"မဟုတ်ပါဘူး... မဟုတ်ပါဘူး..." ချွေ့ရွှမ်ဇီက ခေါင်းကို တရစပ် ခါလိုက်သည်။ ချင်စန်း၏ ရည်ရွယ်ချက်ကို သေချာ နားမလည်သေးသဖြင့် မုတ်ဆိတ်ကို သပ်ရင်း ရယ်မောပြီး…
"ဒီမိန်းကလေးသာ ပိုးမွှားငါးကောင်ဂိုဏ်းကို ဝင်ချင်တယ်ဆိုရင် ကျွန်တော် အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ... ကျွန်တော်တို့ ဂိုဏ်းက သေးငယ်လွန်းလို့ မိန်းကလေး မျက်စိထဲ မဝင်မှာကိုပဲ စိုးရိမ်မိတာ"
မထင်မှတ်ဘဲ အအမလေးက မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ချွေ့ရွှမ်ဇီ ရှိရာသို့ လျှောက်သွားပြီး ဒူးထောက်ကာ တရားဝင် ဂါရဝပြုလိုက်တော့၏။
ချင်စန်းက သူမကို မတားဆီးပေ။ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
အအမလေးက ဉာဏ်ကောင်းသည်။ သူ့ဆိုလိုရင်းကို နားလည်သွားပြီ ဖြစ်သည်။
ချင်စန်း၏ ရှေ့မှောက်တွင် ချွေ့ရွှမ်ဇီအား ဆရာအဖြစ် အသိအမှတ်ပြုလိုက်ခြင်းက သူမ ရွေးချယ်နိုင်သော အကောင်းဆုံး လမ်းကြောင်းမှန်း ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။ သူမ၏ ပြတ်သားမှုက ချီးကျူးစရာပင်။
အအမလေး ကိစ္စ ပြီးသွားသည်နှင့် ချင်စန်းက ချွေ့ရွှမ်ဇီနှင့် အဓိက လာရင်းကိစ္စကို ဆွေးနွေးတော့သည်။
"စီနီယာရဲ့ ညွှန်ကြားချက် အတိုင်း မိတ်ဆွေတွေ အများကြီးနဲ့ ဆက်သွယ်ပြီး စုံစမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်... ကံမကောင်းစွာနဲ့ပဲ အများစုက ဘာသတင်းမှ မရခဲ့ကြဘူး..." ချွေ့ရွှမ်ဇီက အနည်းငယ် ရှက်ရွံ့နေပုံပင်။
"ကျွန်တော် ကုန်သည် အသင်းအဖွဲ့ တစ်ခုက တာဝန်ခံ တစ်ယောက်နဲ့ သိပါတယ်... အဲ့ဒီ အသင်းအဖွဲ့ရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ စီးပွားရေး လုပ်ငန်းတွေက ရှီကျန်း ဒေသ အနှံ့အပြား ဖြန့်ကြက်ထားတာပါ... သူတို့ရဲ့ သတင်းကွန်ရက်ကလည်း အရမ်း ကျယ်ပြန့်တယ်... သူ့အဆိုအရ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခု အတွင်း ရှီကျန်း ဒေသကနေ ဝိညာဉ်သန္ဓေသား တစ်ယောက်ပဲ ပေါ်ထွက်လာဖူးတယ်... အဲ့ဒီလူကလည်း ဒေသကနေ ထွက်ခွာပြီး ဂိုဏ်းကို သစ္စာဖောက်ကာ အပြင်ဘက်က ဂိုဏ်းကြီး တစ်ခုဆီ ဝင်ရောက်သွားပြီးမှ အောင်မြင်ခဲ့တာပါ... ဓားတာအိုကို လိုက်စားတဲ့ သူတွေ အနေနဲ့ကတော့ ကျွန်တော်တို့ စုန်းမျိုးနွယ်စု ကြားမှာတောင် အစကတည်းက ရှားရှားပါးပါးပဲ... ရှီကျန်း ဒေသ အတွင်းမှာတော့ စီနီယာ ပြောပြတဲ့ ပုံစံနဲ့ ကိုက်ညီတဲ့လူ တစ်ယောက်မှ မရှိပါဘူး... ရှီကျန်း အပြင်ဘက်က လူတွေ အကြောင်းတော့ သေချာ မပြောတတ်ဘူး"
