လင်းမူ အတားအဆီးရှိ အက်ကွဲကြောင်းနောက်ကွယ်မှ ဟင်းလင်းပြင်ကို ကြည့်ရှုရင်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။ အက်ကွဲကြောင်း ပတ်လည်တွင် တစ်စုံတစ်ရာ လှုပ်ရှားနေသည်ကို သူ မှေးမှိန်စွာ အာရုံခံမိပေသည်။ ယခင်က ထိုသို့ မခံစားခဲ့ရဖူးဘဲ ယခုမှ ပထမဆုံးအကြိမ် အာရုံခံမိခြင်း ဖြစ်ပေသည်။
လင်းမူ အာရုံခံနေရသောအရာမှာ စိတ်ဝိညာဥ်အာရုံ အသုံးပြုခြင်းနှင့် ကွဲပြားခြားနား၏။ အဘယ်ကြောင့်ဆိုသော် အက်ကွဲကြောင်းအနီးရှိ အရာဝတ္ထုက သူ၏ စိတ်ဝိညာဥ်အာရုံ ရောက်ရှိနိုင်ရန် ဝေးကွာလွန်းသောကြောင့် ဖြစ်ပေသည်။
'ဟင်... ငါ ဘယ်လိုလုပ် အဲဒါကို အာရုံခံနိုင်တာလဲ... ငါ့ကျင့်ကြံခြင်း မကြာသေးခင်က တိုးတက်လာလို့လား...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
"မင်း အဲဒါကို ပိုပြီး အာရုံစိုက်ကြည့်ပါလား... ဘာဖြစ်လာမလဲ ကြည့်ရအောင်..." ရွှီခုန်းက အားပေးသော လေသံဖြင့် အကြံပြုလိုက်သည်။
လင်းမူ မျက်လုံးများကို မှိတ်ပြီး အက်ကွဲကြောင်း ပတ်လည်တွင် လှုပ်ရှားနေသော အရာကို အာရုံစိုက်ရန် ကြိုးစားလိုက်၏။ ၎င်းကို ကွဲပြားခြားနားသော အာရုံခံစားမှု တစ်မျိုးဖြင့် ခံစားနေရကြောင်း သူ သဘောပေါက်လိုက်သည်။ ထိုအာရုံခံစားမှုသည် သူ့ထံတွင် အချိန်အတန်ကြာ ရှိနေခဲ့သော်လည်း ယခုလောက် မသန်မာခဲ့ချေ။ သူ ထိုအာရုံခံစားမှုကို မသိစိတ်အရ အချိန်အတော်ကြာ အသုံးပြုနေခဲ့ခြင်း ဖြစ်ပေသည်။
"အက်ကွဲကြောင်း ပတ်လည်မှာ လှုပ်ရှားနေတဲ့ အရာက... ဟင်းလင်းပြင် ဓာတ်သဘာဝ ချီစွမ်းအင်ပဲ..." လင်းမူ သဘောပေါက်သွားပြီး ရေရွတ်လိုက်၏။
"ဒါကြောင့်ကိုး... ကျင်းဝေက အက်ကွဲကြောင်း ဖြစ်ရတာ သူ ထိန်းချုပ်မှု လွတ်သွားလို့ မတော်တဆ ထွက်ပေါ်လာတဲ့ ဟင်းလင်းပြင် ဓာတ်သဘာဝ ချီစွမ်းအင်ကြောင့်လို့ ပြောခဲ့တယ်လေ... ဒါကြောင့် အဲဒါက အက်ကွဲကြောင်း ပတ်လည်မှာ ရှိနေတုန်းပဲ... အဲဒါကြောင့် မြန်မြန်ဆန်ဆန် ပြန်မကောင်းလာနိုင်တာ..." လင်းမူ ကောက်ချက်ချလိုက်၏။
"မင်း ပြောတာ မှန်တယ်... အတိအကျ အဲအတိုင်း ဖြစ်နေတာပဲ... ကျင်းဝေ အရင်က သုံးခဲ့တဲ့ ပစ္စည်းကနေ လွတ်ထွက်လာတဲ့ ဟင်းလင်းပြင် ချီစွမ်းအင်က အတားအဆီးရဲ့ ကန့်သတ်ချက်တွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေပေမယ့် အဲဒီအတားအဆီးကပဲ သူ့ကို ပြန်လည် ကန့်သတ်ထားတာ... အပြင်ဘက်က အဆင့်နိမ့် ဟင်းလင်းပြင်ထဲကို ယိုစိမ့်ထွက်သွားလေ အတားအဆီးက ပိုမြန်မြန် ပြန်ကောင်းလာလေပဲ..." ရွှီခုန်း ရှင်းပြလိုက်၏။
