ထိုအရာမှာ ဧရာမ အင်မော်တယ် သင်္ဘောကြီး တစ်စင်းပင်။ ရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ တိမ်တိုက်များ ကွဲလွင့်သွားပြီး ၎င်း၏ ခြောက်ခြားဖွယ် အငွေ့အသက်က အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ချင်းယွင်ဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ပြင်းထန်စွာ ဝင်တိုက်လေပြီ။
ထိုသို့ ဝင်တိုက်မှုမှ ဖြစ်ပေါ်လာသော အရှိန်မှာ အလွန် ပြင်းထန်လွန်းလှရာ ကျန်းမင်ပင် မိုင်တစ်ရာ အကွာမှနေ၍ ယင်း၏ ကြောက်မက်ဖွယ် ကောင်းမှုကို ခံစားလိုက်ရ၏။
အကယ်၍ သူသာ ထိုတိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရပါက ငါးမိနစ်စာ အန္တိမအဆင့် အတွေ့အကြုံ ကတ်ပြားကို အသက်သွင်းထားလျှင်ပင် သေဆုံးသွားနိုင်ပေသည်။ ခဏအကြာတွင် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှု၏ စွမ်းအင်လှိုင်းများကို သူ ခံစားလိုက်ရသည်။ အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက မည်မျှ ကြောက်စရာ ကောင်းမည်ကို စိတ်ကူးကြည့်ရန်ပင် မလွယ်လှချေ။
ကျန်းမင်က ချင်းဖုန်ဇီနှင့် ချင်းမင်တို့၏ အခြေအနေကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
ချင်းမင်၏ အခြေအနေပြ မှတ်တမ်း…
'တောက်... ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တောင် ဒီကို ရောက်နေတာပဲ... သူတို့က ချင်းယွင်ဂိုဏ်းကို တိုက်ခိုက်မယ့် ဒီမစ်ရှင်မှာ ငါတို့နဲ့ လာပူးပေါင်းမယ် ဆိုတာကို ငါ လုံးဝ မသိခဲ့ရဘူး... ကျစ်... ဒါကိုတောင် ငါ့ကို ဖုံးကွယ်ထားကြတယ်... ဘာပဲဖြစ်ဖြစ် ငါက အန္တိမအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတာတောင် ဘာမှ မသိခဲ့ရဘူး... ထားပါတော့... ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ ပေါင်းလိုက်မှတော့ ချင်းယွင်ဂိုဏ်းလည်း သွားပြီပဲ...'
ချင်ဖုန်းဇီ၏ အခြေအနေပြ မှတ်တမ်း…
'ငုပ်လျှိုးနဂါး တိုက်ကြီးက ဘယ်လိုလုပ်ပြီး ရုတ်တရက် လှုပ်ရှားလာတာလဲ... တစ်ချိန်လုံး ငါတို့ စောင့်ကြည့်နေခဲ့တာတောင် ငါတို့ကို ဆန့်ကျင်မယ့် အရိပ်အယောင် တစ်စွန်းတစ်စမှ မပြခဲ့ဘူး... ယင်မိစ္ဆာဂိုဏ်းထဲက ငါတို့လူတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မပို့ခဲ့ကြဘူး... ဒါ တကယ်ကို ဒုက္ခပဲ... အို... ဒါက ကျွမ်းကျင်သူ အများကြီး မောင်းနှင်လာတဲ့ အင်မော်တယ် သင်္ဘောကြီးပဲ... ငါတို့တော့ ပြီးပြီ...'
