လင်းမူ ယခုလေးတင် ချက်ပြုတ်ထားသော အသားများကို စားသောက်ရင်း နာမည်တစ်ခုကို စဉ်းစားနေ၏။ ခြုံပုတ်တောကြောင်ညိုသည်လည်း သူ့ဝေစုကို စားသောက်ရင်း ညစာ အတူတူ စားနေသည်။ အံ့သြစရာ မရှိဘဲ သားရဲလေးက ယခင်က ပမာဏအတိုင်းသာ စားသောက်နေပြီး လင်းမူ၏ တိုးပွားလာသော အစာစားချင်စိတ်ကဲ့သို့ ပြောင်းလဲမှု မရှိချေ။
"ဟားဟား... ဒါပဲ... ရပြီကွ..." လင်းမူ အော်ဟစ်လိုက်ရာ ခြုံပုတ်တောကြောင်ညို တုန်တက်သွား၏။
လင်းမူ သားရဲလေးကို ကြည့်ပြီး ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "အခုကစပြီး မင်းနာမည်က မွှေးပွလေးပဲ..."
သားရဲလေးက လင်းမူကို ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ သူက ဆက်သွယ်မှုမှတစ်ဆင့် ရှင်းပြလိုက်၏။
မြောင်
သားရဲလေး သာယာစွာ ညည်းတွားလိုက်ပြီး ပေးထားသော နာမည်အသစ်ကို လက်ခံလိုက်သည်။ သားရဲလေးက နာမည်အသစ်ကို သဘောကျသည်ကို မြင်သောအခါ လင်းမူ သူ့နာမည်ပေးစွမ်းရည်ကို အနည်းငယ် ဂုဏ်ယူသွားမိ၏။ ရွှီခုန်းကမူ လျစ်လျူရှုထားပြီး သူ့ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည်။
စားသောက်ပြီးနောက် အသက်စွမ်းအင်ကို စုပ်ယူပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှု တိုးတက်မှုကို စစ်ဆေးကြည့်ရာ ယခင်ကနှင့် ကွာခြားမှု မရှိကြောင်း တွေ့ရှိရ၏။
"အင်း... တိုးတက်မှုက ပိုပိုပြီး နှေးကွေးလာတယ်... နောက်ဆုံး သိသာတဲ့ တိုးတက်မှု ရခဲ့တာက အမြူတေ ဖွဲ့စည်းခြင်း အဆင့် သားရဲ ဖြစ်တဲ့ ခေါင်းဆောင် သံမဏိကျောရိုး ဝံပုလွေရဲ့ အသားကို စားတုန်းကပဲ... တိုးတက်မှု ထပ်မြင်ရဖို့ ဘယ်လောက်ကြာဦးမလဲ... ဒါမှမဟုတ် အမြူတေ ဖွဲ့စည်းခြင်း အဆင့် သားရဲအသားတွေ ထပ်လိုသေးလား..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
အမြူတေ ဖွဲ့စည်းခြင်း အဆင့် သားရဲ ရရှိနိုင်မည့် အလားအလာကို စဉ်းစားကြည့်ရာ ရယူရန် အတော်လေး ခက်ခဲမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ရှာတွေ့ရန် သိပ်ပြဿနာ မရှိနိုင်သော်လည်း အမြူတေ ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် သို့မဟုတ် ထိုထက် မြင့်မားနေပါက သတ်ဖြတ်ရန် ပြဿနာ ဖြစ်လာနိုင်ပေသည်။ ယခု နွေဦးရာသီ ရောက်နေပြီ ဖြစ်၍ ထိုမျှ သန်မာသော သားရဲများနှင့် တွေ့ဆုံရန် သစ်တော၏ အတွင်းပိုင်း နက်နက်အထိ သွားရောက်ရမည်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။
ဟူး
"ဝိညာဥ်သားရဲ အသားတွေကိုပဲ ဆက်စားနေရမယ့်ပုံပဲ... ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အစာစားချင်စိတ်က ပိုပိုပြီး တိုးလာနေတာပဲ... အရည်အသွေးအစား အရေအတွက်နဲ့ပဲ အစားထိုးရတော့မှာပေါ့..." လင်းမူ အားကိုးရာမဲ့သော လေသံဖြင့် ပြောလိုက်၏။