စီနီယာ ရွှီခုန်း၏ စကားများတွင် ဆန့်ကျင်ဘက် ဖြစ်နေသော အချက်အချို့ကို ခံစားမိသဖြင့် လင်းမူ မျက်မှောင်ကြုတ်သွား၏။
"ဒါပေမဲ့ စီနီယာ... ဟင်းလင်းပြင် ချီစွမ်းအင်ကို ကန့်သတ်ထားတဲ့ အတားအဆီးကပဲ ပြန်လည် ကောင်းမွန်လာတာကို တားဆီးနေတယ် ဆိုရင် အဲဒါက တကယ်တော့ အားနည်းချက် တစ်ခု ဖြစ်နေတာ မဟုတ်ဘူးလား..." လင်းမူ မေးလိုက်၏။
"လုံးဝ မှန်တယ်..." ရွှီခုန်းက ကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
'အစီအရင်တွေမှာ သူ့ပါရမီက တကယ်ကို ကောင်းမွန်ပြီး သူ့ရဲ့ ဟင်းလင်းပြင် အာရုံခံနိုင်စွမ်းကလည်း တိုးတက်လာနေတယ်... အင်း... သူ အဲဒါကို လုပ်နိုင်မလား ကြည့်ရအောင်...' ရွှီခုန်း တွေးလိုက်၏။
လင်းမူ အားနည်းချက် အကြောင်း ဆက်လက် တွေးတောနေစဉ် ရှေ့သို့ လျှောက်သွားပြီး ရုတ်တရက် ရပ်တန့်သွား၏။ သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပေသည်။
"စီနီယာ... ဟင်းလင်းပြင် ချီစွမ်းအင်ကို တစ်နည်းနည်းနဲ့ ဖယ်ရှားလိုက်ရင် အစီအရင်က ပိုမြန်မြန် ပြန်ကောင်းလာမှာ မဟုတ်ဘူးလား..." လင်းမူ မေးလိုက်၏။
"ဖြစ်နိုင်တယ်... ဘာလို့လဲ မင်း တစ်ခုခု စမ်းကြည့်ချင်လို့လား..." သူ မလုပ်ဆောင်မီကပင် လင်းမူက သူ တွေးထားသည်ကို မေးလိုက်သဖြင့် ရွှီခုန်းက အနည်းငယ် ရယ်မောရင်း ပြန်ဖြေလိုက်၏။
"ကျွန်တော် အဲဒါကို အာရုံခံနိုင်တယ် ဆိုတော့ လက်စွပ်ရဲ့ အကူအညီနဲ့ အတားအဆီးကနေ ပိုမြန်မြန် ထွက်သွားအောင် လုပ်နိုင်မယ် ထင်တယ်... ဒါမှမဟုတ် တခြား တစ်ခုခု... ဥပမာ စုပ်ယူလိုက်တာမျိုးပေါ့..." လင်းမူ အနည်းငယ် မသေချာသော လေသံဖြင့် ပြောလိုက်၏။
"ကောင်းပြီ... ဆက်လုပ်ကြည့်လေ... စမ်းကြည့်ပြီး မင်းဘာသာ ရှာဖွေကြည့်ပါ..." ရွှီခုန်း အားပေးလိုက်၏။
"အင်း..." လင်းမူ တုံ့ပြန်သည့်အနေဖြင့် ညည်းတွားလိုက်ပြီး မျက်လုံးမှိတ်ကာ အတားအဆီး ပတ်လည်တွင် လှည့်ပတ်နေသော ဟင်းလင်းပြင် ချီစွမ်းအင်ကို အာရုံစိုက်လိုက်၏။
ဟင်းလင်းပြင် ချီစွမ်းအင် အမှန်တကယ် မည်မျှ ရှိသနည်း ဆိုသည်ကို အပြည့်အဝ တိုင်းတာနိုင်ရန် အချိန်အနည်းငယ် ယူရသော်လည်း ငါးမိနစ် အကြာတွင် လင်းမူ နားလည်သွား၏။ ထို့နောက် လင်းမူ ညာလက်ကို ဆန့်တန်းပြီး အက်ကွဲကြောင်းဆီသို့ ညွှန်ပြလိုက်သည်။
