အခန်းထဲတွင် တည်ငြိမ်အေးချမ်းသော တိတ်ဆိတ်မှုတစ်ခု ပျံ့နှံ့နေသော်လည်း တဖြည်းဖြည်းနှင့် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံမှာ နှလုံးခုန်သံများဖြစ်ပြီး မိနစ်တိုင်းတွင် တစ်စတစ်စ ပိုမို ကျယ်လောင်လာနေပေသည်။
လင်းမူ သူစားသောက်ထားသော အသားမှ အသက်စွမ်းအင်များကို တိတ်ဆိတ်စွာ စုပ်ယူနေပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၏ နောက်တစ်ဆင့်သို့ တက်လှမ်းရန် အားထုတ်နေ၏။ သူ စုပ်ယူလိုက်သော အသက်စွမ်းအင် အမျှင်တန်းတိုင်းနှင့်အတူ နောက်တစ်ဆင့်သို့ မရောက်အောင် တားဆီးထားသော အတားအဆီးကို တဖြည်းဖြည်း တိုက်စားနေခြင်း ဖြစ်ပေသည်။
အသက်စွမ်းအင်များသည် အစာအိမ်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံရပြီး တစ်ရှူးများထဲသို့ ပေါင်းစပ်သွား၏။ လင်းမူ၏ အရေပြားနှင့် ကြွက်သားများမှာ ပြည့်ဝနေပြီ ဖြစ်၍ ကျန်ရှိနေသော တစ်ခုတည်းသော နေရာမှာ အရိုးများနှင့် ရိုးတွင်းခြင်ဆီများသာ ဖြစ်ပေသည်။ သူ့အရိုးများသည်လည်း လုံးဝ ပြည့်ဝလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အသက်စွမ်းအင်များက ရိုးတွင်းခြင်ဆီထဲသို့ တဖြည်းဖြည်း ထိုးဖောက် ဝင်ရောက်နေလေပြီ။
လင်းမူ၏ နှလုံးခုန်သံများ ပိုမို ကျယ်လောင်လာပြီး နောက်ဆုံးတွင် အခန်းထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
ဖောက်
ထို့နောက် ဖောက်ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး ကြီးမားသော အသက်စွမ်းအင် လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။ ဆည်တစ်ခုကဲ့သို့ တားဆီးထားသော အတားအဆီး ကျိုးပေါက်သွားပြီး အသက်စွမ်းအင်များ တားဆီးမရသော မြစ်တစ်စင်းကဲ့သို့ အလုအယက် စီးဝင်လာသဖြင့် လင်းမူ တုန်ရီလာတော့သည်။
သို့သော် အသက်စွမ်းအင်များ လင်းမူ၏ ရိုးတွင်းခြင်ဆီထဲသို့ ဝင်ရောက်သွားသည်နှင့် စူးရှသော နာကျင်မှုက သူ့အာရုံများကို တိုက်ခိုက်လာ၏။ သူ့အရိုးများထဲသို့ ရေနွေးပူများ လောင်းထည့်ခံလိုက်ရသည့်နှယ် အပူလောင်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ လင်းမူ အံကြိတ်ပြီး တောင့်ခံထားလိုက်သည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၏ အဆင့် ၁၃ က ယခင်အဆင့်များနှင့် မတူညီကြောင်းနှင့် လုပ်ငန်းစဉ်မှာ အများကြီး ပိုမို ကြမ်းတမ်းမည် ဖြစ်ကြောင်း သူ ကြိုတင် သိရှိပြီးသားပင်။ အသက်စွမ်းအင်များ ဆက်လက် စီးဝင်နေပြီး မသိလျှင် ရုတ်တရက် ထွက်ပေါ်လာသည့်အလား ဖြစ်နေ၏။ ထိုအချိန်တွင် လင်းမူ အဆင့်တက်သွားသင့်ပြီ ဖြစ်သော်လည်း တစ်ခုခု ထူးဆန်းစွာ ဖြစ်ပျက်နေပုံ ရလေသည်။