"လုံယွမ်ကို မဟာမိတ် အဖြစ် သတ်မှတ်လိုက်ရင်တောင် မြစ်တွေ၊ အင်းအိုင်တွေကို သူတို့ ပိုင်နက်အဖြစ် သိမ်းယူသွားလိမ့်မယ်... ဒါပေမဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့ကတော့ အရှေ့ဘက် ဒေသမှာ နေရာတစ်ခု သေချာပေါက် လိုချင်မှာပဲ... ယင်မိစ္ဆာဂိုဏ်းရဲ့ နောက်ဆုံး ရည်ရွယ်ချက်က ဘာများလဲ..." ကျန်းမင်လည်း သံသယဝင်စွာဖြင့် ညည်းတွားမိ၏။
နာမည်နှင့် လိုက်ဖက်စွာပင် ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ငုပ်လျှိုးနဂါး တိုက်ကြီးပေါ်ရှိ အင်အားစုများ ပေါင်းစည်းထားခြင်း ဖြစ်ရာ အလွန်တရာ အစွမ်းထက်လှသည်။
ကျန်းမင်က အနန္တဆေးလုံး စံအိမ်မှ အဘိုးအိုထျဲ့နှင့် ထျန်းယွမ်ကျောင်းတော်မှ လျူချန်ကုန်းတို့၏ အခြေအနေကို ထပ်မံ စစ်ဆေးကြည့်၏။
'မျှော်လင့်ထားတဲ့ အတိုင်းပဲ... အလယ်ပိုင်း ပြည်နယ်လည်း ကသောင်းကနင်း ဖြစ်နေပြီ...'
မနက် လေးနာရီခန့်တွင် ကျန်းမင် နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။
လျူချန်ကုန်း၏ အခြေအနေပြ မှတ်တမ်း…
'လုံယွမ်၊ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ယင်မိစ္ဆာဂိုဏ်းက အရှေ့ဘက် ဒေသကို ကပ်ဘေးဆိုက်တဲ့ မြေပြင်အဖြစ် ပြောင်းလဲပစ်လိုက်ပြီ... စစ်ပွဲထဲ ပါဝင်ပတ်သက်မိပြီး အထိနာမှာကို စိုးရိမ်လို့ တခြား ဒေသက အင်အားစုတွေတောင် အလွယ်တကူ ဝင်မပါရဲကြဘူး...'
'တောင်ဘက် ဒေသ၊ မြောက်ဘက် ဒေသနဲ့ အလယ်ပိုင်း ပြည်နယ်တို့က ပိုပြီး ဗြောင်းဆန်လာပြီ... ဒါ တကယ်ကို မိစ္ဆာတွေ ဖန်တီးတဲ့ စစ်ပွဲပဲ...'
'ပြီးတော့ သူတို့ရဲ့ ပစ်မှတ်က မှန်းထားတဲ့ အတိုင်း အနောက်ဘက် ဒေသက ဖိုဂိုဏ်းကို ချေမှုန်းဖို့ပဲ... အရှေ့ဘက် ဒေသက ယင်မိစ္ဆာဂိုဏ်းကလွဲလို့ တခြား ဒေသတွေရဲ့ ဆူပူအုံကြွမှုတွေ အားလုံးက တကယ်တမ်းမှာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ သက်သက်ပဲ... တကယ့် ရည်ရွယ်ချက်က မိစ္ဆာဂိုဏ်း ငါးခုလုံးက ကျွမ်းကျင်သူတွေ ပေါင်းပြီး အနောက်ဘက် ဒေသက ဖိုဂိုဏ်းကို တိုက်ခိုက်ဖို့ပဲ...'
'ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့၊ ယင်မိစ္ဆာဂိုဏ်းနဲ့ လုံယွမ်တို့က အနောက်ဘက် ဒေသကို မျက်နှာမူထားတဲ့ အရှေ့ဘက် ဒေသမှာ ရှိနေတဲ့အပြင် တောင်ဘက် ဒေသမှာ နတ်ဆိုးတစ်သန်းတောင် ရှိနေတာတောင် ဘယ်သူက အလွယ်တကူ ဝင်တိုက်ရဲမှာလဲ...'
'မိစ္ဆာဂိုဏ်း ခြောက်ခုလုံး၊ လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ကို ပေါင်းစည်းပေးနိုင်တဲ့ အစွမ်းထက် ကျွမ်းကျင်သူ တစ်ယောက် သေချာပေါက် ရှိရမယ်... ကပ်ဘေးကြီးက တကယ်ပဲ အနားရောက်နေပြီ...'
'ဟား... သူတို့ရဲ့ အလွန်အကျွံ လိုက်လျောမှုတွေကြောင့် ဒီနေ့ဒီအချိန်မှာ ဒီကံကြမ္မာကို ခံစားရလိမ့်မယ်လို့ ဖိုဂိုဏ်းက ဘယ်တော့မှ တွေးထားမိမှာ မဟုတ်ဘူး...'
