ဟင်းလင်းပြင် သိုလှောင်လက်စွပ်၏ အခြေအနေကို ပြောပြပြီးနောက် ကျင်းဝေ၏ မျက်နှာထား မပြောင်းလဲသည်ကို မြင်သောအခါ လင်းမူ ပိုမို ဇဝေဇဝါ ဖြစ်သွားမိသည်။ အဘိုးအိုက အသက်အရွယ်ကြီးရင့်လာမှု၏ အကျိုးဆက်များကို နောက်ဆုံးတွင် ပြသလာပြီလားဟု သူ တွေးတောနေမိ၏။
“ဟားဟား... ဒီလက်စွပ် ပျက်စီးနေတယ် ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား... ငါ သိတာပေါ့... ငါ့လက်ထဲ ရောက်ကတည်းက သိတာ... ဒါပေမဲ့ ဒီလက်စွပ်က အဲဒီလောက်ပဲ မဟုတ်ဘူး... ပျက်စီးနေရင်တောင် ခွဲခြမ်းစိတ်ဖြာပြီး အများကြီး လေ့လာသင်ယူလို့ ရသေးတယ်... ဒီလက်စွပ်ကို ဖန်တီးရာမှာ သုံးထားတဲ့ နည်းစနစ်တွေနဲ့ ကျွမ်းကျင်မှုတွေက အံ့မခန်းပဲ... မဟာကျိုး အင်ပါယာ တစ်ခုလုံးမှာ အတော်ဆုံး ဝိညာဥ်ကိရိယာ သန့်စင်သူတွေတောင် ဒါကို မယှဉ်နိုင်ဘူး..." ကျင်းဝေ ယခင်ကကဲ့သို့ပင် စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်၏။
အဘိုးအို အဘယ်ကြောင့် ပျော်ရွှင်နေမှန်း လင်းမူ နောက်ဆုံးတွင် နားလည်သွားပြီး ၎င်းကို ကြားပြီးနောက် တွမ်ခယ်၏ မျက်နှာထားလည်း ပိုမို ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လင်းမူ မေးမည့်အရာကို သတိရသွားပြီး လက်စွပ်အကြောင်း ပြောနေစဉ် မေးလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်၏။
"ခင်ဗျားက လက်စွပ်ကို ခွဲခြမ်းစိတ်ဖြာနိုင်တယ် ဆိုတော့... ပြင်ပေးလို့ရော ရနိုင်မလား..." လင်းမူ မေးလိုက်၏။
လင်းမူ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ကျင်းဝေ အနည်းငယ် အံ့အားသင့်သွားပြီး မျက်နှာထား တည်ငြိမ်သွားသည်။
"အင်း... မူလအတိုင်း ပြန်ဖြစ်အောင်တော့ သေချာပေါက် မလုပ်ပေးနိုင်ဘူး... ဘာလို့လဲဆိုတော့ ငါက အဲဒီနည်းစနစ်တွေကို မသိသလို လုပ်နိုင်တဲ့ စွမ်းရည်လည်း မရှိလို့ပဲ... ဒါပေမဲ့... သူ့ရဲ့ အပြည့်အဝ စွမ်းဆောင်ရည်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်အထိတော့ ငါ ပြန်ပြုပြင်ပေးနိုင်လောက်တယ်... ဒါပေမဲ့ အဲဒီ အစိတ်အပိုင်းက ဘယ်လောက် ကြီးမားမလဲ ဆိုတာကိုတော့ ငါ မပြောနိုင်ဘူး..." ကျင်းဝေ ဖြေလိုက်၏။
ကျင်းဝေ၏ အဖြေကို ကြားပြီးနောက် လင်းမူ၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုလက်စွပ် မည်မျှ သိုလှောင်နိုင်သနည်း ဆိုသည်က သူ့အတွက် အရေးမကြီးဘဲ အလုပ်လုပ်နိုင်ရန်သာ အရေးကြီးပေသည်။ လင်းမူတွင် ကြီးမားသော သိုလှောင်နိုင်စွမ်း ရှိသည့် ဆန်းကြယ်သော လက်စွပ် ရှိပြီး ၎င်း၏ ကန့်သတ်ချက်များကို စီနီယာ ရွှီခုန်းပင် မသိရှိနိုင်ချေ။ ထို့ကြောင့် ထိုလက်စွပ်ကို အသွင်ယူရန်အတွက်သာ အသုံးပြုမည် ဖြစ်ပေသည်။
"ဒါဆို ကျွန်တော့်အတွက် ဒီလက်စွပ်ကို ပြင်ပေးနိုင်မလား..." လင်းမူ မေးလိုက်၏။
