ကျင်းမင်ရှန် ဟုခေါ်သော ထိုလူ၏ အပြုအမူများကြောင့် လင်းမူ အနည်းငယ် အံ့သြသွားသော်လည်း အဘိုးနှင့် မြေးမ ဖြစ်သူ ကျင်းဝေနှင့် တွမ်ခယ်တို့မှာမူ အသားကျနေပုံ ရလေသည်။ ထိုလူက တွမ်ခယ်ကို ပိုးပန်းရန် ကြိုးစားနေသော်လည်း သူတို့ ထိုကဲ့သို့ အကြိမ်များစွာ မြင်တွေ့ဖူးပြီး ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေ၏။
သို့သော် ယခင် အပြန်အလှန် ပြောဆိုမှုများအရ ထိုလူ ကျင်းမင်ရှန်သည် အမြူတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်တွင် ရှိသော တွမ်ခယ်လောက် မသန်မာကြောင်း လင်းမူ ပြောနိုင်ပေသည်။ သို့သော် ဟွေယင်းကျဲထက် သို့မဟုတ် အနည်းဆုံးတော့ သူ့လောက် သန်မာပုံ ရ၏။
'အင်း... ဒါဆို သူက အနည်းဆုံး အမြူတေ ဖွဲ့စည်းခြင်း အလယ်အဆင့်မှာ ရှိတာပေါ့... အဲဒါ ကောင်းလား မကောင်းဘူးလားတော့ မသိဘူး...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
"ကဲ... ရှင့်ရဲ့ ဟန်ဆောင်မှုတွေ တော်လောက်ပြီ... ဒီနေ့ ကျွန်မတို့ လုပ်စရာတွေ အများကြီး ရှိတယ်... ပထမဆုံး အနေနဲ့ အရင်က ကုန်ပစ္စည်းတွေကို ရှင်းထုတ်လိုက်ရအောင်..." ကျင်းမင်ရှန်၏ ဟန်ဆောင်မှုများကို ဆက်မကြည့်ချင်တော့သဖြင့် တွမ်ခယ် ရုတ်တရက် ပြောလိုက်၏။
"သခင်မလေး တွမ်ခယ်က အဲဒီလို ပြောရင်လည်း..." ကျင်းမင်ရှန် သဘောတူလိုက်ပြီး သူ့လက်ကောက်ဝတ်မှ လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
လက်ကောက်မှာ သူ့ဝတ်ရုံလက်အောက်တွင် ဖုံးကွယ်နေသဖြင့် လင်းမူ မမြင်ခဲ့ရချေ။ သို့သော် ယခု မြင်လိုက်ရသည့်အခါ ၎င်းသည် ဟင်းလင်းပြင် သိုလှောင်ရတနာ တစ်ခု ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။ တွမ်ခယ် လက်ကောက်ကို ယူပြီး နောက်ဖေးခန်းသို့ မိနစ်အနည်းငယ်ကြာ ဝင်သွားပြီးနောက် ပြန်ထွက်လာသည်။
သူမ ၎င်းကို ကျင်းမင်ရှန်ထံ ပြန်ပေးလိုက်ရာ သူ ယူလိုက်ပြီး တစ်မိနစ်ခန့် မျက်လုံးမှိတ်ထားပြီးမှ ပြန်ဖွင့်လိုက်၏။ ထိုတစ်ကြိမ်တွင် သူ သဘောကျသော အရာတစ်ခုကို တွေ့ရှိသွားသကဲ့သို့ သူ့မျက်လုံးများတွင် အရောင်အလက်သစ် တစ်ခု ပေါ်လာသည်။
"အာ... ဒီတစ်ခါ ကုန်ပစ္စည်းတွေက တော်တော် ကောင်းတာပဲ... ဝိညာဥ်သားရဲ အမြုတေတွေတောင် အများကြီး တွေ့ရတယ်... ဟော... ဒါက ဘာလဲ... အမြူတေ ဖွဲ့စည်းခြင်း အဆင့် သားရဲ အမြုတေလား... အဲဒါကလည်း သွေးမျိုးဆက် စွမ်းရည် နိုးထထားတာပဲ... အထူးအဆန်းပဲ..." ကျင်းမင်ရှန် ချီးကျူးလိုက်၏။
ထိုလူသည် ယခင်က သူ တွမ်ခယ်ထံ ရောင်းချခဲ့သော ပစ္စည်းများ အားလုံးကို ဝယ်ယူရန် ထိုနေရာသို့ လာခြင်း ဖြစ်မည်ဟု လင်းမူ မထင်မှတ်ထားခဲ့ချေ။ သူတို့က ထိုပစ္စည်းများကို အသုံးပြုပြီး ကိုယ်ပိုင် ပစ္စည်းများ ဖန်တီးနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရ၏။
"ကျွန်မဆီမှာ နောက်ထပ် ရှိသေးတယ်... နောက်ထပ် ဟင်းလင်းပြင် သိုလှောင်ရတနာ တစ်ခု ပေး... ဒါမှမဟုတ် ရှင့်ဘာသာ သယ်သွားလို့လည်း ရတယ်..." တွမ်ခယ် ထပ်ပြောလိုက်၏။
"ဘာတွေလဲ... ဒီဟာလောက် ကောင်းမယ်လို့ မျှော်လင့်ပါတယ်..." ကျင်းမင်ရှန် မေးလိုက်၏။
