အချိန်များ ကုန်ဆုံးသွားပြီး လင်းမူ မသိလိုက်ဘဲ အသက် ၁၆ နှစ် ပြည့်သွားလေပြီ။
သူ့မွေးနေ့ကို သတိမထားမိခဲ့သလို မိဘများ သေဆုံးပြီးကတည်းက ကျင်းပရန်လည်း စိတ်မဝင်စားတော့သဖြင့် သေချာ မမှတ်မိတော့ချေ။ သို့တိုင်အောင် လင်းမူ၏ ကျင့်ကြံခြင်းတွင် ကြီးမားသော အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၍ အလဟဿတော့ မဖြစ်ခဲ့ပေ။
အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ဒန်ထျန်းအတွင်းသို့ ကြည့်ရှုလိုက်ပါက တောက်ပနေသော ရေကန်တစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။ တောက်ပနေသည့် စိတ်ဝိညာဥ်ချီ အရည်များ လှိုင်းထနေစဉ် မှေးမှိန်သော စိတ်ဝိညာဥ်ချီ အမျှင်တန်းများက အထက်တွင် လွင့်မျောနေ၏။
နောက်ထပ် စိတ်ဝိညာဥ်ချီ အရည်စက် တစ်စက် ထပ်မံ ပေါင်းထည့်ခံလိုက်ရသည်။
ထိုအခြေအနေသို့ ရောက်ရှိသောအခါ လင်းမူ မျက်လုံးဖွင့်လိုက်၏။ နောက်တစ်ဆင့်မှာ အလွန် အရေးကြီးပြီး အမှားမလုပ်မိစေရန် ခေတ္တ အနားယူရန် လိုအပ်မှန်း သူ သိထားပေသည်။
ဟူး
လင်းမူ ခန္ဓာကိုယ်ကို အညောင်းဆန့်ရင်း သက်ပြင်းချလိုက်သည်။ လွန်ခဲ့သော သုံးရက်လုံးလုံး ဆက်တိုက် ကျင့်ကြံနေခဲ့သဖြင့် ခေတ္တ အနားယူရန် လိုအပ်နေပြီ ဖြစ်၏။
စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးများကို စားသုံးခဲ့သည်မှာ သုံးလ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူ့တိုးတက်မှုမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် လင်းမူ စိတ်ဝိညာဥ်ချီ သန့်စင်မှု အရှိန်ကို အများကြီး တိုးမြှင့်နိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် အလွန် နီးကပ်နေပြီ ဖြစ်ပေသည်။
ဘေးတွင် ချထားသော အခြေခံ ချီဆေးလုံး သေတ္တာအလွတ်များကို ကြည့်ပြီး သူ သက်ပြင်းချလိုက်၏။ လွန်ခဲ့သော နှစ်ပတ်ခန့်က အားလုံး ကုန်ခမ်းသွားခဲ့ပြီး သူ မျှော်လင့်ထားသည်ထက် ပိုစောနေခဲ့သည်။ သို့တိုင်အောင် ထိုသည်မှာ သူ့ကျင့်ကြံခြင်း အရှိန် အများကြီး တိုးတက်လာကြောင်း ပြသနေခြင်းပင်။
နောက်ဆုံး အခြေခံ ချီဆေးလုံးကို စားသုံးပြီးနောက် သူ စုဆောင်းမိထားသော ဆေးအဆိပ်များ အားလုံးကို ဖယ်ရှားရန် တတိယမြောက်နှင့် နောက်ဆုံး ဆေးအဆိပ် ဖြေဆေးလုံးကို အသုံးပြုခဲ့သည်။ ထိုသို့ ပြုလုပ်ပြီး နောက်တစ်နေ့တွင် သူ့အရှိန် ထပ်မံ တိုးတက်လာခဲ့၏။
ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ်နှင့် ပတ်သက်၍လည်း အနည်းငယ် တိုးတက်လာပုံ ရလေသည်။ ယခင်က ခံစားခဲ့ရသော ဆာလောင်မှု လျော့ကျသွားသည်ကို သူ အာရုံခံမိသောကြောင့် ဖြစ်၏။ သို့သော် သူ၏ ယေဘုယျ အစာစားချင်စိတ်မှာမူ ကြီးမားနေဆဲ ဖြစ်ပေသည်။