တွမ်ခယ် လင်းမူကို ခဏတာ ကြည့်ပြီးနောက် သူမအဘိုးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမအဘိုးက ထိုကဲ့သို့သော တောင်းဆိုမှုကို လက်ခံမည်၊ လက်မခံမည်ကို သူမ မသိချေ။ ယခင်ကဆိုလျှင် ဂိုဏ်းကြီးများပင် သူ့ကို စကားပြောခွင့် ရရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ သို့သော် ယခု သူတို့က မြို့ငယ်လေး တစ်မြို့တွင် ပုန်းအောင်းနေရလေပြီ။
ကျင်းဝေ အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်၏။
"ရတာပေါ့... ဒီလက်စွပ်ကို လေ့လာခွင့် ပြုတဲ့အတွက် အခကြေးငွေ အနေနဲ့ ငါ မင်းအတွက် ပြင်ပေးပါ့မယ်..." ကျင်းဝေ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ဟူး
သူ့အဖြေကို ကြားပြီးနောက် လင်းမူ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏။ ထိုသည်မှာ သူ့ကြီးမားသော အားနည်းချက် နောက်တစ်ခုကို ဖုံးကွယ်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ သူ တစ်ခုခု ရရှိတိုင်း နောက်ထပ် ဖုံးကွယ်နေရန် သို့မဟုတ် အခြား တစ်ခုခု လုပ်ဆောင်နေသကဲ့သို့ ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
"ဒါပေမဲ့... ပြင်ဖို့ အချိန်ဘယ်လောက် ကြာမလဲတော့ ငါ မသိဘူး... ဒီလိုမျိုး ငါ တစ်ခါမှ မမြင်ဖူးတော့ ခန့်မှန်းလို့ မရဘူး... ပြီးသွားရင် ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်နဲ့ မင်းကို အကြောင်းကြားလိုက်ရင်ရော ဘယ်လိုလဲ..." ကျင်းဝေ မေးလိုက်၏။
"အဲဒါ အဆင်ပြေပါတယ်... ခင်ဗျား ပြင်နိုင်သ၍ ဘာမဆို လက်ခံပါတယ်..." လင်းမူ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။
"အဟမ်း...”
တွမ်ခယ် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ထိုလူနှစ်ဦး၏ အာရုံကို အခန်းထဲရှိ အရိုးစုဆီသို့ ပြန်လည် ရောက်ရှိအောင် လုပ်လိုက်၏။
"သမီးတို့ ဒါကို ပြောနေကြတာလေ... အဘိုးတို့နှစ်ယောက် မေ့သွားကြပြီ ထင်တယ်..." တွမ်ခယ် ဆူပူသော လေသံဖြင့် ပြောလိုက်၏။
လင်းမူ အနည်းငယ် ရှက်ရွံ့သွားသော်လည်း ကျင်းဝေကမူ မည်သည့် တုံ့ပြန်မှုမျှ မပြချေ။ သူ ခံစားချက်ထဲတွင် နစ်မြောနေဆဲ ဖြစ်ပုံရလေသည်။
"အာ... ဟုတ်သားပဲ... ဆက်ပြောကြတာပေါ့..." အနေခက်မှုကို ဖြေဖျောက်ရန် ကြိုးစားရင်း ကျင်းဝေ ပြောလိုက်၏။
တွမ်ခယ်နှင့် လင်းမူတို့ နှစ်ဦးစလုံး ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး အရိုးစုကို အာရုံစိုက်လိုက်ကြသည်။
"ငါ သိသလောက်တော့ ဒါက တခြားကမ္ဘာက လာတဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်တာ သေချာတယ်... လက်စွပ်နဲ့ သားရဲ သိုလှောင်ရတနာက အဲဒါကို အတော်လေး အတည်ပြုပေးနေတယ်..." ကျင်းဝေ ပြောလိုက်၏။
သူမအဘိုး၏ စကားများကို ကြားပြီးနောက် တွမ်ခယ်၏ မျက်နှာပေါ်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သော အမူအရာ ပေါ်လာပြီး သံသယ တစ်ခု ဝင်လာ၏။
"သားရဲ သိုလှောင်ရတနာ ဟုတ်လား... အဲဒါက သေဆုံးသွားတဲ့ ကျင့်ကြံသူနဲ့ မသက်ဆိုင်ဘဲ တခြား တစ်ယောက်ယောက်နဲ့ သက်ဆိုင်နေတာရော မဖြစ်နိုင်ဘူးလား..." တွမ်ခယ် မေးလိုက်၏။
