စိတ်ဝိညာဥ်ချီ အမျှင်တန်းများက အရေပြားရှိ ချွေးပေါက်များမှတစ်ဆင့် ဝင်ရောက်လာပြီး သွေးကြောများဆီသို့ ရွေ့လျားသွားကာ ဒန်ထျန်းထဲသို့ စုဆောင်းသွား၏။ အစပိုင်းတွင် လင်းမူ အသစ်အဆန်း ဘာမျှ မခံစားရသော်လည်း ခဏအကြာတွင် နောက်ဆုံး၌ သူ တွေ့ရှိသွားသည်။
သူ့ခန္ဓာကိုယ် အတွင်းပိုင်းတွင် ပြောင်းလဲမှုကို မတွေ့ရခြင်းမှာ ထိုနေရာတွင် မရှိသောကြောင့် ဖြစ်ပေသည်။ ထိုအစား ပြောင်းလဲမှုက စိတ်ဝိညာဥ်ချီ စုပ်ယူရာ နေရာဖြစ်သော အရေပြားရှိ ချွေးပေါက်များတွင် ဖြစ်ပေါ်နေခြင်း ဖြစ်၏။ ယင်းတို့က ယခင်ကထက် ပိုမို ကျယ်ပြန့်လာသကဲ့သို့ လင်းမူ ခံစားမိလိုက်သည်။
ကျယ်ပြန့်လာမှုမှာ သေးငယ်သော်လည်း ပြောင်းလဲမှုတော့ ရှိနေဆဲပင်။ လင်းမူ သူ့အရှိန် မည်မျှ တိုးလာသည်ကို သေချာ သိရှိနိုင်ရန် တစ်နာရီခန့် ကျင့်ကြံလိုက်ပြီးနောက် တစ်ရာခိုင်နှုန်းခန့် တိုးလာကြောင်း ကောက်ချက်ချလိုက်၏။
ဟူး
လင်းမူ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
'အင်း... တော်တော်လေး သေးငယ်တဲ့ ပြောင်းလဲမှုပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ့ဆီမှာ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတွေ ကျန်သေးတာပဲ...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
"ဒါကို မလုံလောက်ဘူးလို့ မထင်နဲ့... အခုလို ချက်ချင်း တစ်ရာခိုင်နှုန်း တိုးလာတာတောင် ကြီးမားတဲ့ အရာပဲ... ဒီလို တိုးတက်မှုမျိုးရဲ့ ဆယ်ပုံတစ်ပုံလောက် ရဖို့အတွက်တောင် ကျင့်ကြံသူတွေ ဘယ်လောက်တောင် စတေးကြမလဲဆိုတာ မင်း မသိဘူး..." ရွှီခုန်း ပြောလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ ပြန်ဖြေပြီး နောက်ထပ် စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး တစ်လုံးကို ထုတ်ယူလိုက်သည်။
သူ ပါးစပ်ထဲ ပစ်ထည့်ပြီး အရသာကို ခံစားကာ မျိုချလိုက်၏။ ယခင်ကကဲ့သို့ပင် လင်းမူ သူ့ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုကိုမှ မတွေ့ရချေ။ သူ စိတ်ဝိညာဥ်ချီကို နောက်တစ်ကြိမ် စုပ်ယူကြည့်ရာ သူ့အရှိန် နောက်ထပ် တစ်ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိလိုက်ရသည်။
လင်းမူ သူ့ချွေးပေါက်များကို စောင့်ကြည့်လိုက်ရာ ယခင်ကထက် အနည်းငယ် ပိုမို ကျယ်ပြန့်လာကြောင်း တွေ့လိုက်ရ၏။
"အင်း... ဒီသစ်သီးတွေ အားလုံးသာ အလုပ်ဖြစ်ရင် ငါ့အရှိန်က ဆယ့်တစ်ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်..." လင်းမူ ကိုယ့်ဘာသာ ပြောလိုက်ပြီး စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး အားလုံးကို ထုတ်ယူကာ သူ့ရှေ့တွင် ချထားလိုက်သည်။
