"ဒီလောက်ကြီးမားတဲ့ အဆိပ်စမ်းရေတွင်းမျိုးက ရှားပါးပေမဲ့ အဆိပ်ပြင်းအားကတော့ နည်းလွန်းနေတယ်... အသုံးမပြုခင် ထပ်မံ သန့်စင်ဖို့ လိုလိမ့်မယ်... ယူလင်းဂိုဏ်းက ထိန်းချုပ်ထားတဲ့ စမ်းရေတွင်း အသေးစားတွေလောက်တောင် မကောင်းဘူး"
ချင်စန်းက စမ်းရေတွင်း နှုတ်ခမ်းတွင် ရပ်၍ သူ့စိတ်စွမ်းအင်ကို ဖြန့်ကျက်ကာ ဧရိယာတစ်ခုလုံးအား စူးစမ်းလိုက်သည်။
အဆိပ်စမ်းရေတွင်းဟု ခေါ်ဆိုသော်လည်း ရေမှာ အခြားစမ်းရေများနှင့် မခြားနားပေ။ ကြည်လင်သန့်ရှင်းပြီး အညစ်အကြေး ကင်းစင်နေသည်။
အဆိပ်စမ်းရေတွင်း ဖြစ်ပေါ်လာပုံမှာ ရှုပ်ထွေးနက်နဲသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အများစုမှာ ကမ္ဘာမြေ ဝိညာဉ်ချီ ရုတ်တရက် ပြောင်းလဲခြင်းကြောင့် အဆိပ်အတောက်များ စုပုံလာရာမှ အစပြုခဲ့ခြင်းပင်။ နောက်ပိုင်းတွင် ဝိညာဉ်ချီ ပုံမှန် ပြန်ဖြစ်သွားသည့်တိုင် စမ်းရေတွင်းမှာ ပျက်စီးယိုယွင်း ကျန်ရစ်ခဲ့တော့သည်။
ချင်စန်းက သူ့စိတ်စွမ်းအင်ကို မြေအောက်နက်နဲသော နေရာများနှင့် ကျောက်ဆောင် အက်ကွဲကြောင်းများထဲ ထိုးဖောက်ဝင်ရောက်စေပြီး လက်မမကျန် စေ့စေ့စပ်စပ် ရှာဖွေလိုက်သည်။
"စီနီယာ... တစ်ခုခု တွေ့မိလား"
ထိုအချိန်ကျမှ ချွေ့ရွှမ်ဇီ ရောက်ရှိလာပြီး အမောတကော မေးလာ၏။ သို့သော် ချင်စန်း ပြန်မဖြေခဲ့ပေ။ သူ့ပုံရိပ် လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားကာ သတ္တုတွင်း အနက်ပိုင်းသို့ တိုးဝင်သွားပြီး တစ်လျှောက်လုံး သေချာစွာ ရှာဖွေတော့သည်။
လေနက်တောင်ကြား၏ ဝင်ပေါက်တွင် ဓားအလင်းတန်း တစ်ခုက ယင်လေပြင်းကို ထိုးဖောက်၍ ကောင်းကင်၌ တစ်ပတ် ဝဲပျံပြီးနောက် ရှီကျန်း ဗဟိုချက်ဆီ ပျံသန်းကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ချွေ့ရွှမ်ဇီ တစ်ယောက် တောင်ကြား ဝင်ပေါက်သို့ ပြန်ရောက်လာခဲ့သည်။
ချင်စန်း ထွက်ခွာသွားသော အရပ်မျက်နှာဆီ လက်သီးဆုပ်၍ အရိုအသေပြုလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာများ အပြည့်ဖြင့်။
လက်ဖက်ရည် တစ်အိုးကျိုချိန်ခန့် ကြာမှသာ ချွေ့ရွှမ်ဇီ ကိုယ်ကိုမတ်ကာ အကြည့်ပြန်ရုပ်လိုက်တော့သည်။ လေနက်တောင်ကြားထဲ တစ်ချက် လှမ်းကြည့်ရင်း မျက်နှာပေါ်တွင် တွေဝေသော အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် ခေါင်းကို ညင်သာစွာ ခါယမ်း၍ အတွင်းသို့ လှမ်းအော်လိုက်သည်။
