လင်းမူ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး လေထုထဲရှိ စိတ်ဝိညာဥ်ချီ အမျှင်တန်းများ မွှေးပွလေး၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံနေရသည်ကို စောင့်ကြည့်လိုက်၏။ လုပ်ငန်းစဉ်မှာ သိပ်မကြာလိုက်ဘဲ နှစ်မိနစ်အကြာတွင် ပြီးဆုံးသွားသည်။
မြောင်
စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး၏ အာနိသင်ကို ခံစားလိုက်ရသဖြင့် မွှေးပွလေး၏ ပါးစပ်မှ ညည်းတွားသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် သူနှင့် မွှေးပွလေးကြားရှိ ဆက်သွယ်မှု ပိုမို အားကောင်းလာသည်ကို လင်းမူ အာရုံခံမိလိုက်သည်။
"ဒါက သူ့ဉာဏ်ရည် တိုးလာတဲ့ အကျိုးသက်ရောက်မှုလား..." လင်းမူ တွေးတောလိုက်၏။
"အတိအကျတော့ မဟုတ်ဘူး... သူ့ဉာဏ်ရည်က ဒီလောက် မြန်မြန် တိုးလာမှာ မဟုတ်ဘူး... တဖြည်းဖြည်းချင်း တိုးလာမှာ... အခု မင်း မြင်နေရတာက မွှေးပွလေးရဲ့ ဉာဏ်ရည် တိုးတက်လာမယ့် အလားအလာကြောင့် ဆက်သွယ်မှု အားကောင်းလာတာ သက်သက်ပဲ... သူ့အလားအလာ အပြည့်အဝ ရောက်သွားရင် ဒီထက်တောင် ပိုတိုးလာဦးမယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး စဉ်းစားလိုက်သည်။ နောက်ပိုင်းတွင် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိလာမည်ကို မသိသော်လည်း အနည်းဆုံးတော့ အကျိုးသက်ရောက်မှု အချို့ ရှိနေကြောင်း သူ သိလိုက်ရ၏။
"ရော့... ဒီမှာ..." လင်းမူ ပြောဆိုပြီး ကျန်ရှိနေသော စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးများကို မွှေးပွလေးထံ ကမ်းပေးလိုက်သည်။
သားရဲလေးက တစ်လုံးပြီးတစ်လုံး စားလိုက်ရာ မကြာမီ အာနိသင်များ ပိုမို ပြင်းထန်လာ၏။ လေထုထဲရှိ စိတ်ဝိညာဥ်ချီများ နောက်တစ်ကြိမ် လှုပ်ရှားလာပြီး မွှေးပွလေးထံသို့ ရွေ့လျားသွားသည်ကို လင်းမူ အာရုံခံမိလိုက်သည်။ ထိုတစ်ကြိမ်တွင် ဖြစ်စဉ်မှာ အများကြီး ပိုကြာပြီး ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။
မွှေးပွလေး အနည်းငယ် ဝန်ပိသွားပုံရပြီး မျက်လုံးမှိတ်ကာ မြေကြီးပေါ်တွင် လဲလျောင်းနေ၏။ ၎င်းပတ်လည်တွင် ဝေ့ဝဲနေသော စိတ်ဝိညာဥ်ချီများကို စုပ်ယူလိုက်ရာ ၎င်း၏ ကျင့်ကြံခြင်း အလျင်အမြန် စတင် တိုးတက်လာတော့သည်။ တိုးတက်မှုမှာ သူ့ထက် အများကြီး ပိုများမည်ဟု လင်းမူ ခန့်မှန်းလိုက်၏။
လင်းမူ ငါးရာခိုင်နှုန်းခန့် တိုးတက်မှု ရရှိရန် သစ်သီး ခြောက်လုံးခန့် စားခဲ့ရသော်လည်း မွှေးပွလေးမှာမူ သစ်သီး လေးလုံးတည်းဖြင့် ဆယ့်ငါးရာခိုင်နှုန်းခန့် တိုးတက်မှု ရရှိခဲ့ပေသည်။ ထိုမျှသာမက လင်းမူနှင့် မွှေးပွလေးကြားရှိ ဆက်သွယ်မှုမှာလည်း သိသိသာသာ အားကောင်းလာ၏။
