လင်းမူ၏ စကားကို ကြားပြီးနောက် ဟွေပေါင် ဇဝေဇဝါ ဖြစ်သွားပုံရသည်။ ထိုဖော်ပြချက်နှင့် ကိုက်ညီမည့်သူ တစ်ယောက်ကိုမှ သူ စဉ်းစား၍ မရဘဲ သူ မသိသော သူတစ်ယောက်များလားဟု တွေးတောနေမိ၏။ လင်းမူအကြောင်း သူတို့ စုံစမ်းပြီးဖြစ်ရာ သူ့အကြောင်း အများစုကို သိထားသည်ဟု ထင်မှတ်ထားခဲ့ကြသည်။
မိတ်ဆွေများ ဆိုလျှင် မြို့ထဲတွင် လင်းမူ၏ မိတ်ဆွေ မရှိတော့ကြောင်း ဟွေပေါင် သိထား၏။ သူ့မိတ်ဆွေ အများစုမှာ နှစ်များတစ်လျှောက် မြို့မှ ထွက်ခွာသွားကြပြီး အချို့မှာ ကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ကြသည်။ အချို့မှာမူ မိသားစုဝင်များ သေဆုံးပြီးနောက် မြို့မှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
ကျန်ရှိနေသေးသူ တစ်ဦးမှာ လုရှောင် ဖြစ်သော်လည်း သူပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ လင်းမူ ပြောသော မိတ်ဆွေဆိုသည်မှာ ကျင်းဝေ ကုန်စုံဆိုင်မှ တစ်ယောက်ယောက် ဖြစ်နိုင်သည်ဟုလည်း သူ ခန့်မှန်းမိ၏။ ထိုဆိုင် သို့မဟုတ် ဆိုင်ရှင်အကြောင်း သူတို့ သိထားသည်မှာ အလွန် နည်းပါးလှပေသည်။
သူတို့ သိထားသော တစ်ခုတည်းသော သတင်းအချက်အလက်မှာ ကျင့်ကြံခြင်း အခြေခံ မြင့်မားသော အဘိုးနှင့် မြေးမ နှစ်ဦးက ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းသာ ဖြစ်ပေသည်။ သူတို့နှင့်အတူ အခြားသူများ ရှိမရှိ မသိသော်လည်း ရှိနိုင်ချေ များသည်ဟု ထင်မြင်ကြ၏။ ထိုမျှ စွမ်းအားကြီးမားသူ တစ်ဦးတွင် လူသိရှင်ကြား မဟုတ်လျှင်တောင် အစေခံ အနည်းငယ်တော့ ရှိရမည်ဟု သူတို့ ကောက်ချက်ချထားကြသည်။
ရုတ်တရက် ဟွေပေါင်၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပြီး အတွင်းစိတ်တွင် အံ့သြသွားမိ၏။
'ဖြစ်နိုင်မလား... သူ့နောက်ခံနဲ့ ပတ်သက်တဲ့ တစ်ယောက်ယောက်များလား... သူ့ဆရာတောင် ဖြစ်နိုင်တယ်...' ဟွေပေါင် တွေးတောလိုက်မိသည်။
လင်းမူ ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်ပြီး သူ့ခွက်အလွတ်ကို စိုက်ကြည့်နေသဖြင့် ဟွေပေါင်၏ မျက်နှာထားကို သတိမထားမိချေ။ သူ့အလုပ် ပြီးစီးသွားပြီ ဖြစ်၍ ကုလားထိုင်ကို နောက်တွန်းပြီး ပြန်ရန် ဆုံးဖြတ်လိုက်၏။
လင်းမူ မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ ဟွေပေါင် အတွေးထဲမှ ရုန်းထွက်လာပြီး ပြောလိုက်သည်။
"နေဦး... မင်း ဘာဆုလာဘ် လိုချင်လဲ... ငါ သခင်ကြီးဆီ မကြာခင် အစီရင်ခံစာ ပို့တော့မှာမို့လို့ မင်း လိုအပ်တာတွေကို အဲဒီထဲမှာ ထည့်ရေးပေးလို့ ရတယ်..." ဟွေပေါင် ပြောလိုက်၏။
