လင်းမူ သူ့စိတ်ထဲတွင် ခဏစောင့်ရန်သာ ပြောလိုက်ပြီး ထိုနေရာကို စစ်ဆေးရန် စိတ်ဝိညာဥ်အာရုံကို အသုံးပြုကြည့်လိုက်၏။ သူ အစက ရောက်လာစဉ်ကတည်းက သံသယ ဝင်နေခဲ့သော်လည်း ခြုံပုတ်တောကြောင်ညို ပျောက်ကွယ်သွားရခြင်း၏ အကြောင်းရင်းကို မကြာမီ နားလည်သွားသည်။
"ဟင်... ဒီမှာ အစီအရင် အစုအဝေး တစ်ခု ရှိနေတာလား... ဘယ်လိုလုပ်ပြီး..." လင်းမူ ဇဝေဇဝါဖြင့် မေးလိုက်၏။
"သာမန် အစီအရင် အစုအဝေး မဟုတ်ဘူး... မင်းရဲ့ စိတ်ဝိညာဥ်အာရုံနဲ့ ပိုပြီး ဝေးဝေး ကြည့်လိုက်..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ သူ ပြောသည့်အတိုင်း လုပ်ဆောင်လိုက်ရာ နှစ်မီတာထက် ပို၍ မဖြန့်ကျက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ နှစ်မီတာ အကွာအဝေးသို့ ရောက်ပြီးနောက် သူ့စိတ်ဝိညာဥ်အာရုံသည် ကွေးညွတ်သွားပြီး အစီအရင်၏ အခြား အစိတ်အပိုင်း တစ်ခုမှ ပြန်ထွက်လာသကဲ့သို့ ဖြစ်နေပေသည်။
"ဒါက ဘာလဲ..." လင်းမူ မေးလိုက်၏။
"ဒါက တကယ်တော့ အစီအရင် နှစ်ခုကို အလွှာထပ်ပြီး အစီအရင် အစုအဝေး တစ်ခုအဖြစ် ပေါင်းစပ်ထားတာပဲ... မင်း ဒီနှစ်ခုကို အရင်က လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်မှာ မြင်ဖူးပေမယ့် သူ့အဆင့်က အများကြီး နိမ့်တယ်... ဆုံချက်တွေကို ရှာဖို့ မင်း အရင်က သုံးခဲ့တဲ့ နည်းလမ်းကို ပြန်သုံးလို့ ရပါတယ်..." ရွှီခုန်း ဖြေလိုက်၏။
ထို့နောက် လင်းမူ နှလုံးသား ဖြတ်တောက်ခြင်း မန္တာန်ကို စတင် ရွတ်ဖတ်ပြီး စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ အစီအရင် အစုအဝေးကို ထိတွေ့လိုက်၏။ ယခင်ကကဲ့သို့ပင် ဖြစ်ပျက်သွားပြီး သူ့စိတ်ဝိညာဥ်အာရုံ ကွေးညွတ်သွားကာ အခြား နေရာတစ်ခုမှ ပြန်ထွက်လာသည်။ သို့သော် လင်းမူ ဂရုမစိုက်ဘဲ နောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်၏။
တစ်နာရီလုံးလုံး ကုန်ဆုံးသွားပြီး လင်းမူ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ထိုသို့ပင် ဖြစ်ပျက်ခဲ့ပြီး သူ့စိတ်ဝိညာဥ်အာရုံက အခြား ကျပန်း နေရာတစ်ခုမှ ပြန်ထွက်လာပေသည်။
ရွှီခုန်း လင်းမူကို မည်သို့ ကူညီရမှန်း သိသော်လည်း တမင်တကာ မကူညီချေ။ အမှားများမှတစ်ဆင့် သင်ယူစေချင်ပြီး ယခင်ကထက် မည်မျှ တိုးတက်လာမှန်း သူ မြင်တွေ့လိုသောကြောင့် ဖြစ်ပေသည်။ သူ့ရှေ့ရှိ ထိုအစီအရင်က လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်ရှိ အစီအရင်နှင့် ဆင်တူသော်လည်း လင်းမူ ဖြေရှင်းခဲ့သော အစီအရင်နှင့် အတိအကျ တူညီခြင်း မရှိချေ။
ကွာခြားချက်မှာ လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်၏ အခြေခံ ဝိသေသလက္ခဏာတွင် တည်ရှိနေသည်။ လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်သည် ဝိညာဥ်ကိရိယာ တစ်ခု ဖြစ်ပြီး လက်တွေ့ကမ္ဘာနှင့် တစ်ပြင်တည်း တည်ရှိနေခြင်း မဟုတ်ဘဲ အဆင့်နိမ့် ဟင်းလင်းပြင် အတွင်းရှိ နယ်ပယ်ငယ် တစ်ခုတွင် တည်ရှိနေခြင်း ဖြစ်ပေသည်။ ထိုသည်မှာ လင်းမူ အတော်လေး