နောက်တစ်နေ့တွင် လင်းမူ အသားများ ထပ်မံ ပြင်ဆင်နေစဉ် ခြုံပုတ်တောကြောင်ညို နောက်ဆုံးတွင် နိုးလာ၏။
မြောင်
လင်းမူ ခြုံပုတ်တောကြောင်ညို၏ အိပ်ချင်မူးတူး မျက်နှာလေးကို ကြည့်ပြီး အတော်လေး ချစ်စရာကောင်းသည်ဟု ထင်မှတ်မိသည်။
"နောက်ဆုံးတော့ နိုးလာပြီပေါ့ ကောင်လေး..." လင်းမူ ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။
ဂူးဂူး
သားရဲလေး သာယာစွာ ညည်းတွားလိုက်ပြီး အထိအတွေ့ကို နှစ်သက်နေပုံ ရလေသည်။ ထိုအချိန်တွင် လင်းမူ သူ့စိတ်ထဲ၌ အတွေးတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
"အစာ..." ထိုအတွေးက ပြောလိုက်သည်။
"ဟော... ဪ... ဗိုက်ဆာနေပြီလား... လာသွားရအောင်... ငါ အစားအစာ တချို့ လုပ်ထားတယ်..." လင်းမူ ကုတင်ပေါ်မှ မထမီ ပြောလိုက်၏။
ခြုံပုတ်တောကြောင်ညို ကုတင်ပေါ်မှ ခုန်ဆင်းပြီး လင်းမူနောက်မှ လိုက်ပါသွားသည်။ သူတို့သည် စိတ်ချင်းဆက်သွယ်မှု တစ်ခု တည်ဆောက်ထားပြီး ဖြစ်၍ တစ်ယောက်၏ ရည်ရွယ်ချက်ကို အခြားတစ်ယောက်က နားလည်နိုင်ပေရာ ထိုကဲ့သို့သော လုပ်ရပ်များကို ဖော်ပြရန် သိပ်မခက်ခဲလှပေ။
မီးဖိုချောင်သို့ ရောက်သောအခါ ခြုံပုတ်တောကြောင်ညိုက မီးဖိုပေါ်တွင် ကင်နေသော အသားများနှင့် လေထုထဲတွင် ပျံ့နှံ့နေသော မွှေးရနံ့ကို မြင်တွေ့လိုက်ရ၏။
ဂါး
သားရဲလေး အသားများကို လိုချင်တပ်မက်စွာ ကြည့်ရင်း တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ လင်းမူ ဘာကို ဆိုလိုမှန်း သိသဖြင့် အသားတစ်ပိုင်းကို ဖြတ်ယူပြီး မျှော်လင့်တကြီး အမြီးယမ်းနေသော ခြုံပုတ်တောကြောင်ညို ရှေ့တွင် ချပေးလိုက်၏။
အသား သူ့ရှေ့ ရောက်သည်နှင့် ချက်ချင်း ခုန်အုပ်လိုက်သည်။ သို့သော် တစ်ကိုက် ကိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် အေးခဲသွားပြီး လင်းမူကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေ၏။
“နာအောင် မလုပ်ဘူးမလား..." လင်းမူ သူ့စိတ်ထဲတွင် ကြားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ခြုံပုတ်တောကြောင်ညို အသားများကို အားရပါးရ စတင် စားသောက်တော့သည်။ လင်းမူလည်း သူ့အတွက် အသားတစ်ပိုင်း ဖြတ်ယူပြီး စတင် စားသောက်လိုက်၏။ အကယ်၍ အခြား တစ်စုံတစ်ယောက်သာ သူတို့ စားသောက်နေသည်ကို မြင်တွေ့ရပါက မည်သူက သားရဲနည်းဟု တွေးတောမိမည်မှာ အသေအချာပင်။
လင်းမူ စားသောက်နေသော အရှိန်မှာ ပုံမှန်မဟုတ်သကဲ့သို့ ပမာဏမှာလည်း သူ့ခန္ဓာကိုယ် အရွယ်အစားနှင့် မလိုက်ဖက်အောင် များပြားနေပေသည်။ တစ်ဖက်တွင်မူ ခြုံပုတ်တောကြောင်ညိုသည်လည်း မြန်မြန် စားသောက်နေသည့်တိုင် ထူးဆန်းပုံ မရဘဲ ပမာဏမှာလည်း သင့်လျော်လေသည်။
