လင်းမူ ထိုအရာများ အားလုံးကို လုပ်ဆောင်နေစဉ် ခြုံပုတ်တောကြောင်ညိုက မြက်ခင်းပြင်တွင် လဲလျောင်းကာ နွေးထွေးသော နေရောင်ခြည်ကို ခံယူရင်း တစ်ရေးအိပ်နေ၏။ သူ အိပ်ပျော်သွားသည်မှာ ကြာမြင့်ပြီ ဖြစ်၍ လင်းမူ ထိုသို့ လုပ်ဆောင်နေသည်ကို သတိမထားမိခဲ့ချေ။
လင်းမူ စိတ်ဝိညာဥ်ချီ အပြည့်အဝ ပြန်လည် ဖြည့်တင်းပြီးနောက် မျက်လုံးဖွင့်ကာ အရိုးစုကို ကြည့်လိုက်သည်။ အရိုးစုပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မတွေ့ရဘဲ ယခင်အတိုင်းပင် ဖြစ်နေပေသည်။ လင်းမူ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး စစ်ဆေးကြည့်ရာ ယခင်ကကဲ့သို့ တွန်းကန်မှု မရှိတော့ဘဲ အရိုးစုကို အလွယ်တကူ ထိတွေ့နိုင်သွား၏။
နောက်ဆုံးတွင် အရိုးစုကို ထိတွေ့လိုက်ရသော်လည်း လင်းမူ မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရှိခဲ့ချေ။
"ဒီလောက် အားစိုက်ထုတ်ခဲ့ရပြီးမှ... နည်းနည်းတော့ စိတ်ပျက်စရာပဲ..." လင်းမူ သက်ပြင်းချရင်း ရေရွတ်လိုက်၏။
"အခု ကိုင်တွယ်ဖို့ ဘေးကင်းသွားပါပြီ... အရိုးစုပေါ်မှာ ဝိညာဉ် အကြွင်းအကျန်တွေ မရှိတော့ဘူး... တကယ်လို့ ရှိနေရင် အဲဒီမှာ မင်း ခံစားမိမှာပါ..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။
"ဒါပေမဲ့ စီနီယာ... ကျွန်တော် ခံစားခဲ့ရတဲ့ အဲဒီ တွန်းကန်မှုက ဘာလဲ..." လင်းမူ မေးလိုက်၏။
"အဲဒါက ကျင့်ကြံသူရဲ့ အရိုးစုပေါ်မှာ ကျန်ရစ်ခဲ့တဲ့ နောက်ဆုံး ကာကွယ်ရေး အလွှာပဲ... ပုံမှန်အားဖြင့် ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားတဲ့အခါ သူတို့ရဲ့ ကျန်ရှိနေတဲ့ စိတ်ဝိညာဥ်ချီတွေက အရိုးရဲ့ ဂုဏ်သတ္တိတွေကြောင့် အရိုးစုပေါ်မှာ စုပုံသွားလေ့ ရှိတယ်...”
“အဲဒါက မင်း ခံစားခဲ့ရတဲ့ တွန်းကန်မှု အလွှာကို ဖြစ်ပေါ်စေတာပဲ... အဲဒါက အကြွင်းအကျန်တွေကို မလေးမစား မလုပ်ခံရအောင် ကာကွယ်ပေးတဲ့ ကြိုတင် ကာကွယ်မှု တစ်မျိုးပေါ့... ဒါပေမဲ့ အဲဒါက အကြွင်းအကျန်တွေကို ထိန်းသိမ်းပေးတဲ့ အကျိုးသက်ရောက်မှုလည်း ရှိတယ်... မင်း မြင်တဲ့အတိုင်းပဲ အသားတွေ ဆွေးမြေ့သွားနိုင်ပေမယ့် အရိုးတွေကတော့ ဆက်ကျန်နေခဲ့တာ..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ စိတ်ဝင်တစား နားထောင်နေပြီး ထိုသတင်းအချက်အလက် အသစ်လေးကြောင့် အံ့သြသွားမိသည်။ ထို့နောက် အရိုးစုပေါ်တွင် အမှန်တကယ် ဘာကျန်ရစ်ခဲ့သလဲ ဆိုသည်ကို စစ်ဆေးရန် လိုအပ်သဖြင့် ထိုအတွေးများကို ဘေးဖယ်ထားလိုက်၏။
လင်းမူ မြေကြီးများကို ဖယ်ရှားလိုက်ရာ အောက်တွင် ဖုံးကွယ်နေသော လက်စွပ်ကို တွေ့လိုက်ရသည်။
အရိုးစု၏ ညာဘက် လက်ညှိုးတွင် ရိုးရှင်းသော ရွှေရောင် လက်စွပ်တစ်ကွင်း ရှိနေ၏။ အသားမရှိတော့သဖြင့် လက်ချောင်းပေါ်တွင် ချောင်ချောင်ချိချိ တွဲလောင်းကျနေသည်။ လက်စွပ်၏ အပေါ်ဘက်တွင် စတုရန်းပုံ မျက်နှာပြင် တစ်ခု ပါရှိပြီး ၎င်းပေါ်တွင် အစိမ်းရောင် ကျောက်မျက်ရတနာ တစ်ခု တပ်ဆင်ထားလေသည်။
