"ဟော... သတင်းကောင်း ဖြစ်လောက်တယ်..." ရွှီခုန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး စကားပြောလိုက်သည်။
"ဟုတ်တယ် စီနီယာ... ကျင်းမင်ရှန်က လက်စွပ် ပြင်ဖို့ လိုအပ်တဲ့ ပစ္စည်းကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပို့ပေးခဲ့ပြီး အခု ပြီးခါနီးပြီတဲ့... အဘိုးအို ကျင်းဝေက ကျွန်တော့်ကို ဆက်သွယ်မလို့ လုပ်နေတုန်း ကျွန်တော်က အရင် ဆက်သွယ်လိုက်တာလို့ ပြောတယ်..." လင်းမူ ပြန်ဖြေလိုက်၏။
"ဒါ ကောင်းတာပေါ့... မင်း စိတ်ပူစရာ တစ်ခု လျော့သွားတာပေါ့..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ သဘောတူကြောင်း ညည်းတွားလိုက်ပြီး အခန်းထဲမှ ထွက်ကာ လမ်းမများဆီသို့ ထွက်လာခဲ့သည်။ မွှေးပွလေးအား အိမ်မှာ ထားခဲ့ရသည်ကို သူ အသားကျနေပြီ ဖြစ်၍ သိပ်မစိုးရိမ်တော့ချေ။ မြို့ထဲရှိ မည်သည့်နေရာမှာမဆို လင်းမူ စိတ်ချင်း ဆက်သွယ်မှုမှတစ်ဆင့် မွှေးပွလေးကို အာရုံခံနိုင်ပြီး အထူးသဖြင့် ဆက်သွယ်မှု ပိုမို အားကောင်းလာပြီးနောက်ပိုင်း ပို၍ပင် အာရုံခံနိုင်လာပေသည်။
ထို့အပြင် မွှေးပွလေး ဒုက္ခရောက်မည်လည်း မဟုတ်ချေ။ သူ့လောက် သန်မာသူ သိပ်မရှိသလို သူ့ထက် ပိုသန်မာသူများကလည်း သူ့ကို ဖမ်းမိနိုင်မည် မဟုတ်ပေ။ ယခုအချိန်တွင် လင်းမူကိုယ်တိုင်ပင် သားရဲလေး၏ အရှိန်ကို မမီနိုင်သေးချေ။
လင်းမူ ကျင်းဝေ ကုန်စုံဆိုင် တည်ရှိရာ လူသူကင်းမဲ့သော လမ်းကြားဆီသို့ သွားလိုက်ပြီး အစီအရင်ကို အသက်သွင်းလိုက်၏။ ထို့နောက် ဆိုင်ထဲသို့ ဝင်သွားသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"အင်း... တွမ်ခယ် ခြံဝင်းထဲမှာ ရှိနေလောက်တယ်..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ ထပ်တိုးလာသော ပစ္စည်းအနည်းငယ်မှလွဲ၍ အရာအားလုံး ယခင်အတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုပစ္စည်းများမှာ မဖွင့်ရသေးသော အိတ်များနှင့် အထုပ်ကြီးများ ဖြစ်ကြ၏။ အထုပ်များကို ရွက်ဖျင်စများဖြင့် ထုပ်ပိုးထားသဖြင့် အတွင်းရှိ အရာများကို အပြင်မှ မမြင်နိုင်ချေ။
လင်းမူ စူးစမ်းလိုစိတ်ဖြင့် စိတ်ဝိညာဥ်အာရုံကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ အလွန်အမင်း အံ့သြသွားမိသည်။ အခန်းထဲတွင် အထုပ်ကြီး သုံးထုပ် ရှိပြီး အားလုံးမှာ သာမန်ပုံပေါက်နေ၏။ သို့သော် အတွင်းရှိ အရာများမှာမူ လုံးဝ သာမန် မဟုတ်ချေ။
"ရွှေတွေ... ဒီလောက် အများကြီး..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်၏။
အထုပ်များ အားလုံးတွင် တံဆိပ် သို့မဟုတ် အမှတ်အသား မပါရှိသော ရွှေတုံး အခဲများ အပြည့် ပါရှိလေသည်။ ပုံမှန်အားဖြင့် တိုင်းပြည် သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ဝေသော ရွှေများတွင် အစစ်အမှန် ဖြစ်ကြောင်း သက်သေပြသည့် အမှတ်အသား အချို့ ပါရှိလေ့ ရှိသည်။ သို့သော် ထိုရွှေတုံးများပေါ်တွင် ဘာမျှ မရှိသကဲ့သို့ ချိုင့်ခွက်များနှင့် မညီညာသော အစွန်းများ ရှိနေသဖြင့် အကြမ်းဖျင်း ပြုလုပ်ထားပုံ ရလေသည်။
