စကားဝိုင်းက အတန်ကြာပြီးနောက် တရားခံများအကြောင်း ဆွေးနွေးရန် အချိန်ရောက်လာသည်။
"ဒီဒေသမှာ စန္ဒကူး မီးပြင်းဖိုဂိုဏ်းကလွဲပြီး တခြား ဘယ်ကျင့်ကြံခြင်းဂိုဏ်းတွေ ရှိသေးလဲ..." လင်းမူ မေးလိုက်၏။
လင်းမူ မှတ်တမ်းများတွင် ဂိုဏ်းတစ်ခုတည်းသာ ဖော်ပြထားကြောင်း သိသော်လည်း အတည်ပြုရန်အတွက် မေးလိုက်ခြင်း ဖြစ်ပေသည်။
"နောက်ထပ် ဂိုဏ်းတစ်ခု ရှိသေးတယ်... အတော်လေး အသစ်ဖြစ်တဲ့ ဂိုဏ်းတစ်ခုပေါ့... ငါတို့ သိသလောက်တော့ အဲဒီဂိုဏ်းက အတော်လေး သေးငယ်ပြီး ကျင့်ကြံသူ ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းလို့ မရဘူး... လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကမှ တည်ထောင်ခဲ့တာပဲ..." ကျင်းဝေ ဖြေလိုက်၏။
လင်းမူ သူ၏ မေးခွန်းက အကျိုးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သို့သော် အဘယ်ကြောင့် မှတ်တမ်းများတွင် မပါရှိသနည်းဟု သူ တွေးတောနေမိ၏။
"ဒါပေမဲ့ ခင်ဗျား ပေးခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ဘာလို့ အဲဒီအကြောင်း မပါတာလဲ..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အဲဒါက ဒီလို ဂိုဏ်းမျိုးတွေက အချိန်တိုင်း ပေါ်လာတတ်လို့ပဲ... ဝိညာဉ် သန္ဓေသား အဆင့်ကို အသစ်တက်လှမ်းလာတဲ့ ကျင့်ကြံသူ တချို့က သူတို့မှာ အရည်အချင်း ရှိတယ်လို့ ထင်ပြီး ကျင့်ကြံခြင်းဂိုဏ်း တစ်ခုကို တည်ထောင်တတ်ကြတယ်... ဒါပေမဲ့ ဒီဂိုဏ်းတွေက ကြာကြာ မခံဘဲ သယံဇာတ ရှားပါးမှု ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခတွေကြောင့် မကြာခင်မှာပဲ ဖျက်သိမ်းသွားတတ်ကြတယ်...”
“နောက်တစ်ချက်က ဒီလို ဂိုဏ်းမျိုးတွေက သူတို့ရဲ့ အခြေခံ အုတ်မြစ်ကို တည်ငြိမ်အောင် လုပ်ဖို့နဲ့ တခြား ဂိုဏ်းတွေက အခွင့်ကောင်း မယူနိုင်အောင် ကာကွယ်ဖို့အတွက် အချိန်တစ်ခုအထိ ပုန်းအောင်းနေလေ့ ရှိကြတယ်...”
“အဲဒါကြောင့် ဒီလို ဂိုဏ်းမျိုးတွေကို ပင်မ မှတ်တမ်းတွေမှာတောင် မမှတ်တမ်းတင်ထားတာပဲ... မကြာသေးခင်က မော်ကွန်းတိုက်တချို့ ရှိကောင်းရှိနိုင်ပေမယ့် ငါတို့ရဲ့ အခြေအနေကို ကြည့်ပြီး မင်း ခန့်မှန်းနိုင်တဲ့အတိုင်း ငါတို့ဆီမှာ အဲဒါတွေ မရှိဘူး..." ကျင်းဝေ ရှင်းပြလိုက်ရာ နောက်ဆုံးအပိုင်းမှာ အနည်းငယ် ခါးသီးနေပုံ ရလေသည်။
"လွန်ခဲ့တဲ့ တစ်နှစ်က အဲဒီဂိုဏ်းအကြောင်း ကျွန်မ သိခဲ့ရတယ်... ဒါပေမဲ့ သူတို့ တကယ်တမ်း ဘာမှ မလုပ်သေးသလို တရားဝင်လည်း ကမ္ဘာကို ထုတ်မပြသေးဘူး..." တွမ်ခယ် ထပ်ဖြည့်ပြောလိုက်၏။
လင်းမူ သူတို့၏ စကားများကြောင့် စိတ်ဝင်စားသွားပြီး ထိုဂိုဏ်းက ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသလားဟု စတင် တွေးတောလာမိ၏။
"ဒီလိုပါ... ကျွန်တော့် သံသယ အရဆို တစ်ယောက်ယောက်က ဒီကျင့်ကြံသူကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ... ဒါပေမဲ့ သူ့လက်စွပ်က အကောင်းပကတိ ကျန်နေခဲ့တာရယ်၊ သစ်တောထဲမှာ စိတ်နှောက် အစီအရင် ချထားတာရယ်ကို ကြည့်ရင် တိုက်ခိုက်သူက ဒီကျင့်ကြံသူ ထွက်ပြေးတာကို မတားဆီးနိုင်ခဲ့တာ ဖြစ်နိုင်တယ်... သူက ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူဆိုတာ ကျွန်တော်တို့ သိတယ်လေ... ဒါကြောင့် တစ်ဖက်လူကလည်း အဲဒီအဆင့်ပဲ ဖြစ်ရမယ်...”