"အသက်စွမ်းအင်က... ငါ မျှော်လင့်ထားတာထက် အများကြီး ပိုများနေတယ်... ဒါက ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဥ်ရဲ့ အကျိုးသက်ရောက်မှုများလား..." ရွှီခုန်း အံ့သြတကြီး ရေရွတ်လိုက်၏။
ရွှီခုန်း ဆက်လက် စောင့်ကြည့်နေပြီး ယခုဆိုလျှင် လင်းမူ လုပ်ငန်းစဉ် စတင်ခဲ့သည်မှာ မိနစ်သုံးဆယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာ၏ နောက်ကွယ်မှ အကြောင်းရင်းကို မစဉ်းစားတတ်သဖြင့် ရွှီခုန်း ယခု စိုးရိမ်ပူပန်လာလေပြီ။
'တကယ်လို့ တခြား ကျင့်ကြံသူ တစ်ယောက်သာဆိုရင် အတားအဆီး ကျိုးပေါက်သွားတာနဲ့ ချက်ချင်း အဆင့်တက်သွားမှာပဲ... ဒါပေမဲ့ ဘာလို့ မရပ်တန့်သေးတာလဲ... အသက်စွမ်းအင်က တည်ငြိမ်သွားသင့်ပြီ... ဒီအတိုင်း ဆက်သွားနေရင် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေရာ ကျလိမ့်မယ်...' ရွှီခုန်း ကိုယ့်ဘာသာ တွေးတောလိုက်၏။
နောက်ထပ် မိနစ်သုံးဆယ် ကုန်ဆုံးသွားပြီး ထိုအချိန်တွင် ရွှီခုန်း ဝင်ရောက် စွက်ဖက်ချင်လာ၏။ သူ လင်းမူနှင့် ဆက်သွယ်ရန် ကြိုးစားပြီး ရပ်တန့်ရန် ပြောသော်လည်း သူ့စကားများက အရာမထင်ချေ။ လင်းမူ နာကျင်မှုဒဏ်မှ သက်သာစေရန် မသိစိတ်အရ တရားထိုင်သည့် အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် မရည်ရွယ်ဘဲ ထိုအရာက သူ့အခြား အာရုံများကိုပါ ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားပေသည်။
ရွှီခုန်း လင်းမူနှင့် ဆက်သွယ်ရန် မည်မျှပင် ကြိုးစားစေကာမူ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
'ငါ အဲဒီအဆင့်အထိ လုပ်ဖို့ တကယ် လိုအပ်နေပြီလား...' ရွှီခုန်း စိုးရိမ်တကြီး တွေးလိုက်၏။
အွတ်
လင်းမူ၏ ဒွါရ ခုနစ်ပေါက်မှ သွေးများ စတင် ထွက်ကျလာပြီး နာကျင်စွာ ညည်းတွားသံ တစ်ခု သူ့ပါးစပ်မှ ထွက်ပေါ်လာ၏။ သူ့မျက်ခွံများ တုန်ခါနေပြီး မျက်လုံးထောင့်များမှ သွေးကြောင်းများ စီးကျလာသည်။ သူ့နားရွက်များမှလည်း သွေးများ စီးကျလာပြီး ကုတင်ပေါ်သို့ ကျဆင်းကာ အိပ်ရာခင်းများ နီရဲသွား၏။
သို့သော် နှာခေါင်းနှင့် ပါးစပ်မှ သွေးထွက်မှုမှာ အပြင်းထန်ဆုံး ဖြစ်ပေသည်။ သွေးများ စီးကျလာပြီး သူ့သန့်ရှင်းသော ဝတ်ရုံဖြူမှာ အနီရင့်ရောင် ဖြစ်သွား၏။
ရှေ့မှ မြင်ကွင်းကို စောင့်ကြည့်နေသော ရွှီခုန်း မနည်း တောင့်ခံထားရ၏။ သူ ဆန်းကြယ်သော လက်စွပ်၏ အလယ်ဗဟိုမှ တောက်ပနေသော ယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားပြီး ၎င်း၏ အစွန်းရှိ အတားအဆီးတွင် ရပ်တန့်လိုက်သည်။
"ဒီတစ်ခါ မင်း ဝင်မစွက်ဖက်တော့ဘူးလား..." ရွှီခုန်း ပြောလိုက်၏။
"ငါ ပြောတာကို မင်း ကြားရတယ်ဆိုတာ ငါ သိတယ်..."