လျူချန်ကုန်း အနေဖြင့် လောကကြီး တစ်ခုလုံးကို ရှုမြင်သုံးသပ်နေစဉ် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်ပင် ပါဝင်နေခဲ့၏။
ကျန်းမင်သည်လည်း လောကကြီး၏ နောက်ဆုံး အခြေအနေကို သိရှိသွားချိန်တွင် ခေါင်းများပင် ကိုက်ခဲလာတော့သည်။
မည်သို့ပင်ဖြစ်စေ ချင်းယွင်ဂိုဏ်း ပျက်စီးသွားသည်နှင့် အရှေ့ဘက် ဒေသမှာ နတ်ဆိုးမိစ္ဆာတို့၏ မြေပြင် အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့အပြင် အနောက်ဘက် ဒေသရှိ ဖိုဂိုဏ်း အနေဖြင့်လည်း အားကောင်းလှသော မိစ္ဆာဂိုဏ်းများ၏ မဟာမိတ် တပ်ပေါင်းစုကို ရင်ဆိုင်ရချိန်တွင် စစ်ပွဲကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ချေ သိပ်မရှိလှပေ။ ထိုအချိန်ကျလျှင် တောင်ဘက် ဒေသ၊ အရှေ့ဘက် ဒေသနှင့် အနောက်ဘက် ဒေသတို့ အားလုံးမှာ တောင်ဘက် ဒေသမှတစ်ဆင့် ချိတ်ဆက်သွားပေတော့မည်။
ဒါက တကယ့်ကို ကြီးကျယ်ခမ်းနားသော အစီအစဉ်ကြီး တစ်ခုဟု ကျန်းမင် တွေးလိုက်မိ၏။ သို့သော် သူ ဘာမှ မလုပ်နိုင်သောကြောင့် သက်ပြင်းသာ ချလိုက်ရလေသည်။
နောက်ရက် အနည်းငယ် အတွင်း စစ်မြေပြင် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ချင်းမင်နှင့် ချင်ဖုန်းဇီတို့၏ အခြေအနေပြ မှတ်တမ်းများမှတစ်ဆင့် ကျန်းမင် သိရှိခဲ့ရသည်။ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူများမှာ အားနည်းသူများ အဖြစ် သတ်မှတ်ခံရပြီး သုခဘုံ အဆင့် ကျွမ်းကျင်သူများကို နေရာအနှံ့ တွေ့မြင်နေရ၏။ နေ့စဉ်နှင့်အမျှ သေဆုံးနေသော အန္တိမအဆင့်များပင် ရှိနေသေးသည်။
ထိုအချိန်အတွင်း ကျိုယန်ဂိုဏ်းမှာ တံခါးပိတ်ထားဆဲ ဖြစ်ပြီး ၎င်း၏ ကာကွယ်ရေး အစီအရင်မှာလည်း အမြင့်ဆုံး စွမ်းဆောင်ရည်ဖြင့် လည်ပတ်နေလျက်။
"ချင်းယွင်ဂိုဏ်းက တောင့်ခံနိုင်ပါ့မလား..."
