လင်းမူ တွမ်ခယ် ဘာပြောနေမှန်း နားမလည်သဖြင့် သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ သူတို့နှစ်ဦးနှင့် ကုန်သည် ကျင်းမင်ရှန်တို့ကြားတွင် အတိတ်က ဆက်ဆံရေး တစ်ခုခု ရှိခဲ့ပုံ ရလေသည်။ လောလောဆယ် တွမ်ခယ်က ထိုလူကို လုံးဝ သဘောမကျကြောင်း ထင်ရှားနေသဖြင့် ဘာဖြစ်နိုင်မလဲဟု သူ တွေးတောနေမိ၏။
ကျင်းဝေ လင်းမူ၏ စူးစမ်းလိုသော အကြည့်ကို သတိပြုမိပြီး ထိုအကြောင်း ပြောပြလိုက်လျှင်လည်း ကိစ္စမရှိကြောင်း သိလိုက်သည်။ သူတို့ အတူတူ အလုပ်လုပ်လာခဲ့သည်မှာ အတန်ကြာပြီ ဖြစ်၍ လင်းမူကို ထုတ်ဖော်ပြောပြခြင်းက အဆင်ပြေမည်ဟု သူ ထင်မြင်မိ၏။
“ဟူး… အဲဒီတုန်းက သူ့ကို အဘိုးတို့ ဘာလို့ ကယ်ခဲ့ရလဲ ဆိုတာ သမီး သိပါတယ်... အဘိုးတို့ အကူအညီ လိုအပ်နေချိန်မှာ သူက တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေလို့ပဲလေ... ပြီးတော့ သူ့ကို ကယ်တင်ခဲ့တဲ့အတွက် ကျင်းမင်ရှန်က အဘိုးတို့အပေါ် အကြွေးတင်သွားတယ်... မဟုတ်ရင် သူ့လို တခြား ကုန်သည်တွေနဲ့ ဆက်ဆံခဲ့ရင် အဘိုးတို့ရဲ့ တည်နေရာက ပေါက်ကြားသွားတာ ကြာလှပြီ...”
"သူက ပါးနပ်တဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်ပေမယ့် ဂုဏ်သိက္ခာကိုတော့ တန်ဖိုးထားပြီး သူ့ကတိကို တည်ပါတယ်..." ကျင်းဝေ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"အဘိုးက ကျေနပ်ရင် ပြီးတာပါပဲ..." တွမ်ခယ် စိတ်မပါစွာ ပြောလိုက်သည်။
ကျင်းဝေ လင်းမူကို ကြည့်ပြီး ပြောလိုက်၏။ "မင်း တစ်ခုခု မေးချင်နေတာ ငါ သိတယ်... မေးပါ ရပါတယ်..."
"ကျွန်တော် ကျင်းမင်ရှန် အကြောင်း မေးချင်လို့ပါ... ခင်ဗျားတို့ စကားတွေအရ သူ့ကို ကယ်ခဲ့တာလား..." လင်းမူ မေးလိုက်၏။
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖို့ လမ်းကြောင်းတစ်ခု လိုအပ်နေခဲ့တယ်... ပေါ်ပေါ်ထင်ထင် ဘာမှ သုံးလို့ မရဘူးလေ... အဲဒီလိုဆိုရင် ငါတို့ရဲ့ အထောက်အထားနဲ့ တည်နေရာ ပေါက်ကြားသွားမှာမို့လို့...”
“အဲဒီတုန်းက ငါတို့ အင်ပါယာထဲမှာ ခရီးသွားနေတုန်း လူတစ်စုက လူတစ်ယောက်ကို လိုက်ဖမ်းနေတာ တွေ့ခဲ့ရတယ်... အဲဒီလူက ကျင်းဝေရှန်ပဲပေါ့...”
“သူက တခြားလူတွေရဲ့ အကျိုးအမြတ်ကို ယူလိုက်လို့ မထိသင့်တဲ့ လူတွေကို ဒေါသထွက်အောင် လုပ်မိသွားပုံရတယ်... အဲဒါကြောင့် သူတို့က သူ့ကို ပစ်မှတ်ထားပြီး လိုက်လံ ဖမ်းဆီးနေကြတာ... ငါတို့ သူ့ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ကို တိုက်ခိုက်တဲ့ သူတွေကို မောင်းထုတ်ပေးခဲ့တယ်... အဲဒီအတွက် သူက ငါတို့ကို အသက်သခင် ကျေးဇူးရှင်အဖြစ် ကတိပေးခဲ့တယ်...”