"သားရဲ ကုန်ကြမ်းတွေပါ... သားရေတွေ၊ အရိုးတွေနဲ့ အဲဒီလို အစိတ်အပိုင်းတွေပေါ့..." တွမ်ခယ် ဖြေလိုက်၏။
"အာ... အဲဒါဆို ဟင်းလင်းပြင် ရတနာ မလိုပါဘူး... အစေခံတွေကို သယ်ခိုင်းလိုက်မယ်..." ကျင်းဝေ ပြောလိုက်၏။
"ကောင်းပြီ... သူတို့ကို နောက်ဖေးခြံဝင်း တံခါးကနေ ဝင်လာခိုင်းလိုက်... အဲဒီမှာ ချထားပေးမယ်... ပမာဏက အများကြီးပဲ..." တွမ်ခယ် ပြောလိုက်၏။
ကျင်းမင်ရှန်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အမူအရာ ပေါ်လာသော်လည်း တွမ်ခယ်ကို မေးခွန်းမထုတ်ချေ။ သူ အပြင်သို့ စက္ကန့်အနည်းငယ်ကြာ ထွက်သွားပြီး ပြန်ဝင်လာသည်။
"သူတို့ ခြံဝင်းထဲ ဝင်လာပြီ..." သူ ပြောလိုက်၏။
"ကောင်းပြီ..." တွမ်ခယ် ပြောဆိုပြီး တိတ်တဆိတ် လက်ဟန်ပြလိုက်၏။ "ကုန်ပစ္စည်းတွေကို ခြံဝင်းထဲမှာ ချထားပြီးပြီ..." သူမ ဖြည့်စွက်ပြောလိုက်၏။
ကျင်းမင်ရှန် မျက်ခုံးပင့်လိုက်ပြီး သူ့အစေခံများ အစီရင်ခံမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
လင်းမူ တွမ်ခယ် ဘာလုပ်လိုက်မှန်း မြင်တွေ့လိုက်ရ၏။ အစီအရင် အစုအဝေး ခဏတာ အသက်ဝင်လာပြီး ဟင်းလင်းပြင် တုန်ခါမှုများ ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။ နောက်ထပ် အချက်တစ်ချက်မှာ ယခင်က ခြံဝင်းဝင်ပေါက် မရှိခဲ့သော်လည်း ယခု စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အဆောက်အအုံဘေးတွင် ယခင်က မရှိခဲ့သော တံခါးတစ်ချပ် အထင်အရှား ရှိနေကြောင်း တွေ့လိုက်ရ၏။
"လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်ရဲ့ အစီအရင် အစုအဝေး လုပ်ဆောင်ချက် ဖြစ်ပုံရတယ်..." လင်းမူ စိတ်ထဲမှ ရေရွတ်လိုက်၏။
ငါးမိနစ် အကြာတွင် ဆိုင်တံခါး ခေါက်သံ ကြားလိုက်ရပြီး အိမ်တော်ထိန်း ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဝင်ရောက်လာ၏။ ထိုလူက အစေခံ တစ်ဦးကဲ့သို့ပင် အခန်းထဲရှိ လူတိုင်းကို ရိုသေစွာ လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ လင်းမူ ထိုလူက အစေခံ တစ်ဦး ဖြစ်ကြောင်း သိသော်လည်း ထိုလူထံမှ စိတ်ဝိညာဥ်ချီ တုန်ခါမှုများကို ခံစားမိသဖြင့် အနည်းငယ် အံ့သြသွားမိ၏။
သူ စူးစမ်းလိုစိတ်ဖြင့် ထိုလူကို စစ်ဆေးကြည့်ရာ ချီစုဆောင်းခြင်း အစောပိုင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ကျင့်ကြံသူ တစ်ယောက်က အစေခံ ဟုတ်လား..." လင်းမူ တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါက မဆန်းပါဘူး... အနာဂတ်မှာ မင်း ဒီလိုမျိုး အများကြီး တွေ့ရဦးမှာပါ... အားနည်းတဲ့သူတွေက အမြဲတမ်း အသန်မာဆုံးသူတွေရဲ့ အစေခံ ဖြစ်ရမှာပဲ..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ နားလည်ကြောင်း ခေါင်းညိတ်ပြပြီး လူများကို ပြန်ကြည့်လိုက်သည်။
"သခင်ကြီး... ကုန်ပစ္စည်းတွေ အားလုံးကို မှတ်တမ်းတင်ပြီးပါပြီ..." အစေခံက ပြောဆိုပြီး စာလိပ်တစ်ခုကို ကျင်းမင်ရှန်ထံ ကမ်းပေးလိုက်၏။
ကျင်းမင်ရှန် ယင်းကို ဖတ်ရှုပြီးနောက် ယခု ပိုမို ကျေနပ်သွားပုံ ရလေသည်။
"ဒါတွေက သိပ်ကောင်းတယ်..." ကျင်းမင်ရှန် တွမ်ခယ်ကို ကြည့်ရင်း ပြောလိုက်၏။ "ခင်ဗျားကတော့ အမြဲတမ်း အံ့သြစရာတွေ လုပ်ပြနိုင်တာပဲ..."
