လူအများ၏ မျက်စိရှေ့မှောက်တွင် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ပွဲကြီးမှာ သတိပေးခြင်း မရှိဘဲ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
စုန်းနတ်ဘုရား၏ တမန်တော်များဟု ဆိုကြသော တောင်ပံပါ မြွေရွာမှ ယဇ်ပုရောဟိတ်များမှာ မျက်တောင်တစ်ခတ် အတွင်း အသတ်ခံလိုက်ရလေပြီ။ သွေးမိုးများ ကောင်းကင်အနှံ့ ရွာသွန်းနေတော့သည်။
အနီးနားရှိ သာမန်လူသားများမှာ ကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်။ နေရာအနှံ့ စူးရှသော အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး လူအုပ်ကြီးမှာ အသက်လု၍ ထွက်ပြေးကြကာ ဖရိုဖရဲ ဖြစ်ကုန်၏။
တောင်ပံပါ မြွေရွာသားများသည်ပင် ကြောက်လန့်တကြား ဖြစ်ကုန်ကြပြီး ရွာထဲတွင် မည်သူမျှ ဆက်နေရဲခြင်း မရှိတော့ပေ။
"တောင်ပံပါ မြွေရွာမှ ယဇ်ပုရောဟိတ်များက ဂူပိုးကောင်များကို မွေးမြူဖို့ သူတို့လူတွေကို သတ်ဖြတ်ခဲ့ကြတယ်… စုန်းနတ်ဘုရားက အမျက်ဒေါသ ထွက်နေပြီး နတ်ဘုရား ပြစ်ဒဏ် ကျရောက်လာခဲ့ပြီ။ ဒီနေ့ကစပြီး စုန်းနတ်ဘုရားရဲ့ တမန်တော်အသစ် ဆင်းသက်လာလိမ့်မယ်..."
ချင်စန်း၏ အသံက မြေပြင်တစ်ခွင် လွှမ်းခြုံသွားပြီး အအမလေး အတွက် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။
တချိန်တည်း သူမကို ပွေ့ချီပြီး ယဇ်ပုရောဟိတ်များ၏ လှိုဏ်ဂူသို့ ခေါ်ဆောင်လာခဲ့သည်။
အအမလေးမှာ အိပ်ပျော်နေပြီး မျက်နှာ တစ်ခုလုံး ငြိမ်းချမ်းနေသော်လည်း ပါးပြင်ပေါ်ရှိ သွေးစွန်းနေသော အရာများက သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမကို မြေပြင်ပေါ် ချပေးပြီးနောက် ချင်စန်းက လေဟာနယ်ကို လှမ်းဆွဲလိုက်ရာ ယဇ်ပုရောဟိတ်များ၏ သိုလှောင်အိတ်များ သူ့ခြေရင်းရှိ မြက်ခင်းပေါ်သို့ ကျရောက်လာတော့သည်။
အတွင်းရှိ ပစ္စည်းများမှာ တန်ဖိုး မရှိသလောက် နည်းပါးပြီး အာရုံစိုက်လောက်သည့် အရာ တစ်ခုမျှ မပါ။
သိုလှောင်အိတ် တစ်ခုထဲတွင် တောင်ပံမြွေ မွေးမြူနည်း ပါဝင်သော်လည်း ချင်စန်းက လစ်လျူရှုလိုက်သည်။ ထိုသတ္တဝါမှာ အလားအလာ နည်းပါးလွန်းလှသည်။ ထိုကဲ့သို့ ဝိညာဉ်ပိုးကောင် တစ်ကောင်ကို သူ့သက်စောင့်ဂူ အဖြစ် ပြုလုပ်ရန် စိတ်ဝင်စားခြင်း မရှိပေ။
ထို့အပြင် မြွေဆိပ်မှာလည်း သိပ်ပြီး သေစေနိုင်လောက်သည့် အစွမ်း မရှိ။ မွေးမြူဖို့ အားစိုက်ထုတ်ရသော်လည်း ပြန်ရမည့် အကျိုးအမြတ်က မတန်လှပေ။
ချင်စန်း စိတ်ဝင်စားမိသည်မှာ တောင်ပံပါ မြွေရွာ၏ ထူးခြားသော နတ်ဘုရား အင်းကွက်ပင်။
ဤစွမ်းအားမှာ အလွန် ထူးဆန်းသည်။ ဂူပိုးကောင်များကဲ့သို့ သက်စောင့် ဝိညာဉ်လက်နက် နေရာကို ယူထားခြင်း မရှိပေ။ ၎င်းကျင့်စဉ်မှာ အင်မော်တယ် ကျင့်ကြံသူများ လေ့ကျင့်သော နည်းလမ်းများနှင့်လည်း လုံးဝ ကွဲပြားနေသည်။
