လောလောဆယ် ဖြာထွက်နေသော စွမ်းအင်ကို ခွဲခြား၍ မရနိုင်ဘဲ စိတ်ဝိညာဥ်ချီနှင့် အသက်စွမ်းအင်တို့နှင့် ကွဲပြားခြားနားနေသည်။ ၎င်း၏ အရင်းအမြစ်မှာ အစာအိမ်ကို ဖုံးလွှမ်းထားသော ကွန်ရက်ကို ဖွဲ့စည်းထားသည့် စာလုံးများစွာ ဖြစ်ပုံရလေသည်။ စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ စွမ်းအင်များ တိုးပွားလာနေပုံရပြီး ၎င်းနှင့်အတူ ကွန်ရက်သည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား၏။
စွမ်းအင်များ လင်းမူ၏ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားပြီး အတွင်းပိုင်းရှိ ဒဏ်ရာတိုင်းကို ကုသပေးလိုက်သည်။ သောင်းကျန်းနေသော အသက်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများကို ပြုပြင်ပေးပြီး ဖုံးကွယ်နေသော နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ကုသပေးလိုက်၏။ လင်းမူ၏ သွေးထွက်ရပ်သွားပြီး မျက်နှာပေါ်တွင် ပေကျံနေသော သွေးများလည်း ခြောက်သွေ့သွားပေသည်။
သွေးများ ခြောက်သွေ့ပြီး ကွာကျသွားကာ လေထဲတွင် ဖုန်မှုန့်လေးများအဖြစ် ပြောင်းလဲသွား၏။ လင်းမူ၏ မျက်နှာထား ပြေလျော့သွားပြီး နာကျင်မှုများ ပျောက်ကွယ်သွားတော့သည်။
သူ့အရိုးများ အတွင်းတွင် ကြမ်းတမ်းသော မြစ်တစ်စင်းကဲ့သို့ စီးဝင်နေသည့် အသက်စွမ်းအင်များ ချောမွေ့သွားပြီး အတားအဆီး လုံးဝ ပျောက်ကွယ်သွားလေပြီ။ ယခုအခါ အရိုးများနှင့် ရိုးတွင်းခြင်ဆီများသည် အသက်စွမ်းအင် သိုလှောင်ကန်မှတစ်ဆင့် ဆက်သွယ်သွားသကဲ့သို့ ဖြစ်နေပေသည်။
အသက်စွမ်းအင်များ ပါဝင်သော လင်းမူ၏ ခန္ဓာကိုယ် အလွှာအားလုံး ပေါင်းစပ်သွား၏။ သူ့အရေပြား၊ ကြွက်သား၊ သွေး၊ အရိုးများနှင့် နောက်ဆုံး ရိုးတွင်းခြင်ဆီ အတွင်းရှိ အသက်စွမ်းအင်များ ပေါင်းစပ်သွားပြီး ပြီးပြည့်စုံသော တစ်ခုတည်းသော အရာအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် ထွက်ပေါ်လာသော ကြီးမားသည့် အသက်စွမ်းအင် ပမာဏကြောင့် လင်းမူ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၃၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွား၏။
ပုံမှန်အားဖြင့် အသက်စွမ်းအင်က အဆင့် ၁၃သို့ ရောက်ရှိရန် အတားအဆီးကို ချိုးဖျက်ရန်သာ လုံလောက်သင့်ပြီး သူ့ရိုးတွင်းခြင်ဆီကို စတင် သန့်စင်ရမည် ဖြစ်သည်။ သို့သော် ယခုမူ အသက်စွမ်းအင်သည် သူ့ရိုးတွင်းခြင်ဆီကို လုံးဝ စိမ်ဝင်သွားပြီး အပြည့်အဝ ပြည့်ဝသွားလေပြီ။ လင်းမူ တစ်ကြိမ်တည်းဖြင့် အဆင့်တစ်ခုလုံးစာ အသက်စွမ်းအင်များကို ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
"ဒီ... စွမ်းအင်က... ဘာလဲ..." ရွှီခုန်း ဇဝေဇဝါဖြင့် မေးလိုက်၏။
သူ့ပတ်လည်တွင် ချီတုန်ခါမှုများ မရှိတော့ဘဲ တည်ငြိမ်သွားပြီ ဖြစ်သော တောက်ပနေသည့် ယဇ်ပလ္လင်ကို ပြန်ကြည့်လိုက်သည်။
"ဒါ ဖြစ်လာမယ် ဆိုတာ မင်း ကြိုသိနေတာလား... ဒါမှမဟုတ်... မင်း အစကတည်းက ဒါကို စီစဉ်ထားတာလား..." ရွှီခုန်း မရှိသလောက် ဖြစ်နေသော ယဇ်ပလ္လင်ကို မေးခွန်းထုတ်လိုက်၏။
သို့သော် မျှော်လင့်ထားသည့်အတိုင်း မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။