ချင်စန်း စိတ်ထဲ မျက်မှောင်ကြုတ်လိုက်သည်။
စီနီယာ ချင်းကျူမှာ ရေခဲလွင်ပြင်တွင် ဓားမိစ္ဆာ အဖြစ် လူသိများခဲ့ပြီး သတ်ဖြတ်ခြင်း တာအိုကို လိုက်စားကာ အလွန် ထူးခြားသော ဓားကျင့်စဉ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အကယ်၍ သူသာ ထိုစဉ်က ရှီကျန်း ဒေသသို့ ရောက်ရှိပြီး တစ်ကြိမ်လောက် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသခဲ့လျှင် တစ်စုံတစ်ယောက် အပေါ် အမှတ်တရ ကျန်ရစ်ခဲ့ပေလိမ့်မည်။
သို့တိုင် ခြေရာလက်ရာ တစ်ခုမျှ မပေါ်ပေါက်ခဲ့။
မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်ကို လေ့ကျင့်ရန် သတ်ဖြတ်ခြင်း တာအိုအား နားလည် သဘောပေါက်ဖို့ သတ်ဖြတ်မှုများ ပြုလုပ်ရမည် ဖြစ်ရာ လျှို့ဝှက်ထားဖို့ မဖြစ်နိုင်ပေ။
စီနီယာ ချင်းကျူ တစ်ယောက် တည်နေရာ ကူးပြောင်းနေတုန်း မတော်တဆမှု ဖြစ်ပြီး မတော်တဆ သေဆုံးသွားခြင်းလော။
ချင်စန်း ခေါင်းခါလိုက်သည်။ ထိုအတွေးက ဖြစ်နိုင်ခြေ နည်းပါးလွန်းသည်။
"တခြား ကိစ္စတွေရော..."
"ကျွန်တော် သူ့ကို ထာဝရ သစ်သားနဲ့ ဝိညာဉ်ခေါ်မြက် ရှာဖို့လည်း အကူအညီ တောင်းထားပါတယ်... အဲ့ဒီ တာဝန်ခံက အနည်းဆုံးတော့ အဲ့ဒီ အမည်တွေကို ကြားဖူးပါတယ်... ဒါပေမဲ့ သူ့အဆိုအရ နှစ်ခုစလုံးက လောကရဲ့ ရှားပါး ရတနာတွေတဲ့... သူတို့ အသင်းအဖွဲ့ရဲ့ မှတ်တမ်းမှာ ဒီပစ္စည်းတွေ ရဖူးတယ် ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး... ရှီကျန်း ဒေသမှာ ဒါတွေကို လိုက်ရှာတာက စိတ်ကူးယဉ်တာနဲ့ မခြားပါဘူးတဲ့... တကယ်တော့..." ချွေ့ရွှမ်ဇီက စကားရပ်ပြီး ဆက်မပြောခင် ချင်စန်းကို သတိထားကြည့်လိုက်သည်။
"သူ့အဆိုအရ ချန်လန် ပင်လယ် တစ်ခုလုံးမှာတောင် ဒီလို အဆင့်ရှိတဲ့ ပစ္စည်းမျိုး တွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲတဲ့... တကယ်လို့ စီနီယာ လိုချင်တယ် ဆိုရင်တော့ ကံတရားကိုပဲ လုံးဝ အားကိုးရပါလိမ့်မယ်"
ချင်စန်း၏ မျက်လုံးများ အံ့ဩမှုကြောင့် လှုပ်ရှားသွားသည်။
ထာဝရ သစ်သား ရှားပါးသည် ဆိုခြင်းမှာ နားလည်ပေးနိုင်သည်။ ၎င်းမှာ အမှန်တကယ်ပင် လောက ရတနာ တစ်ပါး မဟုတ်ပါလား။
ဒါပေမဲ့ ဝိညာဉ်ခေါ်မြက် ကရော...