အချိန်နှင့် အားစိုက်ထုတ်မှု သိပ်မလိုဘဲ လုံလောက်သော ခွန်အား ပေးစွမ်းနိုင်မည် ဆိုပါက သူ့ခန္ဓာကိုယ်ပေါ်တွင် အင်းကွက် အချို့ ရေးထိုးရန် ဝန်လေးနေမည် မဟုတ်ပေ။
သူ့ခွန်အား တိုးပွားလာသရွေ့ ရုပ်ဆင်းသွင်ပြင်ကို ဂရုစိုက်လေ့ မရှိခဲ့။
ချင်စန်းက သိုလှောင်အိတ်များ အတွင်းရှိ ပစ္စည်းများကို သွန်ချလိုက်၏။ နောက်ဆုံးတွင် အဘိုးအို ယဇ်ပုရောဟိတ်၏ သိုလှောင်အိတ်ထဲ၌ ပုံများ ရေးဆွဲထားသော သားရေစ တစ်ခု တွေ့လိုက်ရသည်။
ပုံများထဲမှ တစ်ပုံမှာ ယဇ်ပုရောဟိတ်မ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား အင်းကွက်နှင့် တစ်ပုံစံတည်း တူညီနေသည်။
သူက အခြား ပစ္စည်းများကို မွှေနှောက် ရှာဖွေသော်လည်း ဤအင်းကွက်များ၏ အဓိပ္ပါယ်ကို ရှင်းပြထားသော လက်စွဲစာအုပ် တစ်အုပ်မျှ မတွေ့ရ။
ချင်စန်းက သားရေစကို ကောက်ယူပြီး အမှတ်အသားများကို သေချာ လေ့လာကြည့်သည်။ တဖြည်းဖြည်းနှင့် အနည်းငယ် နားလည်လာသော်လည်း ၎င်းတို့၏ သဘောသဘာဝ အစစ်အမှန်ကို သိရှိရန် အလှမ်းဝေးနေသေးသည်။
ပြောရလျှင် ဤအရာက လုံးဝ စိမ်းသက်သော စွမ်းအား တစ်မျိုး မဟုတ်လော။
လမ်းညွှန်မှု မရှိဘဲ ချင်စန်းကဲ့သို့ အပြင်လူတစ်ယောက် အနေဖြင့် ကိုယ်တိုင် ကျွမ်းကျင်အောင် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
သို့သော် ဤနတ်ဘုရား အင်းကွက်များမှာ စုန်းမျိုးနွယ်များ သဘာဝ စွမ်းအားကို စုပ်ယူရန် အသုံးပြုသော လမ်းကြောင်း တစ်ခု ဖြစ်နိုင်ကြောင်း သူ ဝိုးတဝါး ခံစားမိလိုက်သည်။ ၎င်းတို့ မျိုးရိုးသွေးသားနှင့် သက်ဆိုင်သော ပါရမီ တစ်ခု လိုအပ်ပုံရသည်။
သူက လူသား ဖြစ်ပြီး ထိုပါရမီ မရှိချေ။
သက်စောင့် ဂူပိုးကောင် ကျင့်စဉ်ကိုမူ ဂူ၏ တန်ပြန်သက်ရောက်မှုကို ဖိနှိပ်ထားနိုင်သရွေ့ လူသားများ ကျင့်ကြံ၍ ရနိုင်သည်။ နတ်ဘုရား အင်းကွက်များမှာမူ ကွဲပြားခြားနား၏။
ချင်စန်းက သားရေစကို ဆက်လက် လေ့လာနေစဉ် အအမလေးဆီမှ ညည်းညူသံ သဲ့သဲ့ ထွက်ပေါ်လာပြီး နိုးလာတော့သည်။
သူမ မျက်လုံးများမှာ အစပိုင်းတွင် ဝေဝါးနေသော်လည်း သတိမလစ်ခင် ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ပြန်သတိရသွားသည်။ မျက်နှာပေါ်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသော်လည်း အနီးနားရှိ ချင်စန်းကို မြင်လိုက်သည်နှင့် သူမစိတ် ချက်ချင်း တည်ငြိမ်သွားလေပြီ။
"နိုးလာပြီလား" ချင်စန်းက အနီးရှိ ရေကန်ငယ်ဆီ ညွှန်ပြလိုက်သည်။ "သွား... မျက်နှာသစ်လိုက်ဦး... သွေးတွေ စင်သွားအောင်လို့"