"ဝင်ပေါက်ကို ပိတ်လိုက်... ငါ့ခွင့်ပြုချက် မရဘဲ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး"
"ဟုတ်ကဲ့"
တောင်ကြားအတွင်း ဝိညာဉ်စွမ်းအားများ လှုပ်ရှားသွားပြီး ဝင်ပေါက်မှာ လုံးဝ ပိတ်ဆို့သွားသည်။
ထို့နောက် ချွေ့ရွှမ်ဇီ လေကိုခွင်း၍ ပိုးမွှားငါးကောင်ဂိုဏ်းဆီ ပြန်လာခဲ့၏။
ဂိုဏ်းထဲသို့ ဝင်ရောက်လာသည်နှင့် ဂျူနီယာညီလေးထုံက အရိပ်ထဲမှ ထွက်ပေါ်လာသည်။
ချွေ့ရွှမ်ဇီ တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်လျှင် ဂျူနီယာညီလေးထုံက အလျင်အမြန် လျှောက်လာပြီး စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် စကားပြောရန် ပြင်သော်လည်း ချွေ့ရွှမ်ဇီ၏ စူးရှသော အကြည့်တစ်ချက်ကြောင့် ချက်ချင်း နှုတ်ဆိတ်သွားသည်။
ဂျူနီယာညီလေးထုံလည်း ချက်ချင်း နားလည်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ပေ။
သူတို့နှစ်ယောက် တိတ်ဆိတ်စွာပင် ဂိုဏ်းချုပ်ခန်းမဆောင်ဆီ ပျံသန်းလာကြသည်။ လက်ဖက်ရည်သောက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေပြီးနောက် ယန္တရားတစ်ခုကို အသက်သွင်းကာ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
အခန်းတွင်းရှိ အကာအကွယ် အသက်ဝင်လာမှသာ နှစ်ယောက်လုံး သက်ပြင်းချနိုင်တော့သည်။
"ဂိုဏ်းချုပ်အစ်ကိုကြီး... သူ အဆိပ်စမ်းရေတွင်းထဲ ဝှက်ထားတဲ့ လက်တစ်ထောင် ပင့်ကူသစ်သီးကို မတွေ့သွားဘူး မဟုတ်လား" ဂျူနီယာညီလေးထုံက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
ချွေ့ရွှမ်ဇီက မျက်လုံးမှိတ်၍ စဉ်းစားလိုက်ပြီး ခေါင်းခါပြသည်။
"မတွေ့ပါဘူး... လက်တစ်ထောင် ပင့်ကူသစ်သီးက အခုထိ မမှည့်သေးဘူး... မရင့်မှည့်သေးသရွေ့ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ရှေးဟောင်း အကာအကွယ်ကနေတဆင့် ယိုစိမ့်ထွက်လာမှာ မဟုတ်ဘူး... စမ်းရေတွင်း ကိုယ်တိုင်ကလည်း ဘာထူးခြားတဲ့ လက္ခဏာမှ ပြမှာ မဟုတ်ဘူး... လေနက်တောင်ကြားကို စတွေ့ကတည်းက အင်မော်တယ် ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပေမဲ့ ဘယ်သူမှ အဲ့ဒီ ရှေးဟောင်း အကာအကွယ်ကို ရှာတွေ့ခဲ့တာမှ မဟုတ်တာ... သူ့ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ ဒီလောက် အလွယ်တကူ အာရုံခံနိုင်မှာ မဟုတ်ပါဘူး...”
