စီနီယာ ရွှီခုန်း၏ စကားများကို ကြားပြီးနောက် လင်းမူ ထိုကိစ္စတွင် ပါဝင်ပတ်သက်နိုင်သည့် ဂိုဏ်းများ အားလုံးကို စတင် စဉ်းစားလိုက်၏။
'တကယ်လို့ သူတို့က ဒီလူကို တိုက်ခိုက်နိုင်ခဲ့တယ် ဆိုရင် သူတို့က ဒီဒေသက ဖြစ်ဖို့များတယ်... တခြား ဒေသက ဂိုဏ်းတစ်ခုခုက ဒီလူကို လာတိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ... အင်း... တကယ်လို့ ဒီဒေသက ဆိုရင် ငါ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော ဂိုဏ်းက စန္ဒကူး မီးပြင်းဖိုဂိုဏ်းပဲ... ဒီမှာ တခြား ဘယ်ဂိုဏ်းတွေ ရှိသေးလဲဆိုတာ ငါ မသိဘူး...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
သို့သော် ထိုအချိန်တွင် သူ တစ်ခုခုကို သတိရသွားသည်။
"နေဦး... ငါ့ဆီမှာ ကျင်းဝေ ပေးထားတဲ့ ကျောက်စိမ်းပေရွက် ရှိတာပဲ... အဲဒီထဲမှာ ဒီဒေသက ဂိုဏ်းတွေအကြောင်း သတင်းအချက်အလက် တချို့ သေချာပေါက် ပါမှာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီး ကျောက်စိမ်းပေရွက်ကို ထုတ်ယူလိုက်၏။
သူ ယင်းကို လက်ထဲတွင် ကိုင်ထားပြီး အသက်သွင်းလိုက်ကာ အထဲတွင် မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များကို ဖတ်ရှုလိုက်သည်။ မကြာမီ ဒေသတွင်းရှိ ဂိုဏ်းများအကြောင်း ရေးသားထားသော အပိုင်းသို့ ရောက်ရှိသွားပြီး ဝူလင်မြို့ ပတ်ဝန်းကျင် ဒေသတွင် စန္ဒကူး မီးပြင်းဖိုဂိုဏ်း တစ်ခုတည်းသာ ကျင့်ကြံခြင်းဂိုဏ်း အဖြစ် တည်ရှိကြောင်း တွေ့ရှိလိုက်ရ၏။ သာမန် ဂိုဏ်းအချို့ ရှိသော်လည်း ၎င်းတို့မှာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံသူများသာ ရှိသော သိုင်းဂိုဏ်းများသာ ဖြစ်ပေသည်။
'ဒါဆို ဘယ်သူပဲဖြစ်ဖြစ် စန္ဒကူး မီးပြင်းဖိုဂိုဏ်းက ဖြစ်ဖို့များတယ်...' လင်းမူ ခန့်မှန်းလိုက်၏။
"အဲဒီလူနောက်ကို လိုက်လာတဲ့ တခြား တစ်ယောက်ယောက် ဖြစ်နိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ချေကိုလည်း မင်း လျစ်လျူရှုလို့ မရဘူး... သူတို့က သူ့နောက်ကို ဒီအထိ လိုက်လာပြီး ခြေရာလက်ရာ နည်းအောင်နဲ့ ခြေရာခံရ ခက်အောင် ဒီနေရာမှာမှ တိုက်ခိုက်တာ ဖြစ်နိုင်တယ်... ဒါက မရည်ရွယ်ဘဲ စန္ဒကူး မီးပြင်းဖိုဂိုဏ်း အပေါ် အပြစ်ပုံချသလိုလည်း ဖြစ်သွားနိုင်တယ်..." ရွှီခုန်း အကြံပေးလိုက်၏။
"အဲဒါ မှန်ပါတယ် စီနီယာ... တိကျတဲ့ ကောက်ချက်တစ်ခု ချနိုင်ဖို့ ကျွန်တော်တို့ဆီမှာ သတင်းအချက်အလက် အရမ်း နည်းလွန်းနေတယ်..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"အနည်းဆုံးတော့ ဒီမှာ ကျွန်တော့်အလုပ် ပြီးသွားပြီ... ကျွန်တော် ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်နိုင်သွားပြီ... စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင် ပျက်စီးသွားတာတော့ နှမြောစရာပဲ..." လင်းမူ ထပ်ဖြည့်ပြောလိုက်၏။
ထို့နောက် သေဆုံးသွားသော ကျင့်ကြံသူ၏ အရိုးစုကို လက်စွပ်ထဲ သိမ်းဆည်းလိုက်၏။ ထိုအရိုးစုက အရေးကြီးသော သက်သေခံ အထောက်အထား တစ်ခု ဖြစ်ရုံသာမက ပိုမို သိရှိနားလည်သူ တစ်ဦးဦးကို ပြသရန် ရည်ရွယ်ထားသောကြောင့် ဖြစ်ပေသည်။