အစပိုင်းတွင် ဘာမျှ မဖြစ်သော်လည်း တစ်မိနစ် အကြာတွင် ခြံဝင်းအတွင်းရှိ လေများ စတင် ဝေ့ဝဲလာပြီး လေပြင်းအဖြစ် ပြောင်းလဲသွား၏။ အက်ကွဲကြောင်း အနီးရှိ မမြင်ရသော ဟင်းလင်းပြင် ချီစွမ်းအင်များ သူတို့၏ နေရာမှ စတင် ရွေ့လျားလာသည်။ ၎င်း၏ တစ်စိတ်တစ်ပိုင်းက အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်ရှိ အဆင့်နိမ့် ဟင်းလင်းပြင်ထဲသို့ ထွက်ခွာသွားပြီး ကျန်ရှိသော အစိတ်အပိုင်းမှာမူ အောက်သို့ ဆင်းသက်လာ၏။
အောက်သို့ ဆင်းသက်လာသော အစိတ်အပိုင်းက စုစည်းလာပြီး မကြာမီ ဖောက်ထွင်းမြင်နိုင်သော တိမ်တိုက်တစ်ခုအဖြစ် ဖွဲ့စည်းသွား၏။ ထိုတိမ်တိုက်က လင်းမူ၏ လက်ဆီသို့ ရွေ့လျားလာပြီးနောက် စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လင်းမူ၏ လက်ခလယ်ရှိ ဆန်းကြယ်သော လက်စွပ်ထဲသို့ ဝင်ရောက်သွားတော့သည်။ စက္ကန့်အနည်းငယ် အကြာတွင် ဟင်းလင်းပြင် ချီစွမ်းအင် အားလုံး စုပ်ယူခံလိုက်ရပြီး အတားအဆီးရှိ အက်ကွဲကြောင်းမှာ လျင်မြန်သော အရှိန်ဖြင့် စတင် ပြန်လည် ကောင်းမွန်လာ၏။
စက္ကန့်သုံးဆယ် အကြာတွင် လုံးဝ ပျောက်ကွယ်သွားပြီး အတားအဆီးလည်း မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပေသည်။
ဟူး
လင်းမူ မျက်လုံးဖွင့်လိုက်ပြီး စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်၏။ လုပ်ငန်းစဉ် တစ်ခုလုံးသည် အတော်လေး လွယ်ကူပုံရသော်လည်း ထိုသို့ မဟုတ်ချေ။ လင်းမူ၏ စိတ်ကို အလွန်အမင်း အသုံးပြုခဲ့ရပြီး ယခု သူ မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
"အံ့မခန်းပဲ... အပြစ်အနာအဆာ မရှိ လုပ်နိုင်ခဲ့တာပဲ..." ရွှီခုန်း ဝမ်းသာအားရ လေသံဖြင့် ချီးကျူးလိုက်၏။
လင်းမူ ထိုမျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ရွှီခုန်း မမျှော်လင့်ထားခဲ့ချေ။ မူလက အကြိမ်အနည်းငယ် ကြိုးစားရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် လုပ်ဆောင်လိုက်နိုင်ခြင်း ဖြစ်ပေသည်။ ထိုမျှသာမက ထိုဟင်းလင်းပြင် ချီစွမ်းအင်၏ အစိတ်အပိုင်း အနည်းငယ်ကို လက်စွပ်ထဲသို့ပင် စုပ်ယူနိုင်ခဲ့သေး၏။
