"အဲ... အဲဒါ ဘာကြီးလဲ..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်၏။
သူ့ရှေ့တွင် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ် တစ်ခုလုံးက သူ့အတွက် ကမ္ဘာကြီး ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပေသည်။ ထိုသည်မှာ ကျင့်ကြံသူများ၏ အခြားရှုထောင့်တစ်ခု ဖြစ်သော ပစ္စည်းများ သန့်စင်ခြင်းကို သူ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရခြင်း ဖြစ်၏။ လုပ်ငန်းစဉ်မှာ အလွန် ရှုပ်ထွေးကြောင်း ထင်ရှားပြီး ထိုအရာအားလုံးကို သင်ယူရန် မည်မျှ ကြိုးစားအားထုတ်ရမည်ကို လင်းမူ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
အဘိုးအို၏ အတွေ့အကြုံက ကမ္ဘာကို တုန်လှုပ်စေလောက်အောင် ကြီးမားကြောင်း ထင်ရှားလှပေသည်။ အကယ်၍ သူ ယခု မြင်တွေ့နေရသော အရာကို အခြား ကျင့်ကြံသူ မရေမတွက်နိုင်အောင် လိုချင်တပ်မက်နေကြကြောင်း လင်းမူ သိခဲ့ပါက အလွန်အမင်း အံ့သြသွားမည်မှာ အသေအချာပင်။ ထိုအရာကို မြင်တွေ့ခွင့် ရရန်နှင့် ထိုအရာမှ သင်ယူခွင့် ရရန်အတွက် သက်သက်နှင့်ပင် စစ်ပွဲတစ်ခု စတင်မည့် ကျင့်ကြံသူ သောင်းနှင့်ချီ ရှိနေပေလိမ့်မည်။
အဘိုးအို ကျင်းဝေသည် ထိုကမ္ဘာတွင် အရင်က တစ်ခါမှ မရှိခဲ့ဖူးသော သန့်စင်ခြင်း နည်းစနစ်တစ်ခုကို နားလည်သဘောပေါက်သွားခြင်း ဖြစ်ပေသည်။ အကယ်၍ ထိုအသိပညာသာ အပြင်သို့ ပေါက်ကြားသွားပါက ဂိုဏ်းများနှင့် အင်ပါယာတို့က ၎င်းကို ရယူရန် ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ကြမည် ဖြစ်၏။ သို့သော် လင်းမူအတွက်မူ ထိုသည်မှာ သူ၏ ပထမဆုံး အတွေ့အကြုံ ဖြစ်သဖြင့် ၎င်း၏ အစစ်အမှန် တန်ဖိုးကို နားမလည်နိုင်ချေ။
"အဲဒီ ကျင်းဝေက ဒီကမ္ဘာမှာ အတော်ဆုံး သန့်စင်သူတွေထဲက တစ်ယောက် ဖြစ်လောက်တယ် လင်းမူ... သူ အခုလေးတင် ပြီးမြောက်ခဲ့တဲ့ အရာကို အင်မော်တယ် ကိရိယာ သန့်စင်သူတွေတောင် သင်ယူဖို့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်... အဲဒါတင် မကဘူး... သူက ပျက်စီးနေတဲ့ ဟင်းလင်းပြင် သိုလှောင်လက်စွပ် တစ်ကွင်းကို လေ့လာကြည့်ရုံနဲ့ ဘယ်သူ့ရဲ့ လမ်းညွှန်မှုမှ မပါဘဲ လုပ်နိုင်ခဲ့တာပဲ..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ စီနီယာ ရွှီခုန်း၏ စကားများကြောင့် အံ့သြသွားပြီး စီနီယာ ရွှီခုန်း၏ နှုတ်မှ ချီးကျူးစကား ထွက်လာပါက မည်မျှ အဓိပ္ပာယ် ရှိကြောင်း သိရှိလိုက်၏။ သူသည် အခြားသူများကို အလွယ်တကူ ချီးကျူးလေ့ မရှိဘဲ သူ့ထက် နိမ့်ကျသည်ဟုသာ သတ်မှတ်လေ့ ရှိသူ တစ်ယောက်ပင်။ စီနီယာ ရွှီခုန်းက သူ့ဘဝတွင် မရေမတွက်နိုင်သော အရာများကို မြင်တွေ့ခဲ့ဖူးပြီး သူ အသက် မည်မျှရှိနေမည်မှန်းကိုပင် လင်းမူ စိတ်ကူးယဉ်၍ မရနိုင်ချေ။
