လင်းမူ သူတို့နှစ်ဦးကို ကြည့်ပြီး ဘာဆက်လုပ်ကြမည်မှန်း စောင့်ကြည့်နေလိုက်၏။ သူတို့၏ ကုန်ပစ္စည်း ထောက်ပံ့သူ အကြောင်း သူ ဘာမျှ မသိသဖြင့် ဘာတွေ ယူလာမည်မှန်း သိချင်နေမိသည်။ သူတို့၏ စကားများအရ ထိုထောက်ပံ့သူက သတင်းအချက်အလက်များနှင့် ထောက်လှမ်းရေး သတင်းများကိုလည်း ပေးမှန်း သူ နားလည်လိုက်၏။
"သွားကြစို့... သူ လမ်းကြားထဲ ဝင်လာပြီ..." တွမ်ခယ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ကျင်းဝေ ခေါင်းညိတ်ပြီး ခန်းမထဲမှ စတင် ထွက်ခွာသွား၏။ သူတို့ အိမ်ကြီးထဲမှ ထွက်လာပြီး လင်းမူက သူတို့နောက်မှ လိုက်ပါသွားကာ မကြာမီ ခြံဝင်း၏ ထွက်ပေါက်ဖြစ်သော အဆောက်အအုံငယ်လေးဆီသို့ ရောက်ရှိသွားကြသည်။ ခေါင်မိုးမှ တွဲလောင်းကျနေသော မီးအိမ်လေး လင်းလက်လာပြီး မြင်ကွင်း ပြောင်းလဲသွား၏။
သူတို့သုံးဦး ဆိုင်၏ နောက်ဖေးခန်းသို့ ရောက်ရှိသွားပြီး ဆိုင်ထဲတွင် နေရာယူလိုက်ကြသည်။ ကျင်းဝေက ဘေးရှိ ကုလားထိုင် တစ်လုံးတွင် ထိုင်ပြီး တွမ်ခယ်က ကောင်တာတွင် ထိုင်လိုက်၏။
ထိုအချိန်တွင် လင်းမူကမူ အနေခက်စွာ ရပ်နေမိ၏။
"ဘာလို့ ကြောင်အမ်းအမ်း ရပ်နေတာလဲ... ဖောက်သည် တစ်ယောက်လို ဟန်ဆောင်နေလေ..." တွမ်ခယ် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
'သူ ဘာလို့ ဒေါသထွက်နေတာလဲ...' လင်းမူ စိတ်ထဲမှ မေးခွန်းထုတ်လိုက်၏။
"လူသား မိန်းမတွေက နားမလည်နိုင်စရာ ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တယ်... ကြီးမြတ်တဲ့ ကျင့်ကြံသူ တစ်ယောက်က ပြောဖူးတယ်... စကြဝဠာရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှစ်ထောင်ထဲမှာ အမျိုးသမီးတွေရဲ့ စိတ်က ထိပ်ဆုံး ဆယ်ခုထဲမှာ ပါတယ်တဲ့..." ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်၏။
"ဟီးဟီး... ဟုတ်လား စီနီယာ..." လင်းမူ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသဖြင့် ရေရွတ်လိုက်သည်။
ကျွီ
ဆိုင်တံခါး ပွင့်သွားသံ ထွက်ပေါ်လာပြီး သေသပ်လှပသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦး ဝင်ရောက်လာ၏။ ထိုလူက ဆံပင်များကို ဦးထုပ်ထဲ ထည့်သွင်းထားပြီး မေးစေ့အထိ ကျနေသော ရှည်လျားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်တိုတို ရှိလေသည်။
သူ့ခါးတွင် ကျောက်စိမ်းတစ်ခု ချိတ်ဆွဲထားပြီး ညာလက်တွင် အဖြူရောင် ယပ်တောင် တစ်ချောင်း ကိုင်ထားကာ ဘယ်လက်ကိုမူ ခါးပတ်မှ တွဲလောင်းကျနေသော အိတ်တစ်ခုပေါ်တွင် တင်ထား၏။ ထိုလူက အသက် သုံးဆယ်ကျော် အရွယ်ခန့် ရှိပုံရသော်လည်း မျက်လုံးများက နားလည်ရခက်ပေသည်။ တစ်ခဏတွင် အပြစ်ကင်းစင်သော အကြည့်မျိုး ရှိပြီး နောက်တစ်ခဏတွင်မူ ပါးနပ်လည်ဝယ်သော အကြည့်မျိုး ဖြစ်သွားတတ်၏။
လင်းမူ သူ့ထံမှ ထွက်ပေါ်နေသော တိုးညင်းသည့် စိတ်ဝိညာဥ်ချီ လှိုင်းများကို ခံစားမိပြီး ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။ သူ စူးစမ်းလိုစိတ်ဖြင့် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး ထိုလူကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူ၏ မျက်လုံးများ သူ့ထံ ရောက်လာပြီး နှုတ်ခမ်းပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာတော့သည်။
