ချွေ့ရွှမ်ဇီက ပင်မခန်းမဆောင်ထဲသို့ လှည့်ကြည့်လိုက်သည်။
ချင်စန်း တစ်ယောက် ဤကိစ္စနှင့် သက်ဆိုင်ခြင်း မရှိသကဲ့သို့ အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်ကို မြင်လျှင် သူ့မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ တည်တင်းသော အမူအရာဖြင့် ဂိုဏ်းတံခါးဝဆီ ပြန်လှည့်ကြည့်လိုက်၏။
ဂိုဏ်းကာကွယ်ရေး အစီအရင် ပေါ်လာသည်နှင့် တပြိုင်နက် ပျံသန်းလာသော အလင်းတန်းများမှာ သူတို့၏ တိုက်ခိုက်လိုသော အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ပိုးမွှားငါးကောင်ဂိုဏ်း အပြင်ဘက်ရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်သို့ တစ်ခုပြီးတစ်ခု ဆင်းသက်ကာ လူတစ်စု ပေါ်ထွက်လာတော့သည်။
သူတို့ထဲမှ အချို့မှာ ချွေ့ရွှမ်ဇီကဲ့သို့ပင် မည်သည့် အဆင်တန်ဆာမှ ဝတ်ဆင်ထားခြင်း မရှိပေ။
သို့သော် အများစုမှာ တောင်ပံပါ မြွေရွာမှ ယဇ်ပုရောဟိတ်များနှင့် ဆင်တူပြီး မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ဆေးမင်ကြောင်များ ထိုးကွင်းထိုးထားကာ တိရစ္ဆာန်အရိုးများ၊ အစွယ်များဖြင့် အလှဆင်ထားကြသည်။
လူသစ်တစ်ယောက် ပေါ်လာတိုင်း ချွေ့ရွှမ်ဇီ၏ မျက်နှာထားမှာ ပို၍ မည်းမှောင်လာလေပြီ။
နောက်ဆုံးတွင် အလင်းတန်း အားလုံး ဆင်းသက်လာပြီး ထိုလူအုပ်မှာ ပိုးမွှားငါးကောင်ဂိုဏ်းနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်ကြသည်။ သူတို့ကြားတွင် အသက်ဝင်နေသော အစီအရင်တစ်ခုက ခြားနားထား၏။
လာရောက်သူများမှာ အုပ်စုနှစ်စု ကွဲပြားနေပြီး ပိန်လှီသော အဘိုးအိုတစ်ဦးနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးတို့၏ နောက်တွင် အသီးသီး ရပ်နေကြသည်။ အသွင်အပြင် ကွဲပြားသော်လည်း သူတို့ ရည်ရွယ်ချက်မှာ တူညီကြ၏။ သူတို့အားလုံး ပိုးမွှားငါးကောင်ဂိုဏ်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
အဘိုးအိုနှင့် အမျိုးသမီး နှစ်ယောက်လုံးမှာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့်၏ နောက်ဆုံးအဆင့်တွင် ရှိသည်။ သူတို့၏ အရှိန်အဝါကို ကြည့်ရသလောက် အတုအယောင် ရွှေအမြူတေ အဆင့်သို့ ရောက်ရန် မဝေးတော့ပေ။ တစ်ယောက်ချင်းစီ အနေဖြင့် အတုအယောင် ရွှေအမြူတေ အဆင့်သို့ ရောက်ရှိပြီးဖြစ်သော ချွေ့ရွှမ်ဇီလောက် ခြိမ်းခြောက်မှု မရှိသော်လည်း နှစ်ယောက်ပေါင်းကာ တိုက်ခိုက်လျှင်မူ ချွေ့ရွှမ်ဇီ အနေဖြင့် တောင့်ခံနိုင်ရန် ခက်ခဲပြီး ဆုတ်ခွာရမည့် အခြေအနေပင်။