'အနည်းဆုံးတော့ သူ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်သွားပါပြီ... နောက်ထပ် အံ့သြစရာတွေ ထပ်မလာပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ်...' ရွှီခုန်း အနည်းငယ် စိတ်သက်သာရာ ရသွားပြီး တွေးလိုက်၏။
လက်တွေ့ကမ္ဘာတွင်မူ လင်းမူ၏ နှလုံးခုန်သံများ ပုံမှန် ပြန်ဖြစ်သွားပြီး အသက်ရှူသံများလည်း စည်းချက်ညီသွားလေပြီ။ သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မှေးမှိန်စွာ တောက်ပနေ၏။ နားလည်ရခက်သော စာလုံးများဖြင့် ဖွဲ့စည်းထားသည့် မီးခိုးရောင်သမ်းသော အပြာရောင် ကွန်ရက်မှာ ယခု လုံးဝ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်ပြီး လင်းမူ၏ အစာအိမ်မှာလည်း ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားလေပြီ။
အဟွတ်
လင်းမူ၏ မျက်နှာ အနည်းငယ် နီရဲလာပြီး ချောင်းဆိုးလာ၏။ အစပိုင်းတွင် ချောင်းဆိုးသံများ တိုးညင်းသော်လည်း မကြာမီ ပိုမို ကျယ်လောင်လာပြီး နာတာရှည် ဆေးလိပ်သောက်သူ တစ်ဦးကဲ့သို့ အဆက်မပြတ် ဆိုးလာတော့သည်။
ဗြန်း
ထို့နောက် ကျယ်လောင်သော ချောင်းဆိုးသံ တစ်ခုနှင့်အတူ လင်းမူ ကတ္တရာစေးကဲ့သို့ မည်းနက်ပြီး ပျစ်ချွဲသော အရည်အမြောက်အမြားကို ထွေးထုတ်လိုက်၏။ ၎င်းက မြေကြီးပေါ်သို့ ကျဆင်းသွားသော်လည်း ပြန့်ကျဲမသွားဘဲ ပြဒါးစက် တစ်စက်ကဲ့သို့ စုစည်းသွားပေသည်။
လင်းမူ အသက်ရှူမှန်အောင် ထိန်းလိုက်ပြီး ကတ္တရာစေးကဲ့သို့ မည်းနက်သော အရည်စက်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။ ယခင်က အညစ်အကြေးများ စွန့်ထုတ်ခဲ့စဉ်ကနှင့် မတူဘဲ ဒီတစ်ကြိမ်တွင် ယင်းက လောင်စားတတ်ပုံမပေါ်ချေ။ သို့သော် ကြည့်ရသည်မှာ အတော်လေး ဆိုးရွားလှပေသည်။
ဟူး
လင်းမူ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များ ဟန်ချက်ညီသွားပြီး အချင်းချင်း လှည့်ပတ်နေသည်။ အပေါ်ဆုံး အလွှာဖြစ်သော အရေပြားမှ အောက်ဆုံး အလွှာဖြစ်သော ရိုးတွင်းခြင်ဆီသို့ ရွေ့လျားသွားပြီးနောက် အပေါ်သို့ ပြန်တက်လာ၏။
ထိုသံသရာသည် အဆုံးမရှိ ဆက်လက် လည်ပတ်နေပြီး အသက်စွမ်းအင် ဆုံးရှုံးမှုကို မတွေ့ရချေ။ သူ့အသက်စွမ်းအင်မှာ ယခင်ကထက် ပိုမို ဖုံးကွယ်သွားပြီး အပြင်ပန်း ကြည့်လျှင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှု မရှိသော သာမန် လူငယ်လေး တစ်ယောက်နှင့် တူနေပေသည်။
လင်းမူ ညစ်ပေနေသော အဝတ်အစားများနှင့် အိပ်ရာခင်းများကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
"သေဘေးကနေ သီသီလေး လွတ်လာတာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
“ဒါတော့ အမှန်ပဲ..." ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်၏။
"ဟင်... အာ ဟုတ်တယ်... ဒီအဆင့်တက်တာက တော်တော် အန္တရာယ်များတယ်... ကျွန်တော် သေချာ မပြင်ဆင်ရသေးဘူး ထင်တယ်..." လင်းမူ သဘောတူလိုက်၏။
"မဟုတ်ဘူး... အဲဒါကြောင့် မဟုတ်ဘူး..." ရွှီခုန်း ခေတ္တ စဉ်းစားပြီး ဆက်ပြောသည်။ "ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ မင်း အခု ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ကူညီနိုင်မှာ မဟုတ်ဘူး... ဒါက သာမန် အဆင့်တက်တာ မဟုတ်ဘူး... ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဉ်က ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းရင်း ဆိုတာ ငါ သေချာတယ်..."
