တောင်ပံပါ မြွေရွာမှ လှိုဏ်ဂူမှာ အလွန် ကောင်းမွန်ပြီး ယဇ်ပုရောဟိတ်များ ချန်ထားခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း ပေါများလှသည်။ ချင်စန်း မျက်စိထဲတွင် တန်ဖိုး သိပ်မရှိသော်လည်း အအမလေး အတွက်မူ ကြီးမားသော အကျိုးကျေးဇူး ဖြစ်စေမည်မှာ အမှန်ပင်။
သို့သော် တောင်ပံပါ မြွေရွာတွင် ဆက်နေခြင်းက သင်ယူဖက် သူငယ်ချင်းများ မရှိ၊ လမ်းပြပေးမည့် ဆရာသမားများ ကင်းမဲ့နေသဖြင့် သူမ၏ အနာဂတ်မှာ အကန့်အသတ် ရှိနေပေလိမ့်မည်။ လောကီ အာရုံများ၏ နှောင့်ယှက်ခြင်းကိုလည်း အလွယ်တကူ ခံရနိုင်သည်။ ခိုင်မာသော ကျင့်ကြံခြင်း သို့မဟုတ် ပြတ်သားသော စိတ်ဓာတ် မရှိပါက လမ်းပျောက်သွားရန် လွယ်ကူလှသည်။
ချင်စန်း မမျှော်လင့်ထားသည်မှာ အအမလေး အနေဖြင့် လက်တစ်ကမ်းတွင် ရှိနေသော အာဏာကို ပြတ်သားစွာ စွန့်လွှတ်ပြီး တွေဝေခြင်း မရှိဘဲ သံယောဇဉ် ဖြတ်တောက်နိုင်ခဲ့ခြင်းပင်။
သူက ဉာဏ်ထိုင်းသူ မဟုတ်။ အအမလေး ဘာတွေ တွေးနေမှန်း ခန့်မှန်းနိုင်သည်။
သို့သော် သူတို့နှစ်ဦးမှာ ရေစက် ပါသော်လည်း အတူတကွ ရှိနေမည့် အနာဂတ် မပါလာခဲ့ပေ။
ကျင့်ကြံခြင်း လောကတွင် အအမလေး၏ ပါရမီမှာ အောက်ဆုံး အဆင့်တွင်သာ ရှိသည်။ သက်စောင့် ဂူပိုးကောင်က အဆင့်တက်လှမ်းခြင်းကို အထောက်အကူ ပြုပေးနိုင်သည့် နန်ကျန်း ဒေသတွင်ပင် သူမ အနေဖြင့် အုပ်မြစ်တည်ဆောက်ခြင်း အဆင့် သို့မဟုတ် ရွှေအမြူတေ အဆင့် ရောက်ရှိရန် အခွင့်အရေးမှာ အလွန် နည်းပါးလှသည်။
ချင်စန်း အနေဖြင့်လည်း အချစ်ရေး ကိစ္စများတွင် သာယာပြီး အင်မော်တယ် လမ်းစဉ်ကို လက်လျှော့မည့်သူ မဟုတ်ပေ။
သူ့တွင် ပြီးမြောက်အောင် လုပ်ဆောင်စရာများ အများကြီး ကျန်နေသေးသည်။ သူက ရှီကျန်းဒေသမှ သေချာပေါက် ထွက်ခွာရမည် ဖြစ်ပြီး မည်သည့် နေရာတွင်မှ ကြာရှည် နေထိုင်မည် မဟုတ်။ ကမ္ဘာမြေ အဆုံးထိ လေလွင့် သွားလာရမည် ဖြစ်ရာ အအမလေးကို ခေါ်ဆောင်သွားခြင်းမှာ လက်တွေ့ မကျပေ။
သူမ ကြီးပြင်းလာစေဖို့ ကူညီပေးရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြင်းထန်သော နည်းလမ်းများ သုံးခဲ့ရသည်။ တကယ်တမ်းတွင် အချိန် အကန့်အသတ် ရှိနေခြင်းကြောင့်သာ။
ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကျေးဇူးကြွေး တစ်ခု ဆပ်ရန် သက်သက်သာ ဖြစ်သည်။ ထိုထက်ပိုသော မည်သည့်အရာကိုမျှ တုံ့ပြန်မည် မဟုတ်ပေ။
သို့တိုင် အအမလေး၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရချိန်တွင် ချင်စန်း ရင်ထဲ နှစ်သိမ့်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။
သူ့ကိုယ်ပိုင် တာအို ရှာပုံတော် ခရီးလမ်းကို ပြန်လည် သတိရမိသွား၏။ အအမလေး ကဲ့သို့ပင် သူလည်း လွယ်ကူသော စည်းစိမ်နှင့် အာဏာကို ပြတ်သားစွာ စွန့်လွှတ်ခဲ့ဖူးသည် မဟုတ်ပါလား။ သူတို့၏ စွဲလမ်းမှုများ ကွဲပြားကြသော်လည်း တူညီသော ပန်းတိုင်ဆီ ဦးတည်နေသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြခြင်းပင်။
"မင်း သေချာပြီလား... ပိုးမွှားငါးကောင်ဂိုဏ်းက မင်းကို လက်ခံအောင် ငါ စီစဉ်ပေးလို့ ရတယ်... ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာ ပေါ့ပါးတဲ့ ဘဝမျိုး မဟုတ်ဘူး... အထီးကျန်မှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နှက်နေတာ... မင်း အသက်ကြီးလာတဲ့အခါ နောင်တရကောင်း ရနိုင်တယ်... သက်သောင့်သက်သာနဲ့ ဂုဏ်ရှိရှိ နေရတဲ့ ဘဝက ပိုကောင်းတဲ့ လမ်းကြောင်း ဖြစ်နိုင်တယ်" ချင်စန်း၏ လေသံ လေးနက်သွားသည်။
အအမလေးက ခေါင်းခါပြီး…
"ကျွန်မ ပိုးမွှားငါးကောင်ဂိုဏ်းကို သွားမယ်... နောင်တမရစေရဘူး"
"ကောင်းပြီ"
သူမ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ရာ ချင်စန်းလည်း ဆက်မပြောတော့ပေ။ တောင်ပံပါ မြွေရွာမှ ယဇ်ပုရောဟိတ်များ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးလိုက်သည်။
"မသွားခင် အိမ်ခြေတစ်ထောင်ရွာကို ပြန်ချင်သေးလား"
သူတော်စင် ရွေးချယ်ခံရသည့်နေ့က အိမ်ခြေတစ်ထောင်ရွာတွင် သူမ ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုသည်ကို ချင်စန်း ဘယ်တုန်းကမှ မမေးခဲ့ပေ။
ယခု သူမတွင် အာဏာ ရှိနေလေပြီ။ အကယ်၍ မကျေနပ်ချက်များ ကျန်နေသေးလျှင် သူမဘာသာ ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
အအမလေးက တွန့်ဆုတ်ကာဖြင့်…
"သမားတော် အဖိုးကို သွားတွေ့လို့ ရမလားဟင်..."