ကျန်းမင် သံသယ ဝင်မိသည်။ မည်သို့ဆိုစေ ချင်းယွင်ဂိုဏ်း၏ ထက်ဝက်ကျော်မှာ ပျက်စီးယိုယွင်းနေပြီ မဟုတ်ပါလား။
သို့သော်ငြား ချင်းယွင်ဂိုဏ်း လုံးဝ ပြိုလဲတော့မည့် အချိန်တွင် ဖုန်းပြည်နယ်၊ ယွင်ပြည်နယ်၊ ရွှေပြည်နယ်နှင့် ယွီပြည်နယ်ဟူသော ပြည်နယ် လေးခုပေါ် အခြေခံ တည်ဆောက်ထားသည့် ပြိုင်ဘက်ကင်း အရေးပေါ် အစီအရင်ကို အသက်သွင်းလိုက်ရာ အကြိုအင်မော်တယ် လေးဦးနှင့် အန္တိမအဆင့် အယောက် နှစ်ဆယ်ခန့်ကို ချက်ချင်းပင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
ထိုမြင်ကွင်းမှာ အလွန် သွေးထွက်သံယို များလှပြီး ခေါင်းများ မြေပြင်ပေါ် လိမ့်ကျကာ သွေးအိုင်ကြီးများ ဖြစ်ပေါ်လာခဲ့၏။
ဤသည်က ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်နှင့် ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ကို ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူတို့လည်း သူတို့၏ ကိုယ်ပိုင် အခြေခံ စွမ်းအားများကို အသက်သွင်းလာကြတော့သည်။
ရလဒ်အနေဖြင့် ချင်းပြည်နယ်ဘက်မှ အက်ကွဲနေသော လေဟာပြင်နှင့် ရောယှက်နေသော မြင့်မြတ်သည့် အလင်းတန်းများကို မျက်မြင်တွေ့ရှိနိုင်သည်။ ဖျက်ဆီးတတ်သော စွမ်းအင်လှိုင်းများနှင့် အဆုံးမရှိသော မြေငလျင်များကိုပင် ကျန်းမင် ခံစားနေရ၏။
ဓားအလင်းတန်း တစ်ခုက ကောင်းကင်ယံကို ဖြတ်တောက်သွားပြီး ကျိုယန်ဂိုဏ်းနှင့် မိုင်တစ်ထောင် အကွာအဝေး အထိ ရောက်ရှိလာသဖြင့် တပည့်များ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ကျန်းမင်က ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်ရင်း အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင် စီစဉ်နေလိုက်သည်။ တိုက်ခိုက်ရေး ရုပ်သေးရုပ်နှင့် အန္တိမအဆင့် အတွေ့အကြုံ ကတ်ပြားကို အသက်သွင်းရန် အဆင်သင့် ပြင်ထားလေပြီ။
သူ လှည့်၍ အနောက်ဘက်သို့ လှမ်းကြည့်ရင်း ခေါင်းမခါဘဲ မနေနိုင်တော့ချေ။ လျိုချန်ခုံး၏ အခြေအနေပြ မှတ်တမ်းမှတစ်ဆင့် အနောက်ဘက် ဒေသရှိ ဖိုဂိုဏ်း ပြိုလဲသွားပြီ ဖြစ်ကြောင်း သူ သိထားပေသည်။ စစ်ပွဲက ထိုဒေသကို မြေပြန့်ဖြစ်သွားစေရုံမျှမက ချောက်နက်ကြီး တစ်ခု အဖြစ်သို့ပင် ပြောင်းလဲသွားစေခဲ့၏။
ဤအခိုက်အတန့်တွင် 'အသက်ဆိုတာ ပျက်စီးလွယ်တယ်' ဟူသော စကား၏ အဓိပ္ပာယ်ကို ကျန်းမင် နောက်ဆုံး၌ နားလည်သွားတော့သည်။
အမှန်တကယ်တော့ အနောက်ဘက် ဒေသတွင်သာမက အရှေ့ဘက် ဒေသတွင်ပါ အရပ်သား သေဆုံးမှု အရေအတွက်မှာ သန်းနှင့်ချီ မြင့်တက်နေလောက်ပြီ ဖြစ်သည်။
'အာဏာက လောကကြီးကို မထိန်းချုပ်နိုင်တဲ့ အချိန်မှာ အသက်ဆိုတာ အပေါချောင်ဆုံး အရာပဲ...'