"မင်း အမြူတေ ဖွဲ့စည်းခြင်း အဆင့် သတ္တဝါရဲ့ အသားကို လိုချင်ရင် သားရဲတွေကပဲ တစ်ခုတည်းသော အရင်းအမြစ် မဟုတ်ဘူး ဆိုတာ မင်း သိပါတယ်..." လင်းမူ၏ စိတ်ပျက်လက်ပျက် ဖြစ်နေမှုကို မြင်သောအခါ ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်၏။
"ဟင်... ကျွန်တော့်မှာ တခြား ဘာရွေးချယ်စရာ ရှိသေးလို့လဲ စီနီယာ..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"တကယ်တမ်း ပြောရရင် အသားက အသားပါပဲ... အရေးကြီးတာက အဲဒီအသား ပိုင်ရှင်ရဲ့ ကျင့်ကြံခြင်း အခြေခံပဲ... မင်းအနားမှာ အမြူတေ ဖွဲ့စည်းခြင်း အဆင့် အသားအတွက် အများကြီး ပိုနီးစပ်တဲ့ အရင်းအမြစ် ရှိတယ်... မင်း... တခြား ကျင့်ကြံသူတွေကို စားလိုက်ရုံပဲ..." ရွှီခုန်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလောက်အောင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ အံ့သြတုန်လှုပ်သွားပြီး မည်သို့ တုံ့ပြန်ရမှန်း မသိဖြစ်သွားသည်။ ရိုးရိုးသားသား ပြောရလျှင် ထိုအကြံဉာဏ်က သူ တွေးဖူးသည့် အရာများနှင့် အနည်းငယ်မျှပင် မနီးစပ်ပါချေ။ မွေးရာပါ အသိစိတ်အရ အခြား လူသားတစ်ဦးကို စားသောက်ရမည့် အကြံဉာဏ်အပေါ် လင်းမူ အလွန်အမင်း ရွံရှာမှုကို ခံစားလိုက်ရ၏။
သူ စီနီယာ ရွှီခုန်းကို ကန့်ကွက်ရန် ပြင်လိုက်စဉ်မှာပင် ရွှီခုန်းက လူသား မဟုတ်ဘဲ သားရဲတစ်ကောင် ဖြစ်ကြောင်း ရုတ်တရက် သတိရသွား၏။ လူသားများက သားရဲများကို အချိန်တိုင်း စားသောက်နေကြပြီး သားရဲများကလည်း လူသားများကို ထိုနည်းတူ ပြုလုပ်နေကြရာ ထိုအရာကို မမှန်ကန်ဟု တစ်ဖက်လူကို မည်သို့များ ပြောပိုင်ခွင့် ရှိပါမည်နည်း။
အနည်းဆုံးတော့ ထိုရှုထောင့်မှ ကြည့်လျှင် သားရဲများသည် အခြား သားရဲများကို စားသောက်ကြပြီး သိပ်မတွေးတောကြချေ။ အနည်းဆုံးတော့ တွေးခေါ်နိုင်စွမ်း ပိုမြင့်မားသော အကောင်များတော့ သိပ်မတွေးကြပါချေ။ သားရဲများက လုံးဝ ဉာဏ်ရည်မဲ့နေသည်တော့ မဟုတ်ပေ။ သားရဲ အားလုံးနီးပါး သူတို့၏ ကျင့်ကြံခြင်း အခြေခံ မြင့်မားလာသည်နှင့်အမျှ ဉာဏ်ရည်နှင့် ဉာဏ်ပညာကို စတင် ရရှိလာကြသည်။ နောက်ဆုံးတွင် လူသားများနှင့် တန်းတူ ဉာဏ်ရည်ရှိလာမည် သို့မဟုတ် ထိုထက်ပင် ကျော်လွန်သွားမည် ဖြစ်ပေသည်။
လင်းမူ နောက်ဆုံးတွင် စီနီယာ ရွှီခုန်းကို ပြန်မပြောတော့ဘဲ သူ့စကားများကို မှတ်ချက်မပေးဘဲ ဒီအတိုင်းသာ လက်ခံလိုက်၏။
လင်းမူ မသိလိုက်သော်လည်း ယနေ့တွင် သူ့ထံ၌ နောက်ထပ် အပြောင်းအလဲ အသေးစားလေး တစ်ခု ဖြစ်ပေါ်သွားပေသည်။ ယခုအချိန်တွင် သေးငယ်သော်လည်း တစ်နေ့တွင် တောင်ကြီးတစ်လုံး ဖြစ်လာမည့် အပြောင်းအလဲ တစ်ခုပင်။