လင်းမူ ခြုံပုတ်တောကြောင်ညို မစားပြီးမီ အများကြီး စောပြီး စားသောက်ပြီးစီးသွားကာ သားရဲလေး စားသောက်နေစဉ် အသက်စွမ်းအင်ကို စုပ်ယူနေလိုက်၏။ အမှန်တကယ်တွင် သူ့စားနှုန်းကြောင့် သူကိုယ်တိုင်ပင် အနည်းငယ် အံ့သြနေမိသည်။ ယခုအချိန်အထိ သူ နှိုင်းယှဉ်စရာ မရှိခဲ့ဘဲ သားရဲက သူ့ထက် နှေးကွေးစွာ စားသောက်နေသည်ကို မြင်ရသဖြင့် အနည်းငယ် ထူးဆန်းသလို ခံစားရခြင်း ဖြစ်ပေသည်။
သို့သော် သူ သိပ်ဂရုမစိုက်ဘဲ မကြာမီ မေ့ပျောက်သွားတော့သည်။ အသက်စွမ်းအင် အားလုံးကို စုပ်ယူပြီးစီးချိန်တွင် ခြုံပုတ်တောကြောင်ညိုလည်း စားသောက်ပြီးစီးသွားပြီး အသားစများကို ဖယ်ရှားရန် ပါးစပ်ကို လျှာဖြင့် သပ်နေလေပြီ။
"ဪ... ပြီးသွားပြီလား..." လင်းမူ မတ်တတ်ရပ်ရင်း ပြောလိုက်၏။
သူ မတ်တတ်ရပ်သည်ကို မြင်သောအခါ ခြုံပုတ်တောကြောင်ညိုလည်း တုံ့ပြန်ပြီး အိပ်ခန်းဆီသို့ သူ့နောက်မှ လိုက်ပါသွားသည်။ ခြုံပုတ်တောကြောင်ညိုက သူ့အတွေးများကို ထိုမျှ လွယ်ကူစွာ နားလည်နေသည်ကို မြင်ရသဖြင့် လင်းမူ ဝမ်းသာနေမိ၏။ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး ရှိရာသို့ လမ်းပြခိုင်းနိုင်မလားဟု သူ ယခု တွေးတောနေမိသည်။
"သူက မင်းရဲ့ သာမန် အတွေးတွေကို နားလည်နေပေမယ့် မင်း ဘာလိုချင်လဲဆိုတာ အတိအကျ ပြောပြဖို့တော့ နည်းနည်း ခက်ခဲလိမ့်မယ်..." ရွှီခုန်း ပြောလိုက်၏။
"ကျွန်တော် ကြိုးစားကြည့်ပြီး အောင်မြင်မလား ကြည့်ရမှာပေါ့... သူ နားလည်ဖို့ အချိန်အများကြီး မယူရပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ်..." လင်းမူ ပြန်ဖြေလိုက်၏။
သို့သော် ခြုံပုတ်တောကြောင်ညိုနှင့် ဆက်သွယ်ရန် ပြင်လိုက်စဉ်မှာပင် ၎င်းသည် ခေါင်းအုံးဘေးတွင် ကွေးကွေးလေး အိပ်ပျော်နေပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
"ဟမ်..." လင်းမူ ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။
ခြုံပုတ်တောကြောင်ညိုထံမှ ထွက်ပေါ်လာသော တိုးညင်းသည့် စိတ်ဝိညာဥ်ချီ လှိုင်းများကို သူ အာရုံခံမိပြီး ဘာဖြစ်နေသလဲဟု တွေးတောနေမိသည်။
"သူ ကျင့်ကြံနေတာ... ဒါက သားရဲ အများစု ကျင့်ကြံတဲ့ နည်းလမ်းပဲ... သူတို့က အစားအစာထဲက စိတ်ဝိညာဥ်ချီ အများစုကို စုပ်ယူပြီး လေထုထဲကနေလည်း တချို့တလေ စုပ်ယူကြတယ်... မင်း သူ့ကို ဘယ်လို သားရဲအသားမျိုး ကျွေးလိုက်လဲ မှတ်မိလား..." ရွှီခုန်း ဝင်ပြောလိုက်၏။
"ချီစုဆောင်းခြင်း အလယ်အဆင့်က... ဝိညာဥ်သားရဲ တစ်ကောင်လို့ ထင်တယ်..." လင်းမူ သဘောပေါက်သွားပြီး ဖြေလိုက်၏။