"ဒါ တော်တော် ကြီးမားတာပဲ... သူ ရလိုက်တဲ့ အကျိုးကျေးဇူးတွေက ငါ့ထက် အများကြီး ပိုများတယ်..." လင်းမူ ရေရွတ်လိုက်သည်။
“ဒါတော့ မထူးဆန်းပါဘူး... မင်းက ကျင့်ကြံခြင်း အခြေခံ ပိုမြင့်နေတဲ့အပြင် ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဉ်ကိုလည်း လေ့ကျင့်နေတယ်လေ... ပြီးတော့ ဆန်းကြယ်တဲ့ လက်စွပ်ကလည်း မင်းရဲ့ ပါရမီကို တိုးတက်အောင် ကူညီပေးထားလောက်တယ်... အဲဒါကြောင့် တိုးတက်မှု နည်းသွားတာ... မင်းက အဆင့်မြင့်တဲ့ နေရာမှာ ရောက်နေပြီလေ..." ရွှီခုန်း ရှင်းပြလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ ပြန်ဖြေပြီး ကျင့်ကြံခြင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။
အချိန်များ ကုန်ဆုံးသွားပြီး ညရောက်လာ၏။ လင်းမူ အိပ်စက်ပြီး အိပ်မက်နယ်မြေထဲသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သစ်ပင်ပေါ်၌ တွဲလောင်းကျနေသော ဝိညာဥ် ပန်းသီး ငါးလုံးကို ခူးယူပြီးနောက် နေ့စဉ် လေ့ကျင့်ခန်းကို စတင်လိုက်၏။ အချိန်အလုံအလောက် ကြာပြီးနောက် သူ ရပ်တန့်လိုက်ပြီး ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ်ကို အသုံးပြုကာ ယနေ့ ရရှိခဲ့သော စိတ်ဝိညာဥ်ချီ အရည်စက် ထက်ဝက်ကို ထည့်သွင်းလိုက်သည်။
ဟူး
လင်းမူ သက်ပြင်းချလိုက်ပြီး မျက်လုံးဖွင့်လိုက်၏။ မည်သည့် ကွာခြားမှုကိုမျှ မခံစားရသေးသဖြင့် ပျောက်ဆုံး အင်မော်တယ်၏ မှတ်တမ်းများထဲတွင် ကျင့်စဉ်နှင့် ပတ်သက်၍ သဲလွန်စ တစ်ခုခု ပေးနိုင်မည့် အရာများ ရှာတွေ့နိုင်မလားဟု သူ တွေးတောနေမိသည်။
သစ်သားပေရွက်နှင့် ပတ်သက်၍ သူ တွေ့ရှိခဲ့ရသော အချက်မှာ ကျင်းဝေ ပေးခဲ့သော မှတ်တမ်းများ ပါရှိသည့် ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်ကဲ့သို့ လွတ်လပ်စွာ ဖတ်ရှု၍ မရခြင်းပင်။ လင်းမူ နောက်ပိုင်း အကြောင်းအရာများကို ကြည့်လိုပါက တစ်ခုပြီးတစ်ခု ဖတ်ရှုသွားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။
မှတ်တမ်း၏ နောက်တစ်ပိုင်းမှာ ယခင်အပိုင်းကို ပြီးဆုံးမှသာ ပေါ်လာမည် ဖြစ်သော်လည်း ယခင်အပိုင်းကို ပြန်လည် ကြည့်ရှုနိုင်ဆဲပင်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် အတွင်း လင်းမူ မှတ်တမ်းများကို အပေါ်ယံသာ ကြည့်ရှုခဲ့ပြီး အချိန်အများစုကို ကျင့်ကြံခြင်းတွင်သာ အလုပ်ရှုပ်နေခဲ့သဖြင့် သိပ်အာရုံမစိုက်ခဲ့ချေ။ ယခု လမ်းပိတ်နေပြီဟု ခံစားရသဖြင့် နောက်တစ်ကြိမ် ပြန်ဖတ်ရန် တွေးလိုက်၏။
လင်းမူ သစ်သားပေရွက်ကို ထုတ်ယူပြီး ဖွင့်လိုက်ရာ စာသားများ ပေါ်လာကြသည်။
