ်ပိုးကောင်ပင်။
ကောက်ကျစ်သော ယဇ်ပုရောဟိတ်က ဝိညာဉ်ဝိုင် တစ်စက်ကို လက်ဖဝါးထဲ ချပေးလိုက်သည်။ တောင်ပံပါ မြွေက လိမ္မာစွာ လျက်ယူ၏။
အခြား ယဇ်ပုရောဟိတ်က ခေါင်းခါရင်း ရယ်မောကာဖြင့်…
"မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း မတိုးတက်ဘဲနဲ့ ဂူပိုးကောင်အဆင့်တက်သွားတော့ ဘာအသုံးဝင်မှာလဲ... မင်းရဲ့ သက်စောင့် ဂူပိုးကောင် တန်ပြန်သက်ရောက်မှုကို မကြောက်ဘူးလား..."
တောင်ပံပါ မြွေရွာ ဆိုသော အမည်ကို စကြားကတည်းက ချင်စန်း အများစုကို ခန့်မှန်းမိပြီး ဖြစ်သည်။ ရွာရှိ ယဇ်ပုရောဟိတ်များ အသုံးပြုသော သက်စောင့် ဂူပိုးကောင်မှာ ထိုသတ္တဝါ ဖြစ်ဖို့ များသည်။
တောင်ပံပါ မြွေသည် ယင်ချီကို အမှီပြု ရှင်သန်ပြီး ပုန်းအောင်းရာတွင် ထူးချွန်ကာ ခန္ဓာကိုယ် အတွင်း အေးစက်သော အဆိပ်တစ်မျိုး ထုတ်လုပ်နိုင်သည်။ အဆိပ်မှာ အလွန် ပြင်းထန်သည်။ အဆိပ်သင့်သူများမှာ တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားရပြီး ဝိညာဉ်စွမ်းအင် စီးဆင်းမှု နှေးကွေးသွားကာ ခွန်အားများ သိသိသာသာ လျော့နည်းသွားတတ်သည်။
ထိုကဲ့သို့ ဝိညာဉ်ပိုးကောင် မွေးမြူထားခြင်းက ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် အဆိပ်ခတ်ခြင်း နည်းဗျူဟာများ အတွက် အလွန် အသုံးဝင်၏။
တောင်ပံပါ မြွေမှာ အသွင်ပြောင်းလဲခြင်း သုံးကြိမ်သာ ပြုလုပ်နိုင်သော ကန့်သတ်ချက်ကြောင့် သဘာဝလွန် အင်းဆက် မှတ်တမ်းတွင် မပါဝင်သော်လည်း စုန်းပိုးမွှား မှတ်တမ်းတွင် အဆင့် ၄၇၃ နေရာ၌ ရပ်တည်ထားပြီး သွေးတောင်ပံ သရဲပျားထက်ပင် အဆင့်မြင့်မားသည်။
တောင်ပံပါ မြွေရွာကဲ့သို့ မျိုးဆက် အဆက်ဆက် ယဇ်ပုရောဟိတ်များ အားလုံး တူညီသော သက်စောင့် ဂူပိုးကောင်ကို ရွေးချယ်ကြသည့် နေရာမျိုးတွင် သေချာပေါက် ထူးခြားသော မွေးမြူနည်း ရှိပေလိမ့်မည်။ စောစောက ပြောခဲ့သော ပန်းနီဆေးလုံးမှာ ထိုကျင့်စဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။
အခန်းထဲတွင် အနီရောင် ဖယောင်းတိုင်များ ထွန်းညှိထားသည်။
အအမလေးမှာ တွေဝေငေးမောနေဆဲ ဖြစ်ပြီး လက်ထဲရှိ ချင်းဖူကြေးပြားကို စိုက်ကြည့်နေသည်။ သူမ မျက်တောင် မခတ်သည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး အတွေးများထဲ မျောပါနေ၏။
ရုတ်တရက် တံခါးဝတွင် ရပ်နေသော သန်မာသည့် အမျိုးသမီး နှစ်ဦး ကြမ်းပြင်ပေါ်သို့ တပြိုင်နက် လဲကျသွားသည်။
အအမလေး အံ့အားသင့်စွာ မျက်တောင်ခတ်ပြီး အလျင်အမြန် ထရပ်လိုက်သည်။ မော့ကြည့်ချိန်တွင် ကုတင်ဘေး၌ လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားသည်။
"လက်ပြတ်နေတဲ့ အစ်ကိုကြီး... အစ်ကို့ ဒဏ်ရာ ပျောက်သွားပြီပဲ..." အအမလေးက ချင်စန်းကို ချက်ချင်း မှတ်မိသွားပြီး မြင်လိုက်သည်နှင့် တောက်ပသော အပြုံးတစ်ခု သူမ မျက်နှာပေါ် ပွင့်လန်းလာလေပြီ။
သို့သော် ထိုအပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူမ အကြည့်များ မှေးမှိန်သွားပြီး စိုးရိမ်ပူပန်သော မျက်နှာထား ပေါ်လာသည်။
"အစ်ကိုကြီး... အစ်ကို ထွက်သွားရမယ်... ညီမအတွက် စိတ်မပူပါနဲ့... တောင်ပံပါ မြွေရွာမှာ စုန်းနတ်ဘုရားရဲ့ တမန်တော်တွေ ရှိတယ်..."
"မင်း အကူအညီ မတောင်းခဲ့တာက... ငါ ဒီက ယဇ်ပုရောဟိတ်တွေကို မနိုင်မှာ၊ ပြီးတော့ ငါ့ကို အန္တရာယ်ထဲ ဆွဲထည့်မိမှာ ကြောက်လို့လား..." ချင်စန်း တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"မင်း မေ့သွားပြီလား... ငါ ပြောခဲ့တယ်လေ... ငါက အရမ်း စွမ်းအားကြီးတယ်လို့..."
အအမလေးမှာ မသက်မသာ ဖြစ်နေဆဲပင်။
"ဒါပေမယ့် တောင်ပံပါ မြွေရွာမှာ တမန်တော်တွေ အများကြီး ရှိတယ်..."
"ရှိတော့ကော ဘာဖြစ်လဲ... အားလုံးက အမှိုက်တွေပဲ... သူတို့က မင်းကို ဒုက္ခပေးရဲတယ်ပေါ့... မင်း သူတို့ကို ဓားချက်တစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်ရဲလား..."
ချင်စန်းက ရွှေရေခဲဓားကို ပြောင်းပြန်ကိုင်ပြီး သူမထံ ကမ်းပေးလိုက်သည်။
End
***