“သူက ကုန်သည် တစ်ယောက် ဖြစ်မှန်း သိလိုက်ရတော့ ငါတို့ သဘောတူညီမှု တစ်ခု လုပ်ခဲ့ကြတယ်... သူက ငါတို့ရဲ့ အထောက်အထားကို လျှို့ဝှက်ထားပေးရင်း ငါတို့နဲ့ အရောင်းအဝယ် လုပ်ပေးရမယ်... သူ ငါတို့ ဘယ်သူလဲဆိုတာ အတိအကျ မသိပေမယ့် ငါတို့ရဲ့ တည်နေရာကိုတော့ တခြားသူတွေကို မပြောပြဘူး..." ကျင်းဝေ ဖြေလိုက်၏။
"ဪ... နားလည်ပါပြီ..." လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
'သူတို့ အခုချိန်ထိ ကူညီခဲ့ဖူးတဲ့သူက ငါ ပထမဆုံး မဟုတ်ဘူးပဲ...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
“အဟမ်း…”
တွမ်ခယ် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး သူတို့၏ အာရုံကို လက်ရှိ ကိစ္စဆီသို့ ပြန်ဆွဲခေါ်လိုက်သည်။
"သံသယရှိသူနဲ့ ပတ်သက်ပြီး ငါတို့ဆီမှာ ခိုင်လုံတာ ဘာမှ မရှိသေးဘူး ထင်တယ်... ငါတို့ အရင်က ထင်ခဲ့သလိုပဲ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့က အများဆုံးပဲ..." တွမ်ခယ် ပြောလိုက်၏။
"နေဦး... ကောင်းကင် နိယာမဂိုဏ်းက အကြီးအကဲလည်း ဒဏ်ရာရထားတယ် မဟုတ်လား... သူတို့များ ဖြစ်နေမလား..." လင်းမူ ဖြတ်ပြောလိုက်၏။
"မဟုတ်ဘူး... အဲဒီ အကြီးအကဲက ကြယ်ဆွတ်တောင်ကမို့လို့ မဖြစ်နိုင်ဘူး..." ကျင်းဝေ ပြန်ဖြေလိုက်၏။
"ဘာလို့ မဖြစ်နိုင်ရတာလဲ... ကြယ်ဆွတ်တောင်က ဘာထူးခြားလို့လဲ..." လင်းမူ မေးလိုက်၏။
ဟူး
ကျင်းဝေ စကားမပြောမီ အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကြယ်ဆွတ်တောင်က ကောင်းကင် နိယာမဂိုဏ်းမှာ ထူးခြားတဲ့ တည်ရှိမှု တစ်ခုပဲ... တခြား ထိပ်တန်းဂိုဏ်းတွေမှာတောင် သူ့နာမည်က ကြီးတယ်...”
“သူတို့က ဂိုဏ်းရဲ့ တခြား တောင်ထိပ်တွေ၊ ဂိုဏ်းခွဲတွေနဲ့ မတူဘူး... သူတို့ ကိုင်တွယ်တဲ့ တစ်ခုတည်းသော အရာက ကြယ်ဆွတ် အစီအရင် အစုအဝေးပဲ... ဒါက ကမ္ဘာ့အတားအဆီးကို စောင့်ကြည့်ပြီး အပြန်အလှန် သက်ရောက်မှု ပြုလုပ်နိုင်တဲ့ အထူး အစီအရင် တစ်ခုပဲ... မဟာကျိုး ကုန်းမြေတိုက်ကြီး တစ်ဝိုက်မှာ ဖြစ်ပေါ်နေတဲ့ ဟင်းလင်းပြင် အနှောင့်အယှက်တွေနဲ့ တုန်ခါမှုတွေကိုလည်း အာရုံခံနိုင်တယ်...”
“အဲဒီတောင်ထိပ်က အဖွဲ့ဝင် အားလုံးက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေပြီး တောင်ထိပ်ကနေ ထွက်ခဲတယ်... ဂိုဏ်းကနေ ထွက်ဖို့ဆိုတာတော့ ပြောမနေနဲ့တော့... သူတို့က သေဆုံးသွားတဲ့ ကျင့်ကြံသူနဲ့ တိုက်ခိုက်ခဲ့ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုက အစီအရင်တွေမှာပဲ ရှိပြီး တိုက်ခိုက်ရေးမှာ မဟုတ်ဘူး..." ကျင်းဝေ ရှင်းပြလိုက်၏။
လင်းမူ ထိုသတင်းအချက်အလက်ကြောင့် စိတ်ဝင်စားသွားသော်လည်း ရွှီခုန်း ရုတ်တရက် လင်းမူ၏ စိတ်ထဲတွင် ဝင်ပြောလိုက်သောကြောင့် ကြာရှည် မခံလိုက်ချေ။
"ကြယ်ဆွတ် အစီအရင် အစုအဝေး... ဘာ... ဒီလို ကမ္ဘာမျိုးမှာတောင်..." ရွှီခုန်း အံ့သြတကြီး ရေရွတ်လိုက်၏။
"ဘာပြဿနာ ရှိလို့လဲ စီနီယာ..." လင်းမူ စိုးရိမ်တကြီး မေးလိုက်၏။
