"လက်စွပ်က ဘာပြောင်းလဲသွားတာလဲ... အင်း... ကျွန်တော်တို့ မရောက်ခင် သူလုပ်ထားတဲ့ အရာတွေ ဖြစ်လောက်တယ်..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"ဟုတ်တယ်... အဲဒါ အတိအကျပဲ... ဒီလို ဟင်းလင်းပြင် ရတနာမျိုးကို ပြင်ဆင်ဖို့ဆိုတာ ဝိညာဥ်ကိရိယာ သန့်စင်သူ အများစုအတွက် မဖြစ်နိုင်သလောက် ခက်ခဲတယ်... ရိုးရိုးသားသား ပြောရရင် သူ လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာ ငါ လုံးဝ မသေချာခဲ့ဘူး... နည်းနည်းလေးပဲ ပြင်နိုင်ခဲ့ရင်တောင် ငါ အထင်ကြီးမိမှာပဲ... ဒါပေမဲ့ သူက ငါ မျှော်လင့်ထားတာထက် ပိုပြီး လုံးဝနီးပါး ပြင်ဆင်နိုင်ခဲ့တယ်...”
“ဒါပေါ့... သူ့ရဲ့ သိုလှောင်နိုင်စွမ်းကတော့ မူလအတိုင်း အများကြီး ရှိတော့မှာ မဟုတ်ဘူး..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ ကျင်းဝေ လက်စွပ်ကို ဆက်လက် ပြင်ဆင်နေသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ လောလောဆယ် အရာများစွာ တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေပြီး လူအများစုအတွက်မူ နားလည်ရန် ခက်ခဲလွန်းလှပေသည်။
မီးလောင်နေသော ပေတုံးငယ်လေးက ကျင်းဝေရှေ့တွင် ရပ်တန့်သွားပြီး ကျင်းဝေ ၎င်းအပေါ်တွင် လက်စွပ်ကို တင်လိုက်၏။ ထို့နောက် အစိမ်းရောင် ရွှေစကျင်ကျောက်လုံးကို လက်စွပ်အပေါ်တွင် ပျံဝဲစေပြီး ပြုတ်ကျခွင့် ပြုလိုက်သည်။
ဒေါင်
စကျင်ကျောက်လုံး ထိတွေ့သွားသည်နှင့် လက်စွပ်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ စကျင်ကျောက်လုံးသည် အရွယ်အစား အတော်လေး သေးငယ်သော်လည်း ၎င်း၏ အလေးချိန်မှာမူ မသေးငယ်ချေ။ ထိုစကျင်ကျောက်လုံးကို ဖန်တီးရန် အနည်းဆုံး ရွှေတန်ချိန် အနည်းငယ်ကို သန့်စင်ခဲ့ရပြီး သန့်စင်ခြင်း လုပ်ငန်းစဉ်တွင် အများစု ဆုံးရှုံးသွားလျှင်ပင် ကျန်ရှိသော ပမာဏ အနည်းငယ်မှာ အလွန် သိပ်သည်းနေဆဲ ဖြစ်ပေသည်။
အစိမ်းရောင် ရွှေစကျင်ကျောက်လုံးက လက်စွပ်ကို ရိုက်ခတ်သွားပြီးနောက် ဟင်းလင်းပြင် ကြယ်သတ္တုဖြင့် ပြုလုပ်ထားသော မီးလောင်နေသည့် ပေတုံးငယ်လေးကို ရိုက်ခတ်သွား၏။ အရာဝတ္ထု သုံးခုလုံး တုံ့ပြန်သည့်အနေဖြင့် တဝီဝီ မြည်လာပြီး တိုးညင်းသော ကွဲအက်သံ တစ်ခုကို ကြားလိုက်ရသည်။
ဂျွတ်
လင်းမူ ယခု လက်စွပ်ပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
"သူ ဘာလုပ်နေတာလဲ... အဲဒါက လက်စွပ်ကို ဖျက်ဆီးပစ်လိုက်မှာ မဟုတ်ဘူးလား..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်သည်။
