လူအုပ်ကြီးမှာ သိသိသာသာ ယိမ်းယိုင်နေလေပြီ။
ဆွဲဆောင်မှုရှိသော အမျိုးသမီးက သူမ၏ ညှို့ဓာတ်ပြင်းသော အမူအရာကို ရုပ်သိမ်းပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ကစပြီး ပိုးမွှားငါးကောင်ဂိုဏ်းက လေနက်တောင်ကြားကို စွန့်လွှတ်ရမယ်... နောက်ထပ် နှစ်နှစ်ရာတိုင်တိုင် အဲ့ဒီနေရာကို ခြေချခွင့် မရှိဘူး... တကယ်လို့ သဘောတူရင် ငါတို့ ချက်ချင်း ထွက်သွားပေးမယ်"
သူမတို့ဘက်မှ ဤမျှ လွန်ကဲသော တောင်းဆိုမှုမျိုး ပြုလုပ်လာလိမ့်မည်ဟု ချွေ့ရွှမ်ဇီ မမျှော်လင့်ထားခဲ့ပေ။ ဒေါသများ ဟုန်းခနဲ ထွက်ပေါ်လာပြီး သူ့သစ်သား တုတ်ကောက်ကို မြေကြီးပေါ် ဆောင့်ချလိုက်သည်။
"လေနက်တောင်ကြားကို နှစ်နှစ်ရာတိုင်တိုင် ဝင်ခွင့်ပိတ်မယ် ဟုတ်လား... အဲ့ဒီအချိန်ကျရင် ပိုးမွှားငါးကောင်ဂိုဏ်းမှာ ဘာကျန်တော့မှာမို့လို့လဲ... မင်းတို့က ငါတို့ဂိုဏ်းရဲ့ အသက်သွေးကြောကို ဖြတ်တောက်ဖို့ ကြိုးစားနေကြတာပဲ"
"ရှင်တို့ဂိုဏ်းက လေနက်တောင်ကြားရဲ့ ဝိညာဉ်ကျောက်တုံးသိုက်နဲ့ အဆိပ်စမ်းရေတွင်းကို လက်ဝါးကြီးအုပ်ထားတာလေ... ကျွန်မတို့ ဒေသနှစ်ခုက ကျင့်ကြံသူတွေ ဘယ်လောက်တောင် သည်းခံခဲ့ရလဲဆိုတာ ရှင် စဉ်းစားဖူးရဲ့လား... အပြစ်တင်ချင်ရင် ဘာမှ အသုံးမကျတဲ့ ရှင့်တပည့်တွေကိုသာ အပြစ်တင်လိုက်...” အမျိုးသမီးက နောက်မဆုတ်ဘဲ စူးရှစွာ တုံ့ပြန်သည်။
“ဒီလောက် ပေါကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားရက်နဲ့ ဘာတိုးတက်မှုမှ မရှိဘူး... ကျွန်မတို့ ရှင့်ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်... လေနက်တောင်ကြားကို နှစ်နှစ်ရာတိုင်တိုင် စွန့်လွှတ်မလား ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ရခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ အဆိပ်စမ်းရေတွင်းက ထွက်ကုန်တွေ အကုန်လုံးကို လွှဲပြောင်းပေးမလား"
“အဘိုးကြီး ချွေ့ရွှမ်... ငါမင်းကို ဆုံးဖြတ်ဖို့ အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်... အဲ့ဒီအချိန် ကုန်တာနဲ့ မင်းတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်က ဘယ်လောက်တောင် မာကျောလဲဆိုတာ ကြည့်ရသေးတာပေါ့" မိုးကြိုးသရဲအိုကလည်း ဝင်ပြောသည်။ "
ချွေ့ရွှမ်ဇီ၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖျော့နေလေပြီ။
ချင်စန်းက သူ့အား ဝိညာဉ်လက်နက် အဆောင်တစ်ခု ပေးထားသော်လည်း ကျွမ်းကျင်သူ အများအပြားကို ယှဉ်နိုင်စွမ်း မရှိပေ။
အင်အားအကြီးဆုံး အစီအရင် ဖြစ်နေလျှင်ပင် ပြင်ပအကူအညီ မပါဘဲ ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ချေ။