ထိတ်လန့်တကြား ပုံရိပ်တစ်ခုက ဂိုဏ်းချုပ်ခန်းမဆောင်ဆီ ပျံတက်လာသည်။ ထိုသူမှာ ဂျူနီယာ ညီလေးထုံပင်။
သူက ခန်းမဆောင်ထဲ ချောင်းကြည့်ပြီးနောက် အတည်ပြုချက် ရယူရန် ချွေ့ရွှမ်ဇီအား လှမ်းကြည့်လိုက်သည်။ ချွေ့ရွှမ်ဇီ ခေါင်းအနည်းငယ် ခါပြသည်ကို မြင်လျှင် သူ့မျက်နှာထား ညှိုးငယ်သွားပြီး လျင်မြန်စွာ ပြောတော့၏။
"ဂိုဏ်းချုပ် အစ်ကိုကြီး... မိုးကြိုးရွာက မိုးကြိုးသရဲအိုနဲ့ ပန်းတစ်ရာနန်းတော်က စုန်းမအိုကြီး နှစ်ယောက်လုံး ရောက်နေကြပြီ... သူတို့နောက်မှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတချို့လည်း ပါလာတယ်... ပြင်ပက အကူအညီတွေ ခေါ်လာပုံရတယ်... ကြည့်ရတာ သူတို့က ဆရာအဘိုး ပေးခဲ့တဲ့ သဘောတူညီချက်ကို ဖျက်ဆီးပြီး လေနက်တောင်ကြားကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားကြပုံပဲ..."
"ငါ မြင်ပြီးသားပါ" ချွေ့ရွှမ်ဇီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒါပေမဲ့ ဂျူနီယာညီလေးထုံ... မင်းက ဒါအကုန်ပဲလို့ ထင်နေတာလား"
ထုံအမည်နှင့် ကျင့်ကြံသူ တစ်ယောက် လန့်ဖျပ်သွားသည်။ ချွေ့ရွှမ်ဇီက သူ့သစ်သား တုတ်ကောက်ကို မြှောက်၍ ပိုးမွှားငါးကောင်ဂိုဏ်း၏ တောင်ဘက်ဆီသို့ ညွှန်ပြရင်း။
မနီးမဝေး တောင်ဘက်တွင် ကျောက်စိမ်းခါးပတ်ကဲ့သို့ ကျယ်ပြန့်သော မြစ်တစ်စင်း စီးဆင်းနေသည်။ ဤသည်မှာ ချင်းယီမြစ်ပင်။
မနက်ခင်း နေရောင်ခြည်က အခုမှ ထွက်ပေါ်လာစ ဖြစ်ပြီး မြစ်ပြင်ပေါ်တွင် မြူခိုးများ ရစ်ဝိုင်းနေကာ ဝါးတားတား ဖြစ်နေသည်။
ဂျူနီယာ ညီလေးထုံက မျက်လုံးများ ကျဉ်းမြောင်း၍ သေချာကြည့်လျှင် မြစ်ကမ်းပါးတစ်လျှောက်ရှိ မြူခိုးများကြားတွင် မသဲမကွဲ လူရိပ်များကို တွေ့လိုက်ရ၏။ သေချာ အာရုံစိုက် မကြည့်ပါက သတိထားမိရန် ခက်ခဲပေမည်။
ချင်းယီမြစ် အောက်ပိုင်းတွင်မူ ဝက်ဝံတောင် ဒေသ၏ ရွာအသီးသီး တည်ရှိသည်။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ထိုနေရာတွင် ပုန်းအောင်းနေသူများမှာ မည်သူများ ဖြစ်ကြောင်း ထုံ နားလည်လိုက်တော့သည်။
"ကျေးဇူးကန်းတဲ့ ဝံပုလွေတွေ..." ဂျူနီယာ ညီလေးထုံလည်း အံကြိတ်လိုက်သည်။
"ငါတို့ ပိုးမွှားငါးကောင်ဂိုဏ်းကြောင့် ဝက်ဝံတောင်က အေးချမ်းခဲ့ရတာ... ငါတို့က လေနက်တောင်ကြားက ရတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတောင် သူတို့နဲ့ ခွဲဝေသုံးစွဲခဲ့တာလေ... အခုကျမှ ငါတို့ကျေးဇူးကို ခွေးကျွေးပြီး ဒီလို ပြန်ဆပ်ကြတာလား... တကယ်လို့ ငါတို့ဂိုဏ်းသာ ပျက်စီးသွားရင် ပိုကြောက်စရာကောင်းတဲ့ ရန်သူတွေကို သူတို့အိမ်ထဲ ခေါ်သွင်းမိသလို ဖြစ်မှာကို မကြောက်ကြဘူးလား"