ရွှီခုန်း သူ ဘာလုပ်နေမှန်း မသိချေ။ သူ့စကားများ မှန်ကန်ခြင်း ရှိမရှိ သေချာ မသိသော်လည်း သူ စမ်းကြည့်ချင်နေသေး၏။ လင်းမူ ရရှိခဲ့သော ကျင့်စဉ်များနှင့် စွမ်းရည်များ အားလုံးကို မြင်တွေ့ပြီးနောက် သူ ခန့်မှန်းမိခြင်း ဖြစ်သည်။ ၎င်းတို့ အားလုံးက လင်းမူကို တစ်နည်းနည်းဖြင့် ဖြည့်စွက်ပေးနေပြီး ရှိနေသော အားနည်းချက်များကို ဖာထေးပေးနေပုံ ရလေသည်။
"မင်း သူ့ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေခဲ့တာပဲ... ပြီးတော့ သူ့ပါရမီ နိမ့်ကျနေရင်တောင် ဟင်းလင်းပြင်ကို ကြိုးကိုင်ရာမှာ အသားကျလာအောင် ကူညီပေးမယ့် စွမ်းရည်တွေကိုလည်း မင်း ပေးခဲ့တယ်... မင်းအဆင့်ရှိတဲ့ ရတနာတစ်ခုက သေချာပေါက် အသိစိတ် ရှိရမယ်... ငါ့ကို ဖြေစမ်း..." ထိုတစ်ကြိမ်တွင် ရွှီခုန်း အော်ဟစ်လိုက်၏။
သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ မှေးမှိန်စွာ တောက်ပနေသော ယဇ်ပလ္လင်မှာ ယခင်အတိုင်းပင် ရှိနေသည်။
လက်တွေ့ကမ္ဘာတွင်မူ ယခင်က အားကောင်းပြီး ကျယ်လောင်ခဲ့သော လင်းမူ၏ နှလုံးခုန်သံများမှာ တဖြည်းဖြည်း တိုးညင်းလာနေ၏။ သွေးများ ပိုမို ထွက်ကျလာသည်နှင့်အမျှ သူ့အရေပြားမှာလည်း မိနစ်တိုင်းတွင် ပိုမို ဖြူဖျော့လာတော့သည်။
"မင်း သူ့ကို တကယ်ပဲ သေခွင့်ပေးလိုက်တော့မလို့လား..." ရွှီခုန်း ဒေါသတကြီး ပြောလိုက်၏။
အဖြေမရရှိသဖြင့် ရွှီခုန်း အံကြိတ်လိုက်၏။ သူ ဆုံးဖြတ်ချက် မချမီ လင်းမူကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်သည်။
"ကောင်းပြီ... ငါ့ဘာသာပဲ လုပ်လိုက်မယ်..." ရွှီခုန်း ကြေညာလိုက်၏။
ထိုစကားများနှင့်အတူ လက်စွပ်ထဲရှိ ဟင်းလင်းပြင် စွမ်းအင်များ စတင် ဆူပွက်လာတော့သည်။ ကောင်းကင်ယံတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ငွေရောင်သမ်းသည့် မီးခိုးရောင် အလင်းတန်းများ ရွှီခုန်း၏ လက်ဖဝါး အရွယ်အစားခန့်ရှိသော ခန္ဓာကိုယ် ပတ်လည်တွင် စတင် လှည့်ပတ်လာ၏။ ကြီးမားသော ချီစွမ်းအင် လှိုင်းလုံးကြီး တစ်ခု လက်စွပ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ ရွှေဝါရောင် မျက်လုံးဆယ်လုံးတို့က စွမ်းအားများဖြင့် တောက်ပလာတော့သည်။
သို့သော် ရွှီခုန်း နောက်တစ်ဆင့် လှမ်းရန် ပြင်လိုက်စဉ်မှာပင် တောင့်တင်းသွား၏။
သစ်သားပေရွက်ကြောင့် ဖြစ်ပေါ်လာသော နားလည်ရခက်သည့် ပုံကောက်ကြောင်းက လင်းမူ၏ ဝမ်းဗိုက်ပေါ်တွင် ပေါ်လာ၏။ နားလည်ရခက်သော စာလုံးများဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခု လင်းမူ၏ အစာအိမ် ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ ကွန်ရက်က ပိုမို သိပ်သည်းလာပြီး ကြိုးမျှင်များ ပိုမို ပေါင်းထည့်ခံလာရသည်။
ကြိုးမျှင် တစ်ခုစီကို စာလုံးများစွာ ချိတ်ဆက်ပြီး ဖွဲ့စည်းထားကာ ၎င်းတို့ အချင်းချင်း ရောယှက်နေကြ၏။ ရုတ်တရက် ကွန်ရက်သည် ကျုံ့ဝင်လာပြီး လင်းမူ၏ အစာအိမ် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ မကြာမီ ကွန်ရက်သည် အစာအိမ်နှင့် လုံးဝ ပေါင်းစပ်သွားပြီး အစာအိမ်က မီးခိုးရောင်သမ်းသော အပြာရောင်အဖြစ် ပြောင်းလဲသွားကာ သဘာဝမကျသကဲ့သို့ ဖြစ်သွားပေသည်။
သို့သော် ထိုမျှနှင့် မရပ်တန့်သွားဘဲ မကြာမီ နောက်ထပ် စာလုံးများ ပေါ်လာကာ ချိတ်ဆက်သွားပြီး ကြိုးမျှင်သစ်များ ဖွဲ့စည်းလာပြန်သည်။ ထိုကြိုးမျှင်များ နောက်တစ်ကြိမ် ရောယှက်သွားပြီး အစာအိမ် အထက်တွင် နောက်ထပ် ကွန်ရက် အလွှာတစ်ခုကို ဖန်တီးလိုက်၏။ သို့သော် ယခင်တစ်ခုနှင့် မတူဘဲ ထိုတစ်ခုမှာ သိပ်သည်းမှု မရှိသလို ၎င်းရှိ အပေါက်များမှာလည်း အတော်လေး ကြီးမားနေပေသည်။
အလွန်အမင်း ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး လင်းမူ၏ ဝမ်းဗိုက်မှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
အခန်း ၂၇၅ ပြီး
***