သူလှည့်ထွက်လာပြီး ဂိုဏ်းချုပ်ခန်းမဆောင်ဆီ ပြန်လာခဲ့သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်ရင်း တံခါးကို တွန်းဖွင့်ဝင်ရောက်ကာ ချင်စန်းရှေ့တွင် ချက်ချင်း ဒူးထောက်ချပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"စီနီယာ... ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"
ချင်စန်းက ဂိုဏ်းတံခါး အပြင်ဘက်ရှိ အငြင်းပွားမှု စကားလုံးတိုင်းကို နားထောင်နေခဲ့ခြင်းပင်။ သူကိုယ်တိုင်လည်း ပိုးမွှားငါးကောင်ဂိုဏ်း၏ ရွှေအမြူတေ ကျင့်ကြံသူမှာ သေဆုံးသွားလောက်ပြီဟု ထင်မြင်မိသည်။
ရှီကျန်းကဲ့သို့ နေရာမျိုးတွင် ရွှေအမြူတေ ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာခြင်းက ဂိုဏ်းတစ်ခုကို ရာစုနှစ် သုံးခုမှ ငါးခုအထိ ကာကွယ်ပေးရန် လုံလောက်သည်။
ထိုလူက ပတ်ဝန်းကျင် အင်အားစုများကို စုစည်းပြီး အရင်းအမြစ် ကြွယ်ဝပုံရသော လေနက်တောင်ကြားအား ဂိုဏ်းအတွက် ရယူပေးခဲ့သည်ကို ထောက်ဆလျှင် သွေးအေးသော လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေ၏။
အကယ်၍ အရာအားလုံး ဂရုမစိုက်တတ်သည့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက် အနည်းဆုံး တစ်ကြိမ်လောက် ပြန်လာရန် မခဲယဉ်းသင့်ပေ။
ချင်စန်းက လက်ဖက်ရည်ခွက်ကို မော့သောက်ပြီး ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် ချွေ့ရွှမ်ဇီအား တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။
ခန်းမဆောင်ထဲတွင် တင်းမာသော တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံသွား၏။ ချွေ့ရွှမ်ဇီမှာ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မျက်နှာထား ပျက်ယွင်းသွားလေပြီ။ သူ့နဖူးပေါ်မှ ချွေးစေးများ တသွင်သွင် စီးကျလာသည်။
"မင်း ငါ့ကို ဂိုဏ်းထဲ ဖိတ်ခေါ်ခဲ့တာ ဒီအချိန်ကို စောင့်နေဖို့လား"
ချင်စန်း၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။
ချွေ့ရွှမ်ဇီ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ကာကွယ်ပြောဆိုလိုက်သည်။
"စီနီယာ... သူတို့မှာ ကောက်ကျစ်စဉ်းလဲတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှန်း ကျွန်တော် သိပါတယ်... စီနီယာ ရှိနေတာက သူတို့ကို ဟန့်တားနိုင်မယ်လို့ပဲ မျှော်လင့်ခဲ့မိတာပါ... ဒါပေမဲ့ ကျွန်တော့်ကို အသက်တစ်ရာ ပေးရင်တောင် စီနီယာကို အသုံးချဖို့ မကြံစည်ရဲပါဘူး... သူတို့ ဒီနေ့ လာတိုက်မယ်မှန်း တကယ် မသိခဲ့တာပါ"