သို့သော် ထိုသို့ ပြုလုပ်လိုက်သောအခါ မွှေးပွလေး နိုးလာပြီး သစ်သီးများကို လိုချင်တပ်မက်စွာ ကြည့်နေသည်ကို လင်းမူ တွေ့လိုက်ရ၏။ သားရဲလေးလည်း သစ်သီးများကို စားချင်နေကြောင်း ထင်ရှားသော်လည်း လင်းမူ ပေးရန် ဝန်လေးနေမိသည်။
"မကြာခင် စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးရဲ့ အာနိသင် လျော့ကျလာတာကို မင်း တွေ့ရလိမ့်မယ်... အဲဒီတော့ သစ်သီးတချို့ ကျန်လိမ့်မယ်... အဲဒါတွေကို မွှေးပွလေးကို ပေးလို့ရတယ်... သူ့အတွက် အတော်လေး အသုံးဝင်ပြီး ဉာဏ်ရည်နဲ့ ကျင့်ကြံခြင်း အရှိန်ကို တိုးတက်စေလိမ့်မယ်..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး နောက်ထပ် စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး တစ်လုံးကို စားလိုက်သည်။ စားပြီးနောက် တိုးတက်မှု မည်မျှ ရှိမှန်း ကြည့်ရှုလိုက်ရာ ယခင်ကထက် နည်းပါးကြောင်း တွေ့ရှိလိုက်ရ၏။ ယခင် နှစ်ကြိမ်က သူ့အရှိန် တစ်ရာခိုင်နှုန်း တိုးလာခဲ့သော်လည်း ဒီတစ်ကြိမ်တွင်မူ ထိုထက် နည်းပါးလေသည်။
"စဖြစ်နေပြီ ထင်တယ်... ကိစ္စမရှိပါဘူး... ငါ ဆက်လုပ်မယ်..." လင်းမူ ပြတ်သားစွာ ကိုယ့်ဘာသာ ပြောလိုက်၏။
သူ စတုတ္ထမြောက် သစ်သီးကို စားလိုက်ရာ နောက်ဆုံးတွင် သူ့အရှိန် နောက်ထပ် တစ်ရာခိုင်နှုန်း တိုးလာပြီး အစကတည်းက စုစုပေါင်း သုံးရာခိုင်နှုန်းအထိ ရောက်ရှိသွား၏။
"နောက်ဆုံးတော့... အာနိသင်တော့ ရှိသေးတယ်... ဒါပေမဲ့ အရင်ကရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိတော့တယ်..." လင်းမူ အနည်းငယ် ကျေနပ်စွာဖြင့် ရေရွတ်လိုက်၏။
ထို့နောက် သူ ပဉ္စမမြောက် သစ်သီးကို စားလိုက်ရာ လင်းမူ အနည်းငယ် အံ့သြသွားရသည်။ သူ့အရှိန်က မူလ၏ လေးရာခိုင်နှုန်းခန့်အထိ အနည်းငယ် ထပ်တိုးသွား၏။
"ကောင်းပြီ... ဒါ ကောင်းတယ်..." လင်းမူ နောက်ထပ် သစ်သီးကို ကောက်ယူရင်း ရေရွတ်လိုက်သည်။
စားလိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း အနည်းငယ်သာ တိုးလာ၏။
လင်းမူ အနည်းငယ် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ပြီးမှ ဆဋ္ဌမမြောက် သစ်သီးကို စားလိုက်သည်။ ထိုတစ်ကြိမ်တွင် ချက်ချင်း တိုးတက်လာသည်ကို မခံစားရသော်လည်း တစ်မိနစ် အကြာတွင် တဖြည်းဖြည်း တိုးလာပုံရပြီး နောက်ဆုံးတွင် မူလအရှိန်၏ ငါးရာခိုင်နှုန်းခန့်အထိ ရောက်ရှိသွား၏။
"သောက်ကျိုးနည်း... ဒါက အများဆုံး ရနိုင်တာပဲ ထင်တယ်... ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ချင်သေးတယ်... တကယ်လို့ ဘာမှ မတိုးလာရင်တော့ ရပ်လိုက်တော့မယ်..." လင်းမူ ပြောလိုက်၏။
ထို့နောက် သူ သတ္တမမြောက် သစ်သီးကို ကောက်ယူပြီး စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေလိုက်သည်။ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတိုင်းက အတော်လေး တန်ဖိုးရှိပြီး လင်းမူသာ ရောင်းချပါက ဈေးကောင်း ရနိုင်လောက်ပေသည်။ ထို့ကြောင့် သူ့အပေါ် အာနိသင် မရှိသော စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတိုင်းက အလဟဿ ဖြစ်သွားခြင်းပင်။
