"ဟုတ်တယ်... တကယ်ပဲ အဆင်ပြေပါတယ်... ရှင် ပြောလို့ရပါပြီ..." တွမ်ခယ်က အေးစက်သော လေသံဖြင့် ပြောလိုက်၏။
“ဟူး… ကောင်းပါပြီ... သေချာ နားထောင်ပါ... လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူတွေ ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက် ငါးခု ရှိခဲ့တယ်...”
“အဲဒီ အဖြစ်အပျက် ငါးခုထဲက ပထမတစ်ခုက လေပြေစောင်းဂိုဏ်းက ဝိညာဉ် သန္ဓေသား အဆင့် အကြီးအကဲ တစ်ယောက် ကျင့်ကြံနေရင်း အမှားလုပ်မိလို့ ဖြစ်သွားတာ...”
“ဒုတိယနဲ့ တတိယ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ ပညာရှင်တွေကတော့ ရာစုနှစ် ဓားဂိုဏ်းက ဖြစ်ပြီး သူတို့အချင်းချင်း သိုင်းဖလှယ်ရင်း ဒဏ်ရာရသွားခဲ့တာ...”
“စတုတ္ထမြောက် ဝိညာဉ် သန္ဓေသား အဆင့် ပညာရှင်ကတော့ ဟင်္သာတာအိုပညာရှင် လို့ခေါ်တဲ့ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ... သူက တိုင်းပြည်ရဲ့ ယာဉ်တန်းတစ်ခုကို လုယက်ဖို့ ကြိုးစားခဲ့လို့ တော်ဝင်တပ်ဖွဲ့ရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရပြီး ဒဏ်ရာရသွားခဲ့တယ်... သူ့ရဲ့ တည်နေရာ အတိအကျကိုတော့ ကျွန်တော်တို့ မသိပေမယ့် တောင်ပိုင်း လွင်ပြင်တွေမှာ နောက်ဆုံး တွေ့ခဲ့ရတယ်လို့တော့ သိရတယ်...”
“နောက်ဆုံး အဖြစ်အပျက် အတွက်ကတော့... ဒါက ရဖို့ အခက်ခဲဆုံး သတင်းပဲ... ကောင်းကင် နိယာမဂိုဏ်းက အကြီးအကဲ တစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သူ့ရဲ့ လက်ရှိ အခြေအနေကိုတော့ မသိရသေးဘူး... ဒါပေမဲ့ ကောလာဟလတွေ အရတော့ သူ ဒဏ်ရာတွေကြောင့် သေဆုံးသွားပြီလို့ သိရတယ်..." ကျင်းမင်ရှန်က ထုတ်ဖော် ပြောကြားလိုက်၏။
အစီရင်ခံစာ တစ်ခုလုံးကို ပြောပြနေစဉ်အတွင်း ကျင်းဝေနှင့် တွမ်ခယ်တို့ နှစ်ဦးစလုံးထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့သော်လည်း နောက်ဆုံး အချက်ကို ပြောလိုက်ချိန်တွင်မူ ကွဲပြားသွားပေသည်။
"ဘာ... ကောင်းကင် နိယာမဂိုဏ်းက အကြီးအကဲ တစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ် ဟုတ်လား... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး..." တွမ်ခယ်က အံ့သြတုန်လှုပ်သော လေသံဖြင့် မေးလိုက်၏။
"ကျွန်တော်လည်း မသိဘူး... ဒီသတင်း အချက်အလက်လေး ရဖို့တောင် ကျွန်တော် အများကြီး ပေးဆပ်ခဲ့ရတာ..." ကျင်းမင်ရှန်က ပြန်ဖြေလိုက်၏။
"အင်း... သူက ဘယ်တောင်ထိပ်ကလဲ ဆိုတာရော မင်း သိလား..." ကျင်းဝေက မေးလိုက်၏။
"ကျွန်တော်... သေချာတော့ မသိဘူး... ဒါပေမဲ့ ကျွန်တော် ထပ်ပြီး စုဆောင်းရရှိခဲ့တဲ့ သတင်းတွေအရ ကြယ်ဆွတ်တောင်ရဲ့ လူဦးရေမှာ အပြောင်းအလဲ တစ်ခုခု ရှိသွားပုံရတယ်..." ကျင်းမင်ရှန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
ကျင်းဝေ၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူ ဘာမှ မပြောချေ။ ထိုစကားများမှ နားလည်ရမည့် အရာကို သူ နားလည်သွားပြီ ဖြစ်ပြီး ယင်းတို့ကို ပေါ်ပေါ်ထင်ထင် ထုတ်ပြော၍ မရကြောင်း သူ သိထားပေသည်။