"ကျွန်တော် စီနီယာအတွက် အစွမ်းကုန် အလုပ်အကျွေး ပြုခဲ့ပါတယ်... တစ်ချက်ကလေးမှ ပေါ့လျော့မှု မရှိခဲ့ပါဘူး... စီနီယာက ဉာဏ်အလင်း ကြီးမားသူမို့ ဒါကို သတိထားမိမှာပါ... တကယ်တော့ ကျွန်တော့်မှာ ဆုလာဘ် တောင်းဖို့တောင် ရည်ရွယ်ချက် မရှိခဲ့ပါဘူး... ပိုးမွှားငါးကောင်ဂိုဏ်းကို ကာကွယ်ပေးဖို့ပဲ တောင်းဆိုချင်ခဲ့တာပါ... ဒါပေမဲ့ ကျွန်တော် မပြောရသေးခင်မှာပဲ သူတို့ ရောက်လာကြတာ... ကျေးဇူးပြုပြီး အမှန်တရားကို မြင်အောင် ကြည့်ပေးပါ စီနီယာ"
ချွေ့ရွှမ်ဇီက ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေပြီး ချွေးများကိုပင် သုတ်ရန် မရဲဘဲ သနားစဖွယ် ဖြစ်နေသည်။
သူ ဟန်ဆောင်နေပုံ မရပေ။
သို့သော် ချင်စန်းက ဖိအားကို မလျော့လိုက်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ငါ့အတွက် အကောင်းဆုံး လုပ်ပေးခဲ့တယ်လို့ ပြောတယ်ပေါ့... ငါ ဝက်ဝံတောင် ပတ်ဝန်းကျင်က လျှို့ဝှက်နယ်မြေတွေ အကြောင်း မေးတုန်းက ဘာလို့ လေနက်တောင်ကြားနဲ့ အဆိပ်စမ်းရေတွင်း အကြောင်း တမင်တကာ ဖုံးကွယ်ထားခဲ့တာလဲ"
ချွေ့ရွှမ်ဇီ တောင့်တင်းသွားပြီး နစ်နာဟန်ဖြင့်…
"စီနီယာ... အထင်လွဲနေပါပြီ... လေနက်တောင်ကြားက လျှို့ဝှက်နယ်မြေ မဟုတ်ပါဘူး... အဲ့ဒီမှာ ဝိညာဉ်ကျောက်တုံးသိုက် ရှိနေပြီး ကျွန်တော်တို့ အဖွဲ့အစည်း သုံးခုရဲ့ ဆုံမှတ်မှာ တည်ရှိနေလို့ လုယက်နေကြတာပါ... အဆိပ်စမ်းရေတွင်း ဆိုတာကလည်း အဆိပ်ပြင်းတဲ့ ဝိညာဉ်ပိုးမွှားတွေကို အစာကျွေးနိုင်တဲ့ ရေထွက်တာကလွဲပြီး တခြား ထူးခြားမှု မရှိပါဘူး... ပိုးမွှားတွေ ပထမအကြိမ် အသွင်ပြောင်းလဲတဲ့ အချိန်မှာ အဆိပ်ကို ပိုပြင်းစေပြီး ကျင့်ကြံခြင်း အနည်းငယ် မြန်ဆန်စေတာလောက်ပါပဲ... ဒါပေမဲ့ တခြား ပိုးမွှားအမျိုးအစားတွေ အတွက်တော့ လုံးဝ အသုံးမဝင်ပါဘူး... အဆိပ်ပိုးမွှားတွေ အတွက်တောင် ဒုတိယအကြိမ် အသွင်ပြောင်းလဲပြီးရင် အာနိသင် ပျောက်သွားတာပါ"
ချင်စန်းက အဆိပ်စမ်းရေတွင်း မည်သည်မှန်း ကောင်းကောင်း သိထားသည်။
ယူလင်းဂိုဏ်းတွင် ထိုကဲ့သို့ နေရာများအကြောင်း မှတ်တမ်းတင်ထားသည်။ ဤအဆိပ်စမ်းရေတွင်းမျိုးက သဘာဝအတိုင်း အဆိပ်သင့်နေသော ပတ်ဝန်းကျင် တစ်ခုပင်။ စမ်းရေထဲတွင် အဆိပ်ဓာတ် ပါဝင်ပြီး အဆိပ်ပိုးမွှားများ မွေးမြူရန် အထောက်အကူ ဖြစ်သော်လည်း အသွင်ပြောင်းလဲခြင်းအတွက် အကူအညီ မပေးပေ။
အဆိပ်စမ်းရေတွင်းများတွင် အရည်အသွေး ကွာခြားမှု ရှိသည်။ ပထမအဆင့် အသွင်ပြောင်းလဲခြင်း အတွက်သာ အကျိုးရှိသော အမျိုးအစားမှာ အနိမ့်ဆုံး အဆင့်ဟု သတ်မှတ်ရပေမည်။
ချင်စန်း သိထားသော ပိုးမွှားမွေးမြူနည်းများက အဆိပ်စမ်းရေတွင်း၏ ထိရောက်မှုထက် အလွယ်တကူ ကျော်လွန်နိုင်သည်။
သို့သော် ပိုးမွှားငါးကောင်ဂိုဏ်း ဖြစ်စေ၊ အခြား အဖွဲ့အစည်း နှစ်ခု ဖြစ်စေ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများမှာ လူနည်းစုသာ။ သူတို့၏ အဓိက အင်အားမှာ ချီသန့်စင်ခြင်း အဆင့် တပည့်များတွင် ရှိသည်။ ချီသန့်စင်ခြင်း အဆင့် ရှိသူများအတွက် သူတို့၏ သက်စောင့် ဂူပိုးကောင်များကို စွမ်းအားမြှင့်တင်ပေးနိုင်သည့် အဆိပ်စမ်းရေတွင်း တစ်ခုမှာ အမှန်တကယ်ပင် တန်ဖိုးကြီးမားသည်။