"အဲဒါ သူ လုပ်နေတာ အတိအကျပဲ... ပုံမှန် လိုအပ်မယ့် ပစ္စည်းတွေ မပါဘဲ လက်စွပ်ကို ပြင်ဆင်ဖို့ နည်းလမ်းတစ်ခု သူ ရှာတွေ့သွားတာ... လောလောဆယ် ရှိတာလေးနဲ့ အဆင်ပြေအောင် လုပ်နေတာပဲ... ကြည့်သာ ကြည့်နေ... မင်း နားလည်သွားလိမ့်မယ်..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ ပေတုံးငယ်လေးကို အာရုံစိုက်လိုက်ရာ လက်စွပ်ပေါ်ရှိ အက်ကွဲကြောင်းငယ်လေးများမှ တစ်စုံတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ အစပိုင်းတွင် ဘာမှန်း မခွဲခြားနိုင်သော်လည်း မကြာမီ အာရုံခံမိသွားသည်။ စိတ်ဝိညာဥ်ချီနှင့် တူသော်လည်း အရည်အသွေး ပိုမို မြင့်မားပုံ ရပြီး သူ့အတွက် အညစ်အကြေးများ ပါဝင်နေသကဲ့သို့လည်း ခံစားရပေသည်။
ထိုစွမ်းအင်က အဆင့်မြင့် စိတ်ဝိညာဥ်ချီ၏ ပျက်စီးယိုယွင်းနေသော ပုံစံတစ်မျိုးနှင့် တူလေသည်။
'နေပါဦး... ဖြစ်နိုင်မလား... အင်မော်တယ် ချီလား...' လင်းမူ ခန့်မှန်းလိုက်၏။
အင်မော်တယ် တက်လှမ်းအဆင့် ပြီးနောက် အထက်လောကသို့ တက်လှမ်းရန်အတွက် ကျင့်ကြံသူ တစ်ဦးက စိတ်ဝိညာဥ်ချီများကို အင်မော်တယ်ချီအဖြစ် သန့်စင်ရမည် ဖြစ်ကြောင်း လင်းမူ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် လက်စွပ်မှ ထွက်ပေါ်လာသော အရာမှာ အင်မော်တယ်ချီ ဖြစ်မည်ဟု လင်းမူ ခန့်မှန်းလိုက်ခြင်း ဖြစ်ပေသည်။
"ဒါပေမဲ့ အင်မော်တယ် ချီဆိုရင် ဘာလို့ ပျက်စီးယိုယွင်းပြီး အညစ်အကြေးတွေ ပါနေသလို ဖြစ်နေရတာလဲ..." လင်းမူ ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။
"မင်း ခန့်မှန်းတာ တစ်ဝက် မှန်တယ်..." ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဟင်... ဘာကို ဆိုလိုတာလဲ စီနီယာ..." လင်းမူ မေးလိုက်စဉ် ကျင်းဝေက မီးတောက်များကို ပေတုံးငယ်လေးနှင့် လက်စွပ် ပတ်လည်တွင် လှည့်ပတ်စေရန် ထိန်းချုပ်နေ၏။
"အဲဒါက စိတ်ဝိညာဥ်ချီထက် အရည်အသွေး ပိုမြင့်တဲ့ ချီစွမ်းအင် မှန်ပေမယ့် အင်မော်တယ် ချီတော့ မဟုတ်ဘူး... အဲဒီအစား မသန့်စင်တဲ့ ဟင်းလင်းပြင် စွမ်းအင်ပဲ... မင်း လက်စွပ်ထဲမှာ မြင်ခဲ့ရတာက ဒီစကြဝဠာထဲမှာ ရှာတွေ့နိုင်သမျှ အသန့်စင်ဆုံး ပုံစံ ဖြစ်လောက်တယ်... မင်း အများဆုံး တွေ့ရမယ့် အမျိုးအစားကတော့ အခုလို မသန့်စင်တဲ့ ဟင်းလင်းပြင် စွမ်းအင်မျိုးပဲ..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ ထိုအရာကို ပြန်မပြောတော့ဘဲ ကျင်းဝေ လုပ်ဆောင်နေသော နောက်တစ်ဆင့်ဆီသို့ သူ့အာရုံ ရောက်ရှိသွား၏။
သူ ယခု အစိမ်းရောင် ရွှေစကျင်ကျောက်လုံးကို လုံလောက်အောင် အပူပေးလိုက်သဖြင့် နောက်တစ်ကြိမ် ပြန်လည် အရည်ပျော်လာလေပြီ။ တောက်ပနေသော စိမ်းလဲ့လဲ့ ရွှေရည်စက်များက လက်စွပ်ပေါ်သို့ ကျဆင်းလာပြီး စတင် ဖုံးအုပ်သွားတော့သည်။ မကြာမီ လက်စွပ်သည် အစိမ်းရောင် ရွှေရည်စက်များ အောက်တွင် ဖုံးကွယ်သွားပြီး ကျင်းဝေ တူတစ်လက်ကို ထုတ်ယူလိုက်၏။