သခင်ကြီးက လင်းမူကို သေချာပေါက် ဆုချချင်လိမ့်မည်ဟု ဟွေပေါင် ကောင်းကောင်း ခန့်မှန်းမိသဖြင့် ယခုပင် မေးထားလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်သည်။ လင်းမူ ဘာလိုအပ်မှန်း ပြောပြထားလျှင် အဖိုးတန် အချိန်တွေ အလဟဿ မဖြစ်တော့ဘူး မဟုတ်ပေလား။
လင်းမူ ခြေလှမ်း ရပ်တန့်သွားပြီး ဟွေပေါင်ကို ကြည့်လိုက်၏။
"ကျုပ် ဝိညာဥ်ကျောက်တုံးတွေနဲ့ အခြေခံ ချီဆေးလုံးတွေ လိုချင်ပါတယ်... ခင်ဗျားတို့ ပေးနိုင်သလောက်ပေါ့..." လင်းမူ တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။
လင်းမူ သူ့ရည်မှန်းချက်များကို သတ်မှတ်ထားပြီး နောက်တစ်ဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ထိုကဲ့သို့သော အရင်းအမြစ်များ လိုအပ်ကြောင်း သိထားပေသည်။ သူ ကျင်းဝေနှင့် တွမ်ခယ်တို့ထံမှ အချို့ ရရှိထားပြီး ဖြစ်သော်လည်း သူ့သုံးစွဲမှု နှုန်းထားကို ထည့်တွက်လျှင် အကြာကြီး ခံမည် မဟုတ်ကြောင်း လင်းမူ သိထား၏။
ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ်ကို လေ့ကျင့်ရာတွင်လည်း စိတ်ဝိညာဥ်ချီ အရည် အများအပြား လိုအပ်ပြီး လင်းမူ သူ သန့်စင်လိုက်သော စိတ်ဝိညာဥ်ချီ အရည်၏ ထက်ဝက်ကို ယင်းထဲသို့ ရင်းနှီးမြှုပ်နှံနေပေသည်။ ထိုအရာက နောက်တစ်ဆင့်သို့ တက်လှမ်းမည့် သူ့အရှိန်ကို ထက်ဝက် လျော့ကျသွားစေပြီး သူ့ဒန်ထျန်း အရွယ်အစား ကြီးထွားလာမှုကို ထည့်မပြောလျှင်တောင် အခြား ကျင့်ကြံသူများနှင့် ယှဉ်လျှင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် စိတ်ဝိညာဥ်ချီ ပိုမို လိုအပ်မည် ဖြစ်ပေသည်။
"ကောင်းပြီ... အဲဒါ လက်ခံနိုင်ပါတယ်..." ဟွေပေါင် လင်းမူ၏ စကားကို ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး ထိုသည်မှာ ပြင်ဆင်ရ အလွယ်ကူဆုံးနှင့် တိုက်ရိုက်အကျဆုံး ဆုလာဘ် ဖြစ်ကြောင်း သိလိုက်၏။
သခင်ကြီး ဝိညာဥ်ကျောက်တုံး ဘယ်လောက် ပေးမည်ကို သူ မသိသော်လည်း ၎င်းတို့မှာ အတော်လေး တန်ဖိုးရှိကြောင်း သိထားပြီး သူကိုယ်တိုင်ပင် အရေးပေါ် အခြေအနေအတွက် အနည်းငယ်သာ ဖယ်ချန်ထားရသည်။ အခြေခံ ချီဆေးလုံးများ အနေဖြင့်မူ သူ အရင်က အနည်းငယ် သုံးဖူးပြီး ဟွေ တပ်မဟာမှ ကျင့်ကြံသူများက လစဉ် ဆုကြေးအဖြစ် အချို့ ရရှိလေ့ ရှိကြပေသည်။
အခြေခံ ချီဆေးလုံးများကို ရှာဖွေရန် အတော်လေး လွယ်ကူပြီး မည်သည့် ဂိုဏ်းမဆို ထောက်ပံ့ပေးနိုင်ပေသည်။ သာမန် အဖွဲ့အစည်း အချို့ပင် ယင်းတို့ ထုတ်လုပ်မှုတွင် ပါဝင်ပြီး ရောင်းချလေ့ ရှိကြသည်။