လင်းမူ မြင်လိုက်သည်နှင့် သူ့စိတ်ထဲတွင် အရာတစ်ခုတည်းသာ ပေါ်လာတော့သည်။
"အဲဒါ ဟင်းလင်းပြင် သိုလှောင်လက်စွပ်လား..." လင်းမူ အာမေဋိတ်သံဖြင့် ရေရွတ်လိုက်၏။
လင်းမူ လက်စွပ်ကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းက အမှန်တကယ်ပင် ဟင်းလင်းပြင် သိုလှောင်လက်စွပ် တစ်ကွင်း ဖြစ်ပေသည်။
သို့သော် နောက်တစ်ခဏတွင် လင်းမူ အခြား တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုတ်သွား၏။
"အဲဒီကနေ ဟင်းလင်းပြင် တုန်ခါမှုတွေ သိပ်မထွက်ဘူး... ဒါ ပုံမှန်ပဲလား စီနီယာ..." လင်းမူ အရိုးစု၏ လက်ချောင်းမှ လက်စွပ်ကို ဆွဲချွတ်ရင်း မေးလိုက်သည်။
"မဟုတ်ဘူး... ဒီလက်စွပ်က ပျက်စီးနေပြီ... မင်း အရင်က တွေ့ခဲ့တဲ့ ပစ္စည်းတွေက ဒီလက်စွပ်ထဲမှာ သိမ်းထားတာ ဖြစ်လောက်တယ်... လက်စွပ် ပျက်စီးသွားပြီးတဲ့နောက် အဲဒါတွေ အပြင်ကို လွင့်စင်ထွက်လာတာ ဖြစ်မယ်..." ရွှီခုန်း ဖြေလိုက်၏။
"ဒါပေမဲ့ ဟင်းလင်းပြင် ရတနာထဲမှာ သိမ်းထားတဲ့ ပစ္စည်းတွေက ရတနာ ပျက်စီးသွားရင် ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်မသွားဘူးလား..." လင်းမူ မေးလိုက်၏။
“အမြဲတမ်းတော့ အဲလို မဟုတ်ဘူး... လက်စွပ်ထဲက ပစ္စည်းတွေ ဟင်းလင်းပြင်ထဲမှာ ပျောက်မသွားဘဲ အပြင်ကို လွင့်စင်ထွက်လာအောင် ပြုပြင်မွမ်းမံထားတာမျိုးတွေ ရှိတယ်... ဒါပေမဲ့ ကျင့်ကြံသူ အများစုကတော့ တခြားသူတွေ သူတို့ရဲ့ ပစ္စည်းတွေကို မရနိုင်အောင် သူတို့ရဲ့ ဟင်းလင်းပြင် ရတနာကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းရည်ကိုပဲ ပိုသဘောကျကြတယ်...”
“ပုံမှန်အားဖြင့် ဒီလို ပြုပြင်မွမ်းမံမှုမျိုးကို သီးသန့် ရည်ရွယ်ချက်တွေအတွက်ပဲ လုပ်လေ့ရှိတယ်... ဘာလို့လဲဆိုတော့ ပြုလုပ်ရတာ အတော်လေး ခက်ခဲပြီး ဈေးကြီးလို့ပဲ... ပြီးတော့ အင်မော်တယ် တက်လှမ်းအဆင့် အောက်က ဘယ် ဝိညာဥ်ကိရိယာ သန့်စင်သူမှ ဒါကို မလုပ်နိုင်ဘူး..." ရွှီခုန်း ဖြေလိုက်၏။
"ဒါပေမဲ့ စီနီယာ... ဒါဆိုရင်..." လင်းမူ စကားမဆုံးမီ ဖြတ်ပြောခံလိုက်ရသည်။
"ဟုတ်တယ်... အဲဒါ အထက်လောကက လာတာ... အလားတူပဲ ဒီအရိုးစုကလည်း အဆင့်မြင့် ကမ္ဘာတစ်ခုက လာတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ အရိုးစုပဲ... ဒီအချက်က စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင် က ဒီလိုကမ္ဘာမျိုးမှာ ရှားပါးတယ် ဆိုတာနဲ့လည်း ကိုက်ညီတယ်... အဲဒီ ကျင့်ကြံသူ သယ်လာတဲ့ မျိုးစေ့ကနေ ပေါက်လာတာ ဖြစ်ဖို့များတယ်... ဟင်းလင်းပြင် သိုလှောင်လက်စွပ် ပျက်စီးသွားတဲ့အခါ အဲဒီမျိုးစေ့ လွင့်စင်ထွက်လာတာပေါ့...”
“အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေနဲ့ ကျောက်တံဆိပ်ပြားလိုမျိုး တခြား ပစ္စည်းတွေလည်း အဲဒီနဲ့အတူ လွင့်စင်ထွက်လာပြီးတဲ့နောက် မျိုးစေ့က အညှောက်ပေါက်လာပြီး အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေဆီကနေ အထောက်အပံ့ ယူခဲ့တာ ဖြစ်မယ်..." ရွှီခုန်း ကောက်ချက်ချလိုက်၏။
စီနီယာ ရွှီခုန်း၏ စကားများကို ကြားပြီးနောက် လင်းမူ၏ စိတ်ထဲတွင် အကြောင်းအရာများ ချိတ်ဆက်မိလာသဖြင့် အတွေးလွန်သွားမိသည်။ မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် သူ ကိုယ်ပိုင် သီအိုရီ တစ်ခုကို ထုတ်ဖော်လိုက်၏။
"စီနီယာ... အခုချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို ထည့်တွက်ကြည့်ရင်... သားရဲ သိုလှောင်ရတနာ၊ ကျူးကျော်သူ၊ ပြီးတော့ အခု ဒါ... အားလုံးက ဆက်စပ်နေပုံရတယ်... ဒီကျင့်ကြံသူက အဲဒါတွေ အားလုံးရဲ့ အရင်းအမြစ် ဖြစ်နိုင်မလား..." လင်းမူ လေးနက်သော လေသံဖြင့် ပြောလိုက်၏။
ရွှီခုန်း လင်းမူကို ချက်ချင်း မတုံ့ပြန်ဘဲ ကိုယ်ပိုင် ခွဲခြမ်းစိတ်ဖြာလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"မင်း ပြောတာ မှန်တယ်လို့ ငါ ထင်တယ်... ဒါပေမဲ့... ဒီလိုဆိုရင် တော်တော် လေးနက်တဲ့ မေးခွန်းတစ်ခု ထွက်လာပြီ... ဒီကျင့်ကြံသူက သဘာဝအတိုင်း သေဆုံးသွားတာ ဖြစ်ဖို့ အခွင့်အလမ်း မရှိဘူး... သူ့ကို သတ်လိုက်တဲ့ အရာတစ်ခုခု သေချာပေါက် ရှိရမယ်... အဲဒါက သားရဲတစ်ကောင်တော့ သေချာပေါက် မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်လောက်အောင် သန်မာတဲ့ သားရဲဆိုရင် သူ့ကို တစ်ကောင်လုံး အလွယ်တကူ စားပစ်နိုင်မှာပဲ...”
“ကျင့်ကြံသူက ချီလမ်းကြောင်း လွဲမှားတာ ဒါမှမဟုတ် ကောင်းကင်ဘေးဒဏ် ခံရတာမျိုးလည်း မဟုတ်ဘူး... မဟုတ်ရင် အရိုးစုပေါ်မှာ လက္ခဏာတွေ သေချာပေါက် ရှိနေမှာပဲ...”
“ဒါဆို ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ်... တခြား ကျင့်ကြံသူ တစ်ယောက်က သူ့ကို သတ်သွားတာပဲ..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ စီနီယာ ရွှီခုန်း၏ စကားများ မည်မျှ လေးနက်ကြောင်း သဘောပေါက်သွားပြီး တရားခံက ဘယ်သူ ဖြစ်နိုင်မလဲဟု တွေးတောနေမိသည်။
"အင်း... တကယ်လို့ ကျင့်ကြံသူက ဒီလူကို အလွယ်တကူ သတ်နိုင်ခဲ့ရင် သူ့ရဲ့ ဟင်းလင်းပြင် ရတနာကို သေချာပေါက် ယူသွားမှာပေါ့... မဟုတ်လား... ဒီအတိုင်း ထားခဲ့မှာ မဟုတ်ဘူး... ပြီးတော့ အရိုးတွေမှာလည်း ဘာပျက်စီးမှုမှ မရှိပုံရတယ်... ဆိုလိုတာက ကျင့်ကြံသူက လွှမ်းမိုးနိုင်တဲ့ စွမ်းအားတစ်မျိုးမျိုးနဲ့ တိုက်ခိုက်ခံရတာ မဟုတ်ဘဲ သူ့နဲ့ ခွန်အားအဆင့် တူညီတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံရတာ ဖြစ်နိုင်တယ်..." လင်းမူ အသံထွက် တွေးတောလိုက်၏။
"အဲဒါ ဖြစ်နိုင်ချေ ရှိတယ်... ကျင့်ကြံသူ နှစ်ယောက် တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်စလုံး ဒဏ်ရာရသွားတာ ဖြစ်လောက်တယ်... မဟုတ်ရင် တိုက်ပွဲက ရတဲ့ တိုက်ပွဲဝင် ပစ္စည်းတွေကို အနိုင်ရတဲ့သူက သေချာပေါက် ယူသွားမှာပဲ... ဒီလိုဆို သံသယရှိသူ စာရင်းလည်း မကြာသေးခင်က ဒဏ်ရာရထားတဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူတွေထိ ကျဥ်းမြောင်းသွားပြီ... အထင်ရှားဆုံး သံသယရှိသူကတော့ ကျင့်ကြံခြင်းဂိုဏ်း တစ်ခုခုက လူပဲ ဖြစ်လိမ့်မယ်..." ရွှီခုန်း ထပ်ဖြည့်ပြောလိုက်၏။
အခန်း ၂၆၀ ပြီး