ရေခဲလွင်ပြင်တွင် ရှားပါးသည် ဆိုသော်လည်း ဝိညာဉ်ခေါ်မြက်မှာ ရံဖန်ရံခါ မိစ္ဆာဂိုဏ်း လေလံပွဲများတွင် ပေါ်လာတတ်သည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အချို့သည်ပင် သူတို့ ကျင့်ကြံခြင်းကို အထောက်အကူ ပြုရန် အသုံးပြုကြသေးသည်။
ချန်လန် ပင်လယ်မှာ ကျယ်ပြောလှသည်။ စုန်းနတ်ဘုရား တိုက်ကြီး တစ်ခုတည်းကပင် ရေခဲလွင်ပြင်ထက် အဆပေါင်းများစွာ ပိုကြီးမားသည် မဟုတ်ပါလား။
သို့တိုင် ဤကုန်သည် အသင်းအဖွဲ့ တာဝန်ခံက ဝိညာဉ်ခေါ်မြက်သည်ပင် ချန်လန် ပင်လယ် တစ်ခုလုံး၌ တွေ့ရခဲသည်ဟု ဆိုနေသည်။
ထိုလူက ဗဟုသုတ နည်းပါးလွန်းပြီး ပေါက်ကရတွေ ပြောနေခြင်းလော... သို့မဟုတ် တစ်စုံတစ်ရာ မှားယွင်းနေခြင်းလော။
ချင်စန်း ရုတ်တရက် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး တည်ငြိမ်သော အသံဖြင့် မေးလိုက်၏။
"မင်း မိတ်ဆွေက သတင်းအချက်အလက် ပိုင်နိုင်ပုံရတယ်... အသင်းအဖွဲ့ထဲမှာ ရာထူးကြီးမားတဲ့သူ ဖြစ်မယ် ထင်တယ်... ရွှေအမြူတေ ဖွဲ့စည်းခြင်းကို အထောက်အကူ ပြုတဲ့ ဆေးလုံးတွေ ရှာပေးနိုင်မယ့် အဆက်အသွယ်ရော ရှိမလား... ငါ့ဂိုဏ်းက ဂျူနီယာ တပည့်တွေ အတွက် ဝယ်ပေးချင်လို့... ဈေးနှုန်းက ပြဿနာ မရှိဘူး"
"ရွှေအမြူတေ အတွက် ဆေးလုံး..." ချွေ့ရွှမ်ဇီက ခါးသီးစွာ ပြုံးလိုက်သည်။
"ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော့်မှာလည်း အဲ့ဒီလို အတွေး ရှိခဲ့ဖူးတယ်... ဒါပေမဲ့ တာဝန်ခံကို မေးကြည့်တော့ ရွှေအမြူတေ ဖွဲ့စည်းခြင်းကို အနည်းငယ်လေး အထောက်အကူ ပြုနိုင်တဲ့ ဆေးလုံး မှန်သမျှ နတ်ဘုရား ဆေးပင် အဖြစ် သတ်မှတ်ထားကြတယ်လို့ သိရတယ်... လူသားမျိုးနွယ် ကြားမှာ အဲ့ဒီလို ပစ္စည်းမျိုး ပေါ်လာတိုင်း ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်နေကျပဲ... ကျွန်တော်တို့ စုန်းမျိုးနွယ်စု အတွက် ဆိုရင်တော့ အဲ့ဒီလို အရာတွေက ပိုလို့တောင် ရှားပါးပါသေးတယ်... ရှီကျန်း ဒေသမှာ ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ"
ချင်စန်း နောက်ဆုံးတွင် အခြေအနေမှန်ကို သဘောပေါက်သွားတော့သည်။
နားထောင်ရသလောက် ချန်လန် ပင်လယ်မှာ ရေခဲလွင်ပြင်ထက် များစွာ ပိုခြောက်သွေ့ ခေါင်းပါးနေပုံရသည်။
