စီနီယာ ရွှီခုန်း ပြောနေသော ထိုရှန်ထျန်း ခန္ဓာကိုယ်နှင့် ပတ်သက်၍ လင်းမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။ ခန္ဓာကိုယ်များ အကြောင်း သူ သိထားပြီး စီနီယာ ရွှီခုန်းထံမှလည်း သင်ယူခဲ့ဖူးသည့်တိုင် ၎င်းကို မည်သို့ ရရှိမည်မှန်း သူ မသိသေးချေ။
ခန္ဓာကိုယ်များ ဆိုသည်မှာ လူများ မွေးရာပါ ပါလာသော အရာဖြစ်ပြီး ရယူနိုင်သော အရာမဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။ ထို့အပြင် လောလောဆယ် သူ သိထားသော အခြား ခန္ဓာကိုယ်များမှာ ပျောက်ဆုံး အင်မော်တယ် ပိုင်ဆိုင်ခဲ့သော 'ကြမ္မာပယ် ခန္ဓာကိုယ်' နှင့် ခန္ဓာကိုယ် တစ်မျိုးဟု သတ်မှတ်နိုင်သော 'ကြမ္မာဥယျာဉ်' တို့သာ ဖြစ်ပေသည်။
"ဒါပေမဲ့ စီနီယာ... ခန္ဓာကိုယ်တွေ ဆိုတာ လူတစ်ယောက် မွေးရာပါ ပါလာတဲ့ အရာလို့ ကျွန်တော့်ကို ပြောခဲ့တယ် မဟုတ်လား..." လင်းမူ မေးလိုက်၏။
"အမှန်ပဲ... အဲဒါ မှန်ပါတယ်... ဒါပေမဲ့ အဲဒါက ခန္ဓာကိုယ် အမျိုးအစားတွေထဲက တစ်ခုပဲ ရှိသေးတယ်... စုစုပေါင်း အမျိုးအစား သုံးမျိုး ရှိတယ်... လူတစ်ယောက် မွေးရာပါ ပါလာတဲ့ မွေးရာပါ ခန္ဓာကိုယ်တွေ၊ ကျင့်ကြံသူ တစ်ယောက်က သတ်မှတ်ချက် တချို့ကို ပြည့်မီပြီးနောက် ရယူနိုင်တဲ့ ခန္ဓာကိုယ်တွေနဲ့ နောက်ဆုံး တခြား အမျိုးအစား နှစ်ခုထဲ ထည့်လို့မရတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တွေပေါ့...”
“ပျောက်ဆုံး အင်မော်တယ် ပိုင်ဆိုင်ခဲ့တဲ့ 'ကြမ္မာပယ် ခန္ဓာကိုယ်' က မွေးရာပါ ခန္ဓာကိုယ် အမျိုးအစား တစ်ခုပဲ... 'ရှန်ထျန်း ခန္ဓာကိုယ်' ကတော့ ကျင့်ကြံသူ တစ်ယောက် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီး အဆင့် ၁၃ ဆင့်စလုံးကို ကျော်ဖြတ်ပြီးရင် ရရှိနိုင်တဲ့ ခန္ဓာကိုယ် အမျိုးအစား တစ်ခုပဲ...”
“နောက်ဆုံး အမျိုးအစား ဖြစ်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကတော့ အဓိပ္ပာယ် ဖွင့်ဆိုဖို့ ပိုခက်တယ်... ဒါပေမဲ့ အဲဒီအတွက် အကောင်းဆုံး ဥပမာကတော့ 'ကြမ္မာဥယျာဉ်' ကလွဲပြီး တခြား မရှိဘူး... အဲဒါက ခန္ဓာကိုယ် တစ်ခုလား ဒါမှမဟုတ် တခြား တစ်ခုခုလား ဆိုတာ ငါတို့ အတိအကျ မသိရတဲ့အတွက် ထူးခြားတဲ့ ခန္ဓာကိုယ် အမျိုးအစားထဲ ထည့်ထားတာ...”