“တကယ်လို့ ငါတို့ ဆရာအဘိုးရဲ့ ကံကောင်းမှုသာ မပါရင်... သစ်သီး ရင့်မှည့်ချိန်မှာ လေနက်တောင်ကြားထဲ ဝင်ရောက်ပြီး အဆိပ်စမ်းရေတွင်းကို သန့်စင်မိတဲ့ ကံတရားသာ မရှိရင်... ငါတို့ ပိုးမွှားငါးကောင်ဂိုဏ်းလည်း ဒီဝိညာဉ်ရတနာကို လွဲချော်ခဲ့မှာ အသေအချာပဲ"
"ဟုတ်တာပေါ့" ဂျူနီယာညီလေးထုံ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။
"လက်တစ်ထောင် ပင့်ကူသစ်သီးက အဆိပ်ပြင်း ဝိညာဉ်ပိုးမွှားတွေကို တတိယအကြိမ် အသွင်ပြောင်းလဲဖို့ ကူညီပေးနိုင်မယ်လို့ တွေးကြည့်စမ်း... အရင်တုန်းက ဒဏ္ဍာရီလို့ပဲ ထင်ခဲ့ပေမဲ့ အခုတော့ အစစ်အမှန်ဆိုတာ သိရပြီ... ငါတို့ ဆရာအဘိုးက တကယ် ကံကောင်းတာပဲ... ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးနဲ့ ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့ သက်စောင့် ဂူပိုးကောင် အသွင်ပြောင်းလဲရုံတင် မကဘူး... သူကိုယ်တိုင်လည်း ရွှေအမြူတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တယ်... ပြီးတော့ အဲ့ဒီအပင်က လက်တစ်ထောင် ပင့်ကူသစ်သီး သုံးလုံးတောင် သီးခဲ့တာ... နှမြောစရာ ကောင်းတာက တစ်ချိန်တည်း မမှည့်တာပဲ... ပထမအလုံး ရင့်မှည့်ပြီးကတည်းက နှစ်ပေါင်း တစ်ရာနီးပါး ကြာခဲ့ပြီ... အခုမှ ဒုတိယအလုံးက အရိပ်အယောင် စပြလာတာ..."
သူ စကားအရှည်ကြီး ပြောလိုက်သော်လည်း တုံ့ပြန်မှု မရပေ။ ချွေ့ရွှမ်ဇီ အတွေးနက်နေဆဲ ဖြစ်သည်ကို မြင်လျှင် ဂျူနီယာညီလေးထုံ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဂိုဏ်းချုပ်အစ်ကိုကြီး... ဘာတွေ စဉ်းစားနေတာလဲ"
"ငါ့ရဲ့ ပြောဆိုပြုမူပုံတွေကို ပြန်သုံးသပ်နေတာ... အထူးသဖြင့် မိစ္ဆာကြီးချင်နဲ့ ဆက်ဆံတဲ့အခါ အမှားအယွင်း တစ်စုံတစ်ရာ ရှိ၊ မရှိ စစ်ဆေးနေတာ" ချွေ့ရွှမ်ဇီ၏ အသံမှာ လေးနက်သွားသည်။ "အဲ့ဒီလူက တံခါးပိတ် ကျင့်ကြံနေတဲ့ သာမန် လေလွင့် ကျင့်ကြံသူ မဟုတ်ဘူး... တကယ်လို့ ငါ အမှားနည်းနည်းလေး ပြလိုက်တာနဲ့ သူ သတိထားမိသွားမှာ"