"ဒီရွှေတွေက ဘာလို့ ဒီမှာ ရှိနေတာလဲ..." လင်းမူ တွေးတောနေမိ၏။
ရွှေများ အခိုးခံရနိုင်ချေ မရှိကြောင်း သူ သိသော်လည်း ထိုနေရာတွင် ထားရှိခြင်းက ထူးဆန်းနေဆဲ ဖြစ်ပေသည်။
သူ ထိုသို့ တွေးနေစဉ် ဆိုင်နောက်ဘက်ရှိ တံခါး ပွင့်လာပြီး တွမ်ခယ် ထွက်လာ၏။
"သြော်... မင်း အချိန်ကိုက် ရောက်လာတာပဲ... အဘိုး လုပ်လို့ ပြီးခါနီးပြီ... အခု ငါတို့ဆီမှာ နောက်ဆုံး ပါဝင်ပစ္စည်းလည်း ရပြီ..." တွမ်ခယ် ပြောလိုက်၏။
"ဒါဆို သူ့ဆီ သွားကြစို့..." လင်းမူ ခပ်လောလော ပြောလိုက်သည်။
"နေဦး... နောက်ဆုံး ပစ္စည်းကို ယူရဦးမယ်..." တွမ်ခယ် ပြောဆိုပြီး အထုပ်ကြီး သုံးထုပ်ဆီသို့ လျှောက်သွားလိုက်၏။
လင်းမူ အစပိုင်းတွင် အနည်းငယ် အံ့သြသွားသော်လည်း သူမ ဘာကို ဆိုလိုမှန်း သဘောပေါက်သွားသည်။
"အဲဒီရွှေတွေက နောက်ဆုံး ပစ္စည်းလား..." လင်းမူ အနည်းငယ် လွှမ်းမိုးခံရသကဲ့သို့ ခံစားရပြီး မေးလိုက်၏။
"မင်း မြင်ရမှာပါ... အဘိုးက ပိုသေချာ ရှင်းပြနိုင်လိမ့်မယ်... သူက ဒီအပိုင်းမှာ ကျွမ်းကျင်သူလေ... ငါက အဘိုးရဲ့ စွမ်းရည်တွေကို အမွေမရခဲ့ဘူး... စုံစမ်းထောက်လှမ်းရေး စွမ်းရည်တွေမှာပဲ ကျွမ်းကျင်တာ..." တွမ်ခယ် ပေါ့ပေါ့ဆဆ လေသံဖြင့် ပြန်ဖြေလိုက်၏။
လင်းမူ ခေါင်းညိတ်ပြီး တွမ်ခယ်နောက်မှ နောက်ဖေးခန်းသို့ လိုက်ပါသွားရာ သူမ မီးအိမ်ကို မှုတ်ပိတ်လိုက်သဖြင့် မြင်ကွင်း ပြောင်းလဲသွားတော့သည်။ သူတို့ ယခု ခြံဝင်းထဲတွင် ရပ်နေကြသော်လည်း ၎င်း၏ ပုံပန်းသဏ္ဍာန်မှာ အကြီးအကျယ် ပြောင်းလဲသွားလေပြီ။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ... ဒီမှာ ဘာဖြစ်သွားတာလဲ... ဘာလို့ နေရာတိုင်းမှာ မီးခိုးတွေ ပြည့်နေတာလဲ... ပြီးတော့ အဲဒါ အကာအကွယ် ပြဲနေတာလား..." လင်းမူ မေးခွန်းများ ဆက်တိုက် မေးလိုက်၏။
လင်းမူရှေ့ရှိ ခြံဝင်းက အများကြီး ပြောင်းလဲသွားလေပြီ။ မြေကြီးပေါ်ရှိ မြက်ခင်းများ အညိုရောင် ပြောင်းပြီး ညှိုးနွမ်းနေကာ နေရာအနှံ့ မီးခိုးများ ပြည့်နှက်နေပြီး လေထုထဲတွင် မီးသွေးနှင့် သတ္တု ရောနှောနေသော ထူးဆန်းသည့် အနံ့တစ်ခု ပျံ့နှံ့နေ၏။ လက်နက်အသင်္ချေ ပေါင်းမိုးစံအိမ်ကို ကာကွယ်ပေးထားသော အတားအဆီးတွင် အက်ကွဲကြောင်းငယ်လေး တစ်ခုပင် ရှိနေသေးသည်။
ဟူး
တွမ်ခယ် စိတ်ပျက်လက်ပျက်နှင့် မောပန်းနွမ်းနယ်စွာဖြင့် ခေါင်းကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်၏။
"အဘိုး အလုပ်မှာ အရမ်း အာရုံနစ်မြောသွားရင် ဒီလိုပဲ ဖြစ်တတ်တယ်... ဒီလို စိန်ခေါ်မှုမျိုး မရတာ နှစ်တွေ အများကြီး ရှိနေပြီဆိုတော့ သူ ရှိသမျှ အကုန် ထုတ်သုံးနေတာ..." တွမ်ခယ် ရှင်းပြလိုက်၏။
"ဟားဟားဟား..." ရွှီခုန်း လင်းမူ၏ စိတ်ထဲတွင် ရယ်မောလိုက်သည်။ "ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... အဲဒီလူက တခြားသူတွေထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်..."
