ကျင်းဝေ ကိုယ်တိုင်ပင် သူ အပြည့်အဝ အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သလို ထိုမျှ အတိုင်းအတာအထိ ဖြစ်လာလိမ့်မည်ဟုလည်း မထင်မှတ်ထားခဲ့ချေ။ သူ အသုံးပြုခဲ့သော နည်းစနစ်များသည် အများအားဖြင့် ခန့်မှန်းချက်များသာ ဖြစ်ပြီး သူတို့ မိသားစု၏ မှတ်တမ်းများတွင် အချိန်အတော်ကြာ ရှိနေခဲ့သော မပြည့်စုံသည့် သီအိုရီများကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
မှားယွင်းနေသည်ဟု သူ ထင်မှတ်ခဲ့ဖူးပြီး လောကသို့ ထုတ်ဖော်ပြသပါက လှောင်ပြောင်ခံရမည့် အရာတစ်ခုကိုပင် ကျင်းဝေ အသုံးပြုခဲ့၏။ ထိုနည်းစနစ်ကို သီအိုရီအဖြစ် တင်ပြခဲ့စဉ်က သူကိုယ်တိုင်ပင် ရယ်မောခဲ့ပြီး ၎င်းအား ဖန်တီးခဲ့သူကို ငြင်းပယ်ခဲ့ဖူးသည်။
'မင်းက ငါ့ထက် အများကြီး ရှေ့ရောက်နေခဲ့တာပဲ လော့အာ... မင်းကို ထွက်သွားခွင့် ပြုခဲ့တဲ့ နေ့ကို ငါ နောင်တရတယ်... တကယ်လို့သာ အတိတ်ကို ပြန်သွားခွင့် ရခဲ့ရင် မင်းကို ကယ်တင်ဖို့ ကောင်းကင်ကြီးကိုတောင် ငါ ပုန်ကန်မိမှာပဲ...' ကျင်းဝေ အနည်းငယ် ဝမ်းနည်းစွာဖြင့် တွေးလိုက်၏။
ကျင်းဝေ သူ့အတွေးများကို ဖယ်ရှားလိုက်ပြီး သူ့ရှေ့ရှိ ရတနာကို အာရုံစိုက်လိုက်သည်။ ထိုသည်မှာ ဝိညာဥ်ကိရိယာ သန့်စင်ခြင်း၏ ခေတ်သစ်တစ်ခု အစပြုခြင်း ဖြစ်ကြောင်း သူ သိပေသည်။
သူ့ရှေ့ရှိ ဟင်းလင်းပြင် သိုလှောင်လက်စွပ်က မဟာကျိုး အင်ပါယာ တစ်ခုလုံးတွင် အရည်အသွေး အမြင့်မားဆုံး ဟင်းလင်းပြင် သိုလှောင်ရတနာ ဖြစ်မည်မှာ သေချာလှပေသည်။ သို့သော် ထိုအချက်က သူ့ကို အနည်းငယ် တုန်လှုပ်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် သူ ဖန်တီးခဲ့သောအရာမှာ အဆင့်နိမ့် ထုတ်ကုန်တစ်ခုသာ ဖြစ်သေးကြောင်း သူ သိထားသောကြောင့် ဖြစ်ပေသည်။
သူ အသုံးပြုခဲ့သော ကျွမ်းကျင်မှုများ အားလုံးနှင့်ပင် လက်စွပ်သည် ကုန်ကြမ်းပစ္စည်းများ၏ ကန့်သတ်ချက်ကြောင့် ၎င်း၏ အပြည့်အဝ စွမ်းဆောင်ရည်၏ ငါးရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ကျင်းဝေ သိထား၏။ သူ ပစ္စည်းများစွာကို စမ်းသပ်ခဲ့ပြီးသော်လည်း သင့်လျော်သော ပစ္စည်း အလွန်နည်းပါးပြီး ရရှိနိုင်သော ပစ္စည်းမှာ ပို၍ပင် နည်းပါးလှပေသည်။
ကျင်းဝေ လက်စွပ်ကို လက်ထဲတွင် ကိုင်ထားပြီး ၎င်း၏ သိုလှောင်နိုင်စွမ်း အစစ်အမှန်ကို သိရှိရန် စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ဟူး
"တစ်... တစ်ထောင်..." ကျင်းဝေ ရေရွတ်လိုက်၏။
တွမ်ခယ်နှင့် လင်းမူတို့ ယခု အနီးသို့ ရောက်ရှိနေပြီ ဖြစ်၍ ကျင်းဝေ ပြောလိုက်သည်ကို ကြားလိုက်ရသည်။ သူ တီးတိုး ရေရွတ်လိုက်သော်လည်း သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်း အဆင့် မြင့်မားသဖြင့် ကြားနိုင်ပေသည်။