အအမလေး ရေစပ်သို့ လျှောက်သွားသည်။ သူမက လက်ခုပ်ယက်ပြီး မျက်နှာသစ်ရန် ကိုင်းလိုက်စဉ် ရေပြင်ပေါ်ရှိ သူမ ပုံရိပ်ကို မြင်လိုက်ရ၏။ ရေကန်ထဲရှိ သွေးများ ပေကျံနေသော မျက်နှာထားမှာ လူသတ်နတ်ဆိုး တစ်ကောင်နှင့် တူနေသည်။ သူမ တောင့်ခဲသွားမိသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ချင်စန်း ဤကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် လူသတ်ခဲ့ဖူးသည်ကို ပြန်လည် သတိရမိသွားသည်။ တောင်ဓားပြအဖွဲ့ တစ်ဖွဲ့ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီးနောက် သူလည်း ထိုပုံစံအတိုင်း ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
အချိန်အတော်ကြာပြီးနောက် အအမလေးက မျက်နှာကို ရေထဲ နှစ်ပြီး သွေးများ စင်ကြယ်သွားအောင် ဆေးကြောလိုက်သည်။ ထို့နောက် ပြန်လာပြီး ချင်စန်းဘေးတွင် တိတ်ဆိတ်စွာ ဝင်ထိုင်၏။
သူမ အမူအရာ ပြောင်းလဲသွားကြောင်း သူ သတိထားမိလိုက်သည်။
သူမ ကိုယ်တိုင်လည်း ကြီးမားသော အပြောင်းအလဲ တစ်ခုကို ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား။ ရန်သူများကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရပြီး ထိုရန်သူများမှာ သာမန်မဟုတ်ဘဲ စုန်းနတ်ဘုရား၏ တမန်တော်များ ဖြစ်နေသည်။ သူမ အရင်အတိုင်း ရှိနေဖို့ မဖြစ်နိုင်တော့ပေ။
သူ ကိုယ်ချင်းစာနိုင်ပေသည်။
"အခု ဘာတွေ တွေးနေလဲ..." ချင်စန်း မေးလိုက်မိသည်။
အအမလေးက နွေးထွေးမှု ရှာဖွေနေသကဲ့သို့ ဒူးများကို ပိုက်လျက် ထိုင်လျက်သား။ သူမက ချင်စန်း၏ ဘေးတိုက် မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်နေပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။
"ကျင့်ကြံခြင်း လောကဆိုတာ ဒီလိုပါပဲ... ဒီနေရာမှာ အကြောင်းပြချက် ဆိုတာ နေရာမရှိဘူး...
"တောင်ပံပါ မြွေရွာက ယဇ်ပုရောဟိတ်တွေ မင်းကို သတ်ချင်တာက အနည်းဆုံးတော့ အကြောင်းပြချက် ရှိသေးတယ်... ဒါပေမဲ့ စည်းမျဉ်းမရှိတဲ့ သွေးဆာနေတဲ့ အရူးတွေနဲ့သာ တိုးရင် ဘာမှမဟုတ်ဘဲနဲ့တောင် အသတ်ခံရနိုင်တယ်...
"လွန်ခဲ့တဲ့ ရက်တွေမှာ မင်း ခန္ဓာကိုယ်ထဲ ချီစွမ်းအင် ဖြစ်ပေါ်လာပြီ... မင်းက အခု ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ... ဒါက မင်းအတွက် ကောင်းသလား ဆိုးသလား ငါ မပြောတတ်ဘူး...
"ဘာပဲဖြစ်ဖြစ် အားမနည်းတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ... ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိလာပြီ... ဒါပေမဲ့ ပြဿနာနဲ့ အန္တရာယ်တွေလည်း ယူဆောင်လာလိမ့်မယ်... အသက်ရှည်ရှည် နေချင်ရင် ဒီနေ့ကို မှတ်ထား... ပြီးတော့ သတ်ဖြတ်ရာမှာ ပြတ်သားရုံနဲ့ မလုံလောက်ဘူး... ကျန်တာတွေကိုတော့ မင်းဘာသာ နားလည်အောင် လုပ်ရလိမ့်မယ်...