ရေခဲလွင်ပြင်တွင် ရှေးဟောင်း အင်မော်တယ် စစ်တလင်း ရှိသည်။ ရှေးဟောင်း လျှို့ဝှက်နယ်မြေများလည်း အချိန်နှင့် အမျှ ပေါ်ထွက်လာတတ်သည်။ ကံကောင်းလျှင် ဆေးပင်စိုက်ခင်း တစ်ခုလုံးကိုပင် ရှာဖွေ တွေ့နိုင်၏။ ရှားပါးသော ဝိညာဉ် ရတနာများမှာ မကြာခဏ ပေါ်ထွက်လေ့ ရှိသည်။
ဥပမာအားဖြင့် ရွှေအမြူတေ ဖွဲ့စည်းခြင်းကို အထောက်အကူ ပြုသော ဝိညာဉ် ပစ္စည်းများ ဆိုပါစို့။ ရှောက်ဟွာတောင် အတွင်း၌ပင် အတုအယောင် အမြူတေ အဆင့် တပည့်တိုင်း ကန်လီ ရွှေဆေးလုံး တစ်လုံးစီ ရရှိနိုင်သည်။ အခြား သမာသမတ် ဂိုဏ်းရှစ်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများမှာလည်း သိပ်ကွာခြားလှသည် မဟုတ်။
နှင်းဝိညာဉ်ကြာပန်း သို့မဟုတ် ညခင်းနှင်းပန်း ကဲ့သို့သော သဘာဝ ရတနာများသာ အမှန်တကယ် ရှားပါးသော အဆင့်သို့ ရောက်ရှိသည်။
ချန်လန် ပင်လယ် အလွန်ရှိ မုန်တိုင်းများမှာ ရှေးဟောင်း အင်မော်တယ် စစ်တလင်းနှင့် တူညီမည်ဟု ချင်စန်း ယူဆခဲ့ပြီး ထိုမျှ ကျယ်ဝန်းသော ဒေသကြီးတွင် ရေခဲလွင်ပြင်ထက် ပိုကြွယ်ဝသော အရင်းအမြစ်များ ရှိနေဖို့ မျှော်လင့်ခဲ့မိသည်။
သို့သော် သူ ယခု နားလည်လိုက်သလောက် ချန်လန် ပင်လယ် အတွင်း၌ ဝိညာဉ် ဆေးပင်များနှင့် ပစ္စည်းများမှာ အံ့ဩလောက်အောင် ရှားပါးနေခြင်းပင်။
သူ့ကိုယ်ပိုင် ရွှေအမြူတေ ဖွဲ့စည်းစဉ်က အကြီးအကျယ် ဒုက္ခရောက်ခဲ့သဖြင့် ဤလုပ်ငန်းစဉ်မှာ မည်မျှ ခက်ခဲကြောင်း ချင်စန်း သိထားသည်။ အထောက်အကူပြု ဆေးလုံးများပင် မပါရှိဘဲ ဤဒေသရှိ လူသား ကျင့်ကြံသူများ အနေဖြင့် အမြူတေ ဖွဲ့စည်းနိုင်ရန် အခွင့်အလမ်းမှာ အလွန် နည်းပါးပေလိမ့်မည်။
စုန်းမျိုးနွယ်စုတွင် သက်စောင့် ဂူပိုးကောင် ရှိသည်။ လူသားမျိုးနွယ်တွင်ရော အခြား နည်းလမ်း တစ်စုံတစ်ရာ ရှိနေမလော။
ဤမျှ ခေါင်းပါးသော ဒေသတွင် ကျင့်ကြံရသည်မှာ အနာဂတ် မည်မျှ ရှိနိုင်မည်နည်း။ ချင်စန်း ရုတ်တရက် ရေခဲလွင်ပြင်ကို နက်ရှိုင်းစွာ လွမ်းဆွတ်တမ်းတမိတော့သည်။
သို့သော် ဤသည်မှာ ချွေ့ရွှမ်ဇီ၏ စကားကို အခြေခံထားသော တစ်ဖက်သတ် အမြင်သာ ဖြစ်သည်။
အမှန်တရားကို သိရှိရန် ကိုယ်တိုင် သွားရောက် ကြည့်ရှုရပေမည်။
ချင်စန်း စိတ်ထဲ ခံစားချက် လှိုင်းလုံး တစ်ခု ဖြစ်ပေါ်လာသော်လည်း မျက်နှာထားမှာ တည်ငြိမ်နေပြီး ခန့်မှန်းရခက်နေဆဲ။