ချင်စန်း ခေါင်းညိတ်လိုက်ပြီး မရဏတိမ်တိုက်ကို ဆင့်ခေါ်ကာ အအမလေးအား တောင်ပံပါ မြွေရွာမှ ခေါ်ထုတ်လာခဲ့သည်။
အိမ်ခြေတစ်ထောင်ရွာ။
လမင်းကြီးမှာ မှေးမှိန်နေပြီး ကြယ်ရောင်များ ကျဲပါးနေ၏။
စုန်းနတ်ဘုရား ပွဲတော်၏ အကြိုည ဖြစ်သည်။ ရွာသားအချို့မှာ ယဇ်ပူဇော်ပွဲ တက်ရောက်ရန် တောင်ပံပါ မြွေရွာသို့ သွားရောက်ပြီး အချို့မှာ အနီးနားရှိ ရွာကြီးများသို့ သီချင်းဆိုရန် ထွက်ခွာသွားကြသည်။ သက်ကြီးရွယ်အို အများစုသာ ရွာတွင် ကျန်ရစ်ခဲ့သည်။
ယဇ်ပူဇော်ပွဲတွင် ဖြစ်ပျက်ခဲ့သော သတင်းမှာ မပျံ့နှံ့သေးပေ။ အိမ်ခြေတစ်ထောင်ရွာမှာ အေးချမ်း ငြိမ်သက်နေဆဲပင်။
စုန်းသမားတော်အိုကြီးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။
ပုံရိပ်နှစ်ခုက ပြတင်းပေါက်နားတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
လရောင်အောက်တွင် အအမလေးက အိပ်ပျော်နေသော ဆေးဆရာကြီးကို စိုက်ကြည့်နေသည်။ သူမ နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး မျက်ဝန်းများ နီရဲနေ၏။ ခွဲခွာရမည်ကို ဝန်လေးနေသည့် စိတ်များ ပြည့်နှက်နေသည်။
နောက်ဆုံးတွင် ချီနှင့် သွေးကို အားဖြည့်ပေးပြီး အသက်ရှည်စေကာ တက်ကြွ လန်းဆန်းစေနိုင်သော ဆေးလုံး ပုလင်းတစ်လုံးကို ထုတ်ယူ၍ ဆေးဆရာကြီး၏ ကုတင်ဘေး စားပွဲပေါ် တင်ပေးခဲ့သည်။ ထို့နောက် ပြတင်းပေါက် အပြင်ဘက်တွင် ဒူးထောက်ပြီး သူ့ကို အကြိမ်ကြိမ် ဦးညွှတ် ဂါရဝပြုလိုက်၏။
ပြန်ထလာချိန်တွင် မျက်ရည်များကို သုတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့်…
"အစ်ကိုကြီး... သွားကြစို့"
သူမက ဆေးဆရာကြီးကို နောက်ဆုံးအကြိမ် လာကြည့်ရုံ သက်သက်သာ ဖြစ်သည်။
ပိုးမွှားငါးကောင်ဂိုဏ်းမှာ ဝက်ဝံတောင် ဒေသ၏ ကြီးစိုးသော အင်အားစု မဟုတ်ပါလား။ ယခင်က ဤဂိုဏ်းမှာ ဝက်ဝံတောင် ဒေသကို အကြွင်းမဲ့ အာဏာဖြင့် အုပ်ချုပ်ခဲ့ရုံသာမက အနီးပတ်ဝန်းကျင် နယ်မြေများကိုပါ အညံ့ခံ ခိုလှုံစေခဲ့သည်။
ဤသည်မှာ သူတို့ ဂိုဏ်းသားများထဲမှ ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာခဲ့ခြင်းကြောင့်ပင်။
ထိုကဲ့သို့ အောင်မြင်မှုမျိုးမှာ ရှီကျန်းလို ခြောက်ကပ်ကပ် ဒေသတွင် မယုံကြည်နိုင်လောက်အောင် ရှားပါးလှသည်။