“ဒါပေါ့... ဒီအမျိုးအစားတွေက လုံးဝ ပုံသေ သတ်မှတ်ထားတာတော့ မဟုတ်ဘဲ ခြွင်းချက် တချို့ ရှိနိုင်ပါတယ်... ဥပမာအားဖြင့် တချို့ ရယူထားတဲ့ ခန္ဓာကိုယ်တွေက လူတစ်ယောက် မွေးဖွားလာကတည်းက သဘာဝအတိုင်း ပါလာနိုင်ပြီး မွေးရာပါ ခန္ဓာကိုယ် ဖြစ်သွားနိုင်တယ်... ဒါပေမဲ့ တစ်ဖက်မှာတော့ မွေးရာပါ ခန္ဓာကိုယ်ကို တစ်ခုမှ ရယူလို့ မရနိုင်ဘူး..." ရွှီခုန်း ရှင်းပြလိုက်၏။
စီနီယာ ရွှီခုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းမူ ဉာဏ်အလင်း ပွင့်သွားသလို ခံစားရပြီး သံသယများ ရှင်းလင်းသွားသည်။ သို့သော် မကြာမီ ထို 'ရှန်ထျန်း ခန္ဓာကိုယ်' ၏ ဝိသေသလက္ခဏာများကို သူ သိချင်လာပြန်၏။
"စီနီယာ... ရှန်ထျန်း ခန္ဓာကိုယ်ရဲ့ အကျိုးကျေးဇူးက ဘာလဲ..." လင်းမူ ထပ်မေးလိုက်သည်။
"ရှန်ထျန်း ခန္ဓာကိုယ်ကို ကနဦး ခန္ဓာကိုယ်လို့လည်း ခေါ်ကြတယ်... အဲဒါက မင်းခန္ဓာကိုယ်ကို မွေးဖွားလာတုန်းက မူလ အခြေအနေကို ပြန်ရောက်သွားစေတာပဲ... ဒီလိုကွ... လူသားတစ်ယောက် မွေးဖွားလာပြီးနောက် သူတို့ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ စတင် စုပုံလာကြတယ်... ဒီအညစ်အကြေးတွေက သာမန် လူသားတွေအပေါ် ဘာသက်ရောက်မှုမှ မရှိဘဲ သူတို့ရဲ့ ကျန်ရှိတဲ့ ဘဝကို အတော်လေး လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ကြတယ်...”
“ဒါပေမဲ့ ကျင့်ကြံသူတွေ အတွက်တော့ ဒါက လုံးဝ ကွဲပြားခြားနားတယ်... ဒီအညစ်အကြေးတွေက သူတို့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုမှာ ဖုံးကွယ်နေတဲ့ အတားအဆီး တစ်ခု ဖြစ်လာတယ်... ဒီအညစ်အကြေးတွေက ဆေးလုံးတွေ ဒါမှမဟုတ် အစားအစာတွေကနေ ရလာတဲ့ အညစ်အကြေးတွေနဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် တကယ်တော့ အများကြီး ကွာခြားတယ်...”
“ဘာလို့လဲဆိုတော့ ဒီအညစ်အကြေးတွေက အချိန်အကြာကြီး စုပုံလာတဲ့အတွက် ကျင့်ကြံသူ တစ်ယောက်ရဲ့ ဆဲလ်ဖွဲ့စည်းပုံတွေကိုပါ ပြောင်းလဲသွားစေပြီး အားနည်းသွားစေလို့ပဲ... ကျင့်ကြံသူ အများစုမှာ ရှန်ထျန်း ခန္ဓာကိုယ် မရှိကြလို့ ဒီအတားအဆီးတွေကို ကျော်လွှားဖို့အတွက် သူတို့သုံးတဲ့ အရင်းအမြစ်တွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်ပြီး အစားထိုးကြရတယ်... ချီစုဆောင်းခြင်း အဆင့်ကို ဝင်ရောက်ဖို့ လိုအပ်ချက်က ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၈ ဖြစ်နေရတာကလည်း ဒီအကြောင်းရင်းကြောင့်ပဲ...”
“ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၈ ဆိုတာ လူတစ်ယောက်က သူတို့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်ချီကို ကိုင်တွယ်နိုင်ဖို့ လုံလောက်တယ် ဆိုရုံပဲ ရှိသေးတာ... ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှု ပိုမြင့်လာလေလေ သူတို့ရဲ့ ကျင့်ကြံခြင်းက ပိုကောင်းလာလေလေပဲ... ဒါက ပိုကောင်းတဲ့ ကျင့်စဉ်တွေက ကျင့်ကြံသူတွေ လေ့ကျင့်ဖို့ ပိုမြင့်မားတဲ့ လိုအပ်ချက်တွေ ရှိနေရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုပဲ...”