ကျန်းမင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ပြန်ထိုင်လိုက်ပြီး နောက်ဆုံးရ သတင်းများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရန် ဆုံးဖြတ်ား၏။
တစ်လခန့် အကြာတွင်တော့ စစ်ပွဲ တဖြည်းဖြည်း အဆုံးသတ်သွားခဲ့သည်။ အလယ်ပိုင်း ပြည်နယ်ရှိ ကြီးမားသော သန့်စင်သည့် နယ်မြေ အနည်းငယ်က နောက်ဆုံးတွင် သူတို့၏ အကူအညီများကို စေလွှတ်ပေးခဲ့ကြ၏။ သို့တိုင် ချင်းယွင်ဂိုဏ်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲနေသဖြင့် ဖုန်းပြည်နယ်နှင့် ယွင်ပြည်နယ်တို့အပေါ် သူတို့၏ အာဏာစက်ကို ရုပ်သိမ်းလိုက်ရလေသည်။
စစ်ပွဲက ချင်းယွင်ဂိုဏ်း၏ အခြေခံ အင်အားကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေခဲ့သည်။ သာမန် တပည့်များကို မဆိုထားနှင့် ဂိုဏ်း၏ အန္တိမအဆင့် ထက်ဝက်ကျော်ခန့်ပင် ဆုံးရှုံးသွားခဲ့ရသည်။
ချင်ဖုန်းဇီက အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး မူလဝိညာဉ်မှာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့၏။
အခြား တစ်ဖက်တွင်မူ ယင်မိစ္ဆာဂိုဏ်းမှ ချင်းမင် သေဆုံးသွားခဲ့လေပြီ။
ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်နှင့် ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့၏ အခြေအနေမှာလည်း ချင်းယွင်ဂိုဏ်းထက် မသာလှပေ။ အမှန်တကယ်တော့ ထိုသည်မှာ ဆုံးရှုံးမှု များပြားလှသော အောင်ပွဲတစ်ခုသာ။ သူတို့ မဟာမိတ်များ ဖြစ်နေ၍သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အဆိုးရွားဆုံးမှာ အနောက်ဘက် ဒေသရှိ ဖိုဂိုဏ်းပင်။ ဂိုဏ်းမှာ ချင်းယွင်ဂိုဏ်းထက် ပိုအားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းသော်လည်း မိစ္ဆာဂိုဏ်း ငါးခုကို ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။ အဆုံးတွင်တော့ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပြီး တပည့်များ အားလုံးလိုလို အသတ်ခံလိုက်ရသည်။ အသက်ရှင် ကျန်ရစ်သူများမှာ နယ်နိမိတ်ချင်း ထိစပ်နေသော အလယ်ပိုင်း ပြည်နယ်သို့ ဆုတ်ခွာနိုင်ခဲ့သူများသာ။ မိစ္ဆာဂိုဏ်း ငါးခုမှ ကျွမ်းကျင်သူများ အားနည်းလာသဖြင့် လိုက်လံ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သောကြောင့်သာ သူတို့ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ထိုမိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများသာ ဆက်လက် တိုက်ခိုက်မည် ဆိုပါက အလယ်ပိုင်း ပြည်နယ်မှ အင်အားစုများကို ရန်စမိသလို ဖြစ်သွားနိုင်ပြီး ပိုမိုများပြားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပေသည်။