ကံမကောင်းစွာဖြင့် ထိုကျင့်ကြံသူမှာ ရှီကျန်း ဒေသကို အုပ်ချုပ်ရန် သို့မဟုတ် ဂိုဏ်း၏ ဩဇာအာဏာကို ချဲ့ထွင်ရန် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ရွှေအမြူတေ အဆင့် ရောက်ပြီး မကြာခင်မှာပင် ခရီးထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာတော့။
သို့တိုင် သူ ချန်ထားခဲ့သော ဂုဏ်သတင်းက ပိုးမွှားငါးကောင်ဂိုဏ်းကို အကျိုးကျေးဇူး များစွာ ရစေခဲ့သည်။
သို့သော် အချိန် ကြာမြင့်လာသည်နှင့်အမျှ... နှစ်ပေါင်း တစ်ရာနီးပါး ရှိလာပြီ ဖြစ်သော်လည်း... မည်သည့် သတင်းစကားမှ ပြန်မရောက်လာခဲ့ပေ။ ပြင်ပကမ္ဘာတွင် သေဆုံးသွားပြီဟုပင် လူအများက သံသယ ဝင်လာကြသည်။
ထပ်ဆင့် ပြဿနာ အနေဖြင့် ဂိုဏ်းတွင် ထိုက်တန်သော ဆက်ခံသူများ မရှိဘဲ တဖြည်းဖြည်း ယိုယွင်း ကျဆင်းလာခဲ့သည်။
ယခုအခါ ပြင်ပ အင်အားစုများက အားနည်းချက်ကို စောင့်ကြည့်နေကြရုံသာမက ဝက်ဝံတောင် ဒေသ အတွင်းရှိ ရွာကြီးများမှ ယဇ်ပုရောဟိတ်များသည်ပင် ကိုယ်ပိုင် ရည်မှန်းချက်များ စတင် မွေးမြူလာကြသည်။ အတွင်းရော အပြင်ပါ ဖိအားများ ဝိုင်းရံလာနေလေပြီ။
ဂိုဏ်း၏ တည်နေရာမှာ အလွန် ထူးခြားသည်။ အပေါ်စီးမှကြည့်လျှင် တောင်ထိပ်များမှာ ပွင့်လန်းနေသော ကြာပန်းတစ်ပွင့် ပုံသဏ္ဍာန် ဖြစ်ပေါ်နေသည်။
ထိုကဲ့သို့ ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး လှပသော နေရာမျိုးမှာ ရှီကျန်း ဒေသ တစ်ခုလုံးတွင်ပင် ရှားပါးလှသည်။
ချင်စန်းက ဓားအလင်းတန်းဖြင့် လျင်မြန်စွာ ခရီးနှင်ပြီး မိုးလင်းစ အချိန်တွင် ပိုးမွှားငါးကောင်ဂိုဏ်းသို့ ရောက်လာလေပြီ။ ယခင် စီစဉ်ထားသည့် အတိုင်း ပစ္စည်းအချို့ လာရောက် ယူဆောင်ခြင်း ဖြစ်သည်။
"ဂိုဏ်းထဲ ရောက်သွားရင် ရွှေရေခဲဓားနဲ့ အမြူတေစား သံဆူးတွေကို ပိုင်ဆိုင်ထားတယ် ဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့..."
သူ့အရှိန်အဝါကို ဖုံးကွယ်မထားပေ။ အအမလေးနှင့်အတူ ပိုးမွှားငါးကောင်ဂိုဏ်း တောင်ခြေသို့ ရောက်ရှိလာပြီး ချင်စန်းက နောက်ဆုံး မှာကြားချက်များ ပြောကြားနေစဉ် တောင်ပေါ်မှ အပြာရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့၏။
ပိုးမွှားငါးကောင် ဂိုဏ်းချုပ် ချွေ့ရွှမ်ဇီပင်။
"ဂါရဝပြုပါတယ် စီနီယာချင်..."
