မြို့ထဲသို့ မဝင်ရောက်မီ လင်းမူ လက်စွပ်ထဲမှ ဝတ်ရုံတစ်ထည်ကို ထုတ်ယူပြီး သူ့လက်ထဲရှိ ခြုံပုတ်တောကြောင်ညိုကို ဖုံးအုပ်လိုက်၏။ လူများ သားရဲကို မြင်ပြီး မေးခွန်းထုတ်မည်ကို သူ မလိုလားပေ။ ယင်းက သူ့အတွက် အခက်အခဲ မဖြစ်စေနိုင်သော်လည်း သူတို့ကို ရှင်းပြနေရမည့် အချိန်များကို မဖြုန်းတီးလိုသောကြောင့် ဖြစ်ပေသည်။
တရားခံ သုံးဦးကို အလဲထိုးခဲ့သော လမ်းကြားကို ဖြတ်သန်းသွားစဉ် လင်းမူ တင်းမာနေသော လေထုကို အာရုံခံမိလိုက်၏။ သူ အထဲသို့ ခဏတာ လှမ်းကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သွေးများ မရှိတော့သလို သတိလစ်နေသော လူများလည်း မရှိတော့ကြောင်း တွေ့လိုက်ရသည်။
"အင်း... သူတို့ တော်တော် လက်မြန်တာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ အနီးအနားရှိ လူများက လတ်တလော အဖြစ်အပျက်ကြောင့် အနည်းငယ် တင်းမာနေပုံရပြီး သူ့လုပ်ရပ်များအပေါ် သဘောထား ကွဲလွဲနေပုံ ရလေသည်။ အချို့က လင်းမူ ပြသခဲ့သော ခွန်အားကို သဘောကျ အထင်ကြီးနေကြသော်လည်း အချို့ကမူ သူ့ရက်စက်မှုကြောင့် အတော်လေး တုန်လှုပ်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေကြ၏။
လင်းမူ ထိုလူများကို ဖြတ်သန်းသွားစဉ် ကြားရသည့် စကားများကို စိတ်ထဲမထားဘဲ အလွယ်တကူ လျစ်လျူရှုလိုက်သည်။ ဆယ်မိနစ် အကြာတွင် သူ အိမ်သို့ ရောက်ရှိသွားပြီး ခြုံပုတ်တောကြောင်ညိုကို ကုတင်ပေါ်တွင် ချပေးလိုက်၏။ သားရဲက ယင်းကို သဘောကျပုံရပြီး ခေါင်းအုံးဘေးတွင် အလျင်အမြန် ကွေးကွေးလေး အိပ်ကာ စောင်ထဲသို့ တိုးဝင်သွားတော့သည်။
"ရော့... ဒီမှာ အိပ်တော့ ကောင်လေး..." လင်းမူ အနည်းငယ် ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်၏။
သူ သားရဲကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ဟွေပေါင်ဆီ သွားလည်ရန် ဆုံးဖြတ်လိုက်၏။ ထိုတရားခံ သုံးဦးထံမှ မည်သည့် သတင်းအချက်အလက်များ ရယူနိုင်ခဲ့မှန်း သူ သိချင်နေပေသည်။
ဆယ့်ငါးမိနစ် အကြာတွင် လင်းမူ မြို့လယ်ခေါင် အဆောက်အအုံ၏ ဝင်ပေါက်၌ ရပ်နေပြီး မြို့လယ်ခေါင် မြေအောက်ခန်းရှိ အခြား အခန်းတစ်ခန်းဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားခံရသည်။ သူ့ကို လိုက်ပို့သော အစောင့်များက သူ့အပေါ် အလွန် လေးစားမှု ရှိကြပြီး အခန်းဆီသို့ အလျင်အမြန် လမ်းပြခေါ်ဆောင်သွားကြ၏။