ထိုတူက ရှစ်ထောင့်ပုံသဏ္ဍာန် ရှိပြီး ဘေးဘက်များတွင် အင်းစာလုံးအချို့ ထွင်းထုထားပုံ ရလေသည်။ ကျင်းဝေ ညာလက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ကျင်းဝေ၏ ဆုပ်ကိုင်မှုမှာ အလွန် ပြင်းထန်သဖြင့် သူ့ကြွက်သားများ တင်းမာလာပြီး ဝတ်ရုံလက်များ စုတ်ပြဲသွားကာ ယခု တင်းမာသော ကြွက်သားများဖြင့် ပြည့်နှက်နေသည့် သူ့လက်မောင်းချည်းသက်သက် ပေါ်လာတော့သည်။
ထိုကြွက်သားများက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှုမှ ရရှိလာခြင်း မဟုတ်သော်လည်း ၎င်းတို့အတွင်းရှိ ခွန်အားမှာ မလျော့နည်းကြောင်း လင်းမူ အာရုံခံမိ၏။ ကျင်းဝေ တူကို မြှောက်ပြီး အစိမ်းရောင် ရွှေရည်များ ဖုံးအုပ်ထားသော လက်စွပ်ပေါ်သို့ ထုချလိုက်သည်။
သတ္တုချင်း ရိုက်ခတ်သံ အခန်းထဲတွင် ခဏတာ ပဲ့တင်ထပ်သွားပြီးနောက် လင်းမူ ဟင်းလင်းပြင် တုန်ခါမှုများကို ရုတ်တရက် ခံစားလိုက်ရ၏။
ဟင်းလင်းပြင် ကြယ်သတ္တုဖြင့် ပြုလုပ်ထားသော ပေတုံးငယ်လေးက ယခု ကွဲအက်သွားပြီး ၎င်းထံမှ တစ်စုံတစ်ခု ယိုစိမ့်ထွက်လာနေသည်။ သို့သော် လက်စွပ်နှင့် မတူဘဲ ထိုစွမ်းအင်က ကျောက်မီးခိုးရောင် ရှိပြီး လက်စွပ်ပေါ်ရှိ အက်ကွဲကြောင်းများ ရှိသော နေရာများသို့ ဝင်ရောက်သွား၏။
စွမ်းအင် လက်စွပ်ထဲသို့ ဝင်ရောက်သွားသည့်အခါ လက်စွပ်ကို ဖုံးအုပ်ထားသော အစိမ်းရောင် ရွှေရည်စက်များကိုပါ ယူဆောင်သွားပေသည်။ လက်စွပ်ကို ဖုံးအုပ်ထားသော အစိမ်းရောင် ရွှေရည် ပမာဏ စတင် လျော့နည်းလာပြီး မကြာမီ လက်စွပ်က စုပ်ယူသွားသဖြင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။
သို့တိုင်အောင် ကျင်းဝေ ထိုမျှနှင့် မရပ်တန့်ဘဲ တူကို နောက်တစ်ကြိမ် မြှောက်ပြီး ပြန်ထုချလိုက်၏။ ဒီတစ်ကြိမ် ထိုးနှက်ချက်မှာ ယခင်ကထက် ပိုမို ညင်သာသော်လည်း ဟင်းလင်းပြင် ကြယ်သတ္တုဖြင့် ပြုလုပ်ထားသော ပေတုံးငယ်လေးကို လုံးဝ ဖျက်ဆီးပစ်ရန် လုံလောက်နေဆဲ ဖြစ်ပေသည်။
ဟင်းလင်းပြင် ကြယ်သတ္တု အပိုင်းအစများ မြေကြီးပေါ်သို့ ကျဆင်းသွားပြီး အပူရှိန်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ယခု လက်စွပ်က ကျင်းဝေ၏ လက်ထဲတွင် ပျံဝဲနေပြီး သူ မောပန်းနွမ်းနယ်စွာ အသက်ရှူနေ၏။
ဟူး
.
အသစ်ပြုပြင်ထားသော လက်စွပ် သူ့ရှေ့တွင် ပျံဝဲနေသည်ကို မြင်သောအခါ ကျင်းဝေ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏။ လက်စွပ်တွင် အက်ကွဲကြောင်းများ မရှိတော့ဘဲ လုံးဝ ပြုပြင်ပြီးစီးသွားပုံ ရလေသည်။ သို့သော် ၎င်းနှင့်အတူ လက်စွပ်၏ ပုံပန်းသဏ္ဍာန် ကွာခြားသွားသည်ကို သူ မြင်တွေ့နိုင်ပေသည်။
ယခင်က လက်စွပ်ပေါ်တွင် ရှိနေခဲ့သော အက်ကွဲကြောင်းများကို အစိမ်းရောင် ရွှေများဖြင့် ဖြည့်ဆည်းထားပြီး ၎င်းထံမှ ဟင်းလင်းပြင် တုန်ခါမှုများ ထွက်ပေါ်နေသည်ကိုလည်း ခံစားနိုင်၏။
"အောင်မြင်ပြီ..." ကျင်းဝေ တန်ဖိုးကြီး ရတနာကို မြင်ပြီး အော်ဟစ်လိုက်၏။
အခန်း ၂၈၂ ပြီး
***