"ဟင်..." လင်းမူ စီနီယာ ရွှီခုန်း၏ ရုတ်တရက် ရယ်မောသံကြောင့် ဇဝေဇဝါ ဖြစ်သွားမိ၏။
"ငါ့ကို ဂရုမစိုက်နဲ့... မင်းကိုယ်တိုင် မြင်ရမှာပါ..." ရွှီခုန်း လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
လင်းမူ လောလောဆယ် သူ့စူးစမ်းလိုစိတ်ကို ထိန်းချုပ်ထားပြီး တွမ်ခယ်နောက်မှ အိမ်ကြီးဆီသို့ လိုက်ပါသွားလိုက်သည်။ အပြင်ဘက်နှင့် မတူဘဲ အိမ်ကြီးမှာ ယခင်အတိုင်းပင် ဖြစ်ပြီး အပြစ်ကင်းစင်စွာ သန့်ရှင်းနေ၏။ လင်းမူနှင့် တွမ်ခယ်တို့ အောက်ထပ်သို့ ဆင်းပြီး ယခင်က သူ ရောက်ဖူးသော အလုပ်ရုံဆီသို့ သွားကြသည်။
သူတို့ ထိုနေရာသို့ ရောက်သောအခါ အလုပ်ရုံ တံခါး ပွင့်နေပြီး ဖြစ်ရာ လင်းမူ အထဲတွင် ဘာဖြစ်နေမှန်း တိုက်ရိုက် မြင်တွေ့နိုင်ပေသည်။
အခန်းတစ်ခုလုံး မှိုင်းများကဲ့သို့ အမည်းရောင် အလွှာတစ်ခု ဖုံးလွှမ်းနေ၏။ နေရာအနှံ့ အစီအရင်များ တောက်ပနေပြီး လေထဲတွင် မီးပွားတန်းများ စီးဆင်းနေသည်ကိုပင် လင်းမူ မြင်တွေ့နိုင်ပေသည်။ ထို့နောက် အခန်းအဆုံးတွင် ယခင်က သူ မြင်ဖူးသော မီးပြင်းဖို ရှိနေ၏။
နောက်ဆုံးအကြိမ် လင်းမူ မြင်ခဲ့စဉ်က မီးပြင်းဖိုမှာ စွန့်ပစ်ခံထားရပြီး အေးစက်နေပုံ ရလေသည်။ သို့သော် ယခုမူ အပူရှိန်ဖြင့် တောက်ပနေပြီး ၎င်းပတ်လည်တွင် အစီအရင် အစုအဝေး တစ်ခုလုံး လှည့်ပတ်နေ၏။ မီးပွားတန်းများက အချိန်အခါအလိုက် ၎င်း၏ အပေါ်ဘက်သို့ ဝင်ရောက်သွားပြီး အောက်ခြေတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေသည်။
အခန်းထဲတွင် သတ္တု အပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲနေပြီး လင်းမူ အနီးသို့ ရောက်သွားသောအခါ ၎င်းတို့ အားလုံးမှ တိုးညင်းသော စိတ်ဝိညာဥ်ချီ လှိုင်းများ ထွက်ပေါ်နေကြောင်း တွေ့လိုက်ရ၏။ အပိုင်းအစများ၏ ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် အတင်းအကျပ် ဖျက်ဆီးခံထားရကြောင်း လင်းမူ ပြောနိုင်ပြီး တွမ်ခယ်နှင့် ယှဉ်ပြိုင် တိုက်ခိုက်စဉ်က ပျက်စီးသွားသော သူ့လက်နက် အကျိုးအပဲ့များနှင့် အတော်လေး ဆင်တူနေပေသည်။
ထို့နောက် မီးပြင်းဖို ဘေးတွင် အဘိုးအို ကျင်းဝေ ကိုယ်တိုင် ရှိနေလေသည်။ သူ့အဝတ်အစားများ အချို့နေရာများတွင် မီးလောင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှုပ်ပွနေကာ အခန်း၏ ကျန်အစိတ်အပိုင်းများကဲ့သို့ပင် မှိုင်းများ ဖုံးလွှမ်းနေ၏။
သို့သော် အာရုံအဖမ်းစားဆုံး အရာမှာ သူ့မျက်နှာပင် ဖြစ်ပေသည်။ ကျင်းဝေ၏ မျက်နှာပေါ်တွင် ရူးသွပ်နေသူ တစ်ဦးနှင့် မခြားသော အမူအရာ ရှိနေ၏။
"ဟားဟားဟားဟား..."
အခန်း ၂၇၉ ပြီး
***