"တစ်ထောင် ဆိုတာ ဘာလဲ..." လင်းမူ မေးလိုက်၏။
လင်းမူ ကျင်းဝေ ဘာကို ဆိုလိုမှန်း မသိသော်လည်း တွမ်ခယ်ကမူ သူ ဘာပြောနေမှန်း အတိအကျ သိပေသည်။
"တကယ်လား အဘိုး... ကုဗမီတာ တစ်ထောင်လား..." တွမ်ခယ် စိုးရိမ်တကြီး မေးလိုက်၏။
"ဟုတ်တယ်... ကြည့်ကြည့်လိုက်..." ကျင်းဝေ ပြောဆိုပြီး လက်စွပ်ကို သူမထံ ကမ်းပေးလိုက်သည်။
ထိုအချိန်တွင် ကျင်းဝေ သန့်စင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည် စဉ်းစားရင်း သူ့အတွေးထဲတွင် နစ်မြောနေ၏။ သန့်စင်စဉ်အတွင်း သူ လုပ်ခဲ့သော အမှားများနှင့် ရရှိခဲ့သော ထိုးထွင်းသိမြင်မှု အသစ်များမှ သင်ယူနေခြင်း ဖြစ်ပေသည်။
တွမ်ခယ် လက်စွပ်ကို ကိုင်ပြီး သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ကျင်းဝေ ပြောသည့်အတိုင်း မှန်ကန်ကြောင်း တွေ့ရှိလိုက်ရ၏။
"ကုဗမီတာ တစ်ထောင်ကျော်တဲ့ အရွယ်အစား... တကယ့် လက်ရာမြောက်တဲ့ ပစ္စည်းပဲ..." တွမ်ခယ် အံ့သြတကြီး ရေရွတ်လိုက်သည်။
"နေဦး... လက်စွပ်ရဲ့ သိုလှောင်နိုင်စွမ်းက ကုဗမီတာ တစ်ထောင်လား... ဒါပေမဲ့ ကျွန်တော့်ဟာက..." လင်းမူ စကားမဆုံးမီ ရပ်တန့်လိုက်၏။
ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူး ဆိုတာကို လင်းမူ သတိရသွားသည်။ အကြီးမားဆုံး အချက်မှာ လက်စွပ်၏ အမှန်တရားပင်။ ကျင်းဝေ ပြင်ဆင်လိုက်သော လက်စွပ်၏ အရွယ်အစားက ထိုမျှသာ ရှိလျှင် သူ့ကိုယ်ပိုင် လက်စွပ်နှင့် ယှဉ်၍ပင် မရနိုင်ချေ။ ၎င်း၏ အရွယ်အစားကို စီနီယာ ရွှီခုန်းပင် နားလည်နိုင်စွမ်း မရှိပေ။
သူမအဘိုး၏ စကား မှန်ကန်ကြောင်း အတည်ပြုပြီးနောက် တွမ်ခယ်၏ လက်များ အနည်းငယ် တုန်ရီနေ၏။ သူမ လက်စွပ်ကို လိုချင်တပ်မက်စွာ ခဏတာ ကြည့်ပြီးနောက် လင်းမူထံ ကမ်းပေးလိုက်သည်။
"ရော့... ယူလိုက်..." တွမ်ခယ် ပြောလိုက်၏။
"အာ... ဟုတ်ကဲ့..." လင်းမူ အနေခက်စွာ ပြောဆိုပြီး လက်စွပ်ကို ယူလိုက်သည်။
သူ ထိုနေရာရှိ မည်သူ့ထက်မဆို လက်စွပ်မှ ဟင်းလင်းပြင် စွမ်းအင်ကို ပိုမို ကောင်းမွန်စွာ အာရုံခံနိုင်ပေသည်။ လက်စွပ် ပြီးစီးသွားသည့် အခိုက်အတန့်တွင် သူ ခံစားလိုက်ရပြီး ဆန်းကြယ်သော လက်စွပ်ကလည်း တုံ့ပြန်လိုက်၏။ လင်းမူ အလိုရှိပါက သူတို့လက်ထဲမှ လက်စွပ်ကို ဆွဲလုယူနိုင်သလို ဖျက်ဆီးပစ်လိုပါကလည်း ဖျက်ဆီးပစ်နိုင်ကြောင်း သိသာပေသည်။
ဘာကြောင့်မှန်း အတိအကျ မပြောနိုင်သော်လည်း ထိုသည်မှာ သူ့စိတ်ထဲတွင် ရရှိနေသော သိစိတ် ခံစားချက်များ ဖြစ်ပေသည်။ သူ လက်စွပ်ကို ညာလက်ညှိုးတွင် စွပ်လိုက်ရာ ဆန်းကြယ်သော လက်စွပ်ဘေးတွင် ရောက်ရှိသွား၏။ လက်စွပ်က သူ့လက်ချောင်း အရွယ်အစားထက် အနည်းငယ် ကြီးနေသော်လည်း ယခု ၎င်း မည်သို့ အလုပ်လုပ်သည်ကို သိထားပြီ ဖြစ်၍ လင်းမူ မစိုးရိမ်တော့ချေ။
