ဘန်း...
မိုးကြိုးသရဲအိုက ဂိုဏ်းချုပ်ခန်းမဆောင် တံခါးကို ကျယ်လောင်သော အသံဖြင့် ကန်ဖွင့်လိုက်သည်။ သူ့အကြည့်က အခန်းအနှံ့ ဝေ့ဝဲကြည့်ပြီးနောက် အံ့အားသင့်သွားပြီး တောင့်တင်းသွား၏။ ခန်းမဆောင်ထဲတွင် လက်ဖက်ရည်ကို အေးဆေးတည်ငြိမ်စွာ သောက်နေသော လူငယ်တစ်ယောက် ထိုင်နေသည် မဟုတ်ပါလား။
အပြင်ဘက်တွင် သူ ဘာမှ မခံစားခဲ့ရပေ။ အရှိန်အဝါ အနည်းငယ်မျှပင် မရှိခဲ့။
ခန်းမဆောင်ကို အထူးအတားအဆီး တစ်ခုဖြင့် ကာကွယ်ထားခြင်း မဟုတ်လျှင် အဓိပ္ပာယ် တစ်ခုတည်းသာ ရှိပေတော့မည်။
မိုးကြိုးသရဲအိုက ရှေ့သို့ တစ်လှမ်းတိုးပြီး ခန်းမဆောင်ထဲသို့ ခြေတစ်ဖက် လှမ်းလိုက်သည်။ သို့သော် နောက်ထပ် ခြေတစ်ဖက် မလှမ်းရသေးခင်မှာပင် သူ့ခန္ဓာကိုယ် တောင့်တင်းသွား၏။
သူ ရှေ့ဆက် မတိုးနိုင်သလို နောက်ပြန်လည်း မဆုတ်နိုင်တော့ပေ။
သူ့နောက်မှ လူများမှာ မိုးကြိုးသရဲအိုက ခက်ထန်သော ပုံစံဖြင့် ဝင်သွားသည်ကို မြင်လိုက်ရသော်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားသဖြင့် စိတ်ရှုပ်ထွေးသွားကြသည်။ သူ့ကို ရှေ့ဆက်တိုးရန် တိုက်တွန်းတော့မည့် ဆဲဆဲတွင်...
ဖြောင်း...
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ်ယောင် လက်ဝါးကြီးတစ်ခုက မိုးကြိုးသရဲအို၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က ဂျင်တစ်လုံးကဲ့သို့ လည်ထွက်သွားပြီး လေထဲ လွင့်စဉ်သွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက ပိုးမွှားငါးကောင်ဂိုဏ်း အစွန်းရှိ ဝေးကွာသော တောင်တစ်လုံးနှင့် ဝင်တိုက်မိလေပြီ။
ဘုန်း...
ဖုန်မှုန့်များနှင့် ကျောက်စများ ကောင်းကင်သို့ လွင့်ပျံတက်သွားပြီး တောင်မှာ ရိုက်ခတ်မှုကြောင့် ကွဲအက်ကုန်၏။
သူ့စူးရှသော အော်ဟစ်သံက ကောင်းကင်ကို ထိုးဖောက်သွားပြီး ရှည်လျားကာ ဆွေးမြေ့ဖွယ် ကောင်းလှသည်။ အဝေးဆီ ပဲ့တင်ထပ်သွားသည် အထိပင်။
"ခြုံခိုတိုက်ခိုက်မှုပဲ"
ကျန်လူများလည်း ထိတ်လန့်သွားပြီး ချက်ချင်းပင် သူတို့၏ သက်ဆိုင်ရာ မှော်ရတနာများကို ဆင့်ခေါ်လိုက်ကြသည်။