မြန်မြန် ရှာတွေ့နိုင်ခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပြီး ဆန်းကြယ်သော လက်စွပ်က သူ့ကို ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခု ထိုအစီအရင်များက အဆင့်နိမ့်သော်လည်း အတားအဆီး တစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ထိုကဲ့သို့သော အစီအရင် အစုအဝေးကို အစီအရင် နှစ်မျိုးဖြင့် ဖွဲ့စည်းထား၏။ တစ်ခုမှာ လင်းမူ ယခင်က မြင်ဖူးသော သာမန် ပုံရိပ်ယောင် အစီအရင် ဖြစ်သည်။ ယင်းက ကျင်းဝေ ကုန်စုံဆိုင်နှင့် ယင်းတည်ရှိရာ လူသူကင်းမဲ့သော လမ်းကြားကို ဖုံးကွယ်ရန် အသုံးပြုခဲ့သော အစီအရင်နှင့် ဆင်တူပေသည်။
ဒုတိယ တစ်ခုမှာ ပိုမို ရှုပ်ထွေးပြီး ကြီးမားသော ပြဿနာကို အမှန်တကယ် ဖြစ်ပေါ်စေသော အစီအရင် ဖြစ်သည်။ ထိုကဲ့သို့သော အစီအရင်ကို စိတ်နှောက် အစီအရင်ဟု ခေါ်ပြီး ၎င်း၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ဝင်ရောက်လာသူကို ဇဝေဇဝါ ဖြစ်စေရန်ပင် ဖြစ်ပေသည်။ ယင်းက ဝင်ရောက်လာသူကို လမ်းကြောင်း ပြောင်းလဲသွားစေနိုင်ပြီး အခြား ဦးတည်ချက် တစ်ခုမှ ပြန်လည် ထွက်ခွာသွားစေနိုင်၏။
အချို့သော စိတ်နှောက် အစီအရင်များက စိတ်ဝိညာဥ်အာရုံကိုပင် လှည့်စားနိုင်ပြီး ယင်းကို အသုံးပြုနေသော ကျင့်ကြံသူအား သူ၏ စိတ်ဝိညာဥ်အာရုံကို တစ်ခုခုက ပိတ်ဆို့ထားသကဲ့သို့ ခံစားရစေနိုင်သည်။ စိတ်ဝိညာဥ်အာရုံအပေါ် သက်ရောက်နိုင်သော အခြား အကျိုးသက်ရောက်မှု တစ်ခုမှာ ကျင့်ကြံသူကို မှားယွင်းစွာ ခန့်မှန်းမိစေခြင်းပင် ဖြစ်ပေသည်။ ထိုအရာက သူတို့၏ စိတ်ဝိညာဥ်အာရုံကို ကျပန်း ဖြန့်ကျက်လိုက် ကျုံ့ဝင်လိုက် ဖြစ်စေနိုင်၏။
ထိုအစီအရင် နှစ်ခု၏ ပေါင်းစပ် အကျိုးသက်ရောက်မှုကြောင့် ထိုအစီအရင် အစုအဝေး ဖြစ်နေပြီး လင်းမူ၏ လမ်းကြောင်းတွင် အတားအဆီး တစ်ခု ဖြစ်နေခြင်းပင်။
'အင်း... ခြုံပုတ်တောကြောင်ညိုက ဘယ်လိုလုပ် ဖြတ်သွားနိုင်တာလဲ... သူ ဝင်သွားတဲ့ နေရာကို ငါ စစ်ဆေးကြည့်ပြီးပြီပဲ... အဲဒီမှာ ဘာမှ မရှိဘူးလေ... ငါ ဘာကို လွတ်သွားတာလဲ...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ထို့နောက် သူ ခြုံပုတ်တောကြောင်ညို၏ ဝိသေသလက္ခဏာများကို စဉ်းစားကြည့်ရာ ၎င်းတွင် ကိုယ်ပိုင် စိတ်ဝိညာဥ်အာရုံ မရှိကြောင်း သဘောပေါက်သွားသည်။ ခြုံပုတ်တောကြောင်ညို ပျောက်ကွယ်သွားစဉ်က လင်းမူ သူတို့နှစ်ဦးကြားရှိ ဆက်သွယ်မှုကို ခံစားနိုင်ဆဲ ဖြစ်ပြီး သားရဲက သူ့ရှေ့တည့်တည့်တွင် ရှိနေမှန်း သိရှိခဲ့ရ၏။
"အင်း... ဒါဆို ငါ့စိတ်ဝိညာဥ်အာရုံကို ကန့်သတ်ထားပြီး တိုက်ရိုက် ဝင်သွားရင် ဖြတ်သွားနိုင်မလား..." လင်းမူ အသံထွက် တွေးတောလိုက်သည်။
ထို့နောက် သူ ခြုံပုတ်တောကြောင်ညိုကို ကြည့်ပြီး ရှေ့ဆက်သွားရန် ပြောလိုက်ရာ ၎င်းက ချက်ချင်း လိုက်နာလိုက်၏။
ခြုံပုတ်တောကြောင်ညို ရှေ့သို့ လျှောက်သွားပြီး နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။ ဒီတစ်ကြိမ်တွင်မူ လင်းမူ အာရုံမလွတ်စေဘဲ ခြုံပုတ်တောကြောင်ညိုနှင့် ဆက်သွယ်မှုကိုသာ အာရုံစိုက်ထားလိုက်၏။