"ဒီကိစ္စ တစ်ခုလုံးက အကွေ့အကောက်တွေနဲ့ ပြည့်နေတာပဲ... ငါ့ရင်ထဲမှာလည်း အတက်အကျတွေ မရပ်မနား ဖြစ်နေရတယ်... ကံကောင်းလို့ လေနက်တောင်ကြားနဲ့ လက်တစ်ထောင် ပင့်ကူသစ်သီးကို ငါတို့ ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့တာ... တကယ်လို့ သစ်သီး ရင့်မှည့်ချိန်မှာ တောင်ကြားသာ လက်လွှတ်လိုက်ရရင် တခြားသူ လက်ထဲ ရောက်သွားမှာ သေချာတယ်... ဒါ အစ်ကိုကြီးရဲ့ သတ္တိကြောင့်ပါ... မိစ္ဆာကြီးချင်ကို ရဲရဲတင်းတင်း ချဉ်းကပ်ရဲခဲ့လို့လေ... မိုးကြိုးရွာနဲ့ ပန်းတစ်ရာနန်းတော်က သူရှိနေတုန်း ရုတ်တရက် လာတိုက်တာကရော အစ်ကိုကြီး စီစဉ်လိုက်တာပဲလား" ဂျူနီယာညီလေးထုံ သက်ပြင်းချလိုက်ပြီး စာနာစွာ ပြောသည်။
ချွေ့ရွှမ်ဇီ နှာခေါင်းရှုံ့၍…
"တကယ်လို့ ငါစီစဉ်လိုက်တာသာ ဆိုရင် ဝက်ဝံတောင်ရဲ့ အရှင်သခင်က လက်ပြောင်းသွားလောက်ပြီ... ဂျူနီယာ ညီလေးထုံ... ရွှေအမြူတေ ကျင့်ကြံသူတွေကို မင်း လွယ်လွယ်လေး ကြံစည်လို့ရတဲ့ လူအတွေလို့ မထင်လိုက်နဲ့... ငါက အပြင်မှာ မုန်တိုင်းထန်လာတာကို အာရုံခံမိပြီး ရေစီးကြောင်းအတိုင်း လိုက်ပါဖို့ မိုးကြိုးသရဲအိုရဲ့ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်ထားရုံပဲ... သူက စုန်းနတ်ဘုရားကို လုံးဝ ယုံကြည်သက်ဝင်ပြီး အရာရာတိုင်းအတွက် စုန်းနတ်ဘုရားရဲ့ ကောင်းချီးကို ရယူတတ်တယ်... စုန်းနတ်ဘုရား ပွဲတော်အတွင်း လှုပ်ရှားဖို့ ရွေးချယ်နိုင်ခြေ အများကြီး ရှိတယ်လေ...”
“တကယ်လို့ သူသာ ဒီတစ်ခေါက် မလာခဲ့ရင်တောင် မိစ္ဆာကြီးချင်ရဲ့ မျက်နှာသာရဖို့ တခြားနည်းလမ်းတွေ ငါ့မှာ ရှိပါသေးတယ်... သစ္စာရှိပြီး အသုံးဝင်တဲ့ ခွေးတစ်ကောင်လို ပြုမူနေသရွေ့ သူက ငါ့ကို ကန်ထုတ်ပါ့မလား"
ဂျူနီယာ ညီလေးထုံလည်း နာကျင်ဟန်ဖြင့်…
"ဂိုဏ်းချုပ်အစ်ကိုကြီး... အစ်ကို ခံစားခဲ့ရတာ များလွန်းပါပြီ"
"ငါတို့ ဒီလောက် ကြိုးစားခဲ့တာ လက်တစ်ထောင် ပင့်ကူသစ်သီး ရင့်မှည့်တဲ့အထိ အချိန်ဆွဲထားဖို့ပဲလေ... နစ်နာတယ်လို့ ခံစားစရာ ဘာရှိလို့လဲ" ချွေ့ရွှမ်ဇီက ခေါင်းခါလိုက်သည်။
"သစ်သီးက အဆင်သင့် ဖြစ်ခါနီးပြီ... အစ်ကိုကြီးရဲ့ သက်စောင့် ဂူပိုးကောင်ကို ကျွေးလိုက်တာနဲ့ ငါတို့ဂိုဏ်းမှာ တတိယအကြိမ် အသွင်ပြောင်းလဲထားတဲ့ ဝိညာဉ်ပိုးမွှား ပိုင်ဆိုင်လာမှာ... အဲ့အချိန်ကျ ဘယ်သူ့ကိုမှ ဦးညွှတ်စရာ မလိုတော့ဘူး"