တစ်ခဏအတွင်း ဂိုဏ်းချုပ်ခန်းမဆောင်၏ အရှေ့ဘက်တွင် လက်နက်ရောင်ခြည်များ တောက်ပလာပြီး ယခင်ကထက် ပိုရှုပ်ထွေးကာ သက်ဝင်လှုပ်ရှားလာတော့သည်။
အစောပိုင်းတွင် သူတို့က ချွေ့ရွှမ်ဇီမှာ အမြဲတမ်းလိုပင် ဟန်ဆောင်နေပြီး လှည့်ကွက်များ သုံးနေသည်ဟုသာာ ထင်မှတ်ခဲ့ကြသည်။ ကျွမ်းကျင်သူ အများအပြား ရှိနေသဖြင့် ကြောက်စရာ မလိုသလို ယူဆကာ ကြိုတင်ကာကွယ်မှုများ မပြုလုပ်ခဲ့ပေ။
ယခု မိုးကြိုးသရဲအို ရုတ်တရက် ခြုံခိုတိုက်ခိုက်ခံလိုက်ရသဖြင့် ထိတ်လန့်မှုများ ပေါက်ကွဲထွက်လာတော့သည်။ သူတို့ လူစုကွဲသွားပြီး ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ခိုက်ကြတော့၏။
အချို့က သတိဖြင့် နောက်ဆုတ်သွားကြပြီး အချို့က သူတို့၏ မှော်ရတနာများနှင့် သက်စောင့် ဂူပိုးကောင်များကို အသုံးပြု၍ ခန်းမဆောင်ကြီးအား တိုက်ခိုက်ကြသည်။ အများစုမှာမူ ချွေ့ရွှမ်ဇီဆီ ဦးတည်နေ၏။
ထိုစဉ် ဝင်ပေါက်တွင် ပုံရိပ်ယောင် လှိုင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး လူငယ်တစ်ယောက် ပေါ်လာသည်။
မှော်ရတနာများနှင့် ဂူပိုးကောင်များ သူ့ကို ထိမှန်တော့မည့် ဆဲဆဲတွင်…
ချင်စန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပေါ့ပေါ့ပါးပါး လက်လှမ်းလိုက်သည်။
ထူထဲပြီး လှိုင်းထန်နေသော အစစ်အမှန်ချီ လှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ရှေ့ရှိ လေဟာနယ်ကို တစ်ခဏအတွင်း ပိတ်ဆို့သွား၏။ ထိုမှော်ရတနာများနှင့် ဂူပိုးကောင် အားလုံးမှာ ပိုက်ကွန်ထဲ ဖမ်းမိသွားသကဲ့သို့ ခံစားလိုက်ရသည်။ မည်မျှပင် ရုန်းကန်နေပါစေ လွတ်မြောက်နိုင်ခြင်း မရှိချေ။
ဝူး...
ဓားအလင်းတန်း တစ်ခု လက်ခနဲ ဖြတ်သန်းသွားပြီးနောက်…
ဘန်း... ဘန်း...
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ထိုဓားအလင်းတန်း တစ်ခုတည်းက ပိုးသားကဲ့သို့ လေထဲတွင် ယက်လုပ်သွားပြီး မှော်ရတနာများနှင့် ဂူပိုးကောင် တစ်ကောင်ချင်းစီကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွား၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အားလုံး အလွယ်တကူ ပျက်စီးသွားကြတော့သည်။
"အား..."