“သူတို့ရဲ့ ခွန်အားက တူညီလောက်တယ်... မဟုတ်ရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်သလို သူ့လက်စွပ်လည်း အခိုးခံရလောက်ပြီ... ဒါကိုထောက်ရင် ဂိုဏ်းတစ်ခုခုက ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက် ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရတယ်... အဲဒါက အထင်ရှားဆုံးပဲလေ..." လင်းမူ ရှင်းပြလိုက်၏။
ကျင်းဝေနှင့် တွမ်ခယ်တို့ သူ၏ သီအိုရီကို အာရုံစိုက် နားထောင်ပြီး အကြောင်းသင့်သည်ဟု ယူဆလိုက်ကြသည်။ ထိုဒေသတွင် ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ အလွန် နည်းပါးပြီး အားလုံးမှာ စန္ဒကူး မီးပြင်းဖိုဂိုဏ်း သို့မဟုတ် တိုင်းပြည်နှင့် သက်ဆိုင်သူများသာ ဖြစ်ကြပေသည်။
"အင်း... ဒါ ဖြစ်နိုင်ချေ ရှိပါတယ်... ဒါပေမဲ့ ဒီယူဆချက်အရဆိုရင် တိုက်ခိုက်သူလည်း ဒဏ်ရာရထားရမယ်... ဒါပေမဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက် ဒဏ်ရာရတယ် ဆိုတဲ့ သတင်း ငါ မကြားမိဘူး... ဒီလို သတင်းမျိုးကို ဖုံးကွယ်ထားဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ...”
"ပြီးတော့ အဲဒါက စန္ဒကူး မီးပြင်းဖိုဂိုဏ်းက ဘယ်သူမှ မဟုတ်ဘူး ဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်... သူတို့ရဲ့ ဝိညာဉ် သန္ဓေသား အဆင့် ပညာရှင် လေးယောက်စလုံး အကောင်းပကတိပဲ... သူတို့ အားလုံး လွန်ခဲ့တဲ့ လအနည်းငယ်က ပွဲတစ်ခုကို တက်ရောက်ခဲ့ကြပြီး အားလုံး အမြဲတမ်းလိုလို ကျန်းမာရွှင်လန်းနေကြတယ်..." ကျင်းဝေ ပြောလိုက်၏။
ကျင်းဝေ၏ ရှင်းပြချက်ကို ကြားပြီးနောက် စန္ဒကူး မီးပြင်းဖိုဂိုဏ်း မဟုတ်လျှင် အခြား ဂိုဏ်းအသစ်များ ဖြစ်နိုင်မလားဟု လင်းမူ တွေးတောနေမိ၏။
'ဒါနဲ့ အဲနာမည်ကိုတောင် မသိသေးဘူး...' လင်းမူ တွေးလိုက်သည်။
"ဒီဒေသမှာ တည်ထောင်ထားတဲ့ ဂိုဏ်းသစ်ရဲ့ နာမည်က ဘာလဲ... သူတို့များ ပါဝင်ပတ်သက်နေမလား..." လင်းမူ မေးလိုက်၏။
"အဲဒီဂိုဏ်းကို ဆောင်းဦးတောင်ကြားဂိုဏ်းလို့ ခေါ်တယ်... သူတို့က ဖြောင့်မတ်တဲ့ ဂိုဏ်း မဟုတ်ပေမယ့် သမားရိုးကျ မဟုတ်တဲ့ ဂိုဏ်းလည်း သေချာပေါက် မဟုတ်ဘူး... တကယ်လို့သာ ဟုတ်ခဲ့ရင် တခြား ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက သံသယ နည်းနည်း ဝင်တာနဲ့ အမြစ်ပြတ် သုတ်သင်ပစ်လောက်ပြီ..."
“ဒါပေမဲ့ သူတို့နဲ့ အပြန်အလှန် ဆက်ဆံမှု အနည်းငယ်ကို ကြည့်ရင် သူတို့က ကြားနေဂိုဏ်း တစ်ခုလို့ သတ်မှတ်လို့ ရတယ်... သူတို့ရဲ့ သက်တမ်းကို ထည့်တွက်ရင် သူတို့က ဒီကျင့်ကြံသူကို တိုက်ခိုက်ခဲ့မလား ဆိုတာ ငါ သေချာ မပြောနိုင်ဘူး... ပြီးတော့ ဒီလိုဆို သူတို့ရဲ့ တစ်ဦးတည်းသော ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ ဒဏ်ရာရသွားတယ်လို့ ဆိုလိုတာပဲ... အဲဒါဆို သူတို့ ခေါင်းဆောင် မရှိဘဲ ဖြစ်နေမှာ...”