လင်းမူ အံကြိတ်ပြီး သတ္တမမြောက် စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးကို ပါးစပ်ထဲ ပစ်ထည့်ကာ အလျင်အမြန် ဝါးစားပြီး မျိုချလိုက်၏။ သူ မျှော်လင့်ချက်ဖြင့် အသက်အောင့်ထားပြီး အကျိုးသက်ရောက်မှု တစ်ခုခုကို စောင့်ဆိုင်းနေလိုက်သည်။
ကံမကောင်းစွာဖြင့် အချိန်အတော်ကြာသည်အထိ မည်သည့် အကျိုးသက်ရောက်မှုကိုမျှ မတွေ့ရဘဲ သူ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဟု တွက်လိုက်၏။
“ဟူး… ဒါပဲ ထင်တယ်... ဒါပေမဲ့လည်း ငါးရာခိုင်နှုန်း တိုးလာတာက ငါ့အတွက် အတော်လေး အထောက်အကူ ဖြစ်စေမှာပါ..." လင်းမူ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ပြောလိုက်သည်။
မွှေးပွလေးက လင်းမူ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတိုင်းကို စားနေသည်ကို ကြည့်နေပြီး ပါးစပ်ထောင့်မှ သွားရည်များ အနည်းငယ် ကျဆင်းလာ၏။ စက္ကန့်အနည်းငယ် ကြာတိုင်း သူ လျှာဖြင့် သပ်နေသော်လည်း ဆက်လက် စီးကျနေဆဲပင်။
“ဟားဟား...”
မွှေးပွလေး၏ ရယ်စရာကောင်းသော အခြေအနေကို မြင်ပြီး လင်းမူ ညင်သာစွာ ရယ်မောလိုက်၏။
"ရော့... မင်း ဒါကို စားလိုက်..." လင်းမူ ပြောဆိုပြီး မွှေးပွလေးကို စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး တစ်လုံး ပေးလိုက်သည်။
မွှေးပွလေး ကန့်သတ်ချက်သို့ ရောက်ရန် သစ်သီး ဘယ်နှလုံး လိုအပ်မည်ကို လင်းမူ မသိသဖြင့် အနည်းငယ် သတိထားလိုပေသည်။
"သစ်သီးတွေက မွှေးပွလေး အပေါ် ပိုပြီး အာနိသင် ရှိလောက်တယ်... ဘာလို့လဲဆိုတော့ သူက မင်းထက် ကျင့်ကြံခြင်း အခြေခံ နိမ့်လို့ပဲ... ပြီးတော့ သူ့ပါရမီကို တိုးမြှင့်ပေးတာ ရပ်သွားရင်တောင် ဉာဏ်ရည်အပေါ် အကျိုးသက်ရောက်မှု ရှိနေဦးမယ် ဆိုတာတော့ ထည့်ပြောစရာတောင် မလိုဘူး..." ရွှီခုန်း ရှင်းပြလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ ပြန်ဖြေပြီး မွှေးပွလေး သစ်သီးငယ်လေးကို စားနေသည်ကို ကြည့်နေလိုက်သည်။
စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး တစ်လုံးလုံးကို တစ်ကျိုက်တည်း စားနိုင်သော သူ့နှင့် မတူဘဲ မွှေးပွလေးမှာမူ အကြိမ်အနည်းငယ် ကိုက်စားရလေသည်။ သို့သော် စားပြီးနောက် အကျိုးသက်ရောက်မှုမှာ လင်းမူထက် အများကြီး ပိုမို သိသာထင်ရှားလှပေသည်။
ပြောင်းလဲမှုကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း လေထုထဲရှိ စိတ်ဝိညာဥ်ချီများ မွှေးပွလေး ထံသို့ ရွေ့လျားသွားသည်ကို လင်းမူ ခံစားမိနေဆဲ ဖြစ်သည်။ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး အာနိသင် ပြနေပြီ ဖြစ်ပေသည်။
အခန်း ၂၇၀ ပြီး
***