ထိုနောက်ဆုံး အချက်သည်ပင်လျှင် ဟင်းလင်းပြင် ချီစွမ်းအင် ကျင့်စဥ်များကို အသုံးပြုရာတွင် ကျွမ်းကျင်သော သို့မဟုတ် ထိုအပိုင်းကို အာရုံစိုက်သော ကျင့်စဉ်များ ရှိသည့် အတွေ့အကြုံရှိ ကျင့်ကြံသူ အများအပြားကို ဒုက္ခပေးနိုင်မည့် ရှုပ်ထွေးသော အရာတစ်ခု ဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..." လင်းမူ ပြန်ဖြေပြီး လက်စွပ်ထဲသို့ ကြည့်ရှုလိုက်၏။
ထိုနေရာတွင် ဟင်းလင်းပြင် ချီစွမ်းအင်၏ အကြည်ရောင် တိမ်တိုက်လေး ထောင့်တစ်နေရာ၌ ပျံဝဲနေသည်ကို သူ တွေ့လိုက်ရသည်။ ကောင်းကင်ယံတွင် ပျံဝဲနေသော ငွေရောင်သမ်းသည့် မီးခိုးရောင် ဟင်းလင်းပြင် စွမ်းအင်တန်းများနှင့် မတူဘဲ ထိုတိမ်တိုက်လေးက သူ့ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေမှန်း လင်းမူ သဘောပေါက်လိုက်၏။ သူ အလိုရှိရာ နေရာသို့ ရွှေ့ပြောင်းနိုင်ပြီး ပုံသဏ္ဍာန်ကိုပင် ပြောင်းလဲနိုင်ပေသည်။
"ဟို... စီနီယာ... ဒါကို ကျွန်တော် ဘာလုပ်ရမလဲ..." လင်းမူ ဇဝေဇဝါဖြင့် မေးလိုက်၏။
ထိုဟင်းလင်းပြင် ချီစွမ်းအင် တိမ်တိုက်လေးကို ရရှိခဲ့သော်လည်း ၎င်းအတွက် အသုံးဝင်မည့် နေရာ မရှိချေ။ ထိုကဲ့သို့သော အရာမျိုး ရရှိရန် သူ တကယ် မစီစဉ်ထားခဲ့သဖြင့် ဇဝေဇဝါ ဖြစ်နေခြင်း ဖြစ်ပေသည်။
"အင်း... အဲဒီအတွက် အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိတာပေါ့... အဲဒါတွေကို မင်းကိုယ်တိုင် ရှာဖွေတွေ့ရှိစေချင်တယ်... ဒါပေမဲ့ အတော်လေး ထင်ရှားတဲ့ အသုံးဝင်မှု တစ်ခုကိုတော့ ငါ ပေးနိုင်ပါတယ်... အဲဒီ ဟင်းလင်းပြင် ချီစွမ်းအင်ကို သုံးပြီး လက်စွပ်ကနေ မင်းရထားတဲ့ စွမ်းရည်တွေကို အားဖြည့်ကြည့်ပါလား..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ အခြား ဖြစ်နိုင်ချေရှိသော အသုံးဝင်မှုများကို စဉ်းစားရင်း ခေါင်းစောင်းသွားသော်လည်း စီနီယာ ရွှီခုန်း အကြံပေးထားသည့် အရာကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
လင်းမူ ပထမဆုံး စွမ်းရည်ဖြစ်သည့် 'အရိပ်ပြောင်း' ဖြင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသုံးပြုရန် အလွယ်ကူဆုံး ဖြစ်ပြီး ချီစွမ်းအင် လိုအပ်ချက် အနည်းဆုံး ဖြစ်သောကြောင့် ဖြစ်ပေသည်။ သူ ဟင်းလင်းပြင် ချီစွမ်းအင် တိမ်တိုက်လေးကို ထိန်းချုပ်ပြီး အစိတ်အပိုင်း အနည်းငယ်ကို ဖဲ့ထုတ်ကာ 'အရိပ်ပြောင်း' စွမ်းရည်ကို အသက်သွင်းရန် အသုံးပြုလိုက်၏။
အခန်း ၂၈၆ ပြီး
***