"အမြူတေ ဖွဲ့စည်းခြင်း အဆင့်..." လင်းမူ တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုအချိန်တွင် ထိုလူက သူ့ကို ထိတွေ့လာသော စိတ်ဝိညာဥ်အာရုံကို အာရုံခံမိပြီးနောက် စိတ်ဝင်စားသော အမူအရာ ပေါ်လာသည်။
"ဟော... ကျင့်ကြံသူ ရဲဘော်ရဲဘက် တစ်ယောက်ပါလား... မင်္ဂလာပါ..." ထိုလူ လက်နှစ်ဖက် ဆုပ်ကာ ပြုံးပြရင်း နှုတ်ဆက်လိုက်၏။
အပြုံးမှာ အဆင်ပြေပုံ ရသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသော ခံစားချက် တစ်ခု ပါဝင်နေသည်။ လင်းမူ အလျင်အမြန် လက်နှစ်ဖက် ဆုပ်ကာ ပြန်လည် နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ..." လင်းမူ အနေခက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
ထိုလူ လင်းမူ၏ ယခင် အပြုအမူကို ဂရုစိုက်ပုံ မရဘဲ ခေါင်းညိတ် တုံ့ပြန်လိုက်သည်။ သူ ကောင်တာရှေ့သို့ လျှောက်သွားပြီး တွမ်ခယ်ကို ကြည့်လိုက်၏။
"အာ... သခင်မလေး တွမ်ခယ်က အမြဲတမ်းလိုပဲ လှပနေတာပဲ... ပန်းပေါင်း သန်းချီတောင် သခင်မလေးရဲ့ မျက်နှာရှေ့မှာ အရောင်မှိန်သွားမှာပဲ..." ထိုလူ ပိုးပန်းဟန် ပါဝင်သော မြှောက်ပင့်သည့် လေသံဖြင့် ချီးကျူးလိုက်၏။
ထိုလူ၏ စကားများကို ကြားပြီးနောက် လင်းမူ ကြက်သီး တဖြန်းဖြန်း ထသွားပြီး မသိစိတ်အရ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။ သူ မသိလိုက်သော်လည်း သူ့ခါးရှိ ဓားတိုပင် တုန်ခါလာပြီး ဓားအိမ်ထဲမှ ထွက်ချင်နေသကဲ့သို့ ဖြစ်လာ၏။ သို့သော် စက္ကန့်အနည်းငယ် အကြာတွင် ပြန်လည် ငြိမ်သက်သွားပေသည်။
တွမ်ခယ်၏ နဖူးပေါ်ရှိ သွေးကြော ရုတ်တရက် ထောင်ထလာပြီး သူမ၏ မျက်နှာထား အေးစက်သွား၏။ သူမထံမှ ထွက်ပေါ်လာသော ဖိအားများ ပြင်းထန်လာသည်ကို လင်းမူ ရုတ်တရက် ခံစားလိုက်ရသည်။ ဖိအားက သူ့ကို ဦးတည်ထားခြင်း မဟုတ်သော်လည်း သူမ၏ စွမ်းအားကို သူ အာရုံခံမိနေဆဲ ဖြစ်ပေသည်။
"အိုး... သူ တော်တော် သန်မာတာပဲ... ဖိအားက ငါ့ကို ဦးတည်ထားတာ မဟုတ်ပေမယ့် ခြိမ်းခြောက်ခံနေရသလို ခံစားရတယ်... သူ့ကျင့်ကြံခြင်း အခြေခံက ဘယ်လောက်များလဲ မသိဘူး..." လင်းမူ အနည်းငယ် ကြောက်ရွံ့စွာဖြင့် ရေရွတ်လိုက်၏။
"အင်း... သူ ထုတ်လွှတ်နေတဲ့ အရှိန်အဝါကို ကြည့်ရရင် အမြူတေ ဖွဲ့စည်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ သံသယ ဖြစ်စရာ မလိုဘူး..." ရွှီခုန်း ခန့်မှန်းလိုက်၏။
တွမ်ခယ်က အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း လင်းမူ သိထားပြီး သူမနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခု သူမ၏ အပြည့်အဝ စွမ်းအားကို ထုတ်ဖော်ပြသလိုက်သောအခါ မရည်ရွယ်ဘဲ ဖြစ်သော်လည်း သူ အံ့သြသွားမိဆဲပင်။
"မိုးကောင်းကင်... အဲဒီတုန်းက ငါ သူ့ကို နိုင်ခဲ့တာ တကယ် ကံကောင်းတာပဲ..." လင်းမူ သူ့ကံတရားကို ကျေးဇူးတင်လိုက်၏။
ထို့နောက် တွမ်ခယ်ကို ပိုးပန်းရန် ကြိုးစားလိုက်သော ထိုလူ၏ မျက်ခုံးများပေါ်တွင် ချွေးစက်များ ပေါ်လာသည်ကို လင်းမူ မြင်တွေ့လိုက်ရသည်။ သို့တိုင်အောင် ထိုလူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ်မျှ လျော့ပါးမသွားဘဲ ပို၍ပင် ကျယ်ပြန့်လာ၏။
"ဟားဟားဟား... အလုပ်ကိစ္စ စလိုက်ကြရအောင်..." သူ ဖန်တီးခဲ့သော အခြေအနေကို ဖြေလျှော့ရန် ကြိုးစားရင်း ထိုလူ ပြောလိုက်၏။
“ဟမ့်...”