ထို့နောက် သူ မတ်တတ်ရပ်ပြီး မွှေးပွလေးနှင့်အတူ ဆက်လက် ကျင့်ကြံရန် အိပ်ခန်းသို့ ပြန်လာလိုက်၏။ ယခု သူ အလွန် စိတ်လှုပ်ရှားနေခဲ့သော အရာတစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သည်။ သူ ရရှိထားသော စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး ၁၁ လုံးကို နောက်ဆုံးတွင် စားသုံးနိုင်ပြီ ဖြစ်ပေသည်။
လင်းမူ လက်စွပ်ထဲမှ သစ်သီးတစ်လုံးကို ထုတ်ယူပြီး ကြည့်ရှုလိုက်၏။ သစ်သီးများသည် လိမ္မော်ရောင် ဖြစ်ပြီး ဘဲဥပုံသဏ္ဍာန် ရှိလေသည်။ သစ်သီး တစ်ခုလုံး အနှံ့ ပျံ့နှံ့နေသော အကြောမျှင်လေးများကို မျက်နှာပြင်ပေါ်တွင် မြင်တွေ့နိုင်ပြီး ဆွဲဆောင်မှု ရှိနေ၏။ သို့သော် လင်းမူ ၎င်းတို့၏ အရသာ မည်သို့ ရှိမည်ကို မသိချေ။
ယခင်က စပျစ်သီးအရွယ် ခရမ်းရောင် ဝိညာဥ်သစ်သီးကို စားခဲ့စဉ်က အတွေ့အကြုံမျိုး မဖြစ်ပါစေနှင့်ဟုသာ သူ မျှော်လင့်ရတော့သည်။
"သိနိုင်မယ့် နည်းလမ်း တစ်ခုပဲ ရှိတယ်..." လင်းမူ ရေရွတ်လိုက်ပြီး စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
သစ်သီးက လျှာနှင့် ထိတွေ့ချိန်တွင် ဘာမျှ မဖြစ်သော်လည်း ကိုက်လိုက်သောအခါ အလွန် အရသာရှိသော ချိုမြိန်သည့် အရည်များ ပါးစပ်ထဲသို့ ပန်းထွက်လာပေသည်။ လင်းမူ သစ်သီး၏ အရသာကို ခံစားရင်း အကြိမ်အနည်းငယ် ဝါးပြီးနောက် ဗိုက်ထဲသို့ မျိုချလိုက်၏။
ယခင် အတွေ့အကြုံကြောင့် အနည်းငယ် ကြောက်ရွံ့နေသေးသဖြင့် ဖြစ်ပေါ်လာနိုင်သည့် ပြောင်းလဲမှု မှန်သမျှအတွက် အသင့်ပြင်ထားလိုက်သည်။ သို့သော် အံ့သြစရာ ကောင်းလောက်အောင် မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ချေ။ အစား လင်းမူ၏ အစာအိမ်မှ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးသို့ စွမ်းအင်လှိုင်းငယ်လေး တစ်ခု ဖြတ်သန်းသွားပြီးနောက် ပျောက်ကွယ်သွားသည်ကိုသာ ခံစားလိုက်ရ၏။
"ဟင်... ဒါပဲလား..." လင်းမူ ဇဝေဇဝါဖြင့် ပြောလိုက်သည်။
သူ စိတ်ဝိညာဥ်အာရုံကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို စောင့်ကြည့်လိုက်သော်လည်း မည်သည့် ကွာခြားမှုကိုမျှ မတွေ့ရချေ။ သူ့သွေးကြောများနှင့် ဒန်ထျန်းမှာလည်း ယခင်အတိုင်းပင် ဖြစ်ပြီး မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။
"မင်းရဲ့ ကျင့်ကြံခြင်း အရှိန် တိုးတက်လာသလား စစ်ဆေးကြည့်သင့်တယ်..." ရွှီခုန်း အကြံပြုလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး စိတ်နှလုံး ဖြတ်တောက်ခြင်း မန္တာန်ကို စတင် ရွတ်ဖတ်လိုက်သည်။ သူ့စိတ် ငြိမ်သက်သွားပြီး ပတ်ဝန်းကျင် လေထုထဲရှိ စိတ်ဝိညာဥ်ချီများကို မြင်တွေ့လာရ၏။ သူ အမြဲတမ်း လုပ်ဆောင်နေကျအတိုင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်ချီများကို လှည့်ပတ်စေပြီး လေထုထဲမှ စိတ်ဝိညာဥ်ချီများကို စတင် စုပ်ယူလိုက်သည်။
အခန်း ၂၆၉ ပြီး
***