သက်စောင့် ဂူပိုးကောင်များ သေဆုံးသွားခြင်းက ပိုင်ရှင်များ၏ ဝိညာဉ်ကို ထိခိုက်စေသဖြင့် ထိန်းချုပ်မရသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"ဆူညံလိုက်တာ"
ချင်စန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သစ်နက်ဓား လက်ခနဲ ဖြစ်သွားပြီး မသဲမကွဲ မိုးခြိမ်းသံနှင့်အတူ လူအုပ်ထဲသို့ တိုးဝင်သွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးများ နေရာအနှံ့ ပန်းထွက်လာပြီး အလောင်းများ တစ်ခုပြီးတစ်ခု မြေပြင်ပေါ် လဲကျသွားကြသည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားမှာ အပြည့်အဝ ထွက်ပေါ်လာခဲ့လေပြီ။
တစ်ခဏအတွင်း ပိုးမွှားငါးကောင်ဂိုဏ်း တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။
ချင်စန်း အကြည့်က ဓားတစ်လက်ကဲ့သို့ သူတို့ကို ဖြတ်သန်းသွား၏။ မည်သူမျှ သူ့အကြည့်ကို မရင်ဆိုင်ရဲပေ။ လူတိုင်း တုန်လှုပ်နေကြသည်။
ချွေ့ရွှမ်ဇီပင် ကြောက်လန့်သွားသည်။ ချင်စန်း၏ ဓားတာအိုက ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဖရဲသီးကို လှီးပြီး ဟင်းသီးဟင်းရွက်ကို ခုတ်နေသကဲ့သို့ပင်။ ရွှေအမြူတေအဆင့်သို့ ဝင်ရောက်ကာစ ဖြစ်သော်လည်း အရင်က ဆရာအဘိုးထက် ပိုသန်မာနေလေပြီ။
ချင်စန်းက မိုးကြိုးရွာနှင့် ပန်းတစ်ရာနန်းတော်မှ လူများကို အသက်ချမ်းသာ ပေးခဲ့သည်။ အကြောင်းမှာ သူတို့ကို လိုအပ်နေသေးသောကြောင့်ပင်။ သူတို့၏ အခြေခံအုတ်မြစ်များ မပျက်စီးသေးသဖြင့် သူ့ကို တိတ်တဆိတ် ဆန့်ကျင်ရဲမည်ကို မစိုးရိမ်ပေ။
ဖိတ်ခေါ်ထားသော လေလွင့်ကျင့်ကြံသူများ အနေဖြင့်မူ အများစုမှာ နေရာအနှံ့ လှည့်လည်သွားလာနေသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဓားပြများ မဟုတ်ပါလား။ ကြမ်းကြုတ်ပြီး ရက်စက်သော သဘောသဘာဝ ရှိသူများ ဖြစ်သောကြောင့် သူတို့လက်များမှာ သွေးစွန်းနေလေပြီ။ သူတို့ကို သတ်ဖြတ်ခြင်းက မည်သည့် ဝန်ထုတ်ဝန်ပိုးမှ မဖြစ်စေပေ။
ထိုကဲ့သို့ လူမျိုးများတွင် စည်းကမ်း မရှိကြချေ။ လုံးဝ အသုံးမဝင်သည် မဟုတ်သော်လည်း ချင်စန်း လိုအပ်သော လူစားမျိုး မဟုတ်။ ယခု အရေးကြီးဆုံးမှာ တည်ငြိမ်မှုပင်။
သူတို့အားလုံးကို သတ်ဖြတ်ပြီး အလောင်းကောင်များ အဖြစ် သန့်စင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ နောက်ပိုင်း ပိုးမွှားများ ရှာဖွေခြင်း သို့မဟုတ် လျှို့ဝှက်နယ်မြေများ စူးစမ်းရှာဖွေခြင်း ပြုလုပ်သည့်အခါ သူတို့ အသုံးဝင်နိုင်သေးသည်။
လက်ရှိတွင် ချင်စန်း၌ ကောင်းကင်အလောင်းကောင် တာအိုအဆောင် လေးခုသာ ရှိသည်။ တစ်ခုမှာ အရင်က ကျန်ရစ်ခဲ့သော အရာပင်။ ကျန်သုံးခုမှာမူ ကျီဝေလျှို့ဝှက်အဆောင်နှင့် လဲလှယ်ရယူခဲ့သော ဝိညာဉ်လမ်းညွှန်မြက်ပင် တစ်ပင်မှ သန့်စင်ထားခြင်း ဖြစ်သည်။
ချန်လန်ပင်လယ်၏ အမှန်တရားကို မဖော်ထုတ်နိုင်မချင်း ချင်စန်းက ၎င်းတို့အား ချွေတာသုံးစွဲခြင်းက အကောင်းဆုံးဟု ယူဆထားသည်။
ဤဓားပြများကြားတွင် အတုအယောင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူများ မရှိသဖြင့် သူက ကောင်းကင်အလောင်းကောင် တာအိုအဆောင် တစ်ခုကို ဖြုန်းတီးပစ်ရန် ရည်ရွယ်ချက် မရှိပေ။
အကယ်၍ ဝက်ဝံတောင် အနီးအနားရှိ အဖွဲ့အစည်းများက ထိုနာမည်ဆိုးဖြင့် ကျော်ကြားပြီး ဒုက္ခပေးနေသော ဓားပြများအားလုံး တစ်ချက်တည်းနှင့် သုတ်သင်ခံလိုက်ရကြောင်း သိလျှင် သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြပေလိမ့်မည်။
...