လင်းမူ လက်စွပ်ကို စိတ်ဝိညာဥ်အာရုံဖြင့် အမှတ်အသား ပြုလုပ်လိုက်ရာ လက်စွပ်က သူ့လက်ချောင်းနှင့် ကွက်တိဖြစ်အောင် အလိုအလျောက် ကျုံ့ဝင်သွားတော့သည်။ လက်စွပ် နှစ်ကွင်းကြား ကွာခြားချက်မှာ အတော်လေး ဆွဲဆောင်မှု ရှိပေသည်။ ဆန်းကြယ်သော လက်စွပ်မှာ ငွေရောင် ဖြစ်ပြီး အချွန်ငါးခု ပါရှိကာ ဟင်းလင်းပြင် သိုလှောင်လက်စွပ် အသစ်မှာမူ ရွှေရောင် ဖြစ်ပြီး အက်ကွဲကြောင်းများနှင့် တူသော ပုံမှန်မဟုတ်သည့် အစိမ်းရောင် ပုံစံများ ပါရှိကာ ထိပ်ပြန့်ပြီး အစိမ်းရောင် ကျောက်မျက်ရတနာ တစ်ခု တပ်ဆင်ထားလေသည်။
လင်းမူ လက်စွပ်ထဲသို့ ကြည့်ရှုလိုက်ပြီး ၎င်း၏ သိုလှောင်နိုင်စွမ်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရ၏။ လက်စွပ်ထဲရှိ နေရာလွတ်မှာ ဆန်းကြယ်သော လက်စွပ်ထက် အများကြီး ပိုသေးငယ်ပြီး လွတ်လပ်စွာ တောက်ပနေသော ဟင်းလင်းပြင် စွမ်းအင်များလည်း မရှိသဖြင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။
သို့သော် လင်းမူ လက်စွပ် နှစ်ကွင်းကို သဘောကျနေစဉ် အဘိုးနှင့် မြေးမ နှစ်ဦးမှာမူ သူ့လက်ပေါ်ရှိ အစိမ်းရောင် ကျောက်မျက်ရတနာနှင့် အစိမ်းရောင် ပုံစံများ ပါရှိသော လက်စွပ်သစ် တစ်ကွင်းတည်းကိုသာ မြင်တွေ့နေရပေသည်။ လင်းမူ ကျင်းဝေကို ကျေးဇူးတင်သော မျက်နှာထားဖြင့် ပြန်ကြည့်လိုက်၏။
"ပြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါကို ပြင်ဖို့ ခင်ဗျား အားစိုက်ထုတ်မှုတွေနဲ့ သယံဇာတတွေ အများကြီး သုံးခဲ့ရတယ် ဆိုတာ ကျွန်တော် မြင်ပါတယ်... အဲဒီအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်..." လင်းမူ ပြောလိုက်၏။
"မဟုတ်ပါဘူး... ဒီလို လုပ်ခွင့်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပါ... လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အတွင်း ငါ လုပ်ခဲ့တာတွေထက် ဒီကနေ အများကြီး ပိုသင်ယူခဲ့ရတယ်... ဒါက ငါတို့အတွက်... ငါတို့ မိသားစုအတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်း မသိပါဘူး..." ကျင်းဝေ ပြောဆိုပြီး စကားစ ရပ်တန့်သွား၏။
ကျင်းဝေ ပိုမို စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ လင်းမူ စကားလမ်းကြောင်း အနည်းငယ် လွှဲရန် ဆုံးဖြတ်လိုက်သည်။
"ဟို... ခြံဝင်း အဆင်ပြေပါ့မလား... ဆိုလိုတာက အတားအဆီးမှာ တော်တော် ကြီးတဲ့ အက်ကွဲကြောင်းကြီး ရှိနေတယ်လေ..." လင်းမူ စိုးရိမ်တကြီး ပြောလိုက်၏။
"ဟားဟားဟား... အာ... အဲဒါလား... အဲဒီအတွက် မင်း စိတ်ပူစရာ မလိုပါဘူး... ရက်ပိုင်းလောက် နေရင် သူ့အလိုလို ပြန်ကောင်းသွားလိမ့်မယ်... ဒါပေမဲ့ သေချာပေါက် တန်ပါတယ်..." ကျင်းဝေ စိတ်အခြေအနေ ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။
အခန်း ၂၈၃ ပြီး
***