လင်းမူ မတ်တတ်ရပ်ပြီး ခြုံပုတ်တောကြောင်ညိုကို ရှာကြည့်ရာ ဘေးနားတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။
"ဟော... မင်းကတော့ အေးဆေး အနားယူနေတာပဲ..." လင်းမူ သားရဲ၏ ခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်၏။
ဟွား…ဝါး
ခြုံပုတ်တောကြောင်ညို လင်းမူ၏ အပြုအမူကြောင့် နိုးလာပြီး သမ်းဝေလိုက်၏။ သူ မျက်လုံးများကို ဖြည်းညှင်းစွာ ပေကလပ် ပေကလပ် လုပ်ပြီး မျက်နှာကို သပ်ရန် လက်ဖဝါးများကို လျှာဖြင့် လျက်လိုက်၏။ ထို့နောက် မတ်တတ်ရပ် အညောင်းဆန့်လိုက်ပြီး လင်းမူကို ပွတ်သီးပွတ်သပ် လာလုပ်လေသည်။
"သွားကြစို့ ကောင်လေး..." လင်းမူ ပြောလိုက်ရာ သားရဲက ရည်ရွယ်ချက်ကို နားလည်သွား၏။
လင်းမူ ပတ်ဝန်းကျင်ကို နောက်ဆုံးအကြိမ် ကြည့်ရှုလိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် ရပ်တန့်သွားသည်။
"အင်း... စီနီယာ... ဒီဧရိယာ ပတ်လည်က စိတ်နှောက် အစီအရင် အစုအဝေးက ဘာဖြစ်သွားမလဲ..." လင်းမူ မေးလိုက်၏။
"ငါ သိသလောက်ဆိုရင် အဲဒီ အစီအရင် အစုအဝေးက သေဆုံးသွားတဲ့ ကျင့်ကြံသူ ဒဏ်ရာရတုန်းက သူ့ကိုယ်သူ ကာကွယ်ဖို့ ချထားခဲ့တာ ဖြစ်လောက်တယ်... အဲဒီအချိန်ကတည်းက အသက်ဝင်နေခဲ့တာ... အစီအရင် အစုအဝေးက နောက်ထပ် လပိုင်းလောက်ဆို သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်... သူ့ကို စိတ်ဝိညာဥ်ချီ ထောက်ပံ့ပေးနိုင်မယ့် တခြား အထောက်အကူပြု အစီအရင်တွေ မတွေ့ရဘူး... ပြီးတော့ ခြုံပုတ်တောကြောင်ညိုတောင် ဝင်လို့ရနေပြီ ဆိုတော့ အားနည်းချက်တွေ စပေါ်နေပြီလို့ ဆိုလိုတာပဲ...”
“ငါတို့ တွေ့ခဲ့တဲ့ ပစ္စည်းတွေနဲ့ ဝိညာဥ်ကျောက်တုံးတွေ မရှိတော့တာကို ကြည့်ရင် သေဆုံးသွားတဲ့ ကျင့်ကြံသူက ဒီစိတ်နှောက် အစီအရင်ကို ချဖို့ အဲဒါတွေကို သုံးခဲ့တာ ဖြစ်ဖို့များတယ်... ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက်ဆီမှာ သယံဇာတ ဒီလောက် နည်းနေစရာ တခြား အကြောင်းပြချက် မရှိဘူး..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး လက်ထဲရှိ ပျက်စီးနေသော ဟင်းလင်းပြင် သိုလှောင်လက်စွပ်ကို ကစားနေလိုက်၏။
"ဒီလက်စွပ်ကို ပြင်လို့ရလား စီနီယာ..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အင်း... သေချာပေါက် ပြင်လို့ရပါတယ်... ဒါပေမဲ့ ပြင်နိုင်တဲ့သူ သိပ်များများစားစား ရှိမယ် မထင်ဘူး... ဖြစ်နိုင်တာက... ကျင်းဝေ ပြင်နိုင်လောက်တယ်... သူက ဝိညာဥ်ကိရိယာ သန့်စင်ခြင်းမှာ ကျွမ်းကျင်ပုံရတယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
စီနီယာ ရွှီခုန်း၏ အဖြေကို ကြားပြီးနောက် လင်းမူ၏ မျက်လုံးများ အရောင်လက်သွား၏။