ချွေ့ရွှမ်ဇီက သက်ပြင်းချလိုက်သည်။
"လူတွေရဲ့ လောဘဆိုတာ အဆုံးမရှိဘူး... သူတို့က ဝိညာဉ်ကျောက်တုံး ဝေစုလောက်ပဲ ရခဲ့တာ... အဆိပ်စမ်းရေတွင်းကိုတော့ ဆရာအဘိုးရဲ့ အမိန့်နဲ့ ငါတို့တစ်ဦးတည်း ပိုင်ဆိုင်ခဲ့တာလေ... အဲ့တုန်းက သူ့အာဏာစက်က ကြီးမားနေသေးတော့ သူတို့ မကျေနပ်ရင်တောင် ဘာမှ မလှုပ်ရှားရဲခဲ့ကြဘူး... ဒါပေမဲ့ ဒီနှစ်တွေအတွင်း ဆရာအဘိုးဆီက သတင်းအစအန မရသလို ဂိုဏ်းကို ဦးဆောင်မယ့် ထူးချွန်တဲ့ ဆက်ခံသူလည်း မရှိတော့ ငါတို့ရဲ့ ဩဇာအာဏာက တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီ... သူတို့စိတ်တွေ မငြိမ်မသက် ဖြစ်နေတာ ကြာပါပြီ... ပြင်ပလူတွေနဲ့တောင် ပူးပေါင်းနေကြပြီပဲ...”
“ဒါပေမဲ့ သူတို့က အပြတ်အသတ် ရန်ဘက်ပြုဖို့ မရဲကြသေးဘူး... ရေကိုယောက်အောင် မွှေပြီး ငါတို့ အလျော့ပေးလာအောင် ဖိအားပေးချင်ရုံ သက်သက်ပါ... ဒါကြောင့် သတင်းစကား ပေးပို့ဖို့ မကြိုးစားနဲ့တော့... ဒီဘေးဒုက္ခကို ငါတို့ဘာသာ ဖြတ်ကျော်ရလိမ့်မယ်"
သူတို့နှစ်ယောက် စကားပြောနေစဉ် ဂိုဏ်းတံခါး အပြင်ဘက်မှ ဆူညံသံများ ထပ်မံ ထွက်ပေါ်လာသည်။
"အဘိုးကြီး ချွေ့ရွှမ်... လိပ်ခွံထဲမှာပဲ ပုန်းအောင်းမနေဘဲ ထွက်ခဲ့စမ်းပါ... ဘာဖြစ်လို့လဲ... ပိုးမွှားငါးကောင်ဂိုဏ်းက လူတွေ အကုန်လုံး ခေါင်းမဖော်ရဲတဲ့ လိပ်စိမ်းတွေ ဖြစ်ကုန်ကြပြီလား"
မိုးကြိုးသရဲအိုက မှော်ပညာ တစ်ခုအသုံးပြု၍ သူ့အသံကို ချဲ့ကာ လှောင်ပြောင်လိုက်သဖြင့် တောင်တန်းများအနှံ့ ပဲ့တင်ထပ်သွားတော့သည်။
ပိုးမွှားငါးကောင်ဂိုဏ်းမှ တပည့်များလည်း ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူတို့အားလုံး ဒေါသကြောင့် အံကြိတ်ထားကြပြီး ပြေးထွက်ကာ ထိုလူကြီး၏ ပါးစပ်ကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေကြသည်။
"ဟီးဟီး..." ဆွဲဆောင်မှုရှိသော အမျိုးသမီးက ဖူးပွင့်စ ပန်းလေးတစ်ပွင့်ကဲ့သို့ ကိုယ်ကို ယိမ်းနွဲ့ကာ ညှို့ဓာတ်ပြင်းစွာ ရယ်မောလိုက်သည်။ သို့သော် သူမ စကားများမှာ အဆိပ်ပြင်းလှ၏။
"ပိုးမွှားငါးကောင်ဂိုဏ်းက တပည့်လေးတွေ... အကုန်လုံးက လိပ်စိမ်းလေးတွေ ဖြစ်နေကြတာ သနားစရာ ကောင်းလိုက်တာ... အဲ့ဒီအစား ငါတို့ ပန်းတစ်ရာနန်းတော်နဲ့ ပူးပေါင်းလိုက်ပါလား... ငါတို့ဆီက တပည့်မလေးတွေ အကုန်လုံးက သစ္စာရှိပြီး မွန်မြတ်တဲ့ မိန်းမပျိုလေးတွေချည်းပဲ..."