ဆာလောင်မှုက ယခင်ကလောက် မနာကျင်တော့သော်လည်း လင်းမူ သားရဲအသား အမြောက်အမြားကို စားသောက်နေဆဲပင်။ သူ့နည်းတူ မွှေးပွလေးလည်း တိုးတက်လာ၏။ သားရဲလေးသည် ချီစုဆောင်းခြင်း အလယ်အဆင့်၏ အဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပထမဆုံး စိတ်ဝိညာဥ်ချီ အရည်စက်ကို သန့်စင်နိုင်သည်နှင့် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
လင်းမူ မွှေးပွလေးကို ကူညီပေးနိုင်မလားဟု စီနီယာ ရွှီခုန်းကို မေးမြန်းခဲ့သော်လည်း သားရဲကို သူ့ဘာသာ တိုးတက်ခွင့် ပြုရန် အကြံပေးခဲ့သည်။ သားရဲတိုင်းက သူတို့ကိုယ်ပိုင် တိုးတက်မှု နည်းလမ်းကို နားလည်သဘောပေါက်ကြသဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သူတို့ဘာသာ ရှာဖွေခွင့် ပြုခြင်းက ပိုကောင်းပေသည်။
မွှေးပွလေးလည်း ဂရုမစိုက်ဘဲ လင်းမူ ခံစားရသမျှမှာ ၎င်း၏ အတွေးများမှ ပျော်ရွှင်မှုသာ ဖြစ်ပေသည်။ ထိုအရာက သူ့စိတ်အခြေအနေကို ကောင်းမွန်စေရုံသာမက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအပေါ် ပိုမို အာရုံစိုက်နိုင်စေပေသည်။
လင်းမူ ကြီးမားစွာ တိုးတက်လာသော နောက်ထပ် အရာတစ်ခုမှာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှုပင်။ ၎င်းသည်လည်း အဆင့်တက်ရန် အလွန် နီးကပ်နေပြီ ဖြစ်ပြီး အချိန်မရွေး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ကြောင်း လင်းမူ သိထား၏။ သူ လိုအပ်နေသည်မှာ တွန်းအား အနည်းငယ်သာ ဖြစ်ပေသည်။
အသက်စွမ်းအင်များက သူ့အရိုးများအတွင်း ပြည့်ဝနေပြီ ဖြစ်ပြီး ယခု ရိုးတွင်းခြင်ဆီထဲသို့ စတင် ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်သည်။ အပြည့်အဝ ထိုးဖောက် ဝင်ရောက်သွားသည်နှင့် အဆင့် ၁၃ နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်သွားမည် ဖြစ်ပေသည်။
လင်းမူ ခေတ္တမျှ တိတ်ဆိတ်စွာ တရားထိုင်ပြီးနောက် ကြိုတင် ပြင်ဆင်ထားသော သားရဲအသား အမြောက်အမြားကို ထုတ်ယူလိုက်၏။ ယနေ့တွင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၃သို့ ရောက်ရှိရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်၍ မစားနိုင်တော့သည့် အချိန်အထိ စားသောက်တော့မည် ဖြစ်သည်။
သူ့အစာစားချင်စိတ်က ဗိုက်မဆာတော့လျှင်တောင် ဆက်စားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။
"အခု အချိန်ကျပြီ..." လင်းမူ ပြောဆိုပြီး အသားများကို ဗိုက်ထဲသို့ စတင် သွတ်သွင်းတော့သည်။
သူ ရှုပ်ပွသွားသည်ကို ဂရုမစိုက်ဘဲ ဆက်လက် စားသောက်နေ၏။ မကြာမီ သူ့အလိုလို ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် ဖြစ်၏။ လွန်ခဲ့သော နှစ်လခန့်က ကျင်းဝေထံမှ သန့်ရှင်းရေး အစီအရင်ကို ရရှိခဲ့ပြီး အိမ်ထဲတွင် တပ်ဆင်ထားခဲ့ပေသည်။ ထိုအရာကြောင့် သူ့လုပ်ရိုးလုပ်စဉ် ပိုမို ထိရောက်လာပြီး အခန်းရှင်းရန် အချိန်ပေးစရာ မလိုတော့ချေ။