“သို့တိုင်အောင် ရှန်ထျန်း ခန္ဓာကိုယ် ဆိုတာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၃ကို ရောက်တဲ့ ဘယ်သူမဆို ရနိုင်တဲ့ အရာ မဟုတ်ဘူး... ဒီမှာ ကံတရား အပိုင်းလည်း အတိုင်းအတာ တစ်ခုအထိ ပါဝင်နေတယ်... ကျင့်ကြံသူ တစ်ယောက်က ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားရင်တောင် ရှန်ထျန်း ခန္ဓာကိုယ် ရရှိဖို့ အသွင်ကူးပြောင်းမှု မစတင်ဘဲ သူတို့ရဲ့ သာမန် ခန္ဓာကိုယ်နဲ့ပဲ တန့်နေနိုင်ချေ ရှိတယ်..." ရွှီခုန်း အသေးစိတ် ရှင်းပြလိုက်၏။
လင်းမူ စီနီယာ ရွှီခုန်း၏ ရှင်းပြချက်ကို အပြည့်အဝ အာရုံစိုက် နားထောင်ပြီး သေချာ နားလည်အောင် ကြိုးစားလိုက်သည်။
"အခု နားလည်ပါပြီ စီနီယာ... ဒါဆို ကျွန်တော့်ရဲ့ ပါရမီက နောက်တစ်ကြိမ် ထပ်တိုးလာပြီး ကျင့်ကြံခြင်း အရှိန်လည်း တိုးလာသင့်တယ်လို့ ဆိုလိုတာပေါ့..." လင်းမူ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။
"ဟုတ်တယ်... မင်းပြောတာ မှန်တယ်..." ရွှီခုန်း အတည်ပြုလိုက်သည်။
လင်းမူ တိုးတက်လာသော ကျင့်ကြံခြင်း အသစ်ကို စမ်းသပ်ကြည့်လိုသောကြောင့် မတ်တတ်ရပ်လိုက်သည်။ သို့သော် မတ်တတ်ရပ်လိုက်စဉ် သူ၏ အာရုံက နံရံထောင့်တွင် ရှိနေသော ကတ္တရာစေးကဲ့သို့ မည်းနက်သော အစက်ကြီးဆီသို့ ရောက်ရှိသွား၏။ ထိုအချိန်အတောအတွင်း ၎င်းက တစ်နည်းနည်းဖြင့် ဘေးသို့ လိမ့်သွားခဲ့ခြင်း ဖြစ်ပေသည်။
"စီနီယာ... ဒါက တကယ်တမ်း ဘာကြီးလဲ... ဆိုလိုတာက ကျွန်တော့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေ ဆိုတာတော့ သိပါတယ်... ဒါပေမဲ့ မတူသလိုပဲ... သူတို့က... လောင်စားတတ်တဲ့ သဘော မရှိဘူးလား..." လင်းမူ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ရိုးရိုးသားသား ပြောရရင် အဲဒါ အညစ်အကြေးတွေ ဆိုတာကလွဲပြီး ငါလည်း အတိအကျ မပြောတတ်ဘူး... သာမန် အညစ်အကြေးတွေ မဟုတ်ဘူး... ပုံမှန်ဆိုရင် အရည်ပိုဆန်ပြီး အခုလို အစက်ကြီး ပုံစံမျိုး ရှိနေမှာ မဟုတ်ဘူး... ပြီးတော့ မင်းခန္ဓာကိုယ်ကနေ ထွက်လာကျ ပုံမှန် အညစ်အကြေးတွေနဲ့လည်း မတူဘူး... အရင်ဟာတွေက လောင်စားတတ်တဲ့ သဘော ရှိတယ်လေ..." ရွှီခုန်း ဖြေလိုက်၏။
"ဪ..." လင်းမူ ပြောဆိုပြီး ကတ္တရာစေးကဲ့သို့ မည်းနက်သော အစက်ကြီး အနီးသို့ ငုံ့ကြည့်လိုက်သည်။
ထို့နောက် သူ လက်စွပ်ထဲမှ ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူပြီး အစက်ကြီးကို ထိုပုလင်းထဲသို့ ထိုးထည့်လိုက်၏။ ထို့နောက် ပုလင်းကို ပိတ်ပြီး လက်စွပ်ထဲ ပြန်သိမ်းလိုက်သည်။ သူ အသုံးပြုခဲ့သော ပုလင်းမှာ ဆေးအဆိပ် ဖြေဆေးလုံးများကို သိမ်းဆည်းထားသည့် ပုလင်းမှလွဲ၍ အခြား မဟုတ်ပေ။
လင်းမူ ဘာကြောင့် ထိုသို့ လုပ်ဆောင်နေသည်ကို ကိုယ်တိုင်ပင် မသိသော်လည်း အစက်ကြီးကို ဒီအတိုင်း လွှင့်ပစ်လိုက်သည်ထက် ပိုကောင်းမည်ဟု ခံစားရ၍သာ ဖြစ်ပေသည်။ ရွှီခုန်းကမူ လင်းမူ ထိုသို့ လုပ်ဆောင်နေသည်ကို ကြည့်နေသော်လည်း အကြောင်းရင်းကို မမေးမြန်းချေ။ လင်းမူ ထိုထက် ပိုထူးဆန်းပြီး လုံးဝ မိုက်မဲသော အရာများ လုပ်ဆောင်သည်ကို သူ မြင်ဖူးပြီး ဖြစ်ရာ ထိုသည်မှာ သူ့အတွက် ထူးဆန်းသော အရာ မဟုတ်ပေ။
ယခုအချိန်တွင် လင်းမူ လုပ်ဆောင်သမျှ ထူးဆန်းသော အရာတိုင်းကို အရာဝတ္ထုများအပေါ် သူ၏ သဘာဝ မကျသော စူးစမ်းလိုစိတ်ကြောင့်ဟုသာ သူ မှတ်ယူထားလိုက်သည်။ ထိုသည်မှာ ကျိန်စာတစ်ခုလား သို့မဟုတ် ကောင်းချီးတစ်ခုလား ဆိုသည်ကို ရွှီခုန်း မသိသော်လည်း အနည်းဆုံး ယခုအချိန်အထိတော့ အရာအားလုံး အဆင်ပြေနေဆဲပင်။
အခန်း ၂၇၇ ပြီး
***