"စီနီယာ မေးထားတဲ့ နတ်ဆိုးသားရဲ မီးကွင်းစာဗျိုင်းငှက်နဲ့ ပတ်သက်လို့ကတော့ ရှီကျန်း ဒေသမှာလည်း မရှိဘူး... ဒါပေမဲ့ တာဝန်ခံ ပြောပြတာက မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှာ တွေ့ရတယ် ဆိုတဲ့ ကောလာဟလတွေ ရှိတယ်တဲ့... အဲ့ဒီမှာ သွားရှာရင် တွေ့နိုင်လောက်ပါတယ်..." ချွေ့ရွှမ်ဇီက ဆက်ပြောသည်။
သူက စကားလျင်မြန်စွာ ပြောဆိုပြီး စုဆောင်းထားသမျှ သတင်းအချက်အလက် အားလုံးကို ချင်စန်းအား အသေးစိတ် ပြန်လည် ပြောပြကာ ကျောက်စိမ်းပြား တစ်ချပ် ကမ်းပေးလိုက်သည်။
ကျောက်စိမ်းပြားတွင် ရှီကျန်း ဒေသ အများစု ပါဝင်သော ရိုးရှင်းသည့် မြေပုံကြမ်း တစ်ခု ပါရှိ၏။ ၎င်းပေါ်တွင် ဒေသန္တရ ရာဇဝင်များမှ တဆင့် လက်ဆင့်ကမ်းလာသော ရှေးဟောင်း အန္တရာယ် နယ်မြေများနှင့် လျှို့ဝှက်နယ်မြေ အချို့ကို အမှတ်အသား ပြုလုပ်ထားသည်။ ဤသည်မှာ ချင်စန်း မျှော်လင့်ထားသည့် အတိုင်းပင်။
သို့သော် ထိုနေရာများ အားလုံးမှာ ရှီကျန်း ဒေသ၏ ဗဟိုချက် အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် ရှိနေသည်။
ငါ တကယ်ပဲ အဲ့ဒီလောက် ဝေးဝေးကနေ ဒီကို ရောက်လာတာလား…
ချင်စန်း တိတ်တဆိတ် တွေးတောနေမိသည်။
ထို့အပြင် မြေပုံပေါ်တွင် ဝိညာဉ်ပိုးကောင်များ အသိုက်ပြုလုပ်လေ့ရှိသည်ဟု ကောလာဟလ ထွက်နေသော နေရာအချို့ကိုလည်း ညွှန်ပြထားသည်။ ချွေ့ရွှမ်ဇီက ပိုးမွှားမှတ်တမ်းထဲမှ ချင်စန်း ပေးထားသော အချက်အလက်များ အတိုင်း ရှာဖွေပေးထားခြင်း ဖြစ်သည်။
ချင်စန်း မျက်လုံးများ အရောင်တောက်သွားသည်။ ဤနေရာတွင် အရင်းအမြစ်များ အလွန် ရှားပါးသော်လည်း ဂူပိုးကောင် မျိုးကွဲများမှာ အံ့ဩဖွယ် ကောင်းလောက်အောင် ကြွယ်ဝပြီး အများစုမှာ ရေခဲလွင်ပြင်တွင် မရှိသော အမျိုးအစားများ ဖြစ်ကြသည်။
ယခုအချိန်အထိ မည်သည့် ပိုးမွှားကို သူ့သက်စောင့် ဂူပိုးကောင် အဖြစ် ရွေးချယ်ရမည်အား ဆုံးဖြတ်ချက် မချရသေးပေ။ သဘာဝလွန်ပိုးမွှား တိုင်းတွင် ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားကြပြီး မည်သည့်အရာမဆို သင့်လျော်မည်ဟု ချင်စန်း ခံစားနေရသည်။
သို့သော် ဤအင်းဆက်များ အားလုံးမှာ ပုံမှန်မဟုတ်သော ပါရမီများ ရှိကြသဖြင့် ရှာဖွေရန် အလွန် ခက်ခဲ၏။ သူတို့၏ တည်နေရာမှာ တည်ငြိမ်မှု မရှိဘဲ ပေါ်လာပုံမှာ လျှို့ဝှက်ဆန်းကြယ်ကာ တည်ရှိမှုမှာလည်း အတည်ပြု၍ မရနိုင်ပေ။ ဖမ်းဆီးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ လုံးဝ မသေချာသော ကိစ္စပင်။
"ကောင်းတယ်... မင်း တကယ်ပဲ ကြိုးစားထားတာပဲ..."