သူမ၏ အသံတွင် ဆွဲဆောင်ညှို့ငင်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။ စိတ်စွမ်းအား မခိုင်မာသော တပည့်အချို့ဆိုလျှင် မျက်နှာများ ရဲတက်လာပြီး ရှက်ဖွယ်ကောင်းသော တုံ့ပြန်မှုများပင် ပြသလာကြသည်။
ဝေါင်း...
ချွေ့ရွှမ်ဇီ ဟိန်းဟောက်လိုက်သဖြင့် တပည့်များ အသိပြန်ဝင်လာကြသည်။ သူက ခြေကိုတစ်ချက်ဆောင့်၍ ဂိုဏ်းကာကွယ်ရေး အစီအရင်၏ အစွန်းဘက်သို့ ပျံသန်းသွားပြီး လေးနက်သော အသံဖြင့်…
"မင်းတို့နှစ်ယောက် ပူးပေါင်းပြီး ငါတို့ဂိုဏ်းကို ရုတ်တရက် လာရောက်တိုက်ခိုက်သလို ဒီလို စော်ကားမှုမျိုးတွေပါ ပြုလုပ်နေတာ... ဘာလုပ်ချင်နေကြတာလဲ"
မိုးကြိုးသရဲအိုက မထီမဲ့မြင် ပြုံး၍…
"အဘိုးကြီး... ငါတို့ ဘာလို့ ဒီကို ရောက်နေလဲဆိုတာ မင်း အသိဆုံးပါ... မင်းတို့ ပိုးမွှားငါးကောင်ဂိုဏ်းက လေနက်တောင်ကြားကို လက်ဝါးကြီးအုပ်ထားတာ တော်တော် ကြာနေပြီလေ"
"အဲ့ဒီတုန်းက လေနက်တောင်ကြားကို နှစ်တစ်ရာအထိ ငါတို့ပိုင်ဆိုင်ရမယ်လို့ မင်းတို့ကိုယ်တိုင် သဘောတူခဲ့ကြတာလေ... အခုမှ ရှစ်နှစ်ပဲ ကျန်တော့တာကို ကတိဖျက်ပြီး အတင်းအဓမ္မ လုယူချင်ကြတာလား" ချွေ့ရွှမ်ဇီ ဒေါသတကြီး ပြန်အော်လိုက်၏။
အမျိုးသမီးက တုန်လှုပ်ဟန်ဆောင်၍ လက်ကာပြသည်။
"တာအိုရောင်းရင်းချွေ့ရယ်... ရှင် ဘယ်လိုများ ပြောလိုက်တာလဲ... အဲ့ဒီတုန်းက ရှင်တို့ဂိုဏ်းက ရွှေအမြူတေ အဆင့် ကျင့်ကြံသူရဲ့ ဖိအားကို အသုံးပြုပြီး ရတနာတွေ ပြည့်နှက်နေတဲ့ လေနက်တောင်ကြားကို စွန့်လွှတ်အောင် ကျွန်မတို့ ဒေသနှစ်ခုကို အတင်းအကျပ် ဖိအားပေးခဲ့တာလေ... အဲ့ဒီအချိန်တုန်းက ကျွန်မလည်း ဆရာနဲ့အတူ ပါလာခဲ့ပြီး ရွှေအမြူတေ ကျွမ်းကျင်သူတစ်ယောက် ဘယ်လောက်တောင် စွမ်းအားကြီးမားလဲ ဆိုတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်... တကယ်ကို အားကျစရာ ကောင်းလွန်းလို့ မနာလိုတောင် ဖြစ်မိပါရဲ့"