"ရော့... ဒါက မင်း အတွက်..."
ချင်စန်းက အမြူတေစား သံဆူး နှစ်ချောင်း ထုတ်ယူပြီး အအမလေးအား ပေးကာ အသုံးပြုနည်းကို သင်ကြားပေးလိုက်သည်။
"ဒီသံမှိုတွေကို ရေနဂါးနက် အဆိပ်နဲ့ ပြုပြင်ထားတာ... သေချာ သုံးတတ်ရင် အုပ်မြစ်တည်ဆောက်ခြင်း အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်တယ်... အုပ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံသူ ဆိုရင်တောင် ပေါ့ဆရင် ပြင်းထန်စွာ အဆိပ်မိသွားနိုင်တယ်... မင်းအသက်ကို ကာကွယ်ဖို့ လုံလောက်ပါတယ်"
အအမလေးက အမြူတေစား သံဆူးများကို ယူလိုက်သော်လည်း ငုံ့ကြည့်ခြင်းပင် မပြုပေ။ သူမက ချင်စန်းကိုသာ အာရုံစိုက် ကြည့်နေသည်။ ခဏတာ တွေဝေပြီးနောက် တိုးညှင်းသော အသံဖြင့် မေးလာ၏။
"အစ်ကိုကြီး... မေးခွန်းတစ်ခုလောက် မေးလို့ ရမလား"
ချင်စန်း ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က ဘာလဲဟင်..."
"ရွှေအမြူတေ အဆင့် အစောပိုင်း... ငါက အမြူတေ ဖွဲ့စည်းတာ သိပ်မကြာသေးဘူး..." ချင်စန်းက ဘာမှ ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်၏။
"ချီသန့်စင်ခြင်း၊ အုပ်မြစ်တည်ဆောက်ခြင်း၊ ရွှေအမြူတေ..." အအမလေးက ရေရွတ်နေရင်း သူမ မျက်ဝန်းထဲရှိ အလင်းရောင်များ ရုတ်တရက် မှေးမှိန်သွားပြီး အိပ်မက်မက်နေသကဲ့သို့ တီးတိုး ဆက်ပြော၏။
"အစ်ကိုကြီး အရင်က ပြောဖူးတယ်... ကျွန်မရဲ့ ပါရမီနဲ့ ဆိုရင် အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ရောက်ဖို့တောင် အရမ်း ခက်ခဲလိမ့်မယ်တဲ့... ပြီးတော့ ရွှေအမြူတေ အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူးတဲ့..."
ချင်စန်းက အသိအမှတ်ပြုသည့် အနေဖြင့် နှာခေါင်းရှုံ့ပြီး ခေါင်းခါလိုက်သည်။
"ဒီလောကကြီးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ပုံမှန်အတိုင်း ဆိုရင်တော့ မင်း ရွှေအမြူတေ အဆင့် ရောက်ဖို့ အခွင့်အရေးက တော်တော်လေး နည်းတယ်... အခု တောင်ပံပါ မြွေရွာက ယဇ်ပုရောဟိတ်တွေ အကုန် သေကုန်ပြီဆိုတော့ ဒီနေရာမှာ စုန်းနတ်ဘုရားရဲ့ တမန်တော်ဆိုလို့ မင်း တစ်ယောက်ပဲ ကျန်တော့တယ်... မင်း ကျင့်ကြံခြင်း မတိုးတက်ခင် ကိစ္စတွေကို ကူညီစီမံပေးဖို့ ပိုးမွှားငါးကောင်ဂိုဏ်းက လူတွေကို လွှတ်ပေးမယ်... အဲ့ဒါနဲ့ ဒီအမြူတေစား သံဆူး နှစ်ချောင်း ရှိရင် ဘယ်သူမှ မင်း နေရာကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး... အချိန်တန်ရင် ဘုရင်မ တစ်ပါးလို ဖြစ်လာလိမ့်မယ်... လူတိုင်းက မင်းကို လေးစားကြောက်ရွံ့ကြလိမ့်မယ်... အာဏာအရှိဆုံး ဖြစ်လာလိမ့်မယ်... အရင်က မင်းကို အနိုင်ကျင့်ခဲ့တဲ့ သူတွေကိုလည်း ကြိုက်သလို စီရင်နိုင်ပြီ..."