ဂိုဏ်းချုပ်ခန်းမဆောင်။
ချင်စန်းက ခန်းမဆောင်ထိပ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ချွေ့ရွှမ်ဇီ၊ မိုးကြိုးရွာ အကြီးအကဲနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတို့မှာ အောက်ဘက်တွင် ရပ်နေကြသည်။
ချွေ့ရွှမ်ဇီ၏ မျက်နှာထား အနည်းငယ် မည်းမှောင်နေသည်။ ချင်စန်းက မိုးကြိုးရွာနှင့် ပန်းတစ်ရာနန်းတော်ကို သုတ်သင်ပစ်ရန် သူ့ဆန္ဒအတိုင်း မလိုက်လျောခဲ့ပေ။ မကျေနပ်သော်လည်း သူ တစ်ခွန်းမျှ မပြောရဲချေ။
ကျန်နှစ်ယောက်မှာ တုန်လှုပ်နေဆဲပင်။ ဤတစ်ကြိမ်တွင် ချွေ့ရွှမ်ဇီ ဟန်ရေးပြနေခြင်း မဟုတ်ကြောင်း လုံးဝ မမျှော်လင့်ထားခဲ့။ ဝံပုလွေက အမှန်တကယ် ရောက်လာခဲ့လေပြီ။
"ရွာနဲ့ ဂိုဏ်းက မင်းတို့ပိုင်ဆိုင်မှု အတိုင်းပဲ ဆက်ရှိနေမယ်... တကယ်လို့ တစ်ယောက်ယောက်က ငါ့နာမည်ကို အသုံးပြုပြီး အပြင်မှာ ပြဿနာ ရှာရင် ငါ ဝင်ပါမယ်လို့ မမျှော်လင့်နဲ့... ငါက တာဝန်တချို့ကို လုပ်ဆောင်ပေးဖို့ လူတွေ လိုအပ်ရုံပဲ... ရှီကျန်းမှာ အကြာကြီး နေမှာ မဟုတ်သလို မင်းတို့ရဲ့ ပဋိပက္ခတွေထဲ ဝင်ရောက်စွက်ဖက်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး...”
“ဒါပေမဲ့ ငါ့ရဲ့ ကြီးမားတဲ့ အစီအစဉ်တွေကို နှောင့်ယှက်မယ့် မငြိမ်မသက်မှုတွေနဲ့ အတွင်းရေး တိုက်ပွဲတွေကို သည်းခံမှာ မဟုတ်ဘူး... ပိုးမွှားငါးကောင်ဂိုဏ်းက တာအိုရောင်းရင်း စည်းကမ်းတွေ ချမှတ်ပြီးပြီ ဆိုတော့ ဒီနေ့ကစပြီး ငါတို့ အဲ့ဒီစည်းကမ်းတွေကို လိုက်နာကြမယ်... ရှင်းလား"
ထိုစကား ကြားလျှင် မိုးကြိုးရွာမှ အကြီးအကဲနှင့် အမျိုးသမီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့စိတ်ထဲမှ စိုးရိမ်ပူပန်မှု အချို့ လျော့ပါးသွားသည်။
ချွေ့ရွှမ်ဇီ မပျော်ရွှင်သေးသော်လည်း ရလဒ်မှာ အတင်းအဓမ္မ အညံ့ခံခိုင်းခြင်းထက် များစွာ သာလွန်နေသည်။
သုံးယောက်သား လက်သီးဆုပ်ကာ အရိုအသေပြုပြီး သဘောတူကြောင်း ပြောလိုက်ကြ၏။
အမျိုးသမီးက စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ချင်စန်းကို ကြည့်ကာ ညှို့ဓာတ်ပြင်းသော မျက်နှာထားဖြင့် ပြောလာသည်။ သူမ အသံမှာ နူးညံ့ချိုသာပြီး သွေးဆောင်မှုများ ပါဝင်နေ၏။
"သခင်လေးရဲ့ အမိန့်က ကျွန်မတို့ ပန်းတစ်ရာနန်းတော် လိုက်နာရမယ့် တာဝန်ပါ... ရှင်လို လူတစ်ယောက်ကို အမှုထမ်းခွင့်ရဖို့ စောင့်မျှော်နေခဲ့တာ ကြာပါပြီ... ဒီလို ပုဂ္ဂိုလ်မျိုးကို မှီခိုခွင့်ရတာ ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ... သခင်လေး ကျွန်မတို့ ပန်းတစ်ရာနန်းတော်ကို ဘယ်အချိန်များ ကြွရောက် ချီးမြှင့်မလဲ ဆိုတာ သိချင်မိပါတယ်..."