လင်းမူ အနည်းငယ် အံ့သြသွားပြီး ဘာမျှ မပြောတော့ချေ။ ထိုအစား သူ စိတ်ဝိညာဥ်အာရုံကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို အနီးကပ် စောင့်ကြည့်လိုက်၏။ သူ့ဒန်ထျန်းက ယခင်အတိုင်းပင် ဖြစ်ပြီး မည်သည့် ပြောင်းလဲမှုမျှ မရှိသော်လည်း သန့်စင်မှု ခံယူထားသော ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများမှာမူ ပိုမို သန်မာလာကြသည်။
သူ ရိုးတွင်းခြင်ဆီကို စောင့်ကြည့်လိုက်ရာ ၎င်းတို့အတွင်း ထူးဆန်းသော လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။ သူတို့ထဲတွင် တစ်ခုခု ကြီးထွားနေသကဲ့သို့ ခံစားရသည်။ လင်းမူ ထိုလှုပ်ရှားမှုကို ဆက်လက် စောင့်ကြည့်နေပြီး ခဏအကြာတွင် ကြီးထွားလာသော အရာဝတ္ထုက သူ့သွေးထဲသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရ၏။
ထို့နောက် သွေးထဲတွင် ထိုအရာဝတ္ထု စတင် လှည့်ပတ်လာသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဆီသို့ ရွေ့လျားသွားပြီး ထိုအစိတ်အပိုင်းနှင့် ဆင်တူလာအောင် ပြောင်းလဲသွား၏။ လင်းမူ နောက်ဆုံးတွင် ထိုအရာဝတ္ထုက ဆဲလ်တစ်မျိုးမျိုး ဖြစ်မှန်း နားလည်သွားသည်။ ပြောင်းလဲသွားသော ထိုဆဲလ်များက သူ၏ မတူညီသော အင်္ဂါများနှင့် တစ်ရှူးများ၏ အစိတ်အပိုင်း ဖြစ်လာကာ ယခင်ရှိနှင့်ပြီးသား ဆဲလ်များထက် အများကြီး ပိုမို တက်ကြွနေကြသည်။
ထိုဆဲလ်များ ကြီးထွားလာမှုနှင့်အတူ လင်းမူ၏ ခွန်အားလည်း အနည်းငယ်စီ တဖြည်းဖြည်း တိုးလာနေသည်ကို သူ ခံစားမိ၏။ လင်းမူ၏ ခွန်အားကို တိုက်ရိုက် ကြီးမားစွာ တိုးတက်စေခဲ့သော ယခင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်များနှင့် မတူဘဲ ထိုတစ်ကြိမ် တိုးတက်မှုမှာ နှေးကွေးပြီး တဖြည်းဖြည်းချင်း ဖြစ်ပေါ်နေပုံ ရလေသည်။
"ဘာတွေ ဖြစ်နေတာလဲ စီနီယာ..." လင်းမူ မေးလိုက်၏။ ရွှီခုန်း သူ့မှတ်ဉာဏ်များကို မြင်တွေ့ပြီးလောက်ပြီဟု သိထားသောကြောင့် ဖြစ်ပေသည်။
"မင်းခန္ဓာကိုယ်က ဆဲလ်တွေကို အစားထိုးနေတာ... ပုံမှန်အားဖြင့် ဒါက အများကြီး နောက်ကျမှ ဖြစ်သင့်တာ... ဒါပေမဲ့ မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၃ ရဲ့ အထွတ်အထိပ်ကို တိုက်ရိုက် ရောက်သွားတဲ့အတွက် မင်းရဲ့ ရိုးတွင်းခြင်ဆီက ကျန်တဲ့ တစ်ရှူးတွေနဲ့ အင်္ဂါတွေကို ပိုမို ကောင်းမွန်စေမယ့် ဆဲလ်အသစ်တွေ ဖန်တီးပေးနေတာပဲ... နောက်ဆုံးတော့ သူတို့က မင်းခန္ဓာကိုယ်ရဲ့ ဆဲလ်အားလုံးကို အစားထိုးသွားလိမ့်မယ်... ပြီးရင် မင်းက ရှန်ထျန်း ခန္ဓာကိုယ်လို့ ခေါ်တဲ့ ခန္ဓာကိုယ် အသစ်တစ်ခုကို လက်တွေ့ ရရှိသွားလိမ့်မယ်..." ရွှီခုန်း ဖြေလိုက်၏။
အခန်း ၂၇၆ ပြီး
***