ယခုလေးတင် ထုတ်ဖော်ပြောကြားလိုက်သော သတင်းအချက်အလက်များကို အားလုံးက နားလည်သဘောပေါက်ရန် ကြိုးစားနေကြသဖြင့် ဆိုင်ခန်းအတွင်း တစ်မိနစ်ခန့် တိတ်ဆိတ်သွား၏။ လင်းမူလည်း ထိုနည်းတူပင် ဖြစ်ပြီး ထိုတစ်ကြိမ်တွင် အမည်သစ် အတော်များများကို သူ သိရှိလိုက်ရပေသည်။
လင်းမူ ရာစုနှစ် ဓားဂိုဏ်းအကြောင်းကို သိရှိထားပြီး ဖြစ်ကာ ယခင်က ကျင်းဝေထံမှ ရရှိခဲ့သော မှတ်တမ်းများတွင်လည်း သူတို့အကြောင်း ဖတ်ရှုခဲ့ဖူးသည်။ ရာစုနှစ် ဓားဂိုဏ်းက တိုက်ခိုက်ရသည်ကို နှစ်သက်ပြီး ဓားသိုင်းများကို ကျင့်ကြံကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည့် ဂိုဏ်းတစ်ခု ဖြစ်ကြောင်း သူ သိထား၏။
ဂိုဏ်းသားများ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြပြီး ဒဏ်ရာရခြင်းမှာ သာမန်ကိစ္စ တစ်ခုသာ ဖြစ်ပေသည်။ ထိုတစ်ကြိမ်တွင် ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူများ ပါဝင်ပတ်သက်နေခြင်းသာ ဖြစ်၏။
လေပြေစောင်းဂိုဏ်း ဆိုသည်မှာ လင်းမူ ပထမဆုံးအကြိမ် ကြားဖူးသော အမည်သစ်တစ်ခု ဖြစ်ပြီး သူတို့က ဘယ်သူတွေမှန်း သူ မသိချေ။ သူ မှတ်တမ်းများကို အလျင်အမြန် ရှာဖွေကြည့်လိုက်ရာ သူတို့မည်သူဖြစ်ကြောင်း တွေ့ရှိသွား၏။ လေပြေစောင်းဂိုဏ်းသည် မဟာကျိုး အင်ပါယာ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသော အလတ်စား ဂိုဏ်းတစ်ခု ဖြစ်ပြီး ထူးခြားချက် မရှိသော သာမန် ဂိုဏ်းတစ်ခုသာ ဖြစ်ပေသည်။
ဟင်္သာတာအိုပညာရှင် ဆိုသူမှာ လင်းမူ ပထမဆုံးအကြိမ် ကြားဖူးသော လှည့်လည်သွားလာနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။ မှတ်တမ်းများထဲတွင် သူ့အကြောင်း သတင်းအချက်အလက် တစ်စုံတစ်ရာ မှတ်တမ်းတင်ထားခြင်း မရှိသဖြင့် လင်းမူ ဘာမှ ပိုမသိနိုင်ချေ။
သို့သော် နောက်ဆုံး ပြောကြားသွားသော သတင်းအချက်အလက်မှာ အံ့သြတုန်လှုပ်စရာ အကောင်းဆုံး ဖြစ်ပေသည်။ ကောင်းကင် နိယာမဂိုဏ်းက မဟာကျိုး အင်ပါယာ၏ နံပါတ်တစ် ထိပ်တန်းဂိုဏ်း ဖြစ်ပြီး ဧကရာဇ်မင်းနှင့် တန်းတူ သို့မဟုတ် ထိုထက်ပင် သာလွန်သည်ဟု ဆိုကြပေသည်။ သူတို့နှင့် ပတ်သက်သော မည်သည့်ကိစ္စကိုမဆို အလွန် အလေးအနက်ထားလေ့ ရှိရာ သူတို့၏ အကြီးအကဲ တစ်ဦး ဒဏ်ရာရသွားသည်ဟု ကြားလိုက်ရခြင်းက အတော်လေး အံ့သြစရာ ကောင်းလှပေသည်။
ကြယ်ဆွတ်တောင် အကြောင်းကိုမူ မှတ်တမ်းများထဲတွင် ကောင်းကင် နိယာမဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခု ဖြစ်ကြောင်းမှလွဲ၍ သတင်းအချက်အလက် သိပ်မရှိလှချေ။
'အင်း... ဒါက ငါ့အတွက် ရှေ့ဆက်ဖို့ သတင်းအချက်အလက် သိပ်မပေးနိုင်သလိုပဲ...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ဖြောင်း
ကျင်းမင်ရှန်က အားလုံး၏ အာရုံကို ဆွဲဆောင်ရန် လက်ခုပ် ညင်သာစွာ တီးလိုက်ပြီးနောက် စကားပြောလိုက်၏။
"ကဲ... ဆောင်းဦးတောင်ကြားဂိုဏ်း အကြောင်း ပြောရရင်... လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူတို့ဆီမှာ ထူးထူးခြားခြား ဘာမှ မဖြစ်ခဲ့ပါဘူး... ဒါပေမဲ့ မကြာသေးခင်က သူတို့ရဲ့ ဂိုဏ်းသား တချို့က အမည်မသိ ဂိုဏ်းတစ်ခုက ဂိုဏ်းသား တချို့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်... ကြီးကြီးမားမား ဘာမှ မဖြစ်ခဲ့ဘဲ အဲဒီအချိန်ကတည်းက ပြေလည်သွားခဲ့တယ်...”