'ငါ့သီအိုရီကို အတည်ပြုဖို့ တစ်နည်းပဲ ရှိတယ်...' လင်းမူ ပြတ်သားစွာ တွေးလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
မမြင်ရသော အစီအရင်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူ့ရှေ့ရှိ မြင်ကွင်း ခဏတာ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရ၏။ အကယ်၍ အခြား ချီစုဆောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဆိုလျှင် ထိုကဲ့သို့သော အပြောင်းအလဲ အသေးစားလေးကို သတိပြုမိနိုင်မည်ပင် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယင်းက အလွန် လျင်မြန်ပြီး သာမန်မျက်စိဖြင့် ခွဲခြားသိမြင်ရန် ခက်ခဲသောကြောင့် ဖြစ်ပေသည်။
သို့သော် လင်းမူတွင် ထိုအပိုင်း၌ အားသာချက် တစ်ခု ရှိနေ၏။ လျှပ်ခုန်ကူး စွမ်းရည်ကို အသုံးပြုခြင်းကြောင့် လျင်မြန်သော အပြောင်းအလဲများနှင့် အသားကျနေသောကြောင့် ဖြစ်ပေသည်။ တစ်ခုခု ဖြစ်ပျက်သွားပြီး အပြောင်းအလဲ တစ်ခု ရှိကြောင်း သူ နားလည်လိုက်၏။ ခြုံပုတ်တောကြောင်ညို၏ တည်နေရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို အာရုံခံမိသောအခါ သူ၏ ထိုသံသယကို အတည်ပြုနိုင်သွား၏။
ယခင်က ဆက်သွယ်မှုကြောင့် လင်းမူ ခြုံပုတ်တောကြောင်ညိုအား သူ့ရှေ့တည့်တည့်တွင် ရှိနေကြောင်း သိခဲ့ပေသည်။ သို့သော် ယခု ယင်းက ဘယ်ဘက်တွင် ရှိနေကြောင်း ပြောပြနေ၏။ သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ နောက်တစ်ကြိမ် ထပ်ဖြစ်သွားပြန်ပြီး ထိုတစ်ကြိမ်တွင် ခြုံပုတ်တောကြောင်ညို၏ တည်နေရာက ဘာကြောင့်မှန်းမသိ သူ့အနောက်သို့ ပြောင်းလဲသွား၏။
လင်းမူ သူ့ဆက်သွယ်မှုနောက်သို့ မလိုက်ဘဲ မည်သည့်နေရာကို ရောက်သွားမည်မှန်း သိလိုသဖြင့် တည့်တည့်သာ ဆက်လျှောက်သွားလိုက်၏။ နှစ်မိနစ် အကြာတွင် လင်းမူ သူ စတင်ခဲ့သော နေရာသို့ ပြန်ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
"ဒါဆို ငါ တည့်တည့် ဆက်လျှောက်နေရင် ငါ့ကို မူလနေရာကို ပြန်ပို့ပေးမှာပေါ့... ခြုံပုတ်တောကြောင်ညိုနဲ့ ဆက်သွယ်မှုကလည်း တခြား တစ်မျိုး ပြောနေတယ်... အစီအရင် အစုအဝေးက ငါ သတိမထားမိဘဲ ငါသွားနေတဲ့ လမ်းကြောင်းကို ပြောင်းလဲပေးနေပုံရတယ်..." လင်းမူ ကောက်ချက်ချလိုက်၏။
'အင်း... နောက်တစ်ခါ ပြန်စမ်းကြည့်ရအောင်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်ပြီး အစီအရင် အစုအဝေးထဲသို့ နောက်တစ်ကြိမ် ခြေလှမ်း လှမ်းလိုက်ပြန်သည်။
ဒီတစ်ကြိမ်တွင်မူ သူ တည့်တည့် ဆက်မလျှောက်တော့ဘဲ ခြုံပုတ်တောကြောင်ညို၏ တည်နေရာ ပြောင်းလဲသွားတိုင်း ယင်းရှိရာဘက်သို့ မျက်နှာမူရန် လမ်းကြောင်း ပြောင်းလဲလိုက်၏။ ယခင်က အစီအရင် အစုအဝေးကို ဖြတ်ကျော်ပြီး ၂ မိနစ်အတွင်း ပြန်ထွက်လာခဲ့သော်လည်း ယခု သူ လမ်းလျှောက်နေသည်မှာ ၅ မိနစ်ကျော်နေပြီ ဖြစ်သည့်တိုင် အဆုံးသတ်ကို မမြင်ရသေးချေ။
'သူ နားလည်လုနီးပါး ဖြစ်နေပြီ... သူ့ရဲ့ စုံစမ်းစစ်ဆေးနိုင်စွမ်းက မဆိုးပါဘူး...' ရွှီခုန်း တွေးလိုက်၏။
အခန်း ၂၅၅ ပြီး