"လုံးဝ မဟုတ်ဘူး" ချွေ့ရွှမ်ဇီ ပြတ်သားစွာ ကြားဖြတ်ပြောသည်။ "လက်တစ်ထောင် ပင့်ကူသစ်သီးက အသွင်ပြောင်းလဲနိုင်ခြေကိုပဲ မြှင့်တင်ပေးတာ... အာမခံချက် မရှိဘူး... တကယ်လို့ အသွင်ပြောင်းလဲတာ အောင်မြင်ပြီး ငါ ရွှေအမြူတေ ဖွဲ့စည်းနိုင်ရင်တောင် မိစ္ဆာကြီးချင်ကို အကြီးမြတ်ဆုံး လေးစားမှု ပြသရဦးမှာပဲ... တကယ်လို့ ငါက ရွှေအမြူတေ ကျင့်ကြံသူ အနေနဲ့ သူ့ဆီမှာ ခိုလှုံမယ်ဆိုရင် သူ သွေးအေးနေမယ် မထင်ဘူး"
ဂျူနီယာညီလေးထုံ၏ မျက်နှာတွင် မလိုလားသော အမူအရာများ ပြည့်နှက်နေသည်။
"အစ်ကိုကြီး ရွှေအမြူတေ ဖွဲ့စည်းပြီးတာနဲ့ ငါတို့ လွှမ်းမိုးနိုင်ပြီလေ... ဘာလို့ တခြားလူအောက်မှာ အမှုထမ်းရမှာ..." စကားတစ်ဝက်တွင် သူ့မျက်နှာထား ပြောင်းလဲသွားသည်။ "ဂိုဏ်းချုပ်အစ်ကိုကြီး... ရွှေအမြူတေ ဖွဲ့စည်းပြီးရင် ပိုးမွှားငါးကောင်ဂိုဏ်းကို စွန့်ခွာတော့မလို့လား"
"မင်း ဘာတွေ တွေးနေတာလဲ... ပိုးမွှားငါးကောင်ဂိုဏ်းက ဒီရှီကျန်းမှာ ပိတ်မိနေတာ... ဘာအနာဂတ် ရှိလို့လဲ... အဲ့ဒီလူက သာမန် လေလွင့်ကျင့်ကြံသူ မဟုတ်ဘူး... သူ့နောက်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရှိနေတာ သေချာတယ်... သူက ငါတို့အားလုံး ရှီကျန်းကနေ ဖောက်ထွက်ဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်... အခု ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်တာက ဘာမှ မဆုံးရှုံးရဘဲ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်တယ်"
ချွေ့ရွှမ်ဇီက သူ့ကို စူးစိုက်ကြည့်ပြီး အတွေးတစ်ခု ဝင်လာသဖြင့် မျက်မှောင်ကြုတ်ရင်း…
"မင်း ဆရာအဘိုးအပေါ် အာဃာတ ထားနေတုန်းလား"
ဂျူနီယာညီလေးထုံက နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဘာမှမပြောပေ။
ချွေ့ရွှမ်ဇီလည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
"အဲ့ဒီတုန်းက ဆရာအဘိုးက ဂိုဏ်းနဲ့ သိပ်အဆင်ပြေတာ မဟုတ်ဘူး... သူက ဂိုဏ်းချုပ်ဘိုးဘေး ခေါ်ယူမွေးစားခဲ့တဲ့ မိဘမဲ့ကလေး တစ်ယောက်ပဲ... ဒါပေမဲ့ သူ မိဘမဲ့ ဖြစ်သွားရတဲ့ အကြောင်းရင်းကလည်း ဂိုဏ်းချုပ်ဘိုးဘေးနဲ့ နီးနီးကပ်ကပ် ပတ်သက်နေတယ်... ဒီလျှို့ဝှက်ချက်တွေကို အရင်က မင်းကို ငါ မပြောပြခဲ့ဖူးဘူး"