"ငါတို့ နှစ်ရက်လောက်နေရင် အကြောင်းပြန်စာ ရလောက်တယ်... ရောက်လာရင် မင်းကို အသိပေးပါ့မယ်..." ဟွေပေါင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး မြို့လယ်ခေါင်မှ ထွက်ခွာကာ အိမ်သို့ ပြန်လာလိုက်သည်။ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ခြုံပုတ်တောကြောင်ညိုကို စစ်ဆေးကြည့်ရာ အိပ်ပျော်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ၎င်း၏ ခေါင်းမှာ ခေါင်းအုံးဘေးတွင် ကွေးကွေးလေး ဖြစ်နေပြီး ခန္ဓာကိုယ် တစ်ဝက်က စောင်ဖြင့် ဖုံးအုပ်နေပေသည်။
"သူ နိုးလာဖို့ အချိန်နည်းနည်း ယူရလိမ့်မယ်... သားရဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုက လူတွေထက် အများကြီး ပိုများပြီး ပြန်လည် နာလန်ထူဖို့ အချိန်ပိုကြာတယ်..." ရွှီခုန်း ပြောလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ ပြန်ဖြေပြီး ကျင့်ကြံရန် ထိုင်ချလိုက်သည်။
လင်းမူ အချိန်အများစုကို ကျင့်ကြံရာတွင် အသုံးပြုနေပြီး အလျင်အမြန် နီးကပ်လာနေသော သတ်မှတ်ရက်ကို သတိပြုမိနေ၏။ မဟာ အိပ်မောကျ ဝက်ဝံ နိုးလာရန် အချိန်အများကြီး ကျန်သေးသော်လည်း လင်းမူ ကြိုတင် အသင့်ပြင်ထားလိုပြီး မစွန့်စားလိုချေ။
သူ အခြေခံ ချီဆေးလုံးများ ပါရှိသော သေတ္တာကို ထုတ်ယူပြီး တစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ကာ စိတ်နှလုံး ဖြတ်တောက်ခြင်း မန္တာန်ကို ရွတ်ဖတ်လိုက်၏။ နာရီများ ကုန်ဆုံးသွားပြီး ညနေစောင်းလာသည်။ လင်းမူ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
ဟူး
သူ ခြုံပုတ်တောကြောင်ညိုကို ကြည့်လိုက်ရာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အင်း... အချိန်ပိုကြာဦးမယ့်ပုံပဲ..." လင်းမူ ရေရွတ်လိုက်ပြီး ချက်ပြုတ်ရန် မီးဖိုချောင်သို့ ထွက်လာ၏။
သားရဲအသား စားခြင်းနှင့် အသက်စွမ်းအင် စုပ်ယူခြင်းတို့မှာ ယခုအချိန်တွင် လင်းမူအတွက် ဒုတိယ သဘာဝကဲ့သို့ ဖြစ်နေပြီ ဖြစ်ပြီး မည်သို့ လုပ်ဆောင်ရမည်ကို သိပ်တွေးစရာပင် မလိုတော့ချေ။
သို့သော် လင်းမူ အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
‘ငါ ဘယ်မှာ အိပ်ရပါ့...’
"ဟို... သူ့ကို မနှောင့်ယှက်ချင်ဘူး... မရွှေ့ချင်ဘူး... သူ တော်တော် သက်သောင့်သက်သာ ရှိနေပုံပဲ..." လင်းမူ ခြုံပုတ်တောကြောင်ညိုကို ကြည့်ရင်း ပြောလိုက်၏။
သို့သော် သူ ပြောလိုက်သည်နှင့် သားရဲက အိပ်ပျော်နေရင်း တစ်စောင်း လှည့်လိုက်ပြီး လင်းမူအတွက် နေရာဖယ်ပေးလိုက်သည်။
"သူ မင်းရဲ့ အတွေးတွေကို နားလည်ပုံရတယ်..." ရွှီခုန်း ရယ်မောရင်း ပြောလိုက်၏။
လင်းမူ ရှက်ရွံ့စွာဖြင့် ခေါင်းကို ပွတ်သပ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲချကာ အိပ်မက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်။
အခန်း ၂၅၂ ပြီး
***