စကားပြောနေရင်း သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ပန်းရနံ့တစ်ခု ထွက်ပေါ်လာပြီး ယစ်မူးဖွယ်ကောင်းကာ တွန်းလှန်ရန် ခက်ခဲလှသည်။
ရုတ်တရက် မိုးကြိုးသံကဲ့သို့ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု သူမ ဘေးနားတွင် ပေါက်ကွဲထွက်လာ၏။
ပန်းတစ်ရာနန်းတော် ခေါင်းဆောင် အမျိုးသမီးလည်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖျော့သွားကာ အလှတရားပင် မှေးမှိန်သွားသလို နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။
ထိုအမျိုးသမီးက ယခုလို သေးနုပ်သော လှည့်ကွက်များဖြင့် သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေသည်တဲ့လား။
ချင်စန်းက ထိုအမျိုးသမီးကို အေးစက်စွာ ကြည့်လိုက်သည်။ ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော် ပိုင်ဆိုင်ထားသဖြင့် ထိုကဲ့သို့ အပေါ်ယံ နည်းလမ်းများက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ သူမကို သတိပေးပြီးနောက် လက်ရှိကိစ္စကို ပြန်အာရုံစိုက်လိုက်သည်။
"တကယ်လို့ မင်းတို့ ဒီတာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်ရင် ဆုလာဘ်တွေ ရှိလာလိမ့်မယ်"
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်လက်နက် အဆောင်များ၊ မှော်ရတနာများနှင့် ဝိညာဉ်ဆေးလုံးများ လေထဲတွင် ပေါ်လာပြီး မျောလွင့်နေတော့သည်။ ချင်စန်းက ခန့်မှန်းရခက်သော အပြုံးဖြင့် အကုန်လုံးကို သိမ်းကြုံး ကြည့်လိုက်သည်။
ပထမဆုံး ဖိအားပေးခြင်း၊ ထို့နောက် ဆွဲဆောင်ခြင်း။ သူတို့ စိတ်ဓာတ်တက်ကြွမှု မရှိမည်ကို သူ မစိုးရိမ်ပေ။
လေနက်တောင်ကြား။
ပိုးမွှားငါးကောင်ဂိုဏ်းနှင့် အခြား အဖွဲ့အစည်း နှစ်ခုကြားတွင် တည်ရှိသော လေနက်တောင်ကြားမှာ ကာလကြာရှည် အငြင်းပွားဖွယ် ဇုန်တစ်ခု ဖြစ်ခဲ့သည်။ မူလက သုံးဖက်စလုံးသည် ဆယ်နှစ်တစ်ကြိမ် အလှည့်ကျ ထိန်းချုပ်ရန် သဘောတူညီခဲ့ကြ၏။
အခြေအနေများ အချိန်အတန်ကြာ တည်ငြိမ်နေခဲ့သော်လည်း ပိုးမွှားငါးကောင်ဂိုဏ်းမှ ရွှေအမြူတေ ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာပြီးနောက် ထိုသဘောတူညီချက်မှာ ချိုးဖောက်သွားခဲ့သည်။
ချင်စန်းနှင့် ချွေ့ရွှမ်ဇီက ဝင်ပေါက်တွင် ရပ်၍ အတွင်းသို့ ကြည့်လိုက်ကြသည်။