ဂျူနီယာညီလေးထုံ ကြောင်အသွားသည်။
"မထွက်ခွာခင် ဆရာအဘိုးက လက်တစ်ထောင် ပင့်ကူသစ်သီးပင်ကို ဂိုဏ်းအတွက် ချန်ထားခဲ့တယ်... ပြီးတော့ ပိုးမွှားငါးကောင်ဂိုဏ်း နှစ်တစ်ရာတိုင်တိုင် စည်ပင်ဝပြောဖို့ ပတ်ဝန်းကျင် အဖွဲ့အစည်း အားလုံးကိုလည်း နှိမ်နင်းပေးခဲ့သေးတယ်... အဲ့ဒါ တစ်ခုတည်းနဲ့တင် လုံလောက်တာထက် ပိုနေပါပြီ... ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ စိတ်ပျက်စေခဲ့တာ ငါတို့ပါ"
ချွေ့ရွှမ်ဇီ၏ မျက်နှာတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။
"ထားပါ… အတိတ်ဆိုတာ မီးခိုးငွေ့လိုပါပဲ... စွဲလမ်းနေစရာ မလိုပါဘူး... ငါ ရွှေအမြူတေ ဖွဲ့စည်းနိုင်သရွေ့ အဲ့ဒါတွေ အားလုံးက အသေးအဖွဲ ဖြစ်သွားမှာပါ... ငါပြောတာသာ နားထောင်... ဒီနေ့ကစပြီး မလိုအပ်တဲ့ အတွေးတွေ မတွေးနဲ့တော့... မိစ္ဆာကြီးချင် ထားခဲ့တဲ့ ကောင်မလေးကို သေချာ နေရာချပေးလိုက်... သူ့ကို ပျိုးထောင်ပေးဖို့ ဘယ်လောက်ကုန်ကုန် အကုန်ခံလိုက်"
"သူလား" ဂျူနီယာညီလေးထုံက တွေဝေနေမိသည်။ "ဂိုဏ်းချုပ်အစ်ကိုကြီး... အဲ့ဒီ အအမလေးနဲ့ မိစ္ဆာကြီးချင်ကြားမှာ ဘယ်လို ပတ်သက်မှု ရှိမယ်လို့ ထင်လဲ... သူ့ကို ဂိုဏ်းရဲ့ အကောင်းဆုံး လှိုဏ်ဂူမှာ ထားပြီး ကျင့်ကြံခိုင်းတာက တပည့်တွေကြား မကျေနပ်မှုတွေ ဖြစ်စေနေပြီ..."
ချွေ့ရွှမ်ဇီလည်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
မူလက အအမလေးမှာ မိစ္ဆာကြီးချင်၏ အာရုံစိုက်မှုကို ရရှိထားသဖြင့် သူမ ပါရမီမှာ ထူးကဲလိမ့်မည်ဟု သူ ယူဆခဲ့သည်။ သို့သော် စစ်ဆေးကြည့်ပြီးနောက် သူမတွင် ဝိညာဉ်ရင်းမြစ် လေးခုသာ ပိုင်ဆိုင်ကြောင်း တွေ့ခဲ့ရ၏။
ဂိုဏ်းသို့ ဝင်ရောက်လာကတည်းက အအမလေးမှာ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ပြီး မည်သူနှင့်မျှ အဆက်အဆံ မလုပ်ခဲ့ပေ။ သူမ၏ နာမည်ခံဆရာ ဖြစ်သော သူပင်လျှင် သူမဆီမှ စကားတစ်ခွန်းမျှ မကြားခဲ့ရဖူးချေ။
မသိသောသူများ အနေဖြင့် သူမကို တကယ် အနေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
End
***