"တကယ်လို့ မယုံရင် ဒီကိစ္စ ပြီးသွားတာနဲ့ စီနီယာ ကိုယ်တိုင် လေနက်တောင်ကြားကို သွားရောက် စစ်ဆေးကြည့်လို့ ရပါတယ်" ချွေ့ရွှမ်ဇီက နောက်တစ်ကြိမ် ဦးခိုက်လိုက်သည်။
"ကျေးဇူးပြုပြီး စီနီယာ... ကျွန်တော် ပြသခဲ့တဲ့ ကြိုးစားအားထုတ်မှုကို ထောက်ထားပြီး ဒီတစ်ကြိမ်ပဲ ကူညီပေးပါ... ပိုးမွှားငါးကောင်ဂိုဏ်း တစ်ခုလုံး စီနီယာ့အောက်မှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်... ကျွန်တော်တို့ သစ္စာရှိရှိ အမှုထမ်းပါ့မယ်"
ချင်စန်း စိတ်ထဲ မထီမဲ့မြင် ပြုံးလိုက်သည်။ သူက ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ရှီကျန်းကဲ့သို့ ခေါင်ပါးသော နေရာမျိုးမှ ယိုယွင်းနေသော ဂိုဏ်းတစ်ခု၏ နာယက အဖြစ် မည်သို့ အောက်ကျခံ နေနိုင်မည်နည်း။
သို့သော် ပြန်တွေးကြည့်လျှင် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။
လွန်ခဲ့သော တစ်လအတွင်း သူ ဝက်ဝံတောင် အများစုကို ရှာဖွေခဲ့ပြီး မြေအောက်မြစ်များ အတွင်းသို့ပင် ဝင်ရောက် စူးစမ်းခဲ့သော်လည်း ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ရှာမတွေ့ခဲ့ပေ။
အကယ်၍ အစီအရင်ကို ရှာမတွေ့သေးပါက သူထွက်ခွာသွားပြီးနောက် ဒေသခံ အင်အားစု အချို့ကို စုစည်းပြီး ဆက်လက် ရှာဖွေခိုင်းခြင်းက မဆိုးလှသော ရွေးချယ်မှု တစ်ခု ဖြစ်နိုင်သည်။
ချွေ့ရွှမ်ဇီမှာ ဉာဏ်ကောင်းသော လူတစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာ စိတ်ရောကိုယ်ပါ အညံ့ခံပါက အသုံးဝင်နိုင်၏။ ထို့အပြင် အအမလေးကလည်း ပိုးမွှားငါးကောင်ဂိုဏ်းတွင် ကျင့်ကြံနေဆဲပင်။
ချင်စန်း တစ်ယောက် ပြတ်ပြတ်သားသား မငြင်းဆန်ဘဲ စဉ်းစားနေပုံရသည်ကို မြင်လျှင် ချွေ့ရွှမ်ဇီ ဝမ်းသာသွားသည်။ သူက ချက်ချင်းပင် သစ္စာဆိုပြီး ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများကို ဆက်သမည်ဟု ကတိပေးတော့သည်။
ချင်စန်းက ကမ်းလှမ်းမှုကို စိတ်ဝင်စားနေပြီ ဖြစ်သော်လည်း သူကိုယ်တိုင် ဤနေရာတွင် နေထိုင်ပြီး အရာအားလုံးကို ကြီးကြပ်ကွပ်ကဲရန် မဖြစ်နိုင်ကြောင်း ကောင်းစွာ သိထားသည်။ ချွေ့ရွှမ်ဇီကို အပြည့်အဝ ထိန်းချုပ်ခွင့် မပေးထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အခြားသူများကိုပါ အနိုင်ယူပြီး ပိုးမွှားငါးကောင်ဂိုဏ်းနှင့် အပြန်အလှန် ထိန်းကျောင်းစေမှသာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး သူ့အကျိုးစီးပွားအတွက် အာရုံစိုက် အမှုထမ်းစေနိုင်မည် ဖြစ်သည်။