တွမ်ခယ် စိတ်အနှောင့်အယှက် ဖြစ်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထိုလူ သူ့နဖူးမှ ချွေးများကို ဝတ်ရုံလက်ဖြင့် သုတ်လိုက်ပြီးနောက် ကျင်းဝေဘက်သို့ လှည့်ကြည့်လိုက်၏။
"အိုး... သခင်မလေး တွမ်ခယ်ရဲ့ အဘိုးလည်း ဒီမှာ ရှိနေတာပဲ... ကောင်းတာပေါ့... သက်ကြီးရွယ်အိုတွေ ခွန်အား ပြန်လည် ပြည့်ဝလာအောင် ကူညီပေးနိုင်တဲ့ အထူး ဆေးပင်တချို့ ကျွန်တော့်ဆီမှာ ပါလာတယ်..." ထိုလူ ပြောလိုက်၏။
အေးအေးဆေးဆေး အနားယူနေဟန်ဖြင့် လက်ဖက်ရည် သောက်နေသော ကျင်းဝေ ထိုလူ၏ ရိုင်းစိုင်းသော စကားများကို ကြားလိုက်ရသည့်အခါ လက်ဖက်ရည်များ ထွေးထုတ်မိလုနီးပါး ဖြစ်သွားတော့သည်။
လင်းမူ ထိုလူ၏ စကားများကို ကြားသော်လည်း ဘာကို ဆိုလိုမှန်း နားမလည်သောကြောင့် မတုံ့ပြန်လိုက်ချေ။ သို့သော် တွမ်ခယ်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီးနောက် သူမ၏ အေးစက်သော ဟန်ဆောင်မှုအောက်တွင် အလျင်အမြန် ပြန်လည် ဖုံးကွယ်လိုက်၏။
ကျင်းဝေ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်... စကြတာပေါ့... ကဲ... ဒီနေ့ ငါတို့ကို ဘာပစ္စည်းတွေ ယူလာပေးလဲ ကျင်းမင်ရှန်..."
"ဪ... သူ့နာမည်က ကျင်းမင်ရှန်ကိုး..." လင်းမူ ရေရွတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် မှတ်သားထားလိုက်၏။
ထိုလူက တွမ်ခယ်နှင့် ဟွေယင်းကျဲ ပြီးလျှင် လင်းမူ တွေ့ဖူးသော တတိယမြောက် အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်သဖြင့် အနာဂတ်တွင် တစ်နည်းနည်းဖြင့် လိုအပ်လာပါက မှတ်မိနေစေရန် သူ၏ နာမည်ကို မှတ်သားထားလိုခြင်း ဖြစ်ပေသည်။
ကျင်းမင်ရှန် ကျင်းဝေ၏ စကားကို ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။
"ဒီနေ့... ကျွန်တော် ခင်ဗျားတို့အတွက် ကုန်ပစ္စည်း မျိုးစုံ ယူဆောင်လာပါတယ်... ထိတွေ့လို့ ရတဲ့ ပစ္စည်းတွေရာ... ထိတွေ့လို့ မရတာတွေရော ပါပါတယ်...” ကျင်းမင်ရှန် ကြွားဝါသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
အခန်း ၂၆၅ ပြီး
***