တံခါးဖွင့်လိုက်သည်နှင့် လင်းမူ အခန်းထဲတွင် လူခုနစ်ဦးကို တွေ့လိုက်ရသည်။ ထိုအထဲမှ သုံးဦးမှာ တရားခံများ ဖြစ်ပြီး ကျန်သူများမှာ ဟွေပေါင် အပါအဝင် ဟွေ တပ်မဟာ အဖွဲ့ဝင်များ ဖြစ်ကြပေသည်။ သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ အခန်းမှာ အတော်လေး ရိုးရှင်းပြီး ပရိဘောဂ အချို့နှင့် တရားခံကို ချည်နှောင်ထားသော အလယ်ရှိ သတ္တုကုလားထိုင်မှလွဲ၍ အခြား ဘာမျှ မရှိကြောင်း တွေ့လိုက်ရ၏။
တရားခံ သုံးဦးအနက် ခြေလက် ပြတ်တောက်နေသူကို ကုလားထိုင်တွင် သံကြိုးဖြင့် ချည်နှောင်ထားပြီး ကျန်နှစ်ဦးမှာ မြေကြီးပေါ်တွင် လဲလျောင်းနေကြသည်။ လင်းမူ စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ မြေကြီးပေါ်တွင် လဲနေသော နှစ်ဦးမှာ သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
'သူတို့ တာဝန် ကျေပွန်သွားပုံရတယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်ပြီး လောလောဆယ် တရားခံကို နှိပ်စက်နေသော လူထံသို့ အကြည့်ကို ပြန်လွှဲလိုက်သည်။
အား
တရားခံ၏ အော်ဟစ်သံများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လင်းမူ၏ နားထဲတွင် မြည်ဟည်းသွား၏။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တော်ပါတော့..." တရားခံ အလွန် ခက်ခဲစွာဖြင့် ပြောလိုက်သည်။
ဟွေပေါင်ဘေးတွင် ရပ်နေသော အခြား ဟွေ တပ်မဟာ အဖွဲ့ဝင် တစ်ဦးက ဟွေပေါင်ကို ကြည့်ပြီး စကားပြောလိုက်၏။
"ဒါက ကျွန်တော်တို့ ရနိုင်သမျှ အကုန်ပါပဲ... ဒီထက်ပိုရင် သူ့စိတ်တွေ ပျက်စီးသွားတော့မှာ... အခုပဲ အဆုံးသတ်လိုက်တာ ပိုကောင်းမယ်..." ထိုလူက ပြောလိုက်သည်။
ဟွေပေါင် တစ်ခုခုကို စဉ်းစားနေပုံရပြီးနောက် ထိုလူကို ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ... ကျန်တဲ့သူတွေလိုပဲ သူ့ကို အဆုံးသတ်လိုက်တော့... ငါတို့ သတင်းအချက်အလက် အများကြီး ရခဲ့ပါပြီ... ဒါက အခုချိန်ထိ ငါတို့အတွက် အကောင်းဆုံး ရလဒ်ပဲ..." ဟွေပေါင် ကျေနပ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
ဟွေပေါင်၏ စကားကို ကြားပြီးနောက် တရားခံ၏ မျက်နှာထား ပျက်ယွင်းသွားပြီး ဘာဖြစ်တော့မည်မှန်း သူ သိလိုက်သည်။ သို့သော် သူ နောက်ဆုံး အော်ဟစ်သံ မထွက်ပေါ်မီမှာပင် လည်ပင်းနောက်ဘက်သို့ လျင်မြန်သော ထိုးနှက်ချက် တစ်ခု ကျရောက်လာပြီး ကျောရိုး ကျိုးသွားကာ အဆုံးသတ်သွားတော့သည်။