"ဒါ ကောင်းတာပေါ့... တကယ်လို့ ဒီလက်စွပ်ကို ပြင်လို့ရရင် ကျွန်တော် သုံးလို့ရပြီ... အဲဒီလိုဆိုရင် ကျွန်တော် ပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင် သိမ်းရင်တောင် ခိုင်လုံတဲ့ ဆင်ခြေတစ်ခု ရှိသွားပြီ... ကျွန်တော့်ဆီမှာ ရှိတဲ့ ဆန်းကြယ်တဲ့ လက်စွပ်က တခြားသူတွေ မမြင်ရတော့ သုံးလိုက်တိုင်း သံသယ ဖြစ်စရာ ကောင်းနေတယ်... တကယ်လို့ တကယ့် ဟင်းလင်းပြင် သိုလှောင်လက်စွပ် တစ်ကွင်း ရှိရင် အများကြီး ပိုလွယ်သွားမှာပဲ..." လင်းမူ ပြောလိုက်၏။
"အဲဒါဆို စူးစမ်းလိုစိတ် လွန်ကဲနေတဲ့ မျက်လုံးတချို့ကို သေချာပေါက် ဟန့်တားနိုင်လိမ့်မယ်... လျှို့ဝှက်ဆန်းကြယ်တဲ့ အရာက ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ အရာထက် အာရုံစိုက်ခံရဖို့ ပိုများတယ်..." ရွှီခုန်း သဘောတူလိုက်၏။
နောက်ထပ် ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ပြီးနောက် လင်းမူ အပြန်ခရီး စတင်လိုက်၏။
ထိုတစ်ကြိမ်တွင် အစီအရင် အစုအဝေးက တစ်ဖက်သတ်သာ အလုပ်လုပ်သဖြင့် လင်းမူ ထွက်ခွာရန် အများကြီး ပိုလွယ်ကူပေသည်။ ၎င်းက လူများ ဝင်ရောက်ခြင်းကို တားဆီးသော်လည်း ထွက်ခွာခြင်းကိုမူ မကန့်သတ်ထားချေ။
လင်းမူ အစီအရင် အစုအဝေးမှ ထွက်ခွာလာပြီး ခြုံပုတ်တောကြောင်ညိုက သူ့နောက်မှ လိုက်ပါလာ၏။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် လင်းမူ ကျင်းဝေ ကုန်စုံဆိုင်သို့ မသွားမီ ခြုံပုတ်တောကြောင်ညိုကို ထားခဲ့ရန် အိမ်သို့ အရင် သွားလိုက်သည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ စီနီယာ ရွှီခုန်း၏ အကြံပေးချက်အရ ဖြစ်ပြီး သားရဲ၏ ဉာဏ်ရည်ကို သူတို့ သိသွားပါက စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး အကြောင်း မေးခွန်းထုတ်လာနိုင်သဖြင့် မသိစေလိုသောကြောင့် ဖြစ်ပေသည်။
ထိုနေရာသို့ ရောက်သောအခါ ဆိုင်တည်ရှိရာ လမ်းကြားမှာ ဖုံးကွယ်ထားဆဲ ဖြစ်မှန်း လင်းမူ တွေ့လိုက်ရသော်လည်း အနီးသို့ ချဉ်းကပ်သွားသောအခါ အစီအရင် အစုအဝေးက သူ့ကို မှတ်မိသွားသဖြင့် လမ်းကြောင်း အလိုအလျောက် ပေါ်လာ၏။
သူ ဆိုင်တံခါးကို ဖွင့်ပြီး ဝင်သွားလိုက်သည်။
"ဟော... သူတို့ ဒီနေရာကို သန့်ရှင်းရေး လုပ်ထားတာလား..." လင်းမူ သန့်ရှင်းနေသော ဆိုင်ကို မြင်ပြီး အံ့သြတကြီး ရေရွတ်လိုက်၏။
ဆိုင်ကို အမြဲ ဖုံးလွှမ်းနေလေ့ရှိသော ဖုန်မှုန့်များ မရှိတော့သော်လည်း ဆိုင်ထဲရှိ ပစ္စည်းများမှာမူ ဟိုဟိုဒီဒီ ပြန့်ကျဲနေဆဲ ဖြစ်သည်။ ထိုအရာကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး လင်းမူ နောက်ဖေးခန်းသို့ လျှောက်သွားလိုက်၏။
'ငါ ဒီမီးအိမ်ကို ငြိမ်းလိုက်ရမှာ မဟုတ်လား...' လင်းမူ သတိရသွားပြီး မီးငြိမ်းလိုက်၏။
အခန်း ရုတ်တရက် အဖြူရောင် ဖြစ်သွားပြီးနောက် လင်းမူ လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ် ၏ ခြံဝင်းထဲသို့ ရောက်ရှိသွားတော့သည်။
ဝိညာဥ်ပန်းများ၏ မွှေးပျံ့သော ရနံ့သဲ့သဲ့နှင့် လေထုထဲရှိ သိပ်သည်းသော စိတ်ဝိညာဥ်ချီက လင်းမူ၏ စိတ်ကို တည်ငြိမ်စေပြီး သက်သောင့်သက်သာ ဖြစ်စေ၏။
"အာ... ဒီနေရာက အရမ်း နေလို့ ကောင်းတာပဲ..." လင်းမူ ကျေနပ်အားရစွာ ရေရွတ်လိုက်သည်။
အခန်း ၂၆၁ ပြီး
***