ကျင်းမင်ရှန် လက်ဝှေ့ယမ်းလိုက်ရာ အစေခံ ဆိုင်ထဲမှ ထွက်ခွာသွား၏။
"ကဲ... ကျွန်တော့်ဆီက ဘာဝယ်ချင်လဲ..." ကျင်းမင်ရှန် မေးလိုက်၏။
သူ့စကားကို တုံ့ပြန်သည့်အနေဖြင့် တွမ်ခယ် ကျောက်စိမ်းပေရွက် တစ်ခုကို ထုတ်ယူပြီး ထိုလူထံ ကမ်းပေးလိုက်ရာ သူ ဖတ်ရှုပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ... ဒါတွေ အားလုံးကို ရနိုင်ပါတယ်..." ကျင်းမင်ရှန် ပြန်ဖြေလိုက်၏။
ထို့နောက် တွမ်ခယ် လင်းမူကို ခဏတာ လှမ်းကြည့်ပြီးနောက် ကျင်းမင်ရှန်ကို ပြန်ကြည့်လိုက်သည်။
"ကျွန်မတို့ ကိစ္စအနည်းငယ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် လိုတယ်..." သူမ ပြောလိုက်၏။
"ဟုတ်လား... ဘယ်လို သတင်းအချက်အလက်မျိုးလဲ..." ကျင်းမင်ရှန် မေးလိုက်သည်။
"ဒီမှာ တခြား တစ်ယောက်ယောက် ရှိနေတာ အဆင်ပြေရဲ့လား..." ဟု ထပ်ဖြည့်မေးလိုက်၏။
"ရပါတယ်... သူလည်း ဒီအရောင်းအဝယ်မှာ ပါဝင်နေတာပဲ..." ဒီတစ်ခါ ကျင်းဝေ ဝင်ပြောလိုက်၏။
"ဆိုင်ရှင် ကျင်းဝေက ဒီလို ပြောတော့လည်း..." ကျင်းမင်ရှန် ပြောလိုက်၏။
"ကျွန်မတို့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူတွေရဲ့ သတင်းအချက်အလက် လိုတယ်... ပြီးတော့ ဆောင်းဦးတောင်ကြားဂိုဏ်းရဲ့ သတင်းအချက်အလက်လည်း လိုတယ်..." တွမ်ခယ် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
မေးခွန်းကို ကြားပြီးနောက် ကျင်းမင်ရှန်၏ မျက်နှာထား တင်းမာသွားပြီး လက်ထဲရှိ ယပ်တောင်ကို ကစားနေလိုက်သည်။
"ဒီလို သတင်းအချက်အလက်မျိုးကို အလွယ်တကူ ထုတ်ဖော်ပြောလို့ မရဘူးဆိုတာ သခင်မလေး တွမ်ခယ် သိမှာပါ... ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူတွေနဲ့ ပတ်သက်တဲ့ အကဲဆတ်တဲ့ ကိစ္စတွေအတွက် ဈေးနှုန်းက ကြီးမြင့်လိမ့်မယ်... ဆောင်းဦးတောင်ကြားဂိုဏ်း အတွက်ကတော့... အင်း... ပြဿနာ မရှိလောက်ပါဘူး..." ကျင်းမင်ရှန် ပြန်ဖြေလိုက်၏။
"ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး... ကျွန်မတို့ လိုအပ်တာက သတင်းအချက်အလက်ပဲ..." တွမ်ခယ် ထပ်မံ အတည်ပြုလိုက်၏။
"ကျွန်တော် အခု ပြောမယ့် သတင်းအချက်အလက်က အတော်လေး အကဲဆတ်တယ်... ထပ်မေးမယ်နော်... ဒီမှာ ကျင့်ကြံသူ ရဲဘော်ရဲဘက် တစ်ယောက် ရှိနေတာ တကယ် အဆင်ပြေရဲ့လား..." ကျင်းမင်ရှန် ထိုတစ်ကြိမ်တွင် လေးနက်သော မျက်နှာထားဖြင့် ထပ်မံ မေးခွန်းထုတ်လိုက်၏။
အခန်း ၂၆၆ ပြီး
***