“ဒါကြောင့် သူတို့က ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေမလား ဆိုတာ ငါ သေချာ မပြောနိုင်ဘူး... ငါ ထင်တာကတော့ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူ တစ်ယောက်က သူ့ကို တွေ့ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်လောက်တယ်... တိုင်းပြည်ထဲမှာ တကယ်ပဲ လှည့်လည်သွားလာနေတဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တချို့ ရှိတယ်... သူတို့ရဲ့ တည်နေရာကို သတ်မှတ်ဖို့ ခက်ခဲပေမယ့်ပေါ့... ပြီးတော့ သူတို့ထဲက တစ်ယောက် ဒဏ်ရာရသွားရင် သတင်းပျံ့သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး..." ကျင်းဝေ ဖြေလိုက်၏။
“ဟူး… ဒါက ပိုပိုပြီး ရှုပ်ထွေးလာနေပြီ..." လင်းမူ အနည်းငယ် မောပန်းစွာဖြင့် ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"ဒီလိုလုပ်... တွမ်ခယ်က ဒီကိစ္စကို စုံစမ်းပြီး သတင်းအချက်အလက် ရှာကြည့်လိမ့်မယ်... နောက်တစ်ချက်က ငါတို့ ကံကောင်းတယ်... ငါတို့ရဲ့ ကုန်ပစ္စည်း ထောက်ပံ့သူက ဒီနေ့ ဒီကို လာမှာမို့လို့ သူတို့ဆီကနေ တစ်ခုခု သိရနိုင်တယ်..." ကျင်းဝေ ထုတ်ဖော် ပြောကြားလိုက်၏။
လင်းမူ ယနေ့ ထိုသတင်းကို ကြားရလိမ့်မည်ဟု သေချာပေါက် မမျှော်လင့်ထားခဲ့ဘဲ စောစောက ဆိုင်၏ အခြေအနေကို ရုတ်တရက် သတိရသွား၏။
"အဲဒါကြောင့် ဆိုင်ကို သန့်ရှင်းရေး လုပ်ထားတာလား... ကျွန်တော် အစက အမြဲတမ်း ဖုန်တွေနဲ့ပဲ ထားမှာ ထင်နေတာ..." လင်းမူ မေးလိုက်၏။
တွမ်ခယ်၏ နဖူးတွင် မမြင်ရသလောက် သေးငယ်သော သွေးကြောတစ်ခု ထောင်ထလာသည်ကို လင်းမူ သတိမထားမိလိုက်ချေ။ သို့သော် ကျင်းဝေက ချက်ချင်း ခံစားမိပြီး သူ့မြေးမ ဒေါသပုန် ထလုနီးပါး ဖြစ်နေမှန်း သိလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... ကုန်ပစ္စည်း ထောက်ပံ့သူ လာတိုင်း ဆိုင်က အလုပ်လုပ်နေသေးသလို ဟန်ဆောင်ရတယ်... အစီအရင်က ဆိုင်ကို အလိုအလျောက် သန့်ရှင်းရေး လုပ်ပေးတယ်..." ကျင်းဝေ မပေါက်ကွဲမီ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြောလိုက်၏။
"ဝါး... အံ့သြစရာပဲ... သန့်ရှင်းရေး အစီအရင်တွေ... ကျွန်တော် သေချာပေါက် လိုအပ်နေတဲ့ အရာပဲ..." လင်းမူ အစားအစာများ စားသောက်ပြီးနောက် မနက်တိုင်း ကျန်ရစ်ခဲ့သော အရိုးပုံများနှင့် အသားစများကို သတိရရင်း ရေရွတ်လိုက်၏။
"အာ... အဲဒါတွေက ခင်းကျင်းရ လွယ်ပါတယ်... ငါ မင်းကို အဆင်သင့် လုပ်ပြီးသား တစ်ခု ပေးလိုက်မယ်... ခင်ကျင်းရ လွယ်ကူပြီး အတော်လေး အဆင်ပြေတယ်..." လင်းမူ၏ ရေရွတ်သံကို ကြားပြီးနောက် ကျင်းဝေ ပြောလိုက်၏။
ကျင်းဝေ စကားပြောပြီးသည်နှင့် အစီအရင် အစုအဝေး အသက်ဝင်လာသည်ကို သူတို့ ခံစားလိုက်ရသည်။
"သူ ရောက်လာပြီ..."
အခန်း ၂၆၄ ပြီး
***