လင်းမူ တစ်ခါက ရွှီခုန်းကို ထိုမေးခွန်း မေးဖူးသော်လည်း ရရှိခဲ့သော အဖြေမှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းလှပေသည်။ ရွှီခုန်း ကိုယ်တိုင်ပင် သူ အမှန်တကယ် ဘယ်လောက် အသက်ကြီးနေပြီလဲ ဆိုတာ မသိချေ။ သူ သိသမျှမှာ သူ ကိုယ်ပိုင် အသိစိတ် ရရှိလာပြီး သူ ဘယ်သူမှန်း နားလည်လာသည့် အချိန်တစ်ခု ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။ ထိုမတိုင်မီကမူ သူက ဗီဇစိတ်အတိုင်းသာ အသက်ရှင်နေထိုင်သော ဉာဏ်ရည်မဲ့ သားရဲတစ်ကောင်နှင့် ပိုတူခဲ့ပေသည်။
လင်းမူ ယခု အစိမ်းရောင် အလင်းတန်းများ ပန်းထွက်နေသော ရွှေစက်လုံးကို ဆက်လက် ကြည့်ရှုနေလိုက်၏။
"သန့်စင်စမ်း..." ကျင်းဝေ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေရင်း အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် လင်းမူ ကျင်းဝေ၏ မျက်နှာပေါ်မှ မောပန်းနွမ်းနယ်မှုကို မြင်တွေ့နိုင်ပေသည်။ သန့်စင်ခြင်း လုပ်ငန်းစဉ် ပြီးမြောက်ရန် သူ အများကြီး အားစိုက်ထုတ်လိုက်ရကြောင်း ထင်ရှားပြီး ယခုတိုင် မရပ်တန့်သေးချေ။ မီးပြင်းဖိုကို ထိန်းချုပ်ထားရုံသာ ရှိသော တွမ်ခယ်ပင်လျှင် ချွေးများ အလွန်အမင်း ထွက်နေလေပြီ။
ထိုအရာများ အားလုံးထဲတွင် လင်းမူ တစ်ယောက်တည်းသာ ဖြစ်စဉ် တစ်ခုလုံးကို ကြည့်ရှုရ အဆင်ပြေဆုံး ဖြစ်ပြီး ထိခိုက်မှု အနည်းဆုံး ရှိသူ ဖြစ်လောက်ပေသည်။
ကျင်းဝေ နောက်ထပ် အော်ဟစ်လိုက်ပြီး ရွှေစက်လုံးကို စတင် ဖိသိပ်လိုက်ရာ ပိုမို ကျုံ့ဝင်သွားတော့သည်။ ပိုမို ကျုံ့ဝင်လေလေ အစိမ်းရောင် အလင်းတန်း ပိုမို တောက်ပလာလေလေ ဖြစ်၏။ အခန်းထဲတွင် ပျံဝဲနေသော မီးတောက်များသည်လည်း ကျင်းဝေ ပတ်လည်တွင် လှည့်ပတ်နေပြီး အဘိုးအို၏ လက်များကို ရှောင်ရှားကာ အပေါ်နှင့် အောက်မှ ရွှေစက်လုံးကို ထိတွေ့နေသော သေးငယ်သည့် မီးတောက်မျှင်များ အများအပြား ထွက်ပေါ်လာသည်။
ရွှေစက်လုံး ဆက်လက် ကျုံ့ဝင်နေပြီး ကျင်းဝေ သူ့လက်များကို ပူးကပ်လိုက်ရာ နောက်ဆုံးတွင် သူ့လက်ဖဝါး နှစ်ဖက် ထိတွေ့သွားတော့သည်။
သူ့လက်ချောင်းများနှင့် လက်ဖဝါးများကြားရှိ ကွက်လပ်များမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အစိမ်းရောင် အလင်းတန်းများ ယိုစိမ့်ထွက်နေပြီး ရွှေစက်လုံးမှာမူ စကျင်ကျောက်လုံးငယ်လေး တစ်လုံး အရွယ်အစားခန့်အထိ ကျုံ့ဝင်သွားလေပြီ။
ဟူး
ကျင်းဝေ ထိုအလုပ် အောင်မြင်သွားသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏။ သူ လက်များကို မရွှေ့ဘဲ တွမ်ခယ်ကို ကြည့်ကာ စကားပြောလိုက်သည်။
"ထိန်းချုပ်မှုကို အဘိုးဆီ ပြန်လွှဲပြီး အတားအဆီးကို အသက်သွင်းလိုက်... အချိန်ကိုက် လုပ်နော်... မဟုတ်ရင် ဘာဖြစ်မယ် ဆိုတာ သမီး သိပါတယ်..." ကျင်းဝေ ပြောဆိုပြီး သူ့လက်ထဲရှိ ရွှေစက်လုံးငယ်လေးဆီသို့ အာရုံပြန်စိုက်လိုက်၏။
သူ လက်များကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ရွှေစက်လုံး ပေါ်လာသော်လည်း ရွှေရောင် မဟုတ်တော့ဘဲ အဝါရောင် သမ်းနေသော အစိမ်းရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားလေပြီ။ အစိမ်းရောင် အလင်းတန်းသည်လည်း စကျင်ကျောက်လုံးမှ ထွက်ပေါ်နေခြင်း ရပ်တန့်သွားပြီး ယခု ၎င်းအတွင်း၌သာ ကိန်းအောင်းနေတော့၏။