"မင်း ဒီနေရာက ထွက်သွားမှ ငါ နောက်မှ ရှင်းပြမယ်... ဒါပေမဲ့ ဒါကို သိထား... ငါတို့ မကြာခင် အပြောင်းအလဲ တချို့ လုပ်ရလောက်တယ်..." ရွှီခုန်း လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
လင်းမူ တိတ်ဆိတ်စွာ ညည်းတွား တုံ့ပြန်လိုက်ပြီး ထပ်မမေးတော့ချေ။ စီနီယာ ရွှီခုန်း ထိုကဲ့သို့ ပြုမူနေလျှင် ထိုနေရာတွင် မဆွေးနွေးသင့်သော အလွန် အရေးကြီးသည့် ကိစ္စတစ်ခုခု ရှိနေမည်မှာ သေချာကြောင်း သူ သိထားပေသည်။
"ကောင်းပြီလေ... အခုလောလောဆယ် ကျွန်တော်တို့ ကောက်ချက်ချလို့ မရသေးဘူးဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်... နောက်မှ ခင်ဗျားတို့ ပိုသိလာနိုင်မလား..." လင်းမူ စကားဝိုင်းကို အဆုံးသတ်လိုသဖြင့် ပြောလိုက်၏။
"အင်း... ငါတို့ အဲဒီလိုပဲ လုပ်လိုက်မယ်... ပျက်စီးနေတဲ့ လက်စွပ်အတွက်ကတော့ ငါ့ဆီမှာ ထားခဲ့လို့ ရပါတယ်... တစ်ခုခု ထူးခြားလာရင် ဒါမှမဟုတ် လက်စွပ် ပြင်ပြီးသွားရင် ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်ကနေ မင်းကို အကြောင်းကြားလိုက်မယ်..." ကျင်းဝေ ပြန်ဖြေလိုက်၏။
လင်းမူ သူတို့ကို ကျေးဇူးတင်ကြောင်း လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ပြီးနောက် ဆိုင်ထဲမှ ထွက်ခွာကာ အိမ်သို့ ပြန်လာလိုက်သည်။
လင်းမူ ထွက်သွားပြီးနောက် တွမ်ခယ် သူမအဘိုးကို အနည်းငယ် ဇဝေဇဝါ ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"သမီး တစ်ယောက်တည်း ထင်တာလား... ဒါမှမဟုတ် သူကပဲ အလျင်စလို ထွက်သွားချင်နေတာလား... သူ့ရဲ့ အရင် အပြုအမူတွေကို ထည့်တွက်ရင် သူက မေးခွန်းတွေ အများကြီး ထပ်မေးတတ်တယ်လေ..." တွမ်ခယ် ပြောလိုက်၏။
"အင်း... အဲဒီလိုတော့ ထင်ရတယ်... ဒါပေမဲ့ အဘိုးတို့ မှားတာလည်း ဖြစ်နိုင်ပါတယ်... အဲဒီကောင်လေးက မြန်မြန် တိုးတက်နေပြီး ဘယ်လောက်အထိ ရောက်နိုင်မလဲ ဆိုတာ အဘိုး မသိဘူး... သူ့ဆီမှာ ကြီးမားတဲ့ တွန်းအားတစ်ခု ရှိနေတာ သေချာပြီး သူ့ကိုယ်ပိုင် ရည်မှန်းချက်တွေလည်း ရှိနေမှာပဲ... ဘာပဲဖြစ်ဖြစ် လောကကြီးရဲ့ ဆန္ဒက သာမန်လူ တစ်ယောက်ကို ရွေးချယ် ခန့်အပ်မှာ မဟုတ်ဘူးလေ..." ကျင်းဝေ တည်ငြိမ်သော အသံဖြင့် ပြန်ဖြေလိုက်၏။
အိမ်သို့ ပြန်ရောက်သောအခါ လင်းမူ အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ခြုံပုတ်တောကြောင်ညိုက သူ့ကို ချက်ချင်း ဆီးကြိုလေသည်။
မြောင်
လင်းမူ ဒူးထောက်ထိုင်ချပြီး သားရဲ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"ဗိုက်ဆာနေပြီလား..." လင်းမူ မေးလိုက်သည်။
"ဗိုက်ဆာတယ်..." လင်းမူ သူ့စိတ်ထဲတွင် ခံစားလိုက်ရ၏။
“ကောင်းပြီ... စားဖို့ တစ်ခုခု လုပ်ကြတာပေါ့... ညစာစားချိန်လည်း နီးနေပြီပဲ..." လင်းမူ ပြန်ပြောပြီး မီးဖိုချောင်ဘက်သို့ ထွက်သွားလိုက်သည်။
ထိုနေရာတွင် အသားအချို့ကို ချက်ပြုတ်ရန် ပြင်ဆင်ရင်း ခြုံပုတ်တောကြောင်ညိုကို ကြည့်လိုက်၏။
"အင်း... ငါ မင်းကို နာမည်တစ်ခု ပေးသင့်ပြီ ထင်တယ်... ဟုတ်တယ်မလား..."
အခန်း ၂၆၈ ပြီး
***