ချင်စန်းက အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ဝက်တွင် သူ့မျက်ခုံးများ ရုတ်တရက် တွန့်သွားသည်။ သူက ခန်းမဆောင် ဝင်ပေါက်ဆီ လှည့်ကြည့်လိုက်၏။
ပိုးမွှားငါးကောင်ဂိုဏ်း အပြင်ဘက် ဝန်းရံထားသော တောင်တန်းများကြားတွင် အရောင်စုံသော အလင်းတန်း ဒါဇင်ပေါင်းများစွာ ဂိုဏ်းဆီသို့ တည့်တည့် ဦးတည်လာနေပြီး သူတို့၏ အရှိန်အဟုန်မှာ ကြီးမား လွှမ်းမိုးနေသည်။
ထိုအချိန်ကျမှ ချွေ့ရွှမ်ဇီလည်း မူမမှန်မှုကို အာရုံခံမိသွား၏။ သူ လှုပ်ရှားလိုက်သည်နှင့် ခန်းမဆောင်ထဲမှ ပျောက်ကွယ်သွားပြီး အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့် ခဏ၌ သူ့မျက်နှာထား သိသိသာသာ ပြောင်းလဲသွားတော့သည်။
"တပည့်အားလုံး ငါ့အမိန့်ကို နာခံကြ... ကာကွယ်ရေး အစီအရင်ကို အသက်သွင်း..." ချွေ့ရွှမ်ဇီက အရေးတကြီး အော်ဟစ်လိုက်သည်။
ပိုးမွှားငါးကောင်ဂိုဏ်းမှ တပည့်များလည်း ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသွားကြသည်။ သူတို့က တောင်ပေါ်မှ ဆက်တိုက် ပျံသန်းထွက်ခွာလာပြီး ပြာယာခတ်ကာ ထိတ်လန့်နေ၏။
ဘုန်း...
တောင်ထိပ်များ အားလုံး တပြိုင်နက် လှုပ်ရှားသွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ လေထဲတွင် စုဝေး၍ စစ်မှန်သော ကြာပန်းတစ်ပွင့် ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
တချိန်တည်း အပြင်ဘက်မှ ရိုင်းစိုင်းပြီး မောက်မာသော အသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
"အဘိုးကြီး ချွေ့ရွှမ်... ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် မင်းတံခါးဝ ရောက်နေတာကိုတောင် ထွက်မကြိုဘဲ တောင်ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်တယ် ဟုတ်လား... ဒါ မင်း ဧည့်သည်ကို ဆက်ဆံတဲ့ နည်းလမ်းလား"
ချင်စန်းက ပင်မ ခန်းမဆောင်ကြီးထဲတွင် မလှုပ်မယှက် ထိုင်နေဆဲပင်။ လက်ထဲရှိ လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး သောက်သုံးနေသည်။
End
***