သူ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး ခြုံပုတ်တောကြောင်ညို၏ ခန္ဓာကိုယ်ကို စောင့်ကြည့်လိုက်သည်။ စိတ်ဝိညာဥ်ချီ လှိုင်းများက ခြုံပုတ်တောကြောင်ညို၏ နှလုံးအထက်နားတွင် တည်ရှိသော ဝိညာဥ် အမြုတေမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရ၏။
လင်းမူ ဝိညာဥ် အမြုတေကို အနီးကပ် စောင့်ကြည့်လိုက်ရာ ကျောက်မီးခိုးရောင် ရှိကြောင်း တွေ့ရှိရသည်။ ၎င်း၏ အရွယ်အစားမှာလည်း လက်သန်း လက်သည်းခွံ အရွယ်အစားခန့်သာ ရှိပြီး အတော်လေး သေးငယ်လေသည်။ လောလောဆယ် ဝိညာဥ် အမြုတေသည် စွမ်းအင်များဖြင့် တုန်ခါနေပြီး စိတ်ဝိညာဥ်ချီ အမျှင်တန်းများ ဆက်လက် ဝင်ရောက်နေ၏။
စိတ်ဝိညာဥ်ချီ အမျှင်တန်းများ ပိုမို ဝင်ရောက်လာလေ အရောင် ပိုမို ရင့်လာလေ ဖြစ်သည်။ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားပြီးနောက် ကြီးမားသော စိတ်ဝိညာဥ်ချီ လှိုင်းတစ်ခု ပေါ်လာပြီး ဝိညာဥ် အမြုတေမှ ပျံ့နှံ့သွား၏။ ယခုအခါ ယခင် ကျောက်မီးခိုးရောင်မှ မီးခိုးရင့်ရောင်သို့ ပြောင်းလဲသွားလေပြီ။
"သူ... အဆင့်တက်သွားတာလား..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်၏။
"ဒါပေါ့... မင်းက နောက်တစ်ဆင့်ကို ရောက်ဖို့ နီးစပ်နေတဲ့ ချီစုဆောင်းခြင်း အစောပိုင်း အဆင့် သားရဲတစ်ကောင်ကို သူ့ထက် အဆင့်ပိုမြင့်တဲ့ သားရဲတစ်ကောင်ရဲ့ အသား ကျွေးလိုက်တာကိုး... ဒါက ဖြစ်လာမှာ သေချာနေတာပဲ..." ရွှီခုန်း ပြန်ဖြေလိုက်၏။
"တကယ်တော့ ဒါက မင်းအတွက် ကောင်းတယ်... သားရဲက ကျင့်ကြံခြင်းမှာ တိုးတက်လာလေ ဉာဏ်ရည် ပိုတိုးလာလေပဲ... စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးက လုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးပြီး အရှိန်မြှင့်ပေးရုံ သက်သက်ပဲ... သားရဲ တစ်ကောင်က ကြီးထွားလာတာနဲ့အမျှ ဉာဏ်ရည်နဲ့ ဉာဏ်ပညာ တိုးတက်လာမှာပဲ..."
"အမြူတေ ဖွဲ့စည်းခြင်း အဆင့် သားရဲ ဖြစ်တဲ့ ခေါင်းဆောင် သံမဏိကျောရိုး ဝံပုလွေရဲ့ ဉာဏ်ရည်ကို မင်း မြင်ဖူးပြီးပြီဆိုတော့ သူတို့ရဲ့ စွမ်းရည်တွေကို မင်း ခန့်မှန်းနိုင်လောက်ပါတယ်... ခြုံပုတ်တောကြောင်ညိုလည်း မကြာခင် အဲဒီအဆင့်ကို ရောက်လာလိမ့်မယ်လို့ ငါ ထင်တယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ ထိုအရာကြောင့် အနည်းငယ် အံ့သြသွားသော်လည်း မကြာမီ ဝမ်းသာမှုက အစားထိုး ဝင်ရောက်လာသည်။
လင်းမူ သူ့စိတ်ထဲရှိ ခြုံပုတ်တောကြောင်ညိုနှင့် ဆက်သွယ်မှုကို အာရုံစိုက်လိုက်ရာ ယခင်ကထက် တကယ်ပဲ ပိုမို ကောင်းမွန်လာကြောင်း ခံစားမိလိုက်၏။ ယခင်က ဆံပင်တစ်မျှင် အထူလောက်သာ ရှိသော ကြိုးတစ်ချောင်း ဖြစ်ခဲ့လျှင် ယခု ချည်ကြိုးတစ်ချောင်းစာ အထူ ရှိလာလေပြီ။
လင်းမူ ခြုံပုတ်တောကြောင်ညို၏ ခံစားချက်များကိုလည်း အာရုံခံမိလိုက်၏။
"ပျော်တယ်..."
အခန်း ၂၅၃ ပြီး