"ဒါကို ရှင်းလင်းလိုက်... ငါ တခြား လုပ်စရာတွေ ရှိသေးတယ်..." ဟွေပေါင် အမိန့်ပေးလိုက်ပြီး လင်းမူကို သူ့နောက်လိုက်ခဲ့ရန် လက်ဟန်ပြလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး အပေါ်ထပ်ရှိ သီးသန့် ရုံးခန်းဆီသို့ သူ့နောက်မှ လိုက်ပါသွားသည်။ သူတို့ စားပွဲတွင် ထိုင်လိုက်ကြပြီး ဟွေပေါင် လက်ဖက်ရည် အနည်းငယ် ပြင်ဆင်လိုက်၏။
"မင်းကျေးဇူးကြောင့် ငါတို့ သတင်းအချက်အလက် အများကြီး ရခဲ့တယ်... သူတို့က တော်တော် ပါးနပ်ကြတာ..." ဟွေပေါင် လက်ဖက်ရည်အိုးထဲတွင် ရေနွေးတည်ရင်း ပြောလိုက်သည်။
"ဒါ ကောင်းတာပေါ့... ဒါပေမဲ့ ကျုပ် နားမလည်တာက အခုချိန်ထိ သူတို့ရဲ့ ခြေရာလက်ရာတွေကို ဘယ်လိုလုပ် ရှာမတွေ့ခဲ့ရတာလဲ..." လင်းမူ အနည်းငယ် ဇဝေဇဝါ လေသံဖြင့် မေးလိုက်၏။
"အဲဒါ ဘာလို့လဲဆိုတော့ တကယ့် မူလ တရားခံတွေက မြို့ထဲမှာ တစ်ယောက်မှ မကျန်တော့လို့ပဲ... လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပြီးတဲ့နောက် သူတို့ အများစုက မြို့ကနေ ထွက်ခွာသွားကြပြီ... ပြီးတော့ မစ်ရှင် ရလဒ်တွေ ထွက်လာတာနဲ့ သူတို့ အဖွဲ့အစည်းက ကျန်နေတဲ့ အဖွဲ့ဝင်တွေလည်း ထွက်သွားကြတာပဲ...”
"ဒီသုံးယောက်က တကယ်တော့ ဘယ်တုန်းကမှ ထုတ်ဖော်မခံရတဲ့ ဖုံးကွယ်ထားတဲ့ အဖွဲ့ဝင်တွေ ဖြစ်ပြီး အခုချိန်ထိ ဘယ်အဖြစ်အပျက်မှာမှ မပါဝင်ခဲ့ကြဘူး... သူတို့က ခရီးသွား မုဆိုးတွေနဲ့ ရောနှောပြီး မြို့က တည်းခိုဆောင်တွေမှာ လနဲ့ချီပြီး တိတ်တဆိတ် ပုန်းအောင်းနေခဲ့ကြတာ..." ဟွေပေါင် ရှင်းပြလိုက်၏။
လင်းမူ ထိုအရာကြောင့် စိတ်ဝင်စားသွားပြီး သူတို့၏ ဉာဏ်ရည်ကို အနည်းငယ် သဘောကျသွားမိသည်။ သို့သော် သူတို့ ထိုမျှအထိ ကြိုတင် စီစဉ်နိုင်ရန်အတွက် သေချာပေါက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
"ဒီတရားခံတွေ... သူတို့ နောက်ကွယ်မှာ ဘယ်သူ ရှိနေလဲဆိုတာ ခင်ဗျားတို့ သိရပြီလား..." လင်းမူ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
သူ ထိုသို့ မေးလိုက်သည်နှင့် လက်ဖက်ရည်အိုးထဲမှ ရေဆူလာပြီး လက်ဖက်ရည်အိုးက လေချွန်သံ ထွက်ပေါ်လာ၏။ ဟွေပေါင် လက်ဖက်ရည်အိုးကို မီးပေါ်မှ ချလိုက်ပြီး လက်ဖက်ခြောက် အနည်းငယ် ထည့်ကာ စကားမပြောမီ နှပ်ထားလိုက်သည်။
"ဟုတ်တယ်... သိရပြီ... ဒီလူတွေက ကူ တပ်မဟာ လို့ခေါ်တဲ့ အဖွဲ့အစည်း တစ်ခုကပဲ... အရင်တုန်းက တခြားနေရာတွေမှာ သူတို့ရဲ့ ခြေရာလက်ရာတွေကို အကြိမ်အနည်းငယ် မြင်ဖူးပေမယ့် သူတို့ နာမည်ကို တကယ် သိရတာ ဒါ ပထမဆုံးအကြိမ်ပဲ... ဒါက ကြီးမားတဲ့ တိုးတက်မှု ဖြစ်ပြီး အားလုံးက မင်းကြောင့်ပဲ..."