“ဒါပေမဲ့ ဆောင်းဦးတောင်ကြား ဂိုဏ်းက တစ်ယောက်ယောက်ကို ဝူလင်မြို့မှာ တွေ့လိုက်တယ် ဆိုတဲ့ ကောလာဟလ တစ်ခုတော့ ရှိတယ်..."
"ဟုတ်လား... ဘယ်သူ့ကို တွေ့လိုက်တာလဲ... ဂိုဏ်းသားလား... အကြီးအကဲလား..." တွမ်ခယ်က မေးလိုက်၏။
"သူက အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လို့ ဆောင်းဦးတောင်ကြား ဂိုဏ်းက အကြီးအကဲ တစ်ယောက် ဖြစ်ဖို့များတယ်... ဂိုဏ်းမှာ ဂိုဏ်းချုပ်ဖြစ်တဲ့ ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ယောက်တည်းပဲ ရှိတာဆိုတော့ အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေက အကြီးအကဲတွေ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်...”
“သူတို့ရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီးတော့ နာမည်ကို မသိရပေမယ့် အမျိုးသမီး တစ်ယောက် ဖြစ်တယ် ဆိုတာကိုတော့ ကျွန်တော်တို့ သိရတယ်..." ကျင်းမင်ရှန်က ပြန်ဖြေလိုက်၏။
တွမ်ခယ်က ခေါင်းညိတ် တုံ့ပြန်လိုက်ပြီးနောက် "အဲဒါဆိုရင် ငါတို့ လိုအပ်တာ ပြည့်စုံပါပြီ... ကုန်ပစ္စည်းတွေနဲ့ ကုန်ကျစရိတ်ကို တွက်ချက်လိုက်ပါ..." ဟု ပြောလိုက်၏။
ကျင်းမင်ရှန် စက္ကန့်အနည်းငယ်ခန့် မျက်လုံးမှိတ်ထားပြီးနောက် ပြန်ဖွင့်လိုက်၏။
"သခင်မလေး တွမ်ခယ်... ကုန်ကျစရိတ်က ကုန်ပစ္စည်းတွေထက် အနည်းငယ် ပိုများနေပေမယ့် သခင်မလေး အတွက် သီးသန့် လျှော့ဈေး ပေးပါ့မယ်... အပို ကုန်ကျစရိတ်ကို ပေးစရာ မလိုပါဘူး..." ကျင်းမင်ရှန်က ယခင်ကကဲ့သို့ပင် မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်၏။
တွမ်ခယ် ထိုစကားကို မျက်နှာအမူအရာဖြင့်ပင် မတုံ့ပြန်ဘဲ သဘောတူကြောင်း တစ်ချက် ညည်းရုံသာ ပြုလုပ်လိုက်၏။ ထို့နောက် အနေခက်သော တိတ်ဆိတ်မှု တစ်ခု ကျရောက်လာပြီး ကျင်းဝေ၏ ချောင်းဟန့်သံဖြင့် အတင်းအကျပ် ဖြိုခွင်းလိုက်ရပေသည်။
"ဒီမှာတော့ ကိစ္စပြတ်ပြီ ထင်ပါတယ်... နောက်တစ်ခါမှ ပြန်တွေ့ကြတာပေါ့ သခင်မလေး တွမ်ခယ် နဲ့ ဆိုင်ရှင် ကျင်းဝေ..." ကျင်းမင်ရှန်က အလျင်စလို ပြောဆိုပြီး ဆိုင်ထဲမှ ထွက်ခွာသွားသော်လည်း မထွက်ခွာမီ လင်းမူကို အကဲခတ်သည့် အကြည့်တစ်ချက် ပေးသွားသေး၏။
ဟူး
ခေါင်းကိုက်တော့မည့် အလား နဖူးကို ပွတ်သပ်ရင်း တွမ်ခယ်၏ နှုတ်ခမ်းမှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာ၏။
"အဲဒီလူက... သူ တော်တော် ထူးဆန်းတာပဲ..." လင်းမူက မဲ့ပြုံးလေးဖြင့် ပြောလိုက်၏။
"ထူးဆန်းတယ်ဆိုတဲ့ စကားလုံးက နည်းတောင် နည်းသေးတယ်... ငါတို့ရဲ့ အခြေအနေကြောင့်သာ အတင်းအကျပ် သည်းခံမနေရရင် သူ့ကို ပညာပေးလိုက်တာ ကြာလှပြီ... အား... သူ့ကို ထပ်မမြင်ချင်တော့ဘူး... အဘိုး သူ့ကို အရင်က မကယ်ခဲ့သင့်ဘူး..." တွမ်ခယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
အခန်း ၂၆၇ ပြီး
***