မည်သို့ဆိုစေ ချင်စန်းတွင် အရင်းအမြစ်များအတွက် သူတို့နှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ လေနက်တောင်ကြား၏ ဝိညာဉ်ကျောက်တုံးသိုက် သို့မဟုတ် အဆိပ်စမ်းရေတွင်းကို သူ စိတ်မဝင်စားချေ။
အကယ်၍ ဤအဖွဲ့အစည်းများသာ စိတ်အနှောင့်အယှက် ဖြစ်လာပါက အချိန်မရွေး နှမြောခြင်း မရှိဘဲ ထွက်ခွာသွားနိုင်လေသည်။
ထိုအတွေးဖြင့် ချင်စန်းက မိုးကြိုးရွာနှင့် ပန်းတစ်ရာနန်းတော် အကြောင်း အသေးစိတ် မေးမြန်းလိုက်သည်။
ချွေ့ရွှမ်ဇီက နှစ်ဖွဲ့လုံးနှင့် ကောင်းစွာ ရင်းနှီးပြီး ချင်စန်း အားကိုးဖြင့် သူတို့ကို ရှင်းပစ်စေချင်လောက်အောင် မုန်းတီးနေသူ ဖြစ်သည်။ ရလဒ်အနေဖြင့် သူက အလွန် ပြည့်စုံသော သတင်းအချက်အလက်များ ပေးအပ်ခဲ့ပြီး ချင်စန်းအား စိုးရိမ်စရာ မလိုဘဲ ရဲရဲတင်းတင်း လှုပ်ရှားရန် တိုက်တွန်းခဲ့သည်။
ဒေသ၏ ဝေးလံခေါင်သီမှုကြောင့် ပြင်ပအင်အားစုကြီးများမှာ ဤနေရာကို အာရုံစိုက်ရန် စိတ်မဝင်စားကြပေ။ မိုးကြိုးရွာ ဖြစ်စေ၊ ပန်းတစ်ရာနန်းတော် ဖြစ်စေ မည်သည့် အားကိုးလောက်သော ကျောထောက်နောက်ခံမှ မရှိချေ။
လိုအပ်သည်များကို သိရှိပြီးနောက် ချင်စန်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်လိုက်... သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"
"ဟုတ်ကဲ့... သူတို့ကို ချက်ချင်း ဝင်ခွင့်ပေးလိုက်ပါ့မယ်"
ချွေ့ရွှမ်ဇီ ဝမ်းသာအားရ ဖြစ်သွားပြီး သူ့ကိုယ်သူ တပည့်ဟု သုံးနှုန်းတော့မည်အထိ ရိုသေလွန်းသဖြင့် ချင်စန်း၏ ပြင်းထန်စွာ ဆူပူခြင်းကိုပင် ခံလိုက်ရသည်။
...
"အဘိုးကြီး... မင်း ဆုံးဖြတ်ပြီးပြီလား"
ချွေ့ရွှမ်ဇီ ပြန်ထွက်လာသည်ကို မြင်လျှင် မိုးကြိုးသရဲအိုက ဟိန်းဟောက် မေးလိုက်သည်။
သူ့တွင် ယုံကြည်မှု အပြည့်ရှိပြီး ချွေ့ရွှမ်ဇီ အရှုံးပေးလိမ့်မည်ဟု သေချာနေ၏။
ချွေ့ရွှမ်ဇီက စိတ်ပျက်လက်ပျက် ထွက်ခွာသွားသော်လည်း ယခုအခါ တက်ကြွစွာ ပြန်ရောက်လာသည်။ အစီအရင်၏ အစွန်းတွင် ရပ်ရင်း မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
"မင်းတို့မှာ သတ္တိရှိရင် ဝင်လာပြီး ပြောကြလေ"
မိုးကြိုးသရဲအိုနှင့် အမျိုးသမီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်လုံးက ချွေ့ရွှမ်ဇီ ဟန်ရေးပြနေခြင်းသာ ဖြစ်မည်ဟု ယုံကြည်နေ၏။
မိုးကြိုးသရဲအိုက တံတွေးထွေးပြီး…
"ဒီလိုအချိန်ရောက်တာတောင် ဟန်ဆောင်နေတုန်းလား"
ထို့နောက် သူက ဦးဆောင်၍ ဝင်လာခဲ့တော့သည်။ ကျန်လူများက သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် လိုက်ပါလာကြပြီး ပိုးမွှားငါးကောင်ဂိုဏ်းထဲသို့ ရဲရဲတင်းတင်း ဝင်ရောက်ကာ ဂိုဏ်းချုပ်ခန်းမဆောင်ဆီ ဦးတည်လာခဲ့လေပြီ။
End
***