"သခင်ကြီး ဒါကို အရမ်း ကျေနပ်လိမ့်မယ်..." ဟွေပေါင် ဖြေလိုက်၏။
လင်းမူ နာမည်ကို ကြားပြီး အသိအမှတ်ပြုကြောင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုလူများ အစက ပြောနေခဲ့သော စကားများကို သတိရသွားပြီး ပိုမို သိရှိလိုလာ၏။
"ကျုပ် သူတို့ကို တွေ့တုန်းက သူတို့ရဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေ အရှေ့ပိုင်းမြို့မှာ ရှိနေတယ်လို့ ပြောနေကြတယ်... အဲဒီအကြောင်း ပိုသိရသေးလား..." လင်းမူ မေးလိုက်သည်။
ဟွေပေါင် ခေါင်းခါပြလိုက်ပြီး လက်ဖက်ရည်ကို ခွက်နှစ်ခွက်ထဲ ငှဲ့ကာ တစ်ခွက်ကို လင်းမူရှေ့တွင် ချပေးလိုက်၏။
"ကံမကောင်းစွာနဲ့ပဲ ဒီလူတွေက သူတို့ အဖော်တချို့ အရှေ့ပိုင်းမြို့မှာ ရှိနေတယ် ဆိုတာလောက်ပဲ သိကြတယ်... ဘယ်လောက်များလဲ၊ ဘယ်နေရာမှာလဲ ဆိုတာ အတိအကျ မသိဘူး... အရှေ့ပိုင်းမြို့က စိုက်ပျိုးမြေတွေကြောင့် မြောက်ပိုင်းမြို့ထက် အများကြီး ပိုကြီးတယ်... သစ်တောနဲ့ နီးကပ်တာကိုတော့ ထည့်ပြောစရာတောင် မလိုဘူး... သူတို့ ဘယ်နေရာမှာ အတိအကျ ပုန်းနေလဲဆိုတာ ရှာတွေ့ဖို့ အချိန်ယူရလိမ့်မယ်...”
“ငါတို့ သူတို့နောက် လိုက်နေတယ်ဆိုတာကို သူတို့ မသိစေချင်ဘူး... ဒါကြောင့် ဒီမစ်ရှင်ကို အတွေ့အကြုံရှိတဲ့ ငါတို့ အဖွဲ့ဝင် အနည်းငယ်နဲ့ပဲ ကန့်သတ်ထားချင်တယ်... သတင်းအချက်အလက် လုံလုံလောက်လောက် စုဆောင်းမိတာနဲ့ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းပြီး အကုန်ဖမ်းဆီးဖို့ အချိန်ရောက်လာလိမ့်မယ်..." ဟွေပေါင် ပြတ်သားသော အသံဖြင့် ပြောလိုက်၏။
လင်းမူ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး အကြောင်းသင့်သည်ဟု ယူဆလိုက်သည်။ ထို့နောက် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံ သောက်လိုက်၏။ လက်ဖက်ရည်၏ လန်းဆန်းစေသော အရသာကို ခံစားလိုက်ရသဖြင့် သူ အနည်းငယ် ပိုမို သက်သောင့်သက်သာ ဖြစ်သွားပေသည်။
"ဒါနဲ့ မင်း ဘာလို့ သစ်တောထဲ သွားတာလဲ... မနေ့က အမဲလိုက်ပြီးပြီ မဟုတ်ဘူးလား..." ဟွေပေါင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
လင်းမူ လက်ဖက်ရည်ခွက်ကို အကုန်သောက်ပြီး စားပွဲပေါ် ပြန်ချကာ စကားပြောလိုက်သည်။
"မိတ်ဆွေသစ် တစ်ယောက် သွားဖွဲ့တာပါ..."
အခန်း ၂၅၁ ပြီး
***