လေနက်တောင်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားသော တောင်တန်းကြီးနှစ်ခု မိုးထိအောင် မြင့်တက်နေပြီး တောင်ကြားကို ဝန်းရံထားသည်။ နေရောင်ခြည်က တောင်ကြား အောက်ခြေသို့ မရောက်ရှိနိုင်သဖြင့် တစ်နှစ်ပတ်လုံး အမှောင်ထုသာ ကြီးစိုးလျက်။
တောင်ကြား အတွင်းတွင် ယင်လေပြင်းများ တိုက်ခတ်နေသည်။ တောင်ကြားမှာ အလွန် နက်ရှိုင်းကြောင်း ထင်ရှား၏။ ချွေ့ရွှမ်ဇီ၏ အဆိုအရ ယခင်က ဤမျှ အန္တရာယ် မများခဲ့ပေ။ လက်ရှိ အခြေအနေမှာ ဝိညာဉ်ကျောက်တုံးသိုက်များကို တဖြည်းဖြည်း နက်ရှိုင်းအောင် တူးဖော်ခြင်း၏ ရလဒ်ပင်။
"ငါ့ကို အဆိပ်စမ်းရေတွင်းဆီ အရင် ခေါ်သွားပေး" ချင်စန်း ပြောလိုက်သည်။
သူက ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်များကို ရှာဖွေနေပြီး မည်သည့် မူမမှန်သော လက္ခဏာကိုမျှ လျစ်လျူရှုမည် မဟုတ်ပေ။
ဝက်ဝံတောင် ဒေသတစ်ခုလုံးကို ရှာဖွေပြီးနောက် မည်သည့် ရလဒ်မှ မရရှိခဲ့သဖြင့် ဤနေရာတွင် ထာဝရ နေထိုင်မနေနိုင်ချေ။ သူက ချွေ့ရွှမ်ဇီ အပါအဝင် အခြားသူများနှင့် လိုအပ်သော အစီအစဉ်များ ပြုလုပ်ပြီးပြီ ဖြစ်သည်။ ယခုမူ ပိုးမွှားများ ရှာဖွေရန်နှင့် လျှို့ဝှက်နယ်မြေများ စူးစမ်းရန် ရှီကျန်း အတွင်းပိုင်းသို့ ဝင်ရောက်ဖို့ ပြင်ဆင်နေလေပြီ။
ဤသည်က လေနက်တောင်ကြားကို ဖြတ်သန်းရင်း တစ်ချက် ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းသာ။
အဆက်မပြတ် တိုက်ခိုက်နေသော ယင်လေပြင်းများကြောင့် တောင်ကြားကို အရှေ့ဘက်မှသာ ဝင်ရောက်နိုင်သည်။ ထိုနေရာတွင် ပိုးမွှားငါးကောင်ဂိုဏ်းက လုံခြုံရေး တင်းကြပ်စွာ ချထားပြီး ဝိညာဉ်အစီအရင်များ တည်ဆောက်ထား၏။
ချင်စန်းက ချွေ့ရွှမ်ဇီကို မစောင့်တော့ပေ။ သူ ချက်ချင်းပင် အမြန်နှုန်း ကျင့်စဉ်ကို အသက်သွင်းပြီး တောင်ကြား အောက်ခြေသို့ တည့်တည့် ဆင်းသက်လိုက်သည်။
များမကြာမီ အဆိပ်စမ်းရေတွင်း၏ အရှိန်အဝါကို အာရုံခံမိစ ပြုလာသည်။
၎င်းမှာ တောင်ကြား၏ ထောင့်တစ်နေရာတွင် တည်ရှိပြီး ကျယ်ပြန့်သော အရွယ်အစား ရှိကာ မြေအောက်ရေကန် တစ်ခုလိုပင်။ ရေမှာ ကြည်လင် သန့်ရှင်းနေပြီး အောက်ခြေကို တစ်ချက်တည်းနှင့် မြင်နိုင်သည်။
End
***