လူ မရောက်မီ အသံက အရင်လာသည်။
ချွေ့ရွှမ်ဇီက သူ့အလင်းကို ရုပ်သိမ်းပြီး ချင်စန်းရှေ့သို့ ဆင်းသက်ကာ အလွန် ရိုသေလေးစားစွာ ပြုမူတော့သည်။
"စီနီယာ... တောင်ပေါ်ကို ကြွပါ... ဝိညာဉ်လက်ဖက်ရည် ပြင်ဆင်ထားပါတယ်"
"ငါ ဝင်လိုက်တာနဲ့ ပိုးမွှားငါးကောင်ဂိုဏ်းထဲ ဗရုတ်သုက္ခ ဖြစ်ကုန်မှာ မကြောက်ဘူးလား..." ချင်စန်းက နောက်ပြောင်သော အပြုံးဖြင့် မေးလိုက်သည်။
ချွေ့ရွှမ်ဇီ တောင့်ခဲသွားပြီး သူ့မျက်နှာထားမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် တွန့်သွားသည်။
ချင်စန်းက သူ့ကို တစ်ချက်ကြည့်ပြီး အအမလေးနှင့်အတူ ရှေ့သို့ တက်လှမ်းကာ အေးစက်စက် အမူအရာဖြင့်…
"ငါ မင်းတို့ ပိုးမွှားငါးကောင်ဂိုဏ်းကို စိတ်မဝင်စားဘူး... ငါတို့ သဘောတူထားတဲ့ ကိစ္စအတွက် လာတာ... ငါ စုဆောင်းခိုင်းထားတဲ့ သတင်း အချက်အလက်တွေနဲ့ တောင်းထားတဲ့ ပစ္စည်းတွေ အဆင်သင့် ဖြစ်ပြီလား"
ချွေ့ရွှမ်ဇီက အားတင်း ပြုံး၍…
"စီနီယာ့ ညွှန်ကြားချက်တွေကို အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွက်ထားပါတယ်... ဒီရက်ပိုင်း အတွင်း တိုးတက်မှုတချို့ ရှိခဲ့ပါတယ်..."
နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်လျှောက်ဖြင့် မကြာမီ ဂိုဏ်းထဲ ဝင်ရောက်ပြီး ဂိုဏ်းချုပ်၏ ပင်မခန်းမဆောင်သို့ ရောက်လာလေပြီ။
"ဒီနေရာက မဆိုးဘူးပဲ..." ချင်စန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
သို့သော် မဆိုးဘူး ဆိုရုံသာ။
ပိုးမွှားငါးကောင်ဂိုဏ်းမှာ ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး ရှုခင်းများ သာယာလှပသည်။ ရှီကျန်း ဒေသတွင် ရှားပါးသော ရတနာမြေ တစ်ခု ဖြစ်သော်လည်း ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ဦး အတွက်မူ လိုအပ်ချက် ရှိနေဆဲပင်။
"ကြွပါ စီနီယာ... လက်ဖက်ရည် သုံးဆောင်ပါဦး"
သုံးယောက်သား မျက်နှာချင်းဆိုင် ထိုင်ပြီးသည်နှင့် ချွေ့ရွှမ်ဇီ ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပြီး အအမလေး ကိုပါ တစ်ခွက် ကမ်းပေးလိုက်သည်။ ထို့နောက် စူးစမ်းလိုစိတ်ဖြင့်…
"ဒီမိန်းကလေးက ဘယ်သူများလဲ မသိဘူး..."
"ငါ ဒီနားတဝိုက် လှည့်ကြည့်နေတုန်း တောင်ပံပါ မြွေရွာရဲ့ ယဇ်ပူဇော်ပွဲမှာ မြင်ရတဲ့ မြင်ကွင်းကို သဘောမကျလို့ သူတို့ ယဇ်ပုရောဟိတ်တွေ အကုန်လုံးကို သတ်ပစ်လိုက်တယ်လေ... သူက သူတော်စင် မိန်းမပျိုတွေထဲက တစ်ယောက်ပဲ... လောလောဆယ် သူ့ကို ပိုးမွှားငါးကောင်ဂိုဏ်းမှာ နေပြီး ကျင့်ကြံခိုင်းထားလိုက်..." ချင်စန်းက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"တောင်ပံပါ မြွေရွာ..."