ချင်စန်း ရှည်ရှည်ဝေးဝေး ပြောလိုက်သော်လည်း အအမလေးဆီမှ ဘာတုံ့ပြန်မှုမှ မရပေ။ သူမက သူ့ကိုသာ စူးစိုက်ကြည့်နေပြီး မေးလာသည်။
"အစ်ကိုကြီး သွားတော့မယ် မဟုတ်လား... ပြီးတော့ ပြန်လာတော့မှာ မဟုတ်ဘူး..."
ချင်စန်း ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။
အအမလေးလည်း ရုတ်တရက် ခေါင်းငုံ့သွားပြီး မျက်ရည်များကို အောင့်ထားရန် ကြိုးစားနေရရှာသည်။ သူမက ချင်းဖူဒင်္ဂါးကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း…
"ဒါလေး ယူထားလို့ ရမလားဟင်... ပြန်မယူပါနဲ့နော်..."
သူမအသံက တောင်းပန်ခြင်းနှင့် ဝမ်းနည်းခြင်း အရိပ်အယောင်များဖြင့် တုန်ရီနေလို့။
ချင်စန်းလည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"ဒီချင်းဖူဒင်္ဂါးက သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်းမှာပဲ အလုပ်လုပ်တာ... ငါ မကြာခင် ဝက်ဝံတောင် ဒေသကနေ ထွက်ခွာတော့မှာ ဆိုတော့ အသုံးဝင်တော့မှာ မဟုတ်ဘူး... တန်ဖိုးရှိတဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး... လိုချင်ရင် ယူထားလိုက်ပါ"
"ငါ သင်ပေးနိုင်တာတွေ အကုန် သင်ပေးပြီးပြီ... သွားဖို့ အချိန်တန်ပြီ... ဘယ်တော့မှ ပြန်ဆုံမယ် မသိဘူး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
သူ မမျှော်လင့်ထားသည်မှာ အအမလေးက ရုတ်တရက် ထရပ်ပြီး သူ့ရှေ့သို့ ပြေးထွက်လာခြင်းပင်။ သူမက ရှိသမျှ သတ္တိကို စုစည်းပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"အစ်ကိုကြီး... ကျွန်မ တောင်ပံပါ မြွေရွာရဲ့ ယဇ်ပုရောဟိတ်မ မလုပ်ဘဲ ငြင်းလို့ ရမလားဟင်... လူတိုင်းရဲ့ လေးစားမှုကို မလိုချင်ဘူး... အာဏာကိုလည်း မလိုချင်ဘူး..."
"ဒါဆို ဘာလိုချင်လို့လဲ..."
"ကျွန်မ အင်မော်တယ် ဖြစ်လာအောင် ကျင့်ကြံချင်တယ်" အအမလေးက နှုတ်ခမ်းကို ကိုက်လျက်။ သူမ မျက်ဝန်းများတွင် ဆုံးဖြတ်ချက် ခိုင်မာကြောင်း ပြသနေပြီး ချင်စန်းကို တည့်တည့် ကြည့်နေ၏။
"အစ်ကိုကြီး အရင်က ပြောဖူးတယ်... အင်မော်တယ် လမ်းစဉ်မှာ အောင်မြင်ချင်ရင် အာရုံပျံ့လွင့်တာ မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ မြှုပ်နှံထားရမယ်ဆို... အာဏာ၊ အစားအသောက်ကောင်း၊ စည်းစိမ်... အဲ့ဒါတွေ ဘာမှ မလိုချင်ဘူး... တခြား ဘာမှလည်း မတောင်းဆိုပါဘူး... အစ်ကိုကြီးကို တွယ်ကပ်နေမှာလည်း မဟုတ်ပါဘူး... ကျွန်မကို လမ်းမှန်လေးပဲ ပြပေးပါ... ဘယ်နေရာမှာ အဲ့ဒီလို ကျင့်ကြံလို့ ရမလဲ ဆိုတာလေးပဲ ပြောပြပါ... တကယ်လို့ တောင်ပံပါ မြွေရွာရဲ့ ယဇ်ပုရောဟိတ်မ ဖြစ်သွားရင် ကျွန်မ ဘဝမှာ အဲ့ဒီ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး..." ထိုနေရာ အရောက်တွင် သူမ စကားရပ်သွားပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။
"ကံကြမ္မာကို ဒီအတိုင်း လက်မခံချင်ဘူး..."
End
***