"ဖြစ်နိုင်ချေတော့ ရှိတာပေါ့... ဒါပေမဲ့... လက်စွပ်နဲ့ သားရဲ သိုလှောင်ရတနာရဲ့ လက်ရာကို ငါ ကြည့်ပြီးပြီ... ဒီကမ္ဘာမှာ သေချာပေါက် မတွေ့နိုင်တဲ့ ဆင်တူမှု တချို့ ရှိနေတာ သံသယ ဖြစ်စရာ မလိုဘူး... တခြားကမ္ဘာက လာတဲ့ တခြားလူ တစ်ယောက် ဒီဒေသမှာ ရှိနေနိုင်တယ် ဆိုတာကိုတော့ ငါ တော်တော်လေး သံသယ ရှိတယ်..." ကျင်းဝေ ရှင်းပြလိုက်၏။
တွမ်ခယ် ကျင်းဝေ၏ ယူဆချက်ကို နားလည်သွားပြီးနောက် မျက်နှာပေါ်တွင် ဉာဏ်အလင်း ပွင့်သွားသော အမူအရာ ပေါ်လာ၏။
"အမယ်... သူက တော်သားပဲ... ငါ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းတယ်..." ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်၏။
"ဘာကို ဆိုလိုတာလဲ စီနီယာ..." လင်းမူ ခေါင်းစောင်းကာ စိတ်ထဲမှ မေးလိုက်၏။
"အဲဒီ အဘိုးကြီးက သားရဲ သိုလှောင်ရတနာက အမှိုက်ဖြစ်နေပြီ ဆိုပေမယ့် လက်စွပ်နဲ့ သားရဲ သိုလှောင်ရတနာကို ဖန်တီးရာမှာ သုံးထားတဲ့ သန့်စင်ခြင်း နည်းစနစ်တွေနဲ့ ထုတ်လုပ်မှုမှာ ပါဝင်တဲ့ သိမ်မွေ့တဲ့ ဆင်တူမှုတွေကို ရှာတွေ့ပြီး ချိတ်ဆက်နိုင်ခဲ့တယ်... ဒီကမ္ဘာရဲ့ စံနှုန်းတွေက ငါ ထင်ထားတာထက် နည်းနည်းတော့ ပိုမြင့်မားလောက်တယ်... ဒါမှမဟုတ် ဒီအဘိုးကြီးက အားလုံးထဲမှာ အတော်ဆုံး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ ပြန်မပြောဘဲ အသိအမှတ်ပြုကြောင်း ညည်းတွားလိုက်ပြီး စကားပြောဆိုမှုအပေါ် အာရုံပြန်စိုက်လိုက်၏။
"အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေကရော..." တွမ်ခယ် မေးလိုက်၏။
"အင်း... အဲဒါတွေက စွမ်းအင် ကုန်ခမ်းနေတော့ သူတို့ရဲ့ အရင်းအမြစ်ကို သိပ်မပြောနိုင်ဘူး... တကယ်လို့ အဲဒီအထဲမှာ စိတ်ဝိညာဥ်ချီ နည်းနည်း ကျန်နေသေးရင်တောင် ဘယ်မိုင်းတွင်းက လာတယ်ဆိုတာကို ညွှန်ပြနိုင်မယ့် ခြေရာလက်ရာ တချို့ကို ငါ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်မှာပါ..." ကျင်းဝေ ဖြေလိုက်၏။
"အဲဒီလို လုပ်လို့ရလား..." လင်းမူ ရွှီခုန်းကို အံ့သြတကြီး မေးလိုက်၏။
"အမှန်ပဲ... ဝိညာဥ်ကျောက်တုံး အားလုံးက အတော်လေး ဆင်တူပေမယ့် ဘယ်မိုင်းတွင်းက လာတယ်ဆိုတာ ခွဲခြားသိနိုင်ဖို့ ကူညီပေးနိုင်တဲ့ သိမ်မွေ့တဲ့ သဲလွန်စ တချို့ ရှိနေသေးတယ်... အဲဒီအထဲက စိတ်ဝိညာဥ်ချီကို မိုင်းတွင်း ရှိမယ့် ဧရိယာကနေ စုပ်ယူထားတာဆိုတော့ အဲဒီအပေါ်မှာ အမှတ်အသား တစ်ခုခု ရှိနေလိမ့်မယ်...”
“ဒါပေမဲ့ ဒါက အတော်လေး မှေးမှိန်ပြီး ကျင့်ကြံသူ အများစု အာရုံမခံနိုင်ဘူး... တာအို ဖွဲ့စည်းခြင်း အဆင့်နဲ့ အထက် ကျင့်ကြံသူတွေကပဲ အထူး ကိရိယာတွေနဲ့ အထောက်အကူပြု အစီအရင်တွေရဲ့ အကူအညီနဲ့ အာရုံခံနိုင်တာ..." ရွှီခုန်း ရှင်းပြလိုက်၏။
"အံ့သြစရာပဲ..." လင်းမူ အံ့သြချီးကျူးစွာ ရေရွတ်လိုက်၏။
အခန်း ၂၆၃ ပြီး
***