ပျောက်ဆုံး အင်မော်တယ်က အဘိုးအို၏ တပည့် ဖြစ်လာပြီးနောက် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်အတွင်း သူတို့က သတ္တုတွင်းများတွင် ဆက်လက် နေထိုင်နေကြဆဲ ဖြစ်ပြီး ကျွန်များအဖြစ် အလုပ်လုပ်နေကြဆဲ ဖြစ်၏။ သတ္တုတွင်း ပြိုကျပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲ အချို့ကြောင့် သူတို့ မထွက်ပြေးနိုင်သေးချေ။
တိုင်းပြည်၏ တော်ဝင်မိသားစုအတွင်း ပဋိပက္ခ တစ်ခု ဖြစ်ပွားခဲ့ပြီး မင်းသားတစ်ပါးကို သတ္တုတွင်းများ၏ လုပ်ငန်းစဉ်များကို တာဝန်ယူရန် ခန့်အပ်လိုက်ခြင်း ဖြစ်ပေသည်။ အကြောင်းရင်း အတိအကျကို မသိရသော်လည်း အစောင့်များကြား ပျံ့နှံ့နေသော ကောလာဟလများအရ ထိုမင်းသားသည် ဘုရင်က ဧည့်သည်အဖြစ် ဖိတ်ကြားထားသော ဩဇာကြီးမားသည့် ကျင့်ကြံသူ တစ်ဦးကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြ၏။
ဘုရင်က မင်းသားကို အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့် တော်ဝင်မိသားစုဝင်များနှင့် မှူးမတ် အများစု မလုပ်ချင်သော သတ္တုတွင်းများကို ကြီးကြပ်ရန် တာဝန်ပေးလိုက်ခြင်း ဖြစ်ပေသည်။ အချိန်အများကြီး ယူရရုံသာမက သူတို့ အသားကျနေသော ဇိမ်ခံပစ္စည်းများနှင့်လည်း ဝေးကွာနေရမည် ဖြစ်၏။
အကျိုးအမြတ် သိပ်မရသဖြင့် လူတိုင်းက ကပ်ရောဂါတစ်ခုလို ရှောင်ရှားကြခြင်း ဖြစ်ပေသည်။ သို့တိုင်အောင် သတ္တုတွင်းများကို တာဝန်ယူပြီးနောက် မင်းသားက လုပ်ငန်းစဉ်များကို အမှန်တကယ် တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့၏။ ကျွန်များအတွက် ပိုမို ကောင်းမွန်သော မူဝါဒအချို့ကို ချမှတ်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကိုလည်း တိုးတက်စေခဲ့သည်။
ပထမဆုံး မူဝါဒမှာ သတ္တုတွင်းတွင် အလုပ်လုပ်နေသော ကျွန်တိုင်း၏ နာမည်စာရင်းကို ပြုစုရန် ဖြစ်သည်။ သတ္တုတွင်း ပြိုကျပြီးနောက် အလုပ်သမား မည်မျှ ရှိနေသေးသည်ကို သူ သိချင်ခဲ့၏။ ကျွန်အချို့ သတ္တုတွင်းထဲတွင် သေဆုံးပြီး ပျောက်ကွယ်သွားခြင်းမှာ သာမန်ကိစ္စ ဖြစ်သဖြင့် သူတို့ သေချာစွာ လူဦးရေ စာရင်း မကောက်ရသေးချေ။
အစောင့်များ ထိုအကြောင်းကို ကြားရသောအခါ လုံးဝ မကျေနပ်ကြချေ။ သို့တိုင်အောင် အာဏာပိုင်၏ ဖိအားအောက်တွင် သူတို့ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး တစ်လအကြာတွင် နာမည်စာရင်းကို ပြီးစီးအောင် ပြုစုနိုင်ခဲ့ကြသည်။
ထိုသည်မှာ ပျောက်ဆုံး အင်မော်တယ်နှင့် အဘိုးအိုတို့ ထွက်ပြေးရန် ခက်ခဲသွားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်လာခဲ့၏။ ယခင်က သူတို့သည် လူသိနည်းပြီး ပျောက်သွားလျှင်တောင် သတ္တုတွင်းထဲတွင် သေသွားပြီဟုသာ လူများက ထင်မှတ်ကြမည် ဖြစ်သည်။ သို့သော် ယခု နာမည်စာရင်း ပြုစုပြီး သူတို့ အသက်ရှင်နေကြောင်း အတည်ပြုပြီးနောက်တွင်မူ အများကြီး ပိုမို ခက်ခဲသွားပြီ ဖြစ်ပေသည်။
အခန်း ၂၇၁ ပြီး
***