လင်းမူ ပျက်စီးနေသော ဟင်းလင်းပြင် သိုလှောင်လက်စွပ် အကြောင်းကိုလည်း ကျင်းဝေထံ မေးမြန်းခဲ့ပြီး ပြင်ဆင်မှု မည်မျှ ခရီးရောက်နေပြီမှန်း သိချင်နေမိ၏။ ကျင်းဝေက ဝိညာဥ်ကိရိယာ သန့်စင်ရာတွင် အသုံးပြုသော နည်းစနစ်များနှင့် ကျွမ်းကျင်မှု အများအပြားကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ပြင်ဆင်ရန် အချိန်ယူရဦးမည် ဖြစ်ကြောင်း အဖြေပေးခဲ့ချေသည်။
ထိုအရာကို အဟန့်အတား ဖြစ်စေသော အဓိက အကြောင်းရင်းမှာ အထူး ပစ္စည်းတစ်ခု ရှားပါးနေခြင်းပင် ဖြစ်ပေသည်။ ထိုပစ္စည်းမှာ ဟင်းလင်းပြင် ဂုဏ်သတ္တိ ချီစွမ်းအင် အရင်းအမြစ်မှလွဲ၍ အခြား မဟုတ်ပေ။ ဟင်းလင်းပြင် ဂုဏ်သတ္တိ ချီစွမ်းအင် ပါဝင်သော မည်သည့် ပစ္စည်းကိုမဆို ဟင်းလင်းပြင် သိုလှောင်ကိရိယာ ပြုလုပ်ရာတွင် အသုံးပြုကြသည်။
လင်းမူ လက်စွပ်ထဲမှ ဟင်းလင်းပြင် စွမ်းအင် အချို့ကို အသုံးပြု၍ ရမရ စီနီယာ ရွှီခုန်းကို မေးမြန်းခဲ့သော်လည်း ကျင်းဝေ ရှာဖွေနေသော အရာနှင့် အတိအကျ မတူညီကြောင်း ဆိုခဲ့၏။ လက်စွပ်ထဲရှိ ဟင်းလင်းပြင် စွမ်းအင်နှင့် ဟင်းလင်းပြင် ဂုဏ်သတ္တိ ချီစွမ်းအင်တို့မှာ ဆင်တူသော်လည်း ကွဲပြားခြားနားပေသည်။
စီနီယာ ရွှီခုန်းထံမှ လင်းမူ ရရှိခဲ့သော ရှင်းပြချက်မှာ လက်စွပ်ထဲရှိ ဟင်းလင်းပြင် စွမ်းအင်သည် အများကြီး ပိုမို အရည်အသွေးမြင့်မားသော ချီစွမ်းအင် ပုံစံတစ်မျိုး ဖြစ်ကြောင်းပင်။ ထိုကဲ့သို့သော စွမ်းအင်မျိုးမှာ လောလောဆယ် သူ့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် လင်းမူ အသုံးမပြုနိုင်ကြောင်း သူက ပြောပြခဲ့၏။ အနည်းဆုံးတော့ လောလောဆယ် အသုံး မပြုနိုင်ပါချေ။
ထို့ကြောင့် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် လင်းမူ လက်လျှော့လိုက်ပြီး ကျင်းဝေကိုသာ ပစ္စည်းများ ကိုယ်တိုင် ရှာဖွေခွင့် ပြုလိုက်ရတော့သည်။ ကျင်းမင်ရှန်က ပစ္စည်းများကို အမြန်ဆုံး ပို့ဆောင်ပေးမည် ဖြစ်၍ စိတ်မပူရန် ကျင်းဝေက သူ့ကို ပြောပြခဲ့၏။ အမှန်တကယ်တွင် ကျင်းဝေက လင်းမူထက်ပင် ပိုမို စိတ်အားထက်သန်နေပုံရပြီး မည်သူ့ထက်မဆို လက်စွပ်ကို ပိုမို ပြင်ဆင်ချင်နေပုံ ရလေသည်။
ထိုသို့ဖြင့် မိနစ် ၃၀ ကုန်ဆုံးသွားပြီး လင်းမူ ပြင်ဆင်ထားသော အသားအားလုံးကို နောက်ဆုံးတွင် စားသောက်ပြီးစီးသွား၏။ ထိုမိနစ် ၃၀ အတွင်း သူ ချီစုဆောင်းခြင်း အလယ်အဆင့် သားရဲ ၅ ကောင်လုံးကို စားသောက်ခဲ့ခြင်း ဖြစ်ပေသည်။ သူ့အစာအိမ်ထဲရှိ အသက်စွမ်းအင် အမျှင်တန်းများ သည်းမခံနိုင်တော့သည့်အလား ဆူပွက်နေကြ၏။
လင်းမူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အသက်စွမ်းအင် အမျှင်တန်း အားလုံးကို စုပ်ယူရန် စိတ်နှလုံး ငြိမ်းအေးမန္တာန်ကို စတင် ရွတ်ဖတ်လိုက်သည်။
အခန်း ၂၇၄ ပြီး
***