သို့သော် စကျင်ကျောက်လုံး အပြည့်အဝ ပေါ်လာသောအခါ တုန်ခါလာပြီး မတည်မငြိမ် ဖြစ်လာပုံ ရလေသည်။
"အခု..." ကျင်းဝေ အော်ဟစ်လိုက်၏။
တွမ်ခယ် မီးပြင်းဖို၏ ထိန်းချုပ်မှုကို ကျင်းဝေထံ ပြန်ပေးလိုက်ပြီး အလွှာပေါင်းများစွာ ပါဝင်သော အတားအဆီး တစ်ခုကို ဖန်တီးလိုက်သည်။ အလွှာဆယ်ခုခန့် ပါဝင်ပြီး နောက်အလွှာတိုင်းက ပထမအလွှာထက် ပိုမို ထူထဲလေသည်။ ကျင်းဝေ လက်တစ်ဖက်ကို လွှတ်လိုက်ပြီး မီးပြင်းဖိုဆီသို့ ဆန့်တန်းကာ ထိန်းချုပ်မှုကို ပြန်လည် ရယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အစိမ်းရောင် စကျင်ကျောက်လုံးကို ကိုင်ထားလိုက်၏။
သူ လက်ဟန် ပြုလုပ်လိုက်ရာ မီးတောက်များ ထွက်ပေါ်လာပြီး ကြိုးများအဖြစ် ပြောင်းလဲသွားကာ စကျင်ကျောက်လုံး ပတ်လည်တွင် ပျံဝဲလာကြ၏။ သူ စကျင်ကျောက်လုံးကို လွှတ်လိုက်ပြီး ထိုလက်ကို လွတ်လပ်ခွင့် ပေးလိုက်သော်လည်း စကျင်ကျောက်လုံး မကျမီ မီးတောက်ကြိုးများက ဖမ်းဆုပ်ထားလိုက်သည်။
ကျင်းဝေ တွမ်ခယ်နှင့် လင်းမူကို တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ လွတ်နေသော လက်ကို ဝှေ့ယမ်းလိုက်ရာ မီးပြင်းဖိုထဲမှ အရာဝတ္ထု တစ်ခု ပျံထွက်လာ၏။ ထိုပစ္စည်းသည် လင်းလက်နေပြီး မျက်နှာပြင်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေသည်။ အနီးကပ် ကြည့်ရှုလိုက်ပါက လက်ဖဝါး အရွယ်အစားခန့်ရှိသော ပေတုံးငယ်လေး တစ်ခု ဖြစ်ကြောင်း သိနိုင်ပေသည်။
"ဟော... သူ မသန့်စင်တဲ့ ဟင်းလင်းပြင် ကြယ်သတ္တု တချို့ကို တကယ် ရှာတွေ့ခဲ့တာပဲ..." မီးလောင်နေသော ပေတုံးငယ်လေးကို မြင်ပြီး ရွှီခုန်း ရုတ်တရက် ပြောလိုက်၏။
"အဲဒါ ဘာလဲဆိုတာ စီနီယာ သိလား..." လင်းမူ မေးလိုက်သည်။
"အမှန်ပဲ... အဲဒါက ဟင်းလင်းပြင် ဓာတ်သဘာဝ ချီစွမ်းအင် ပါဝင်တဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်ပြီး ဟင်းလင်းပြင် သိုလှောင်ကိရိယာတွေ ပြုလုပ်ရာမှာ သုံးနိုင်တယ်... ဟင်းလင်းပြင် ကြယ်သတ္တုက သေချာပေါက် ရှားပါးတဲ့ ပစ္စည်းတစ်ခုပဲ... အဲဒါတွေကို ကမ္ဘာတွေ ပတ်လည်က ဟင်းလင်းပြင်ထဲမှာ တွေ့ရတတ်ပြီး တစ်ခါတလေ ဥက္ကာခဲတွေနဲ့အတူ ကမ္ဘာတွေပေါ်ကို ပျက်ကျလာတတ်တယ်..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ ကျင်းဝေကို ဆက်လက် ကြည့်ရှုနေရင်း သတင်းအချက်အလက်များကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ အဘိုးအိုက မီးလောင်နေသော ပေတုံးငယ်လေးကို သူ့ရှေ့တွင် ပျံဝဲစေလိုက်ပြီးနောက် လက်ဖဝါးကို လှန်လိုက်ရာ ပျက်စီးနေသော ဟင်းလင်းပြင် သိုလှောင်လက်စွပ် သူ့လက်ဖဝါးထဲတွင် ပေါ်လာတော့သည်။
ဟင်းလင်းပြင် သိုလှောင်လက်စွပ်၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဍာန်မှာ လင်းမူ နောက်ဆုံးအကြိမ် မြင်ခဲ့ရစဉ်ကနှင့် အတူတူပင် ဖြစ်သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော တုန်ခါမှုများက ယခု တစ်ခုခု ကွဲပြားနေကြောင်း သူ့ကို ပြောပြနေပေသည်။
အခန်း ၂၈၁ ပြီး
***