ချွေ့ရွှမ်ဇီ မျက်တောင်ခတ်ရင်း ဇဝေဇဝါ ဖြစ်သွားသည်။
မြင်ကွင်းကို သဘောမကျလို့ အကုန် သတ်ပစ်လိုက်တယ်... ဟုတ်လား။
ချွေ့ရွှမ်ဇီ ကျောပြင်တွင် ချွေးအေးများ စို့လာပြီး စိတ်ထဲ တုန်လှုပ်သွား၏။
ချင်စန်း စကား၏ နောက်ပိုင်းကို ကြားလိုက်ရချိန်တွင် ချွေ့ရွှမ်ဇီ စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။ သူက ချက်ချင်း တွေဝေခြင်း မရှိဘဲ သဘောတူပြီး အသံမြှင့်၍ ချီးကျူးလိုက်၏။
"ကောလာဟလတွေ ကြားမိပါတယ်... တောင်ပံပါ မြွေရွာက လူ့အသက်တွေကို သုံးပြီး ဂူပိုးကောင်တွေ မွေးမြူကြတာ တကယ့်ကို ယုတ်မာလွန်းပါတယ်... စီနီယာက တရားမျှတမှု အတွက် ဆောင်ရွက်ပေးခဲ့တာပါ... သူတို့ကို သတ်ပစ်လိုက်တာ မှန်ပါတယ်... ဒီမိန်းကလေး ပိုးမွှားငါးကောင်ဂိုဏ်းမှာ ကျင့်ကြံချင်တယ် ဆိုရင် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်... သူ ကြိုက်တဲ့ လှိုဏ်ဂူကို ရွေးချယ်နိုင်ပါတယ်"
ချင်စန်းက အအမလေးဘက် လှည့်ပြီး…
"မင်း ဒီမှာ ခဏလောက် နေပြီး ကျင့်ကြံနေလိုက်... အဆင်ပြေတယ်လို့ ခံစားရရင် ဂိုဏ်းချုပ်ချွေ့ လက်အောက်မှာ တပည့်ခံလိုက်တာလည်း မဆိုးပါဘူး... သူ ငြင်းမှာ မဟုတ်ဘူးလို့ ငါ ယုံတယ်"
သူ လွန်ခဲ့သော တစ်လအတွင်း တောင်ပံပါ မြွေရွာ၌ နေထိုင်စဉ် အအမလေးကို လမ်းညွှန်ပေးရင်း ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်များ ရှာဖွေရန် ဝက်ဝံတောင် ဒေသ တစ်ခုလုံး လှည့်လည် သွားလာခဲ့သည်။ ထိုခရီးစဉ် တစ်လျှောက် ရွာကြီးအချို့မှ ယဇ်ပုရောဟိတ်များနှင့် ဆက်သွယ်ခဲ့ပြီး ပိုးမွှားငါးကောင်ဂိုဏ်းမှာ နာမည်ကောင်း ရှိနေသေးကြောင်း သိခဲ့ရ၏။
သူက အအမလေးနှင့် ပတ်သက်မှုကို ရှင်းလင်းစွာ ထုတ်မပြောဘဲ တမင် ရှောင်လွှဲထားခဲ့သည်။
သူ ထွက်သွားပြီးသည့်တိုင် ဂိုဏ်းအနေဖြင့် သူမကို အချိန်တစ်ခုကြာသည်အထိ မလေးမစား လုပ်ရဲမည် မဟုတ်ပေ။
သူတို့ အခြေအနေမှန်ကို သဘောပေါက်သွားမည့် အချိန်တွင် အအမလေး၏ ကျင့်ကြံခြင်းမှာ တိုးတက်နေပြီ ဖြစ်လိမ့်မည်။ ရွှေရေခဲဓားနှင့် အမြူတေစား သံဆူးများ ပိုင်ဆိုင်ထားသဖြင့် ဆက်နေမလား ထွက်သွားမလား ဆိုသည်ကို သူမဘာသာ လွတ်လပ်စွာ ရွေးချယ်နိုင်ပြီ ဖြစ်သည်။
End
***