ထူးဆန်းသည်မှာ စစ်ပွဲ အပြီးတွင် ထျန်းယွမ်ကျောင်းတော်က ဦးဆောင်ကာ ကျိုးအင်ပါယာ၏ တော်ဝင် မိသားစု၊ ရီယွဲ့ဂိုဏ်း၊ ယန်ထျန်းဂိုဏ်း၊ ထိုက်ရှန် ဓားဂိုဏ်းနှင့် အနန္တဆေးလုံး စံအိမ်တို့က ယခုမှစ၍ အန္တိမအဆင့်အားလုံး ကောင်းကင်ဘုံ ကိုးထပ် အထက်တွင်သာ တိုက်ခိုက်ရမည် ဖြစ်ပြီး ထိုသို့ မဟုတ်ပါက ကျန်ရှိသူများက ဝိုင်းဝန်း သတ်ဖြတ်မည်ဟု ကြေညာလိုက်ခြင်းပင်။ ထိုကြေညာချက် နောက်သို့ တောင်ဘက် ဒေသမှ နတ်ဆိုးတစ်သန်းတောင်၊ ထျန်းလေ့ဂိုဏ်း၊ ထိုက်ရွှီဂိုဏ်းနှင့် အခြား ဂိုဏ်းများကလည်း လိုက်ပါ ကြေညာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ အရှေ့ဘက်နှင့် အနောက်ဘက် ဒေသတို့ရှိ စစ်ပွဲမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ တောင်များ ပြိုကျကာ မြေကြီးများ နစ်မြုပ်သွားပြီး အင်းအိုင်များ ခန်းခြောက်သွားကာ သက်ရှိများ မျိုးသုဉ်းလုနီးပါး ဖြစ်သွားခဲ့ရာ ရှန်ကျိုး မြေပြင်အပေါ် ပြန်လည် ကုစား၍ မရနိုင်သော ပြင်းထန်သည့် ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်ပေါ်စေခဲ့၏။
"ထူးဆန်းတယ်..." ကျန်းမင် တွေဝေသွားမိသည်။
အလယ်ပိုင်း ပြည်နယ်ရှိ အင်အားစုများ၏ ဤကဲ့သို့ လုပ်ရပ်မှာ ပုံမှန် မဟုတ်ပေ။ အများအားဖြင့်ဆိုလျှင် ပြင်းထန်သော အသေအပျောက်များကို အခွင့်ကောင်းယူ၍ သူတို့ အားလုံးကို ဝိုင်းဝန်း ချေမှုန်းရန် တပ်များ စေလွှတ်ခြင်း၊ ပိုင်နက်နယ်မြေများ သိမ်းယူခြင်း အစရှိသည်တို့ကို ပြုလုပ်ကြမည် မဟုတ်ပါလား။
မည်သည့် အခြေအနေတွင်မဆို ထိုကြေညာချက်ကို မထုတ်ပြန်သင့်ပေ။ သို့သော် လျိုချန်ခုံး၊ အဘိုးအိုထျဲ့နှင့် ချင်ဖုန်းဇီတို့၏ အခြေအနေပြ မှတ်တမ်းများ အားလုံးတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ ရှင်းပြထားခြင်း မရှိသောကြောင့် ကျန်းမင်လည်း သူ့ အတွေးများကို မြိုသိပ်ထားရန်သာ တတ်နိုင်တော့၏။
'လုံယွမ်၊ ယင်မိစ္ဆာဂိုဏ်းနဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ သူတို့ရဲ့ ပိုင်နက်နယ်မြေတွေ ခွဲဝေဖို့ အချိန်တန်ပြီပဲ... သူတို့က ငါ့ဂိုဏ်းကို နောက်တစ်ကြိမ် လာတိုက်ခိုက်မှာကို စိုးရိမ်မိတယ်...' ကျန်းမင် တွေးတောရင်း ဇီလင်လုံ၏ အခြေအနေကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။
သူ့ညီမလေး မည်မျှ ကံကောင်းကြောင်း သိလိုက်ရချိန်တွင် ကျန်းမင် အံ့အားသင့်သွားရသည်။ သူမက မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာထဲသို့ ဝင်ရောက်သည်နှင့် ကြီးမားသော အခွင့်အရေးများကို ဆက်တိုက် ရရှိခဲ့၏။ သူမသည် သေခြင်းရှင်ခြင်း သမ္ဗောဓိဉာဏ်ကိုပင် နားလည် သဘောပေါက်သွားခဲ့လေပြီ။ ထို့အပြင် အဆင့်မြင့် ဝိညာဉ်သလင်းေကျာက်များ၊ ဆေးဘုရင်၊ တာအို ရတနာများနှင့် အကြိုအင်မော်တယ် လက်နက်များ စသည်တို့ကိုပါ ရှာဖွေတွေ့ရှိခဲ့သေးသည်။
သူမမှာ တကယ်ကိုပဲ ထူးထူးခြားခြား ကံကောင်းလွန်းလှပေသည်။
ဤအခိုက်အတန့်တွင် သူ့ညီမလေး၏ အခြေအနေပြ မှတ်တမ်း ပြောင်းလဲသွားသည်အား သူ မြင်တွေ့လိုက်ရ၏။ သူမက မိုးကြိုးရေကန် တစ်ခုကို ရှာတွေ့သွားပြီး အရည်ပျော်နေသော မိုးကြိုးစွမ်းအားများဖြင့် သူမ၏ ခန္ဓာကိုယ်ကို သန့်စင်နေကာ မိုးကြိုး သမ္ဗောဓိဉာဏ်ကိုပါ နားလည် သဘောပေါက်သွားခဲ့လေပြီ။
'ကြိုတင် မမြင်နိုင်တဲ့ အခြေအနေတွေ အတွက် ပြင်ဆင်ရမယ့် အချိန် ရောက်ပြီပဲ...'
ကျန်းမင်လည်း တွေးရင်း အထွတ်အထိပ် စေတီထဲသို့ ဝင်ရောက်လာတော့သည်။
အဆင့်တက်မသွားမချင်း အထွတ်အထိပ် စေတီထဲတွင်သာ နေထိုင်ရန် သူ ဆုံးဖြတ်ထားလိုက်၏။
End
***