သူမ စကားများမှာ ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေသော်လည်း လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှု ရှိနေသဖြင့် သူမ၏ အပေါင်းအပါများပင် ခိုးကြည့်နေမိကြသည်။
"ဟုတ်တယ်... မင်းတို့ဂိုဏ်းက ရွှေအမြူတေ ကျင့်ကြံသူတစ်ယောက် မွေးထုတ်နိုင်ခဲ့တော့ ငါတို့မှာ ယှဉ်နိုင်စွမ်း မရှိလို့ ငြင်းဆန်ခွင့် မရခဲ့ဘူး... ဒါပေမဲ့ အချိန်တွေ ပြောင်းလဲသွားပြီ... ရာစုနှစ် တစ်ခုလည်း ကုန်ဆုံးသွားပြီမို့ မပိုင်ဆိုင်သင့်တဲ့ အရာတွေကို မူလပိုင်ရှင်ဆီ ပြန်ပေးရမယ့် အချိန်ရောက်ပြီ" မိုးကြိုးသရဲအိုကလည်း ထပ်လောင်း ပြောဆိုသည်။
သူတို့၏ အရှက်မဲ့သော ရပ်တည်ချက်ကို မြင်လျှင် ဒီနေ့ကိစ္စ ငြိမ်းချမ်းစွာ ပြီးဆုံးမည် မဟုတ်ကြောင်း ချွေ့ရွှမ်ဇီ နားလည်လိုက်သည်။
"ဒါဆို ငါ့ ဆရာအဘိုး ဂိုဏ်းကို ပြန်ရောက်လာတဲ့အခါ မင်းတို့အားလုံးကို သတ်ဖြတ်ပစ်မှာ မကြောက်ကြဘူးလား"
သူ့မျက်လုံးများတွင် ဒေါသအငွေ့အသက်များ တောက်လောင်နေပြီး ထိုလူအုပ်ထဲရှိ မျက်နှာ တစ်ခုချင်းစီကို လိုက်လံကြည့်ရှုကာ အာဃာတ ပြင်းထန်သော အသံဖြင့် ပြောလိုက်သည်။
"လုပ်ရဲရင် လုပ်ကြည့်လိုက်လေ... တကယ်လို့ ဒီနေ့ ငါတို့ ပိုးမွှားငါးကောင်ဂိုဏ်းကို ဖျက်ဆီးမယ်ဆိုရင် ဘယ်သူ့ကိုမှ အလွတ်မပေးမိစေနဲ့... မဟုတ်ရင် မင်းတို့ မျက်နှာ တစ်ခုချင်းစီကို ငါ သေချာ မှတ်သားထားပြီး ငါ့ဆရာအဘိုး ပြန်လာတဲ့အခါ မင်းတို့အားလုံးကို လက်စားချေခိုင်းမယ်"
လူအုပ်ကြီး တောင့်တင်းသွားသည်။
ချွေ့ရွှမ်ဇီ၏ စူးရှသော အကြည့်အောက်တွင် လူများစွာ မျက်နှာထားများ ပျက်ယွင်းစ ပြုလာသည်။ အထူးသဖြင့် အကူအညီပေးရန် ဖိတ်ခေါ်ခံထားရသူများပင်။
သူတို့က ထိုဆရာအဘိုး ဆိုသူကို ကြောက်ရွံ့နေဆဲ ဖြစ်သည်။
ချွေ့ရွှမ်ဇီလည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ့လေသံ ပျော့ပျောင်းသွားပြီး...
"တကယ်လို့ မင်းတို့ အခု ပြန်သွားကြမယ်ဆိုရင် ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သဘောထားပေးလိုက်မယ်... ငါတို့ဂိုဏ်းထဲမှာ ဧည့်သည်တော် တစ်ယောက် ရှိနေတာမို့ မင်းတို့ ဝင်လာဖို့ အဆင်မပြေဘူး..."
"နေပါဦး..." မိုးကြိုးသရဲအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ပုံစံက ပြတ်သားနေပြီး ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိပေ။
"မင်းပြောတဲ့ ဧည့်သည်တော် ဆိုတာက ဟို နာမည်မသိရတဲ့ ရွှေအမြူတေ ကျင့်ကြံသူကို ပြောတာလား... အဘိုးကြီး... မင်း ဒီလှည့်ကွက်သုံးတာ များလွန်းနေပြီ... ထပ်ခါထပ်ခါ သုံးမနေနဲ့တော့... ငါတို့ မိုးကြိုးရွာနဲ့ ပန်းတစ်ရာနန်းတော်က လေနက်တောင်ကြားကို လိုချင်လို့ ဒီကို ရောက်လာကြတာ... ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် တိုက်ပွဲတစ်ခု အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက် မရှိဘူး... ဒါပေမဲ့ မင်းသာ ခေါင်းမာနေမယ်ဆိုရင်တော့ ငါတို့လည်း မလွှဲမရှောင်သာဘဲ မလုပ်ချင်တဲ့အရာကို လုပ်ရတော့မှာပေါ့"
"လက်စားချေမယ် ဆိုတာကလည်း မင်းရဲ့ ဆရာအဘိုး အသက်ရှင်သေးလား ဆိုတဲ့အပေါ် မူတည်သေးတယ်... ဘယ်သူသိနိုင်မှာလဲ... သူက ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အရိုးဆွေးပြီး သေဆုံးနေလောက်ပြီ... မဟုတ်ရင် ဒီလောက်နှစ်တွေ အကြာကြီး တစ်ခါမှ ပြန်မလာဘဲ နေပါ့မလား"
စကားပြောနေရင်း မိုးကြိုးသရဲအိုက တခြားသူများဘက်သို့ လှည့်ကြည့်ကာ ဆွဲဆောင်စည်းရုံးသော လေသံဖြင့် ပြောလိုက်သည်။
"ပိုးမွှားငါးကောင်ဂိုဏ်းက လေနက်တောင်ကြားကို နှစ်တစ်ရာတိုင်တိုင် လက်ဝါးကြီးအုပ်ထားခဲ့တာ... ဝိညာဉ်ကျောက်တုံးတွေ အမြောက်အမြား စုဆောင်းထားမှာ အသေအချာပဲ... မိုးကြိုးရွာနဲ့ ပန်းတစ်ရာနန်းတော်က အဲ့ဒီကျောက်တုံးတွေကို မလိုချင်ဘူး... အဲ့ဒီအစား ကူညီပေးတဲ့ တာအိုရောင်းရင်းတွေကို လုပ်အားခအနေနဲ့ အကုန်လုံး ပေးအပ်ပါ့မယ်...”
“တကယ်လို့ ပိုးမွှားငါးကောင်ဂိုဏ်းက ရွှေအမြူတေ ကျင့်ကြံသူ အသက်ရှင်နေရင်တောင် မင်းတို့အားလုံးက လေလွင့်ကျင့်ကြံသူတွေပဲ... ပုန်းအောင်းဖို့ နေရာလေး တစ်နေရာ ရှာရတာ အဲ့လောက်တောင် ခက်ခဲနေလို့လား"
End
***